အပိုဒ်ငယ် ၄၅
၁၈၃၁ ခု၊ မတ်လ ၇ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အသင်းတော်သို့ ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်အကြောင်းမှတ်တမ်း၏ ကျမ်းဦးစကားအဖြစ်၊ ဂျိုးဇက်စမစ်၏သမိုင်းကဖော်ပြသည်မှာ “အသင်းတော်၏ဤကာလတွင်…လူတို့အား အမှုတော်ကို စူးစမ်းခြင်းမှ သို့မဟုတ် ယုံကြည်ခြင်းကို လက်ခံခြင်းမှ တားဆီးရန်…များစွာသောသတင်းမှားများ… ရယ်ဖွယ်ရာအဖြစ်အပျက်များကို ပြောကြား၍ ပျံ့နှံ့လေ၏…သို့ရာတွင်၊ သန့်ရှင်းသူတို့ဝမ်းမြောက်ရာ အောက်ပါတို့ကို ကျွန်ုပ်လက်ခံရရှိခဲ့၏”ဟုဖြစ်၏။
၁–၅၊ ခရစ်တော်သည် ခမည်းတော်ထံ၌ ကျွန်ုပ်တို့၏လျှောက်လဲသူဖြစ်၏။ ၆–၁၀၊ ဧဝံဂေလိတရားတော်သည် ကိုယ်တော်ရှင်ရှေ့၌ လမ်းကိုပြင်ဆင်ရသော တမန်ဖြစ်၏။ ၁၁–၁၅၊ ဧနောက်နှင့်သူ၏ညီအစ်ကိုတို့သည် ကိုယ်တော်ရှင်ကိုယ်တိုင်အားဖြင့် လက်ခံသည်ကို ခံရ၏။ ၁၆–၂၃၊ ခရစ်တော်သည် သူကြွလာတော်မူခြင်း၏နိမိတ်လက္ခဏာကို သံလွင်တောင်ပေါ်မှာပြသည့်အတိုင်း ဖော်ပြတော်မူ၏။ ၂၄–၃၈၊ ဧဝံဂေလိတရားတော်ကို ပြန်လည်ဆောင်ယူလိမ့်မည်၊ တပါးအမျိုးသားတို့၏အချိန်ကို ပြီးပြည့်စုံစေလိမ့်မည်၊ လူဆိတ်ညံခြင်းအနာရောဂါသည်လည်း ပြည်ကို ဖုံးလွှမ်းလိမ့်မည်။ ၃၉–၄၇၊ နိမိတ်လက္ခဏာများ၊ အံ့မခန်းချီးမွမ်းဖွယ်အမှုများနှင့် ရှင်ပြန်ထမြောက်ခြင်းသည် ဒုတိယအကြိမ်ကြွလာတော်မူခြင်းနှင့်အတူဖြစ်လိမ့်မည်။ ၄၈–၅၃၊ ခရစ်တော်သည် သံလွင်တောင်ပေါ်မှာရပ်လိမ့်မည်၊ ယုဒလူမျိုးတို့သည် သူ့လက်နှင့်ခြေတို့မှဒဏ်ရာများကို မြင်ရလိမ့်မည်။ ၅၄–၅၉၊ အနှစ်တစ်ထောင်ကာလ၌ ကိုယ်တော်ရှင် အုပ်စိုးတော်မူလိမ့်မည်။ ၆၀–၆၂၊ ပရောဖက်သည် ဓမ္မသစ်ကျမ်း ဘာသာပြန်ခြင်းကို အစပြုဖို့ သွန်သင်ခံရ၏။ ၆၃–၇၅၊ သန့်ရှင်းသူတို့သည် စုဝေးရန်နှင့် နိုင်ငံအပေါင်းမှ လူမျိုးတို့လာကြမည့် ယေရုရှလင်မြို့သစ်ကို တည်ဆောက်ရန် မိန့်မှာခံရ၏။
၁ စေ့စေ့နားထောင်ကြလော့၊ နိုင်ငံတော်ကို ပေးထားခံရလေသောသူများတည်းဟူသော အို ငါ့အသင်းတော်မှ အသင်လူမျိုးတို့။ မြေကြီးအုတ်မြစ်ကိုချသူ၊ ကောင်းကင်နှင့် ထိုအရပ်ရှိဗိုလ်ခြေအပေါင်းတို့ကို ဖန်ဆင်းတော်မူသည့်သူအား သင်တို့စေ့စေ့နားထောင်၍ နားညောင်းကြလော့။ အသက်ရှင်၍လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိသောအရာအပေါင်းတို့ကို သူ့အားဖြင့် ဖန်ဆင်းထားလေ၏။
၂ ထိုမှတစ်ဖန်၊ ငါဆိုသည်ကား၊ သင်တို့ကို သေခြင်းက အနိုင်မရစေကြောင်း၊ ငါ၏အသံကို စေ့စေ့နားထောင်ကြလော့။ သင်တို့မထင်မှတ်သည့်နာရီ၌ နွေရာသီကုန်လွန်သွားလိမ့်မည်။ ရိတ်သိမ်းချိန်လည်း ပြီးဆုံးလိမ့်မည်။ သင်တို့စိတ်ဝိညာဉ်များသည်လည်းကယ်တင်ခြင်းသို့မရောက်ကြ။
၃ ခမည်းတော်ထံ၌ လျှောက်လဲသူ၊ သူ့ရှေ့၌ သင်တို့အမှုကို တောင်းပန်နေသည့်သူအား နားထောင်ကြလော့—
၄ ဆိုလေသည်ကား၊ အဘ၊ အပြစ်မပြုသူ၊ ကိုယ်တော်အလွန်နှစ်သက်တော်မူလေသည့်သူ၏ ဒုက္ခဝေဒနာခံစားခြင်းနှင့် သေခြင်းကို ရှုတော်မူပါ။ သွန်းလေသည့် ကိုယ်တော့်သားတော်၏အသွေး၊ ကိုယ်တော်ကိုယ်တိုင် ဘုန်းထင်ရှားစေကြောင်း ကိုယ်တော်ပေးတော်မူသည့်သူ၏အသွေးကို ရှုတော်မူပါ။
၅ သို့ဖြစ်၍၊ အဘ၊ အကျွန်ုပ်၏နာမတော်ကို ယုံကြည်သည့်သူများတည်းဟူသော အကျွန်ုပ်၏ ဤညီအစ်ကိုတို့ကို ကျွန်ုပ်ထံသို့လာ၍၊ ထာဝရတည်မြဲသောအသက်ကို ရနိုင်ကြစေခြင်းငှာ ချမ်းသာပေးတော်မူပါ။
၆ စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင်လူမျိုးတို့၊ အသင်အသင်းလူကြီးတို့ အတူတကွနားထောင်ကြလော့၊ ယနေ့ဟူ၍ခေါ်သောအချိန်တွင်၊ ငါ၏အသံကိုကြားနာကြလော့။ သင်တို့စိတ်နှလုံးကိုမာကျောစေခြင်းမရှိကြနှင့်။
၇ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါသည် အာလဖနှင့် ဩမေဃ၊ အစနှင့်အဆုံး၊ လောက၏အလင်းနှင့် အသက်ဖြစ်၏—မှောင်မိုက်၌ တောက်ပသောအလင်းဖြစ်၍ မှောင်မိုက်သည် နားလည်ခြင်းမရှိ။
၈ ငါသည် ငါ၏အရပ်ဒေသသို့ ကြွလာသော်လည်း ငါ၏လူမျိုးတို့သည် ငါ့ကို လက်ခံခြင်းမရှိကြ။ သို့ရာတွင်၊ ငါ့ကို လက်ခံသူမှန်သမျှအား များစွာသောအလွန်တရာအံ့ဩဖွယ်အမှုများကို ပြုကြစေဖို့၊ ထို့အတူ၊ ဘုရားသခင်၏သားများ ဖြစ်လာကြစေဖို့ငါတန်ခိုးပေး၏။ အကယ်စင်စစ်၊ ငါ၏နာမတော်ကို ယုံကြည်သူများကို ထာဝရအသက်ကိုရရှိစေဖို့ ငါတန်ခိုးပေး၏။
၉ ထိုကဲ့သို့ပင်၊ ငါသည် လောကထဲသို့ ငါ၏ထာဝရတည်မြဲသောပဋိညာဉ်ကို စေလွှတ်သည်မှာ၊ လောကအဖို့ အလင်းဖြစ်စေဖို့၊ ငါ၏လူမျိုးတို့အတွက် အလံဖြစ်စေဖို့၊ တပါးအမျိုးသားတို့အတွက် ရှာရန်၊ ငါ့ရှေ့၌လမ်းကို ပြင်ဆင်ရန် တမန်တပါးဖြစ်စေဖို့ပင်တည်း။
၁၀ သို့ဖြစ်၍၊ သင်တို့သည် ထိုပဋိညာဉ်ထံသို့ လာကြလော့၊ ငါသည် ရှေးနေ့ရက်များက လူတို့နှင့်ဆွေးနွေးသကဲ့သို့ပင် လာသောသူနှင့် ဆွေးနွေးတော်မူမည်၊ သင်တို့ထံသို့လည်း ငါ၏ အားကြီးသော အကျိုးအကြောင်းကို ပြတော်မူမည်။
၁၁ သို့ဖြစ်၍၊ သင်တို့အတူတကွစေ့စေ့နားထောင်ကြလော့—ဧနောက်နှင့်သူ၏ညီအစ်ကိုတို့၏ ဘုရားသခင်ဟု သင်တို့ဆိုသောသူ၏ဉာဏ်ပညာ၊ အကယ်စင်စစ်၊ ငါ၏ဉာဏ်ပညာကို သင်တို့ထံပြဖို့အခွင့်ပေးလော့၊
၁၂ သူတို့သည်ကား၊ မြေကြီးမှ ခွဲခြားခံရပြီး၊ ငါကိုယ်တိုင်ထံသို့ လက်ခံသည်ကို ခံရလေသူများဖြစ်၏—ဖြောင့်မတ်ခြင်းနေ့ကျရောက်လာသည်အထိ သိမ်းထားသည့်မြို့ဖြစ်၏—ထိုနေ့သည်ကား၊ သန့်ရှင်းသောသူအပေါင်းတို့ရှာကြသည့်နေ့ဖြစ်၏။ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် သူတို့မတွေ့ရကြ။
၁၃ သူတို့သည် သူတစိမ်းများဖြစ်ကြောင်း၊ မြေကြီးပေါ်မှာ လှည့်လည်သွားလာသူများဖြစ်ကြောင်း ဝန်ခံကြ၏။
၁၄ သို့ရာတွင်၊ သူတို့သည် ထိုနေ့ကိုတွေ့၍၊ သူတို့ခန္ဓာ၌ မြင်ရမည်ဟူသော ကတိတော်ကို ရရှိကြ၏။
၁၅ သို့ဖြစ်၍၊ စေ့စေ့နားထောင်ကြလော့၊ ငါသည် သင်တို့နှင့် ဆွေးနွေးတော်မူမည်၊ ရှေးနေ့ရက်များကလူများကို ကဲ့သို့ပင်၊ သင်တို့ကို ဟောပြောလျက်၊ ပရောဖက်ပြု၍လည်း ဟောမည်။
၁၆ ငါသည် ဇာတိကိုယ်ခန္ဓာဖြင့်၊ ငါ့တပည့်တော်တို့၏ရှေ့မှာရပ်၍၊ သူတို့ကို ဖော်ပြသကဲ့သို့ပင် ရှင်းလင်းစွာ ဖော်ပြတော်မူမည်။ သူတို့ကို မြွက်ဆို၍ မိန့်တော်မူလေသည်ကား၊ ငါကြွလာတော်မူခြင်း၏ နိမိတ်လက္ခဏာကို သင်တို့တောင်းဆိုကြလေသဖြင့်၊ ငါ၏ဘုန်းတော်ကိုဆောင်လျက်၊ ကောင်းကင်တိမ်တိုက်ထဲ၌၊ ကြွလာတော်မူသောနေ့တွင်၊ သင်တို့ဘိုးဘေးများသို့ ငါပြုတော်မူသည့် ကတိတော်ကို ပြီးပြည့်စုံစေမည်။
၁၇ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ ကိုယ်ခန္ဓာများမှ သင်တို့၏ဝိညာဉ်များ ကြာမြင့်စွာကွဲကွာခြင်းကို အချုပ်ခံရခြင်းအဖြစ် မှတ်ယူကြသဖြင့်၊ ရွေးနုတ်ခြင်းနေ့ရက် အဘယ်သို့ကျရောက်လာမည်ကိုလည်းကောင်း၊ ကွဲပြားပြန့်ကျဲသည့်ဣသရေလအမျိုးသို့ ပြန်လည်အပ်နှင်းခြင်းကိုလည်းကောင်း ငါဖော်ပြတော်မူမည်။
၁၈ ယခုမူကား၊ ယေရုရှလင်ရှိဤဗိမာန်တော်၊ ဘုရားသခင်၏အိမ်တော်ဟု သင်တို့ခေါ်သည့်အရာကို သင်တို့ကြည့်ကြလော့၊ ဤအိမ်တော်သည် အဘယ်တော့မျှ မပြိုကျရဟု သင်တို့၏ရန်သူများက ဆိုကြ၏။
၁၉ သို့ရာတွင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ လူဆိတ်ညံခြင်းသည် ဤမျိုးဆက်အပေါ် ညဉ့်အချိန်၌ သူခိုးကဲ့သို့ ကျရောက်လာလိမ့်မည်၊ ဤလူတို့သည်လည်း ဖျက်ဆီးခံရပြီး၊ လူမျိုးအပေါင်းတို့၌ ကွဲပြားပြန့်ကျဲလိမ့်မည်။
၂၀ သင်တို့ယခုမြင်ရသည့် ဤဗိမာန်တော်သည် ဖြိုချခံရ၍၊ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရ။
၂၁ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ ယုဒလူမျိုးတို့၏ ဤမျိုးဆက်သည် သင်တို့ကို ငါပြောပြခဲ့လေသော သူတို့နှင့်စပ်လျဉ်းသည့် လူဆိတ်ညံခြင်းအမျိုးမျိုးဖြစ်မလာမီ ကွယ်လွန်သွားလိမ့်မည်မဟုတ်။
၂၂ ကမ္ဘာကုန်ခြင်းကျရောက်လာမည့်အကြောင်း သင်တို့ဆိုကြ၏။ ကောင်းကင်နှင့် မြေကြီးကွယ်ပျောက်သွားလိမ့်မည်ကို သင်တို့သိကြောင်းကိုလည်း သင်တို့ဆိုကြ၏။
၂၃ ဤအရာနှင့်စပ်လျဉ်း၍၊ သင်တို့အမှန်ပင်ဆိုကြ၏၊ အကြောင်းမူကား၊ ထိုကဲ့သို့ပင် ဖြစ်လေ၏။ သို့ရာတွင်၊ သင်တို့ကို ငါပြောပြလေသည့် ဤအရာတို့သည် ခပ်သိမ်းသောအရာများမပြီးပြည့်စုံစေမီ ကွယ်ပျောက်သွားလိမ့်မည်မဟုတ်။
၂၄ ယေရုရှလင်နှင့်စပ်လျဉ်း၍၊ ဤအရာကို သင်တို့အား ငါပြောပြလေပြီ။ ထိုနေ့ကျရောက်လာသောအခါ၊ ကျန်ကြွင်းသောသူများသည် လူမျိုးအပေါင်းတို့၌ ကွဲပြားပြန့်ကျဲကြလိမ့်မည်။
၂၅ သို့ရာတွင်၊ သူတို့သည် တစ်ဖန်စုဝေးကြလိမ့်မည်။ သို့ရာတွင်၊ တပါးအမျိုးသားတို့၏အချိန်ကို ပြီးပြည့်စုံစေသည်အထိ သူတို့ဆက်၍ရှိကြလိမ့်မည်။
၂၆ ထိုနေ့တွင်၊ စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်းအကြောင်းတစ်ဆင့်စကားများကိုလည်း ကြားရလိမ့်မည်။ မြေကြီးတစ်ခုလုံးသည် ပုန်ကန်ခြင်း၌ ရှိလိမ့်မည်။ လူသားတို့၏စိတ်နှလုံးသည် ထိုအရာတို့၌ စိတ်ပျက်ကြလိမ့်မည်။ ခရစ်တော်သည် ကမ္ဘာကုန်ဆုံးသည်အထိလာခဲသည်ဟု သူတို့ဆိုကြလိမ့်မည်။
၂၇ လူသားတို့၏ချစ်ခြင်းသည် ခေါင်းပါးလိမ့်မည်၊ ဒုစရိုက်သည်လည်း များပြားလိမ့်မည်။
၂၈ တပါးအမျိုးသားတို့၏အချိန် ဝင်ရောက်လာသောအခါ၊ မှောင်မိုက်ထဲမှာ ထိုင်ကြသောသူတို့၌ အလင်းပေါ်ထွန်းလိမ့်မည်။ ထိုအရာသည် ငါ၏ဧဝံဂေလိတရားတော်အပြည့်အစုံ ဖြစ်လိမ့်မည်။
၂၉ သို့ရာတွင်၊ သူတို့သည် ထိုအရာကို လက်ခံခြင်းမရှိကြ။ အကြောင်းမူကား၊ အလင်းကို မြင်ခြင်းမရှိကြ၊ သူတို့သည် လူတို့၏ပညတ်များကြောင့်၊ သူတို့စိတ်နှလုံးကို ငါ့ထံမှ လွှဲဖယ်ကြလေပြီ။
၃၀ ထိုမျိုးဆက်၌ တပါးအမျိုးသားတို့၏အချိန်ကို ပြီးပြည့်စုံစေလိမ့်မည်။
၃၁ ထိုမျိုးဆက်၌ တည်သောလူများရှိလိမ့်မည်၊ သူတို့သည် လွှမ်းမိုးသောဘေးဥပဒ်ကို မမြင်ရမီ ကွယ်လွန်မသွားရ။ အကြောင်းမူကား၊ လူဆိတ်ညံခြင်းအနာရောဂါသည် ပြည်ကို ဖုံးလွှမ်းလိမ့်မည်။
၃၂ သို့ရာတွင်၊ ငါ၏တပည့်တော်တို့သည် သန့်ရှင်းရာအရပ်တို့၌ ရပ်ကြလိမ့်မည်၊ မရွေ့ရ။ သို့ရာတွင်၊ ဆိုးညစ်သောသူတို့၌၊ လူတို့သည် ကြွေးကြော်၍၊ ဘုရားသခင်ကို ကျိန်ဆဲလျက် သေကြလိမ့်မည်။
၃၃ အထူးထူးအပြားပြားသောအရပ်တို့၌လည်း မြေကြီးလှုပ်ခြင်း၊ ထို့အတူ၊ လူဆိတ်ညံခြင်း များစွာရှိလိမ့်မည်။ သို့သော်လည်း၊ လူတို့သည် ငါ့ကို ဆန့်ကျင်လျက် သူတို့စိတ်နှလုံးကို မာကျောစေကြလိမ့်မည်။ တစ်ဦးနှင့်တစ်ဦးဆန့်ကျင်၍၊ ဓားကို စွဲကိုင်ကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် သတ်ကြလိမ့်မည်။
၃၄ ယခုမူကား၊ ငါကိုယ်တော်ရှင်သည် ငါ၏တပည့်တော်တို့အား ဤစကားများကို မိန့်တော်မူလေလျှင်၊ သူတို့သည် စိတ်ညှိုးငယ်ကြ၏။
၃၅ သူတို့ကို ငါမိန့်တော်မူသည်ကား၊ စိတ်မညှိုးငယ်ကြနှင့်၊ အကြောင်းမူကား၊ ခပ်သိမ်းသောဤအရာတို့ ဖြစ်လာသောအခါ၊ သင်တို့ကိုပြုထားလေသည့် ကတိတော်များ ပြည့်စုံစေလိမ့်မည်ကို သင်တို့သိကြလိမ့်မည်။
၃၆ အလင်းသည် ပေါ်ထွန်းစပြုသောအခါ၊ သင်တို့ကို ငါပြတော်မူမည့် ပုံဆောင်စကားကဲ့သို့ပင် သူတို့အတွက်ဖြစ်လိမ့်မည်—
၃၇ သင်တို့သည် သင်္ဘောသဖန်းပင်တို့ကို ကြည့်၍ မြင်ကြလော့။ သင်တို့မျက်စိနှင့် ကြည့်ကြလော့၊ ၎င်းတို့အရွက်ပေါက်စပြုသောအခါ အရွက်နု၍ နွေရာသီနီးကပ်လာပြီဖြစ်ကြောင်း သင်တို့ဆိုကြ၏။
၃၈ ခပ်သိမ်းသော ဤအရာတို့ကို သူတို့မြင်ရမည့်နေ့တွင် ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်၊ ထို့နောက်တွင်၊ အချိန်နာရီနီးပြီဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
၃၉ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ငါ့ကို ကြောက်သောသူသည် ကိုယ်တော်ရှင်၏ကြီးစွာသောနေ့ ကျရောက်လာသည်ကို စောင့်မျှော်နေလိမ့်မည်။ လူသားတော်ကြွလာတော်မူခြင်း၏နိမိတ်လက္ခဏာများကိုပင် စောင့်မျှော်နေလိမ့်မည်။
၄၀ သူတို့သည် နိမိတ်လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများကို မြင်ရလိမ့်မည်။ အကြောင်းမူကား၊ အထက်ကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီး၌လည်းကောင်း ထိုအရာတို့ကို ပြတော်မူမည်။
၄၁ သွေး၊ မီးလျှံနှင့် မီးခိုးထုတို့ကိုလည်း မြင်ရလိမ့်မည်။
၄၂ ကိုယ်တော်ရှင်၏နေ့ ကျရောက်မလာမီ နေသည် မှောင်မိုက်လာလိမ့်မည်၊ လသည် သွေးအဖြစ်သို့ ပြောင်းလိမ့်မည်၊ ကြယ်တို့သည် ကောင်းကင်မှ ကျလိမ့်မည်။
၄၃ ကျန်ကြွင်းသောသူတို့သည် ဤနေရာသို့ စုဝေးကြလိမ့်မည်။
၄၄ ထို့နောက်တွင်၊ သူတို့သည် ငါ့ကို စောင့်မျှော်ကြလိမ့်မည်၊ ထို့အတူ၊ ရှုလော့၊ ငါကြွလာတော်မူမည်။ သူတို့သည် ငါ့အား ကောင်းကင်တိမ်တိုက်ထဲ၌ တန်ခိုးတော်အရှိန်နှင့် ကြီးစွာသောဘုန်းတော်ကို ဝတ်ဆင်လျက်၊ သန့်ရှင်းသောကောင်းကင်တမန်အပေါင်းတို့နှင့်အတူ မြင်ရလိမ့်မည်။ ငါ့ကို စောင့်မျှော်ခြင်းမရှိသောသူသည် ပယ်ရှင်းခံရလိမ့်မည်။
၄၅ သို့ရာတွင်၊ ကိုယ်တော်ရှင်၏လက်ရုံးတော်မကျရောက်မီ၊ ကောင်းကင်တမန်တစ်ပါးသည် မိမိတံပိုးကို မှုတ်လိမ့်မည်။ အိပ်ပျော်သည့်သန့်ရှင်းသူတို့သည် တိမ်တိုက်ထဲ၌ ငါ့ကို တွေ့ခြင်းငှာ ထွက်လာကြလိမ့်မည်။
၄၆ သို့ဖြစ်၍၊ သင်တို့သည် ငြိမ်းချမ်းခြင်း၌ အိပ်ပျော်ကြလျှင်၊ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ယခုတွင်ငါ့ကို မြင်၍၊ ငါရှိတော်မူကြောင်းကိုလည်း သိကြ၏၊ ထိုကဲ့သို့ပင်၊ သင်တို့သည် ငါ့ထံသို့ လာကြလိမ့်မည်၊ သင်တို့အသက်သည်လည်း ချမ်းသာရလိမ့်မည်၊ သင်တို့၏ရွေးနုတ်ခြင်း သည်လည်း စုံလင်ခြင်းသို့ ရောက်လိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း မြေကြီးလေးမျက်နှာမှ ထွက်လာကြ လိမ့်မည်။
၄၇ ထို့နောက်တွင်၊ ကိုယ်တော်ရှင်၏လက်ရုံးတော်သည် ပြည်သားတို့အပေါ် ကျရောက်လိမ့်မည်။
၄၈ ထို့နောက်တွင်၊ ကိုယ်တော်ရှင်သည် မိမိခြေကို ဤတောင်ပေါ်သို့ ချလိမ့်မည်၊ တောင်သည် နှစ်ခြမ်းကွဲလိမ့်မည်၊ မြေကြီးသည်လည်း တုန်၍၊ တလူးလည်လည်ရှိလိမ့်မည်၊ ကောင်းကင်သည်လည်း တုန်လှုပ်လိမ့်မည်။
၄၉ ကိုယ်တော်ရှင်သည် မိမိအသံကို လွှင့်တော်မူ၍၊ မြေကြီးစွန်းသားခပ်သိမ်းတို့ ကြားရလိမ့်မည်။ မြေကြီးပေါ်ရှိပြည်သားတို့ ငိုကြွေးမြည်တမ်းကြလိမ့်မည်၊ ရယ်သောသူတို့သည် မိမိတို့၏မိုက်မဲခြင်းကို သိမြင်ရလိမ့်မည်။
၅၀ ဘေးဒုက္ခသည် ပြက်ရယ်ပြုသောသူတို့ကို ဖုံးလွှမ်းလိမ့်မည်၊ ဆဲရေးသောသူတို့သည် လောင်မြိုက်ခံရလိမ့်မည်။ ဒုစရိုက်ကိုပြုဖို့ ချောင်းမြောင်းလေသူတို့သည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခံရလိမ့်မည်။
၅၁ ထို့နောက်တွင်၊ ယုဒလူမျိုးတို့သည် ငါ့ကိုကြည့်၍ ဆိုကြမည်ကား၊ သင်၏လက်နှင့် သင်၏ ခြေတို့ရှိဒဏ်ရာတို့သည်ကား အဘယ်သို့နည်း။
၅၂ ထို့နောက်တွင်၊ ငါသည် ကိုယ်တော်ရှင်ဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ကို ငါမိန့်တော်မူမည်မှာ၊ ဤဒဏ်ရာတို့သည် ငါ၏အဆွေခင်ပွန်းအိမ်၌ ငါခံရသောဒဏ်ရာများဖြစ်၏။ ငါသည် မြှောက်ထားခံရသောသူဖြစ်၏။ ငါသည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရသည့် ယေရှုဖြစ်၏။ ငါသည် ဘုရားသခင်၏သားတော်ဖြစ်၏။
၅၃ ထို့နောက်တွင်၊ သူတို့သည် မိမိတို့ဒုစရိုက်များကြောင့် ငိုကြွေးကြလိမ့်မည်။ ထို့နောက်တွင်၊ သူတို့သည် မိမိတို့ရှင်ဘုရင်ကို မိမိတို့ညှဉ်းဆဲကြသောကြောင့် မြည်တမ်းကြလိမ့်မည်။
၅၄ ထို့နောက်တွင်၊ သာသနာပလူပြည်သားတို့သည် ရွေးနုတ်ခံကြရလိမ့်မည်၊ ဥပဒေကို မသိသောသူများသည်လည်း ပထမရှင်ပြန်ထမြောက်ခြင်းကို ဝင်စားကြလိမ့်မည်။ သူတို့အတွက် သည်းခံနိုင်ဖွယ်ဖြစ်ပေလိမ့်မည်။
၅၅ စာတန်သည် ချည်နှောင်ခံရလိမ့်မည်ဖြစ်၍၊ လူသားတို့၏စိတ်နှလုံး၌ နေရာရလိမ့်မည်မဟုတ်။
၅၆ ထိုနေ့တွင်၊ ငါ၏ဘုန်းတော်ကို ဆောင်၍ ကြွလာတော်မူသောအခါ၊ အပျိုကညာတစ်ကျိပ်အကြောင်း ငါမိန့်တော်မူသည့် ပုံဆောင်စကားကို ပြီးပြည့်စုံစေလိမ့်မည်။
၅၇ အကြောင်းမူကား၊ ပညာရှိ၍၊ သမ္မာတရားကို လက်ခံလျက်၊ သန့်ရှင်းသောဝိညာဉ်တော်ကို မိမိတို့၏လမ်းညွှန်ရာအဖြစ် လက်ခံရရှိလေသော၊ ထို့အတူ၊ လှည့်စားမခံရလေသောသူတို့သည်—သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် ခုတ်လှဲ၍ မီးထဲသို့ ပစ်ချမခံရဘဲ ထိုနေ့၌ တည်တံ့လိမ့်မည်။
၅၈ မြေကြီးကိုလည်း အမွေခံရာအဖြစ် သူတို့ကို ပေးတော်မူလိမ့်မည်။ သူတို့သည်လည်း ပွားများလျက်၊ အင်အားကြီးလာကြလိမ့််မည်။ သူတို့၏သားမြေးတို့သည်လည်း အပြစ်မရှိဘဲ ကယ်တင်ခြင်းဆီသို့ ကြီးထွားကြလိမ့်မည်။
၅၉ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့အလယ်၌ ရှိတော်မူလိမ့်မည်၊ သူ၏ဘုန်းတော်သည်လည်း သူတို့အပေါ်မှာရှိလိမ့်မည်၊ သူသည် သူတို့၏ရှင်ဘုရင်နှင့် သူတို့၏ပညတ်တရားရှင်ဖြစ်လိမ့်မည်။
၆၀ ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်မှာ၊ ဓမ္မသစ်ကျမ်းကို ဘာသာပြန်မပြီးမီ ဤအခန်းကြီးအကြောင်း နောက်ထပ်တစ်စုံတစ်ခုကိုမျှ သိစေဖို့ သင့်ကို ငါအခွင့်ပေးလိမ့်မည်မဟုတ်၊ ထိုကျမ်းတွင်၊ ခပ်သိမ်းသော ဤအရာတို့ကို ဖော်ပြလိမ့်မည်။
၆၁ သို့ဖြစ်၍၊ ထိုကျမ်းကို သင်ယခုဘာသာပြန်နိုင်စေကြောင်း သင့်ကို ငါအခွင့်ပေး၏။ ဖြစ်လာမည့်အရာတို့အတွက် သင့်ကို ပြင်ဆင်နိုင်စေခြင်းငှာပေတည်း။
၆၂ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ ကြီးစွာသောအမှုတို့သည် သင်တို့ကို စောင့်နေကြ၏။
၆၃ တပါးတိုင်းပြည်များ၌ စစ်တိုက်ခြင်းအကြောင်းကို သင်တို့ကြားကြ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ထိုအရာတို့သည် နီးကပ်လာ၏၊ အကယ်စင်စစ်၊ သင်တို့၏တံခါးဝသို့ပင် ရောက်ပေ၏၊ များစွာသောနှစ်များမကြာမီတွင်လည်း၊ သင်တို့နေရင်းပြည်တို့၌ စစ်တိုက်ခြင်းအကြောင်းကို သင်တို့ကြားကြရလိမ့်မည်။
၆၄ သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်၊ မိန့်တော်မူလေသည်ကား၊ သင်တို့သည် အရှေ့ပိုင်းပြည်တို့မှ၊ စုဝေးကြလော့၊ ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့၊ သင်တို့ကိုယ်သင်တို့ အတူတကွ စုရုံးကြလော့၊ သင်တို့သည် အနောက်ပိုင်းတိုင်းပြည်များထဲသို့ ထွက်သွားကြလော့၊ နေထိုင်သူတို့ကို နောင်တရဖို့ တောင်းဆိုကြလော့၊ သူတို့သည် နောင်တရသည်နှင့်အမျှ၊ ငါ့အဖို့ အသင်းတော်များကို တည်ထောင်ကြ၏။
၆၅ နောင်ကာလ၌ သင်တို့ထံအပ်နှင်းမည့် အမွေခံရာကို သင်တို့ဝယ်နိုင်စေခြင်းငှာ နှစ်လုံးသားတစ်ခု၊ စိတ်တစ်ခုနှင့်အတူ သင်တို့၏စည်းစိမ်ဥစ္စာတို့ကို စုဆောင်းကြလော့။
၆၆ ထိုနေရာကို ယေရုရှလင်မြို့သစ်၊ ငြိမ်းချမ်းရာပြည်၊ ခိုလှုံရာမြို့၊ အမြင့်ဆုံးသောဘုရားသခင်၏ သန့်ရှင်းသူတို့အတွက် ဘေးလွတ်ရာအရပ်ဟု ခေါ်လိမ့်မည်။
၆၇ ကိုယ်တော်ရှင်၏ဘုန်းတော်သည် ထိုအရပ်၌ ရှိလိမ့်မည်၊ ကိုယ်တော်ရှင်ကို ကြောက်ခြင်းသည်လည်း ထိုအရပ်၌ ရှိလိမ့်မည်ဖြစ်၍၊ ဆိုးညစ်သောသူတို့သည် ထိုအရပ်သို့ လာကြမည်မဟုတ်၊ ထိုအရပ်ကို ဇိအုန်ဟုခေါ်လိမ့်မည်။
၆၈ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ဆိုးညစ်သောသူတို့၌၊ အိမ်နီးချင်းကို ဆန့်ကျင်၍ ဓားကို မစွဲကိုင်မည့်သူတိုင်းသည် ဘေးလွတ်ခြင်းအတွက် ဇိအုန်သို့ ထွက်ပြေးရမည်။
၆၉ ကောင်းကင်အောက်ရှိလူမျိုးတိုင်း ထိုအရပ်သို့ စုဝေးကြလိမ့်မည်။ ထိုသူတို့သာလျှင် အချင်းချင်းစစ်မတိုက်မည့်လူများ ဖြစ်လိမ့်မည်။
၇၀ ဆိုးညစ်သောသူတို့၌ ဆိုလိမ့်မည်ကား၊ ဇိအုန်ကို ဆန့်ကျင်၍ ငါတို့စစ်တိုက်မသွားကြကုန်အံ့၊ အကြောင်းမူကား ဇိအုန်၌နေထိုင်ကြသူတို့သည် ကြောက်မက်ဖွယ်ကောင်း၏။ သို့ဖြစ်၍၊ ငါတို့မတည်နိုင်ကြ။
၇၁ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ဖြောင့်မတ်သောသူတို့ကို ခပ်သိမ်းသောလူမျိုးတို့အထဲမှ စုဝေး၍၊ ထာဝရတည်မြဲသောဝမ်းမြောက်ခြင်းသီချင်းတို့ကို သီဆိုလျက် ဇိအုန်သို့ လာကြလိမ့်မည်။
၇၂ ယခုမူကား၊ သင့်ကို ငါဆိုသည်မှာ၊ ငါ့အဖို့ သင့်လျော်သည့်အချိန်အထိ ဤအရာများကို လောကထဲသို့ ပျံ့နှံ့ခြင်းမှ ကာကွယ်လော့၊ လူတို့၏မျက်လုံးများ၌၊ သင့်ရန်သူတို့၏မျက်လုံးများ၌ ဤအမှုတော်ကို သင်ပြီးမြောက်နိုင်စေကြောင်း၊ သင့်ကို ငါမိန့်တော်မူလေသည့်အရာများကို သင်မပြီးမြောက်မီ သင်၏အမှုများကို သူတို့မသိနိုင်ကြစေကြောင်း၊
၇၃ ထိုအမှုတော်ကို သူတို့သိကြသည့်အခါ၊ ဤအရာတို့ကို သူတို့စဉ်းစားနိုင်ကြစေကြောင်းပင်တည်း။
၇၄ အကြောင်းမူကား၊ ကိုယ်တော်ရှင်ပေါ်ထွက်လာသောအခါ၊ သူတို့အဖို့ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။ ကြောက်ရွံ့ခြင်းက သူတို့အပေါ်လွှမ်းမိုးနိုင်၍၊ သူတို့သည် အဝေးကရပ်လျက်တုန်လိမ့်မည်။
၇၅ ကိုယ်တော်ရှင်ကို ကြောက်ခြင်းနှင့် သူ၏အားကြီးသောတန်ခိုးတော်ကြောင့်၊ ခပ်သိမ်းသောပြည်သားတို့သည် ကြောက်လန့်ကြလိမ့်မည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။