ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၅


အပိုဒ်ငယ် ၄၅

၁၈၃၁ ခု၊ မတ်လ ၇ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် အသင်းတော်သို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်အကြောင်း​မှတ်တမ်း၏ ကျမ်းဦး​စကား​အဖြစ်၊ ဂျိုးဇက်​စမစ်၏​သမိုင်းက​ဖော်ပြသည်မှာ “အသင်းတော်၏​ဤကာလတွင်…လူတို့အား အမှုတော်ကို စူးစမ်းခြင်းမှ သို့မဟုတ် ယုံကြည်ခြင်းကို လက်ခံခြင်းမှ တားဆီးရန်…များစွာသော​သတင်းမှားများ… ရယ်ဖွယ်ရာ​အဖြစ်​အပျက်များကို ပြောကြား၍ ပျံ့နှံ့​လေ၏…သို့ရာတွင်၊ သန့်ရှင်းသူတို့​ဝမ်းမြောက်ရာ အောက်ပါတို့ကို ကျွန်ုပ်လက်ခံ​ရရှိ​ခဲ့၏”ဟု​ဖြစ်၏။

၁–၅၊ ခရစ်တော်သည် ခမည်းတော်ထံ၌ ကျွန်ုပ်တို့၏​လျှောက်လဲသူ​ဖြစ်၏။ ၆–၁၀၊ ဧဝံဂေလိ​တရားတော်သည် ကိုယ်တော်ရှင်​ရှေ့၌ လမ်းကို​ပြင်ဆင်ရသော တမန်​ဖြစ်၏။ ၁၁–၁၅၊ ဧနောက်နှင့်​သူ၏​ညီအစ်ကိုတို့သည် ကိုယ်တော်ရှင်​ကိုယ်တိုင်​အားဖြင့် လက်ခံ​သည်ကို ခံရ၏။ ၁၆–၂၃၊ ခရစ်တော်သည် သူကြွလာတော်မူခြင်း၏​နိမိတ်​လက္ခဏာကို သံလွင်တောင်​ပေါ်မှာ​ပြသည့်​အတိုင်း ဖော်ပြတော်မူ၏။ ၂၄–၃၈၊ ဧဝံဂေလိ​တရားတော်ကို ပြန်လည်​ဆောင်ယူ​လိမ့်မည်၊ တပါး​အမျိုးသားတို့၏​အချိန်ကို ပြီးပြည့်စုံ​စေလိမ့်မည်၊ လူဆိတ်ညံခြင်း​အနာရောဂါသည်လည်း ပြည်ကို ဖုံးလွှမ်း​လိမ့်မည်။ ၃၉–၄၇၊ နိမိတ်​လက္ခဏာများ၊ အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများနှင့် ရှင်ပြန်​ထမြောက်ခြင်းသည် ဒုတိယ​အကြိမ်​ကြွလာတော်မူခြင်းနှင့်​အတူ​ဖြစ်လိမ့်မည်။ ၄၈–၅၃၊ ခရစ်တော်သည် သံလွင်တောင်​ပေါ်မှာ​ရပ်လိမ့်မည်၊ ယုဒ​လူမျိုးတို့သည် သူ့လက်နှင့်​ခြေတို့မှ​ဒဏ်ရာများကို မြင်ရ​လိမ့်မည်။ ၅၄–၅၉၊ အနှစ်​တစ်ထောင်​ကာလ၌ ကိုယ်တော်ရှင် အုပ်စိုးတော်မူ​လိမ့်မည်။ ၆၀–၆၂၊ ပရောဖက်သည် ဓမ္မသစ်ကျမ်း ဘာသာပြန်ခြင်းကို အစပြုဖို့ သွန်သင်ခံရ၏။ ၆၃–၇၅၊ သန့်ရှင်းသူတို့သည် စုဝေးရန်နှင့် နိုင်ငံ​အပေါင်းမှ လူမျိုးတို့​လာကြမည့် ယေရုရှလင်​မြို့သစ်ကို တည်ဆောက်ရန် မိန့်မှာ​ခံရ၏။

စေ့စေ့နားထောင်ကြလော့၊ နိုင်ငံတော်ကို ပေးထား​ခံရလေသော​သူများ​တည်းဟူသော အို ငါ့အသင်းတော်မှ အသင်​လူမျိုးတို့။ မြေကြီး​အုတ်မြစ်ကို​ချသူ၊ ကောင်းကင်နှင့် ထိုအရပ်ရှိ​ဗိုလ်ခြေ​အပေါင်းတို့ကို ဖန်ဆင်းတော်မူသည့်​သူအား သင်တို့​စေ့စေ့နားထောင်၍ နားညောင်း​ကြလော့။ အသက်ရှင်၍​လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိသော​အရာ​အပေါင်းတို့ကို သူ့အားဖြင့် ဖန်ဆင်းထား​လေ၏။

ထိုမှ​တစ်ဖန်၊ ငါဆိုသည်ကား၊ သင်တို့ကို သေခြင်းက အနိုင်မရ​စေကြောင်း၊ ငါ၏​အသံကို စေ့စေ့နားထောင်​ကြလော့။ သင်တို့​မထင်မှတ်သည့်​နာရီ၌ နွေရာသီ​ကုန်လွန်သွား​လိမ့်မည်။ ရိတ်သိမ်းချိန်လည်း ပြီးဆုံး​လိမ့်မည်။ သင်တို့​စိတ်ဝိညာဉ်များ​သည်လည်း​ကယ်တင်ခြင်းသို့​မရောက်ကြ။

ခမည်းတော်​ထံ၌ လျှောက်လဲသူ၊ သူ့ရှေ့၌ သင်တို့​အမှုကို တောင်းပန်နေသည့်​သူအား နားထောင်​ကြလော့—

ဆိုလေသည်ကား၊ အဘ၊ အပြစ်​မပြုသူ၊ ကိုယ်တော်​အလွန်​နှစ်သက်တော်မူ​လေသည့်​သူ၏ ဒုက္ခ​ဝေဒနာ​ခံစားခြင်းနှင့် သေခြင်းကို ရှုတော်မူပါ။ သွန်းလေသည့် ကိုယ်တော့်​သားတော်၏​အသွေး၊ ကိုယ်တော်​ကိုယ်တိုင် ဘုန်းထင်ရှား​စေကြောင်း ကိုယ်တော်​ပေးတော်မူသည့်​သူ၏​အသွေးကို ရှုတော်မူပါ။

သို့ဖြစ်၍၊ အဘ၊ အကျွန်ုပ်၏​နာမတော်ကို ယုံကြည်သည့်​သူများ​တည်းဟူသော အကျွန်ုပ်၏ ဤညီအစ်ကိုတို့ကို ကျွန်ုပ်ထံသို့​လာ၍၊ ထာဝရ​တည်မြဲသော​အသက်ကို ရနိုင်ကြ​စေခြင်းငှာ ချမ်းသာ​ပေးတော်မူပါ။

စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင်​လူမျိုးတို့၊ အသင်​အသင်း​လူကြီးတို့ အတူတကွ​နားထောင်​ကြလော့၊ ယနေ့​ဟူ၍​ခေါ်သော​အချိန်တွင်၊ ငါ၏​အသံကို​ကြားနာ​ကြလော့။ သင်တို့​စိတ်နှလုံးကို​မာကျောစေခြင်း​မရှိ​ကြနှင့်။

အကြောင်းမူကား၊ သင်တို့ကို ငါအမှန်​ဆိုသည်မှာ၊ ငါသည် အာလဖနှင့် ဩမေဃ၊ အစနှင့်​အဆုံး၊ လောက၏​အလင်းနှင့် အသက်​ဖြစ်၏—​မှောင်မိုက်၌ တောက်ပသော​အလင်း​ဖြစ်၍ မှောင်မိုက်သည် နားလည်ခြင်း​မရှိ။

ငါသည် ငါ၏​အရပ်ဒေသသို့ ကြွလာသော်လည်း ငါ၏​လူမျိုးတို့သည် ငါ့ကို လက်ခံခြင်း​မရှိကြ။ သို့ရာတွင်၊ ငါ့ကို လက်ခံသူ​မှန်သမျှအား များစွာသော​အလွန်တရာ​အံ့ဩဖွယ်​အမှုများကို ပြုကြ​စေဖို့၊ ထို့အတူ၊ ဘုရားသခင်၏​သားများ ဖြစ်လာကြ​စေဖို့​ငါတန်ခိုး​ပေး၏။ အကယ်​စင်စစ်၊ ငါ၏​နာမတော်ကို ယုံကြည်သူများကို ထာဝရ​အသက်ကို​ရရှိစေဖို့ ငါတန်ခိုး​ပေး၏။

ထိုကဲ့သို့ပင်၊ ငါသည် လောကထဲသို့ ငါ၏​ထာဝရ​တည်မြဲသော​ပဋိညာဉ်ကို စေလွှတ်သည်မှာ၊ လောက​အဖို့ အလင်း​ဖြစ်စေဖို့၊ ငါ၏​လူမျိုးတို့​အတွက် အလံ​ဖြစ်စေဖို့၊ တပါး​အမျိုးသားတို့​အတွက် ရှာရန်၊ ငါ့ရှေ့၌​လမ်းကို ပြင်ဆင်ရန် တမန်တပါး​ဖြစ်စေဖို့​ပင်တည်း။

၁၀ သို့ဖြစ်၍၊ သင်တို့သည် ထိုပဋိညာဉ်​ထံသို့ လာကြလော့၊ ငါသည် ရှေး​နေ့ရက်များက လူတို့နှင့်​ဆွေးနွေး​သကဲ့သို့ပင် လာသောသူနှင့် ဆွေးနွေးတော်မူမည်၊ သင်တို့​ထံသို့လည်း ငါ၏ အားကြီးသော အကျိုး​အကြောင်းကို ပြတော်မူမည်။

၁၁ သို့ဖြစ်၍၊ သင်တို့​အတူတကွစေ့စေ့​နားထောင်​ကြလော့—​ဧနောက်နှင့်​သူ၏​ညီအစ်ကိုတို့၏ ဘုရားသခင်ဟု သင်တို့​ဆိုသော​သူ၏​ဉာဏ်ပညာ၊ အကယ်​စင်စစ်၊ ငါ၏​ဉာဏ်ပညာကို သင်တို့ထံ​ပြဖို့​အခွင့်​ပေးလော့၊

၁၂ သူတို့သည်ကား၊ မြေကြီးမှ ခွဲခြား​ခံရပြီး၊ ငါကိုယ်တိုင်​ထံသို့ လက်ခံ​သည်ကို ခံရလေသူများ​ဖြစ်၏—​ဖြောင့်မတ်ခြင်းနေ့​ကျရောက်​လာသည်​အထိ သိမ်းထားသည့်​မြို့​ဖြစ်၏—​ထိုနေ့​သည်ကား၊ သန့်ရှင်းသော​သူအပေါင်းတို့​ရှာကြသည့်နေ့​ဖြစ်၏။ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့ကြောင့် သူတို့​မတွေ့ရကြ။

၁၃ သူတို့သည် သူတစိမ်းများ​ဖြစ်ကြောင်း၊ မြေကြီး​ပေါ်မှာ လှည့်လည်​သွားလာ​သူများ​ဖြစ်ကြောင်း ဝန်ခံကြ၏။

၁၄ သို့ရာတွင်၊ သူတို့သည် ထိုနေ့ကို​တွေ့၍၊ သူတို့​ခန္ဓာ၌ မြင်ရမည်​ဟူသော ကတိတော်ကို ရရှိကြ၏။

၁၅ သို့ဖြစ်၍၊ စေ့စေ့နားထောင်​ကြလော့၊ ငါသည် သင်တို့နှင့် ဆွေးနွေးတော်မူမည်၊ ရှေးနေ့ရက်များက​လူများကို ကဲ့သို့ပင်၊ သင်တို့ကို ဟောပြောလျက်၊ ပရောဖက်ပြု၍လည်း ဟောမည်။

၁၆ ငါသည် ဇာတိ​ကိုယ်ခန္ဓာဖြင့်၊ ငါ့တပည့်တော်တို့၏​ရှေ့မှာ​ရပ်၍၊ သူတို့ကို ဖော်ပြ​သကဲ့သို့ပင် ရှင်းလင်းစွာ ဖော်ပြတော်မူမည်။ သူတို့ကို မြွက်ဆို၍ မိန့်တော်မူ​လေသည်ကား၊ ငါကြွလာတော်မူခြင်း၏ နိမိတ်​လက္ခဏာကို သင်တို့​တောင်းဆိုကြ​လေသဖြင့်၊ ငါ၏​ဘုန်းတော်ကို​ဆောင်လျက်၊ ကောင်းကင်တိမ်တိုက်ထဲ၌၊ ကြွလာတော်မူသော​နေ့တွင်၊ သင်တို့​ဘိုးဘေးများသို့ ငါပြုတော်မူသည့် ကတိတော်ကို ပြီးပြည့်စုံ​စေမည်။

၁၇ အကြောင်းမူကား၊ သင်တို့သည် သင်တို့​၏ ကိုယ်ခန္ဓာများမှ သင်တို့၏​ဝိညာဉ်များ ကြာမြင့်စွာ​ကွဲကွာခြင်းကို အချုပ်​ခံရခြင်း​အဖြစ် မှတ်ယူကြ​သဖြင့်၊ ရွေးနုတ်ခြင်း​နေ့ရက် အဘယ်သို့​ကျရောက်​လာမည်ကို​လည်းကောင်း၊ ကွဲပြား​ပြန့်ကျဲသည့်​ဣသရေလ​အမျိုးသို့ ပြန်လည်​အပ်နှင်းခြင်းကို​လည်းကောင်း ငါဖော်ပြတော်မူမည်။

၁၈ ယခုမူကား၊ ယေရုရှလင်ရှိ​ဤဗိမာန်တော်၊ ဘုရားသခင်၏​အိမ်တော်ဟု သင်တို့​ခေါ်သည့်​အရာကို သင်တို့​ကြည့်ကြလော့၊ ဤအိမ်တော်သည် အဘယ်တော့မျှ မပြိုကျရဟု သင်တို့၏​ရန်သူများက ဆိုကြ၏။

၁၉ သို့ရာတွင်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ လူဆိတ်ညံခြင်းသည် ဤမျိုးဆက်​အပေါ် ညဉ့်အချိန်၌ သူခိုးကဲ့သို့ ကျရောက်လာ​လိမ့်မည်၊ ဤလူတို့​သည်လည်း ဖျက်ဆီး​ခံရပြီး၊ လူမျိုး​အပေါင်းတို့၌ ကွဲပြားပြန့်ကျဲ​လိမ့်မည်။

၂၀ သင်တို့​ယခုမြင်ရသည့် ဤဗိမာန်တော်သည် ဖြိုချခံရ၍၊ ကျောက်တစ်ခု​ပေါ်မှာ တစ်ခုမျှ​မတည်​မနေရ။

၂၁ ဤသို့​အားဖြင့် အချိန်တန်​လာလတ္တံ့​သောအခါ၊ ယုဒ​လူမျိုးတို့၏ ဤမျိုးဆက်သည် သင်တို့ကို ငါပြောပြ​ခဲ့လေသော သူတို့နှင့်​စပ်လျဉ်းသည့် လူဆိတ်ညံခြင်း​အမျိုးမျိုး​ဖြစ်မလာမီ ကွယ်လွန်သွား​လိမ့်မည်​မဟုတ်။

၂၂ ကမ္ဘာကုန်ခြင်း​ကျရောက်​လာမည့်​အကြောင်း သင်တို့​ဆိုကြ၏။ ကောင်းကင်နှင့် မြေကြီး​ကွယ်ပျောက်သွား​လိမ့်မည်ကို သင်တို့​သိကြောင်းကိုလည်း သင်တို့​ဆိုကြ၏။

၂၃ ဤအရာနှင့်​စပ်လျဉ်း၍၊ သင်တို့​အမှန်ပင်​ဆိုကြ၏၊ အကြောင်းမူကား၊ ထိုကဲ့သို့ပင် ဖြစ်လေ၏။ သို့ရာတွင်၊ သင်တို့ကို ငါပြောပြ​လေသည့် ဤအရာတို့သည် ခပ်သိမ်းသော​အရာများ​မပြီးပြည့်စုံ​စေမီ ကွယ်ပျောက်သွား​လိမ့်မည်​မဟုတ်။

၂၄ ယေရုရှလင်နှင့်​စပ်လျဉ်း၍၊ ဤအရာကို သင်တို့အား ငါပြောပြ​လေပြီ။ ထိုနေ့​ကျရောက်​လာသောအခါ၊ ကျန်ကြွင်းသော​သူများသည် လူမျိုး​အပေါင်းတို့၌ ကွဲပြား​ပြန့်ကျဲကြ​လိမ့်မည်။

၂၅ သို့ရာတွင်၊ သူတို့သည် တစ်ဖန်​စုဝေးကြ​လိမ့်မည်။ သို့ရာတွင်၊ တပါး​အမျိုးသားတို့၏​အချိန်ကို ပြီးပြည့်စုံ​စေသည်​အထိ သူတို့​ဆက်၍​ရှိကြ​လိမ့်မည်။

၂၆ ထိုနေ့တွင်၊ စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်း​အကြောင်း​တစ်ဆင့်စကားများ​ကိုလည်း ကြားရ​လိမ့်မည်။ မြေကြီး​တစ်ခုလုံးသည် ပုန်ကန်ခြင်း၌ ရှိလိမ့်မည်။ လူသားတို့၏​စိတ်နှလုံးသည် ထိုအရာတို့၌ စိတ်ပျက်ကြ​လိမ့်မည်။ ခရစ်တော်သည် ကမ္ဘာကုန်ဆုံးသည်​အထိ​လာခဲသည်ဟု သူတို့​ဆိုကြ​လိမ့်မည်။

၂၇ လူသားတို့၏​ချစ်ခြင်းသည် ခေါင်းပါး​လိမ့်မည်၊ ဒုစရိုက်သည်လည်း များပြား​လိမ့်မည်။

၂၈ တပါး​အမျိုးသားတို့၏​အချိန် ဝင်ရောက်​လာသောအခါ၊ မှောင်မိုက်​ထဲမှာ ထိုင်ကြသော​သူတို့၌ အလင်း​ပေါ်ထွန်း​လိမ့်မည်။ ထိုအရာသည် ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်အစုံ ဖြစ်လိမ့်မည်။

၂၉ သို့ရာတွင်၊ သူတို့သည် ထိုအရာကို လက်ခံခြင်း​မရှိကြ။ အကြောင်းမူကား၊ အလင်းကို မြင်ခြင်း​မရှိကြ၊ သူတို့သည် လူတို့၏​ပညတ်များကြောင့်၊ သူတို့​စိတ်နှလုံးကို ငါ့ထံမှ လွှဲဖယ်ကြ​လေပြီ။

၃၀ ထိုမျိုးဆက်၌ တပါး​အမျိုးသားတို့၏​အချိန်ကို ပြီးပြည့်စုံ​စေလိမ့်မည်။

၃၁ ထိုမျိုးဆက်၌ တည်သော​လူများ​ရှိလိမ့်မည်၊ သူတို့သည် လွှမ်းမိုးသော​ဘေးဥပဒ်ကို မမြင်ရမီ ကွယ်လွန်​မသွားရ။ အကြောင်းမူကား၊ လူဆိတ်ညံခြင်း​အနာရောဂါသည် ပြည်ကို ဖုံးလွှမ်း​လိမ့်မည်။

၃၂ သို့ရာတွင်၊ ငါ၏​တပည့်တော်တို့သည် သန့်ရှင်းရာ​အရပ်တို့၌ ရပ်ကြ​လိမ့်မည်၊ မရွေ့ရ။ သို့ရာတွင်၊ ဆိုးညစ်သော​သူတို့၌၊ လူတို့သည် ကြွေးကြော်၍၊ ဘုရားသခင်ကို ကျိန်ဆဲလျက် သေကြ​လိမ့်မည်။

၃၃ အထူးထူး​အပြားပြားသော​အရပ်တို့၌လည်း မြေကြီး​လှုပ်ခြင်း၊ ထို့အတူ၊ လူဆိတ်ညံခြင်း များစွာ​ရှိလိမ့်မည်။ သို့သော်လည်း၊ လူတို့သည် ငါ့ကို ဆန့်ကျင်လျက် သူတို့​စိတ်နှလုံးကို မာကျောစေကြ​လိမ့်မည်။ တစ်ဦးနှင့်​တစ်ဦး​ဆန့်ကျင်၍၊ ဓားကို စွဲကိုင်ကြ​လိမ့်မည်။ တစ်ယောက်ကို​တစ်ယောက် သတ်ကြ​လိမ့်မည်။

၃၄ ယခုမူကား၊ ငါကိုယ်တော်ရှင်သည် ငါ၏​တပည့်တော်တို့အား ဤစကားများကို မိန့်တော်မူ​လေလျှင်၊ သူတို့သည် စိတ်ညှိုးငယ်​ကြ၏။

၃၅ သူတို့ကို ငါမိန့်တော်မူ​သည်ကား၊ စိတ်မညှိုးငယ်​ကြနှင့်၊ အကြောင်းမူကား၊ ခပ်သိမ်းသော​ဤအရာတို့ ဖြစ်လာသော​အခါ၊ သင်တို့ကို​ပြုထား​လေသည့် ကတိတော်များ ပြည့်စုံ​စေလိမ့်မည်ကို သင်တို့​သိကြ​လိမ့်မည်။

၃၆ အလင်းသည် ပေါ်ထွန်းစ​ပြုသော​အခါ၊ သင်တို့ကို ငါပြတော်မူမည့် ပုံဆောင်စကား​ကဲ့သို့ပင် သူတို့​အတွက်​ဖြစ်လိမ့်မည်—

၃၇ သင်တို့သည် သင်္ဘော​သဖန်းပင်တို့ကို ကြည့်၍ မြင်ကြလော့။ သင်တို့မျက်စိနှင့် ကြည့်ကြလော့၊ ၎င်းတို့​အရွက်ပေါက်စ​ပြုသောအခါ အရွက်နု၍ နွေရာသီ​နီးကပ်လာပြီ​ဖြစ်ကြောင်း သင်တို့​ဆိုကြ၏။

၃၈ ခပ်သိမ်းသော ဤအရာတို့ကို သူတို့​မြင်ရမည့်​နေ့တွင် ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်၊ ထို့နောက်တွင်၊ အချိန်​နာရီ​နီးပြီ​ဖြစ်ကြောင်း သူတို့​သိကြ​လိမ့်မည်။

၃၉ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ ငါ့ကို ကြောက်သော​သူသည် ကိုယ်တော်ရှင်၏​ကြီးစွာသောနေ့ ကျရောက်လာသည်ကို စောင့်မျှော်​နေလိမ့်မည်။ လူသားတော်​ကြွလာတော်မူခြင်း၏​နိမိတ်​လက္ခဏာများကိုပင် စောင့်မျှော်​နေလိမ့်မည်။

၄၀ သူတို့သည် နိမိတ်​လက္ခဏာများနှင့် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများကို မြင်ရ​လိမ့်မည်။ အကြောင်းမူကား၊ အထက်​ကောင်းကင်၌​လည်းကောင်း၊ အောက်အရပ် မြေကြီး၌​လည်းကောင်း ထိုအရာတို့ကို ပြတော်မူမည်။

၄၁ သွေး၊ မီးလျှံနှင့် မီးခိုးထုတို့ကိုလည်း မြင်ရ​လိမ့်မည်။

၄၂ ကိုယ်တော်ရှင်၏နေ့ ကျရောက်​မလာမီ နေသည် မှောင်မိုက်​လာလိမ့်မည်၊ လသည် သွေးအဖြစ်သို့ ပြောင်းလိမ့်မည်၊ ကြယ်တို့သည် ကောင်းကင်မှ ကျလိမ့်မည်။

၄၃ ကျန်ကြွင်းသော​သူတို့သည် ဤနေရာသို့ စုဝေးကြ​လိမ့်မည်။

၄၄ ထို့နောက်တွင်၊ သူတို့သည် ငါ့ကို စောင့်မျှော်ကြ​လိမ့်မည်၊ ထို့အတူ၊ ရှုလော့၊ ငါကြွလာတော်မူမည်။ သူတို့သည် ငါ့အား ကောင်းကင်​တိမ်တိုက်​ထဲ၌ တန်ခိုးတော်​အရှိန်နှင့် ကြီးစွာသော​ဘုန်းတော်ကို ဝတ်ဆင်လျက်၊ သန့်ရှင်းသော​ကောင်းကင်​တမန်​အပေါင်းတို့နှင့်​အတူ မြင်ရ​လိမ့်မည်။ ငါ့ကို စောင့်မျှော်ခြင်း​မရှိသော​သူသည် ပယ်ရှင်း​ခံရ​လိမ့်မည်။

၄၅ သို့ရာတွင်၊ ကိုယ်တော်ရှင်၏​လက်ရုံးတော်​မကျရောက်မီ၊ ကောင်းကင်​တမန်​တစ်ပါးသည် မိမိတံပိုးကို မှုတ်လိမ့်မည်။ အိပ်ပျော်သည့်​သန့်ရှင်းသူတို့သည် တိမ်တိုက်ထဲ၌ ငါ့ကို တွေ့ခြင်းငှာ ထွက်လာကြ​လိမ့်မည်။

၄၆ သို့ဖြစ်၍၊ သင်တို့သည် ငြိမ်းချမ်းခြင်း၌ အိပ်ပျော်ကြလျှင်၊ မင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ယခုတွင်ငါ့ကို မြင်၍၊ ငါရှိတော်မူကြောင်း​ကိုလည်း သိကြ၏၊ ထိုကဲ့သို့ပင်၊ သင်တို့သည် ငါ့ထံသို့ လာကြ​လိမ့်မည်၊ သင်တို့အသက်သည်လည်း ချမ်းသာရလိမ့်မည်၊ သင်တို့၏​ရွေးနုတ်ခြင်း သည်လည်း စုံလင်ခြင်းသို့ ရောက်လိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း မြေကြီး​လေးမျက်နှာမှ ထွက်လာကြ လိမ့်မည်။

၄၇ ထို့နောက်တွင်၊ ကိုယ်တော်ရှင်၏​လက်ရုံးတော်သည် ပြည်သားတို့​အပေါ် ကျရောက်​လိမ့်မည်။

၄၈ ထို့နောက်တွင်၊ ကိုယ်တော်ရှင်သည် မိမိခြေကို ဤတောင်ပေါ်သို့ ချလိမ့်မည်၊ တောင်သည် နှစ်ခြမ်းကွဲ​လိမ့်မည်၊ မြေကြီးသည်လည်း တုန်၍၊ တလူးလည်လည်​ရှိလိမ့်မည်၊ ကောင်းကင်သည်လည်း တုန်လှုပ်​လိမ့်မည်။

၄၉ ကိုယ်တော်ရှင်သည် မိမိအသံကို လွှင့်တော်မူ၍၊ မြေကြီး​စွန်းသား​ခပ်သိမ်းတို့ ကြားရ​လိမ့်မည်။ မြေကြီး​ပေါ်ရှိပြည်သားတို့ ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်၊ ရယ်သော​သူတို့သည် မိမိတို့၏​မိုက်မဲခြင်းကို သိမြင်ရ​လိမ့်မည်။

၅၀ ဘေးဒုက္ခသည် ပြက်ရယ်ပြုသော​သူတို့ကို ဖုံးလွှမ်း​လိမ့်မည်၊ ဆဲရေးသော​သူတို့သည် လောင်မြိုက်​ခံရ​လိမ့်မည်။ ဒုစရိုက်ကို​ပြုဖို့ ချောင်းမြောင်း​လေသူတို့သည် ခုတ်လှဲ၍ မီးထဲသို့​ပစ်ချ​ခံရ​လိမ့်မည်။

၅၁ ထို့နောက်တွင်၊ ယုဒ​လူမျိုးတို့သည် ငါ့ကို​ကြည့်၍ ဆိုကြ​မည်ကား၊ သင်၏​လက်နှင့် သင်၏ ခြေတို့ရှိ​ဒဏ်ရာတို့သည်ကား အဘယ်​သို့နည်း။

၅၂ ထို့နောက်တွင်၊ ငါသည် ကိုယ်တော်ရှင်​ဖြစ်ကြောင်း သူတို့​သိကြ​လိမ့်မည်။ အကြောင်းမူကား၊ သူတို့ကို ငါမိန့်တော်မူမည်မှာ၊ ဤဒဏ်ရာတို့သည် ငါ၏​အဆွေခင်ပွန်းအိမ်၌ ငါခံရသော​ဒဏ်ရာများ​ဖြစ်၏။ ငါသည် မြှောက်ထား​ခံရသောသူ​ဖြစ်၏။ ငါသည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်​ခံရသည့် ယေရှု​ဖြစ်၏။ ငါသည် ဘုရားသခင်၏​သားတော်​ဖြစ်၏။

၅၃ ထို့နောက်တွင်၊ သူတို့သည် မိမိတို့​ဒုစရိုက်များကြောင့် ငိုကြွေးကြ​လိမ့်မည်။ ထို့နောက်တွင်၊ သူတို့သည် မိမိတို့​ရှင်ဘုရင်ကို မိမိတို့​ညှဉ်းဆဲကြသောကြောင့် မြည်တမ်းကြ​လိမ့်မည်။

၅၄ ထို့နောက်တွင်၊ သာသနာပလူ​ပြည်သားတို့သည် ရွေးနုတ်​ခံကြရ​လိမ့်မည်၊ ဥပဒေကို မသိသော​သူများသည်လည်း ပထမ​ရှင်ပြန်ထမြောက်ခြင်းကို ဝင်စားကြ​လိမ့်မည်။ သူတို့​အတွက် သည်းခံနိုင်ဖွယ်​ဖြစ်ပေ​လိမ့်မည်။

၅၅ စာတန်သည် ချည်နှောင်​ခံရ​လိမ့်မည်​ဖြစ်၍၊ လူသားတို့၏​စိတ်နှလုံး၌ နေရာ​ရလိမ့်မည်​မဟုတ်။

၅၆ ထိုနေ့တွင်၊ ငါ၏​ဘုန်းတော်ကို ဆောင်၍ ကြွလာတော်မူ​သောအခါ၊ အပျို​ကညာ​တစ်ကျိပ်​အကြောင်း ငါမိန့်တော်မူသည့် ပုံဆောင်စကားကို ပြီးပြည့်စုံစေ​လိမ့်မည်။

၅၇ အကြောင်းမူကား၊ ပညာရှိ၍၊ သမ္မာ​တရားကို လက်ခံလျက်၊ သန့်ရှင်းသော​ဝိညာဉ်တော်ကို မိမိတို့၏​လမ်းညွှန်ရာ​အဖြစ် လက်ခံ​ရရှိလေသော၊ ထို့အတူ၊ လှည့်စား​မခံရလေသော​သူတို့သည်—​သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ထိုသူတို့သည် ခုတ်လှဲ၍ မီးထဲသို့ ပစ်ချမ​ခံရဘဲ ထိုနေ့၌ တည်တံ့​လိမ့်မည်။

၅၈ မြေကြီး​ကိုလည်း အမွေခံရာ​အဖြစ် သူတို့ကို ပေးတော်မူ​လိမ့်မည်။ သူတို့သည်လည်း ပွားများလျက်၊ အင်အား​ကြီးလာကြ​လိမ့််မည်။ သူတို့၏​သားမြေးတို့​သည်လည်း အပြစ်မရှိဘဲ ကယ်တင်ခြင်း​ဆီသို့ ကြီးထွားကြ​လိမ့်မည်။

၅၉ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့အလယ်၌ ရှိတော်မူ​လိမ့်မည်၊ သူ၏​ဘုန်းတော်သည်လည်း သူတို့​အပေါ်မှာ​ရှိလိမ့်မည်၊ သူသည် သူတို့၏​ရှင်ဘုရင်နှင့် သူတို့၏​ပညတ်တရားရှင်​ဖြစ်လိမ့်မည်။

၆၀ ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်မှာ၊ ဓမ္မသစ်ကျမ်းကို ဘာသာပြန်​မပြီးမီ ဤအခန်းကြီး​အကြောင်း နောက်ထပ်​တစ်စုံ​တစ်ခုကိုမျှ သိစေဖို့ သင့်ကို ငါအခွင့်ပေး​လိမ့်မည်​မဟုတ်၊ ထိုကျမ်းတွင်၊ ခပ်သိမ်းသော ဤအရာတို့ကို ဖော်ပြ​လိမ့်မည်။

၆၁ သို့ဖြစ်၍၊ ထိုကျမ်းကို သင်ယခု​ဘာသာပြန်နိုင်​စေကြောင်း သင့်ကို ငါအခွင့်​ပေး၏။ ဖြစ်လာမည့်​အရာတို့​အတွက် သင့်ကို ပြင်ဆင်နိုင်​စေခြင်းငှာ​ပေတည်း။

၆၂ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်​ဆိုသည်မှာ ကြီးစွာသော​အမှုတို့သည် သင်တို့ကို စောင့်နေကြ၏။

၆၃ တပါး​တိုင်းပြည်များ၌ စစ်တိုက်ခြင်း​အကြောင်းကို သင်တို့​ကြားကြ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ထိုအရာတို့သည် နီးကပ်​လာ၏၊ အကယ်​စင်စစ်၊ သင်တို့၏​တံခါးဝသို့ပင် ရောက်ပေ၏၊ များစွာသော​နှစ်များ​မကြာမီတွင်လည်း၊ သင်တို့​နေရင်းပြည်တို့၌ စစ်တိုက်ခြင်း​အကြောင်းကို သင်တို့​ကြားကြရ​လိမ့်မည်။

၆၄ သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်၊ မိန့်တော်မူ​လေသည်ကား၊ သင်တို့သည် အရှေ့ပိုင်း​ပြည်တို့မှ၊ စုဝေးကြလော့၊ ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့၊ သင်တို့ကိုယ်​သင်တို့ အတူတကွ စုရုံးကြလော့၊ သင်တို့သည် အနောက်ပိုင်း​တိုင်းပြည်များထဲသို့ ထွက်သွား​ကြလော့၊ နေထိုင်သူတို့ကို နောင်တရဖို့ တောင်းဆို​ကြလော့၊ သူတို့သည် နောင်တရသည်နှင့်အမျှ၊ ငါ့အဖို့ အသင်းတော်များကို တည်ထောင်ကြ၏။

၆၅ နောင်ကာလ၌ သင်တို့ထံ​အပ်နှင်းမည့် အမွေခံရာကို သင်တို့​ဝယ်နိုင်စေခြင်းငှာ နှစ်လုံးသား​တစ်ခု၊ စိတ်တစ်ခုနှင့်​အတူ သင်တို့၏​စည်းစိမ်​ဥစ္စာတို့ကို စုဆောင်း​ကြလော့။

၆၆ ထိုနေရာကို ယေရုရှလင်​မြို့သစ်၊ ငြိမ်းချမ်းရာပြည်၊ ခိုလှုံရာမြို့၊ အမြင့်ဆုံးသော​ဘုရားသခင်၏ သန့်ရှင်းသူတို့​အတွက် ဘေးလွတ်ရာ​အရပ်ဟု ခေါ်လိမ့်မည်။

၆၇ ကိုယ်တော်ရှင်၏​ဘုန်းတော်သည် ထိုအရပ်၌ ရှိလိမ့်မည်၊ ကိုယ်တော်ရှင်ကို ကြောက်ခြင်း​သည်လည်း ထိုအရပ်၌ ရှိလိမ့်မည်​ဖြစ်၍၊ ဆိုးညစ်သော​သူတို့သည် ထိုအရပ်သို့ လာကြမည်​မဟုတ်၊ ထိုအရပ်ကို ဇိအုန်ဟု​ခေါ်လိမ့်မည်။

၆၈ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ ဆိုးညစ်သော​သူတို့၌၊ အိမ်နီးချင်းကို ဆန့်ကျင်၍ ဓားကို မစွဲကိုင်မည့်​သူတိုင်းသည် ဘေးလွတ်ခြင်း​အတွက် ဇိအုန်သို့ ထွက်ပြေး​ရမည်။

၆၉ ကောင်းကင်​အောက်ရှိ​လူမျိုးတိုင်း ထိုအရပ်သို့ စုဝေးကြ​လိမ့်မည်။ ထိုသူတို့​သာလျှင် အချင်းချင်း​စစ်မတိုက်မည့်​လူများ ဖြစ်လိမ့်မည်။

၇၀ ဆိုးညစ်သော​သူတို့၌ ဆိုလိမ့်မည်ကား၊ ဇိအုန်ကို ဆန့်ကျင်၍ ငါတို့​စစ်တိုက်​မသွားကြကုန်အံ့၊ အကြောင်းမူကား ဇိအုန်၌​နေထိုင်ကြသူတို့သည် ကြောက်မက်ဖွယ်​ကောင်း၏။ သို့ဖြစ်၍၊ ငါတို့​မတည်နိုင်ကြ။

၇၁ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ ဖြောင့်မတ်သော​သူတို့ကို ခပ်သိမ်းသော​လူမျိုးတို့​အထဲမှ စုဝေး၍၊ ထာဝရ​တည်မြဲသော​ဝမ်းမြောက်ခြင်း​သီချင်းတို့ကို သီဆိုလျက် ဇိအုန်သို့ လာကြ​လိမ့်မည်။

၇၂ ယခု​မူကား၊ သင့်ကို ငါဆိုသည်မှာ၊ ငါ့အဖို့ သင့်လျော်သည့်​အချိန်​အထိ ဤအရာများကို လောက​ထဲသို့ ပျံ့နှံ့ခြင်းမှ ကာကွယ်လော့၊ လူတို့​၏မျက်လုံးများ၌၊ သင့်ရန်သူတို့၏​မျက်လုံးများ၌ ဤအမှုတော်ကို သင်ပြီးမြောက်နိုင်​စေကြောင်း၊ သင့်ကို ငါမိန့်တော်မူ​လေသည့်​အရာများကို သင်မပြီးမြောက်မီ သင်၏​အမှုများကို သူတို့​မသိ​နိုင်ကြ​စေကြောင်း၊

၇၃ ထိုအမှုတော်ကို သူတို့​သိကြသည့်​အခါ၊ ဤအရာတို့ကို သူတို့​စဉ်းစား​နိုင်ကြ​စေကြောင်း​ပင်တည်း။

၇၄ အကြောင်းမူကား၊ ကိုယ်တော်ရှင်​ပေါ်ထွက်လာ​သောအခါ၊ သူတို့​အဖို့ ကြောက်မက်ဖွယ်​ကောင်းလိမ့်မည်။ ကြောက်ရွံ့ခြင်းက သူတို့​အပေါ်​လွှမ်းမိုးနိုင်၍၊ သူတို့သည် အဝေးက​ရပ်လျက်​တုန်​လိမ့်မည်။

၇၅ ကိုယ်တော်ရှင်ကို ကြောက်ခြင်းနှင့် သူ၏​အားကြီးသော​တန်ခိုးတော်ကြောင့်၊ ခပ်သိမ်းသော​ပြည်သားတို့သည် ကြောက်လန့်ကြ​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။