ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၆


အပိုဒ်ငယ် ၄၆

၁၈၃၁ ခု၊ မတ်လ ၈ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် အသင်းတော်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အသင်းတော်၏ ဤအစောပိုင်း​ကာလတွင်၊ အသင်းတော်​အစည်းအဝေးများကို စီမံခြင်း​အတွက်၊ ပုံသေ​ပုံစံကို မဖော်ထုတ်ရ​သေးပေ။ သို့သော်လည်း၊ အသင်းသားများနှင့် အလွန်​စိတ်ထက်သန်သော စူးစမ်းသူများကိုသာ ပွဲတော်​အစည်းအဝေးများနှင့် အသင်းတော်၏ အခြား​အစုအဝေးများသို့ ဝင်ရောက်ခွင့်ပြုခြင်း​ထုံးစံမှာ အတော်အသင့် ပုံမှန်​ဖြစ်လာ​ခဲ့၏။ အစည်းအဝေးများကို အုပ်ချုပ်ခြင်းနှင့် စီမံခြင်း၊ ထို့အတူ၊ ဝိညာဉ်တော်၏​ဆုကျေးဇူးများကို​ရှာခြင်းနှင့် ပိုင်းခြား​၍သိမြင်ခြင်း​အပေါ် ကိုယ်တော်ရှင်၏​လမ်းညွှန်ခြင်းတို့နှင့်​စပ်လျဉ်း၍၊ သူ၏​အလိုတော်ကို ဤဗျာဒိတ်တော်က ဖော်ပြ၏။

၁–၂၊ အသင်း​လူကြီးတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်​လမ်းညွှန်သည့်​အတိုင်း အစည်းအဝေးများကို စီမံရမည်။ ၃–၆၊ သမ္မာ​တရားကို ရှာသောသူများကို ပွဲတော်​အစည်းအဝေးများမှ မဖယ်ထုတ်ရ။ ၇–၁၂၊ ဘုရားသခင်ထံ မေးလျှောက်၍၊ ဝိညာဉ်တော်၏​ဆုကျေးဇူးများကို ရှာကြလော့။ ၁၃–၂၆၊ ဤဆုကျေးဇူးများ​ထဲမှ အချို့၏​စာရင်းကို ဖော်ပြ​ထား၏။ ၂၇–၃၃၊ အသင်းတော်​ခေါင်းဆောင်တို့အား ဝိညာဉ်တော်၏​ဆုကျေးဇူးများကို ပိုင်းခြား၍သိစေရန် အခွင့်ပေး​ထား၏။

စေ့စေ့နားထောင်​ကြလော့၊ အို ငါ့အသင်းတော်မှ အသင် လူမျိုးတို့၊ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်​ဆိုသည်မှာ၊ သင်တို့၏​အကျိုးနှင့် သင်ယူခြင်း​အတွက်၊ ဤအရာများကို သင်တို့အား ဟောပြောထား​လေပြီ။

သို့ရာတွင်၊ ရေးထားသော ထိုအရာများ ရှိသော်ငြားလည်း ငါ့အသင်းတော်မှ အသင်း​လူကြီးများအား ရှေးဦးစွာ​ကတည်းကနှင့် နောင်ကာလ​အစဉ်​အဆက်မှာလည်း ခပ်သိမ်းသော​အစည်းအဝေးများကို သူတို့ကို သန့်ရှင်းသော​ဝိညာဉ်တော်​လမ်းညွှန်​ပို့ဆောင်သည့်​အတိုင်း စီမံ​စေဖို့ အခွင့်​ပေးထား​လေပြီ။

သို့သော်လည်း၊ လောက​ရှေ့မှာ​ကျင်းပသည့် သင်တို့၏​အများဆိုင်​အစည်းအဝေးမှ အဘယ်သူ့ကိုမျှ၊ ဘယ်တော့မှ နှင်မထုတ်ဖို့ သင်တို့ကို မိန့်မှာ​ထား၏။

အသင်းတော်၏​အသင်းဝင်​ဖြစ်သောသူ အဘယ်သူ့ကိုမျှ၊ သင်တို့၏​ပွဲတော်​အစည်းအဝေးများမှ နှင်မထုတ်ဖို့​ကိုလည်း သင်တို့ကို မိန့်မှာ​ထား၏။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် လွန်ကျူးလျှင်၊ မိတ်သဟာယ​မဖွဲ့မချင်း သုံးဆောင်ခွင့် မပြုရ။

ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ နိုင်ငံတော်ကို အလေးအနက်ရှာနေသည့်သူ အဘယ်​သူ့ကိုမျှ၊ သင်တို့၏​ပွဲတော်​အစည်းအဝေးများမှ သင်တို့ နှင်မထုတ်ရ—အသင်းတော်မှ မဟုတ်သော​သူတို့နှင့်​စပ်လျဉ်း၍ ဤအရာကို ငါဟောပြော၏။

ထိုမှတစ်ဖန်၊ သင်တို့၏​အတည်ပြု​အစည်းအဝေးများနှင့်​စပ်လျဉ်း၍၊ သင်တို့ကို ငါဆိုသည်ကား၊ အသင်းတော်မှ မဟုတ်သူများ၊ နိုင်ငံတော်ကို အလေးအနက်​ရှာနေသော​သူများ​ရှိလျှင်၊ သင်တို့သည် ထိုသူတို့ကို နှင်မထုတ်ရ။

သို့ရာတွင်၊ စေတနာစိတ်နှင့်​ပေးတော်မူသည့် ဘုရားသခင်ထံသို့ ခပ်သိမ်းသော အရာတို့၌ တောင်းဖို့ သင်တို့​မိန့်မှာခံရ၏။ သင်တို့ထံ ဝိညာဉ်တော်​သက်သေခံသည့် အရာကိုပင် စိတ်နှလုံး၏ အလုံးစုံသော​သန့်ရှင်းခြင်းဖြင့်၊ ငါ့ရှေ့၌​ဖြောင့်မတ်စွာ​ကျင့်လျက်၊ သင်တို့​ကယ်တင်ခြင်း၏​အကျိုးကို စဉ်းစားလျက်၊ မကောင်းသော​ဝိညာဉ်၊ သို့မဟုတ် နတ်ဆိုး၏​ဩဝါဒများ၊ သို့မဟုတ် လူတို့၏​ပညတ်များ​အားဖြင့် သင်တို့​သွေးဆောင်​မခံရနိုင်​စေခြင်းငှာ ခပ်သိမ်းသော​အရာတို့ကို ဆုတောင်းခြင်းနှင့် ကျေးဇူးတော်​ချီးမွမ်းခြင်းဖြင့် ဆောင်ရွက်လျက်၊ သင်တို့​ပြုကြစေဖို့ ငါအလိုရှိ၏။ အကြောင်းမူကား၊ အချို့သော​အရာတို့သည် လူတို့​ထံမှ​ဖြစ်ပြီး၊ အခြားသော​အရာတို့သည် နတ်ဆိုး​ထံမှ​ဖြစ်၏။

သို့ဖြစ်၍၊ သင်တို့သည် လှည့်စား​မခံရစေခြင်းငှာ၊ သတိပြု​ကြလော့။ သင်တို့သည် လှည့်စား မခံရနိုင်​စေခြင်းငှာ၊ အကောင်းဆုံး ဆုကျေးဇူးများကို အလေးအနက်ရှာကြလော့။ အဘယ်​အတွက် ထိုအရာတို့ကို ပေးထားကြောင်း အစဉ်​အမြဲ အောက်မေ့လျက်​ရှိကြလော့။

အကြောင်းမူကား၊ သင်တို့ကို ငါအမှန်​ဆိုသည်မှာ၊ ငါ့ကို​ချစ်၍၊ ငါ၏​ခပ်သိမ်းသော ပညတ်တော်များကို စောင့်ထိန်းသော​သူတို့၏​အကျိုး​အတွက်၊ ထိုအရာတို့ကို ပေးထားတော်မူ၏။ ထိုသို့​ပြုဖို့ ကြိုးစားသောသူ​အတွက်လည်း ဖြစ်၏။ ရှာသောသူ၊ ငါ့ထံမှ တောင်းသောသူ၊ မိမိတို့​တပ်မက်ခြင်း​ခံစားရ​ရှိနိုင်​စေဖို့ နိမိတ်​လက္ခဏာကို တောင်းခြင်း​မရှိသောသူ​တည်းဟူသော ခပ်သိမ်းသော​သူများ အကျိုး​ရှိနိုင်​စေကြောင်း​ပေတည်း။

၁၀ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ သင်တို့​အစဉ်​အမြဲ အောက်မေ့ကြ​စေဖို့ ငါ​အလိုရှိ၏။ အသင်းတော်သို့ ပေးထားသည့် ထိုဆုကျေးဇူးများ​ရှိကြောင်း​ကိုလည်း သင်တို့​စိတ်၌ အစဉ်​အမြဲ သတိရ​ကြလော့။

၁၁ အကြောင်းမူကား၊ ဆုကျေးဇူးတိုင်းကို ခပ်သိမ်းသောသူတို့အား ပေးထားလေသည်မဟုတ်။ များစွာသော ဆုကျေးဇူးများ ရှိ၏၊ ဘုရားသခင်၏​ဝိညာဉ်တော်​အားဖြင့် လူတိုင်းကို ဆုကျေးဇူး​တစ်ခု ပေးထား၏။

၁၂ အချို့သော​သူတို့အား တစ်မျိုးကို ပေးထားပြီး၊ အချို့သော​သူတို့အား တခြား​တစ်မျိုးကို ပေးထား၏၊ ထိုကဲ့သို့​အားဖြင့် အားလုံး အကျိုးရှိ​နိုင်ကြ​စေကြောင်း​ပေတည်း။

၁၃ အချို့သော​သူတို့အား၊ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် သိစေရန် အခွင့်​ပေးထား​သည်မှာ၊ ယေရှု​ခရစ်တော်သည် ဘုရားသခင်၏​သားတော် ဖြစ်ကြောင်း၊ လောကီသားတို့၏ အပြစ်များ​အတွက် သူ​လက်ဝါးကပ်တိုင်မှာ ကွပ်မျက်​ခံရ​လေကြောင်း​ဖြစ်၏။

၁၄ အခြားသော​သူတို့အား အခွင့်​ပေးထား​သည်မှာ၊ သူတို့၏​စကားများကို ယုံကြည်ကြ​စေဖို့၊ သူတို့သည်လည်း ဆက်၍​သစ္စာ​ရှိကြလျှင်၊ ထာဝရ​အသက်ကို ရနိုင်ကြ​စေကြောင်း​ဖြစ်၏။

၁၅ ထိုမှ​တစ်ဖန်၊ အချို့သော​သူတို့အား၊ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် သိစေရန် အခွင့်ပေး​ထားသည်မှာ၊ စီမံ​ဆောင်ရွက်ခြင်း​ခြားနားချက်များက အတူတူ​ဖြစ်သည့်​ကိုယ်တော်ရှင်ကို နှစ်သက်​စေပြီး၊ ကိုယ်တော်ရှင်​အလိုရှိတော်မူသည့်​အတိုင်း၊ သူ၏​ကရုဏာတော်တို့ကို လူသားတို့၏​အခြေအနေများနှင့်​အညီ လိုက်ဖက်​စေလျက်​ရှိကြောင်း​ဖြစ်၏။

၁၆ ထိုမှ​တစ်ဖန်၊ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့်၊ အချို့သော​သူတို့အား၊ ပြုပြင်ခြင်း​အမှု အထူးထူး​အထွေထွေတို့ကို သိစေရန် အခွင့်ပေး​ထားသည်ကား၊ ထိုအရာတို့မှာ၊ ဘုရားသခင်​ထံမှ​ဟုတ်မဟုတ်နှင့်၊ ဝိညာဉ်တော်၏​ထင်ရှားစွာ​ပြတော်မူခြင်းတို့က လူတိုင်း​အဖို့ ကောင်းသော​အကျိုး​အလို့ငှာ​ဖော်ပြနိုင်​စေကြောင်း​ဖြစ်၏။

၁၇ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ အချို့သော​သူတို့အား ဘုရားသခင်၏ ဝိညာဉ်တော်​အားဖြင့်၊ ဉာဏ်ပညာ​စကားကို ပေးထားတော်မူ၏။

၁၈ ခပ်သိမ်းသော​သူတို့ ပညာ​ရှိစေဖို့နှင့် အသိ​ပညာ​ရှိစေဖို့ သွန်သင်​ခံရနိုင်​စေခြင်းငှာ တခြားသော​သူတို့အား အသိ​ပညာ​စကားကို ပေးထားတော်မူ၏။

၁၉ ထိုမှ​တစ်ဖန်၊ အချို့သော​သူတို့အား အနာကင်း​ခံရစေဖို့ ယုံကြည်ခြင်း​ရှိစေခြင်းငှာ ပေးထားတော်မူ၏။

၂၀ အခြားသော​သူတို့အား အနာကင်း​စေဖို့ ယုံကြည်ခြင်းရှိ​စေခြင်းငှာ၊ ပေးထားတော်မူ၏။

၂၁ ထိုမှ​တစ်ဖန်၊ အချို့သော​သူတို့အား အလွန်တရာ​အံ့ဩဖွယ်​အမှုများ ပြုခြင်းကို ပေးထားတော်မူ၏။

၂၂ အခြားသော​သူတို့အား ပရောဖက်ပြု၍​ဟောခြင်းကို ပေးထားတော်မူ၏။

၂၃ အခြားသော​သူတို့အား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍​သိမြင်ခြင်းကို ပေးထားတော်မူ၏။

၂၄ ထိုမှ​တစ်ဖန်၊ အချို့သော​သူတို့အား အခြားသော​ဘာသာစကားများဖြင့် ပြောဖို့ ပေးထားတော်မူ၏။

၂၅ တခြားသော​သူတို့အား အခြားသော​ဘာသာစကားများ၏ အနက်ဖွင့်ပြခြင်းကို ပေးထားတော်မူ၏။

၂၆ ခပ်သိမ်းသော​ဤဆုကျေးဇူးများသည် ဘုရားသခင်၏​သားသမီးများ​အကျိုး​အတွက် ဘုရားသခင်​ထံမှ​လာ၏။

၂၇ အသင်းတော်၏​သင်းအုပ်ထံ၊ ထို့အတူ၊ အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်ရန်နှင့် အသင်းတော်အဖို့ အသင်း​လူကြီးများ​အဖြစ် ဘုရားသခင်​ခန့်အပ်ပြီး၊ ခန့်ထားတော်မူမည့် ထိုကဲ့သို့သော​သူများထံ ခပ်သိမ်းသော​ထိုဆုကျေးဇူးများကို ပိုင်းခြား၍​သိမြင်​စေရန်​ပေးထားတော်မူသည်မှာ၊ ဘုရားသခင်​ထံမှ မဟုတ်သော်လည်း ပရောဖက်ပြု၍​ဟောပြောလျက်ရှိသူ အဘယ်သူမျှ သင်တို့​အထဲမှာ​မရှိရ​စေခြင်းငှာ​ပေတည်း။

၂၈ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ ဝိညာဉ်တော်​အားဖြင့် တောင်းသောသူသည် ဝိညာဉ်တော်​အားဖြင့် လက်ခံ​ရရှိ​လိမ့်မည်။

၂၉ ခပ်သိမ်းသော​ထိုဆုကျေးဇူးများကို ရရှိ​စေခြင်းငှာ၊ အချို့သော​သူတို့အား ပေးထားနိုင်ပေ၏၊ ထိုကဲ့သို့​အားဖြင့်၊ အသင်းသားတိုင်း အကျိုးရှိ​နိုင်ကြ​စေကြောင်း​ပေတည်း။

၃၀ ဝိညာဉ်တော်​အားဖြင့် တောင်းသောသူသည် ဘုရားသခင်၏​အလိုတော်​အားဖြင့် တောင်း၏။ သို့ဖြစ်၍၊ ထိုသူ​တောင်းသည့်​အတိုင်းပင် ပြုတော်မူ၏။

၃၁ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ဝိညာဉ်တော်​အားဖြင့် သင်တို့​ပြုသမျှ ခပ်သိမ်းသော​အရာတို့ကို ခရစ်တော်၏​နာမတော်​အားဖြင့်၊ ပြုကြရမည်။

၃၂ သင်တို့​ကောင်းချီး​ခံစားရသည့် ကောင်းချီး​မင်္ဂလာ​မှန်သမျှ​အတွက် ဝိညာဉ်တော်​အားဖြင့် ဘုရားသခင်အား သင်တို့​ကျေးဇူးတော်​ချီးမွမ်း​ကြရမည်။

၃၃ သင်တို့သည် ကိုယ်ကျင့်သီလနှင့်​သန့်ရှင်းခြင်းကို ငါ့ရှေ့၌ အစဉ်​မပြတ်​ကျင့်သုံး​ကြရမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။