အပိုဒ်ငယ် ၄၄
၁၈၃၁ ခု၊ ဖေဖော်ဝါရီလနောက်ပိုင်း၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂ်ဒွန်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤနေရာ၌ဖော်ပြသည့်လိုအပ်ချက်အတိုင်း၊ အသင်းတော်သည် နောက်လာမည့်ဂျွန်လအစောပိုင်း၌ ညီလာခံကို ကျင်းပဖို့ သတ်မှတ်၏။
၁–၃၊ အသင်းလူကြီးတို့သည် ညီလာခံ၌ စည်းဝေးကြရမည်။ ၄–၆၊ သူတို့သည် ပြည်၏ဥပဒေများအတိုင်း ဖွဲ့စည်း၍၊ ဆင်းရဲသားတို့ကို ဂရုစိုက်ရမည်။
၁ ရှုလော့၊ ငါ့ကျွန်သင်တို့ကို ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါ့အသင်းတော်၏အသင်းလူကြီးတို့သည် အရှေ့ဘက်မှလည်းကောင်း၊ အနောက်ဘက်မှလည်းကောင်း၊ မြောက်ဘက်မှလည်းကောင်း၊ တောင်ဘက်မှလည်းကောင်း စာအားဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းအားဖြင့်ဖြစ်စေ အတူတကွခေါ်သွင်းခံကြရမည်။
၂ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ သူတို့သည် သစ္စာရှိ၍၊ ငါ့ကို ယုံကြည်မှုပြုကြသမျှ၊ သူတို့ကိုယ်သူတို့ အတူတကွ စည်းဝေးကြသောနေ့တွင် ငါ၏ဝိညာဉ်တော်ကို သူတို့အပေါ် ငါသွန်းလောင်းတော်မူမည်။
၃ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ သူတို့သည် ပတ်ဝန်းကျင်ဒေသများသို့ ထွက်သွား၍၊ လူတို့အား နောင်တရခြင်းကို ဟောပြောရမည်။
၄ များစွာသောသူတို့ကိုလည်း ပြောင်းလဲလိမ့်မည်ဖြစ်၍၊ သင်တို့သည် လူသား၏ဥပဒေများအတိုင်း သင်တို့ကိုယ်သင်တို့ ဖွဲ့စည်းဖို့ တန်ခိုးရှိကြလိမ့်မည်ကား၊
၅ သင်တို့၏ရန်သူများ သင်တို့အပေါ်အနိုင်မရနိုင်စေကြောင်း၊ ခပ်သိမ်းသောအရာတို့၌ သင်တို့ကာကွယ်စောင့်မခံရနိုင်စေကြောင်း၊ ငါ၏ပညတ်တော်များကို သင်တို့စောင့်ထိန်းဖို့ စွမ်းဆောင်နိုင်ကြစေကြောင်း၊ ငါ၏လူမျိုးတို့ကို ရန်သူဖျက်ဆီးဖို့ ကြိုးစားရာ ချည်နှောင်ခြင်းမှန်သမျှကို ချိုးဖြတ်ကြစေကြောင်းတို့ပင်တည်း။
၆ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ဆင်းရဲသားများနှင့် ချို့တဲ့သောသူများကို အကြည့်အရှုသွားကြရမည်။ သူတို့၏သက်သာခြင်းအတွက် စီမံဆောင်ရွက်ရမည်။ သင်တို့လက်ခံရရှိလေသည့် ငါ့ဥပဒေများအတိုင်း သူတို့ထိန်းသိမ်းစောင့်ရှောက်ခံရစေခြင်းငှာဖြစ်၏။ အာမင်။