ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၈


အပိုဒ်ငယ် ၄၈

၁၈၃၁ ခု၊ မတ်လ ၁၀ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌၊ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် သန့်ရှင်းသူတို့​အခြေချခြင်း​အတွက်၊ မြေများ​ဝယ်ယူခြင်း နည်းနာ​နိဿယနှင့်​စပ်လျဉ်း၍၊ ကိုယ်တော်ရှင်ထံ​မေးလျှောက်​ခဲ့လေ၏။ ဤအရာသည် အမေရိကန်​ပြည်ထောင်စု​အရှေ့ပိုင်းမှ အသင်းတော်​အသင်းသားများ၊ အိုဟိုင်းရို၌ စည်းဝေး​ရမည်​ဟူသော ကိုယ်တော်ရှင်၏ အမိန့်ကို နာခံခြင်းငှာ ရွှေ့ပြောင်း​နေထိုင်ခြင်းကြောင့်၊ အရေးကြီးသော​အမှု​တစ်ခု​ဖြစ်လေ၏ (အပိုဒ်ငယ် ၃၇း၁–၃၄၅း၆၄ တွင်ကြည့်ပါ)။

၁–၃၊ အိုဟိုင်းရိုရှိ​သန့်ရှင်းသူတို့သည် မိမိတို့မြေများကို မိမိတို့​ညီအစ်ကိုများနှင့် ဝေငှရမည်။ ၄–၆၊ သန့်ရှင်းသူတို့သည် မြေများကို ဝယ်ရမည်။ မြို့ကို တည်ဆောက်၍၊ မိမိတို့၏​ဦးစီး​အရာရှိတို့၏ အကြံကို လိုက်လျှောက်ရမည်။

သင်တို့သည် မျက်မှောက်​ကာလ၌၊ သင်တို့​နေထိုင်ရာ​နေရာတို့၌ ဆက်၍​နေရမည်။ သင်တို့၏​အခြေအနေနှင့် သင့်လျော်မည်​ဖြစ်သောကြောင့်​ပေတည်း။

သင်တို့မှာ​ရှိသည့် မြေများကို အရှေ့ပိုင်းမှ ညီအစ်ကိုတို့အား မျှ၍​ပေးရမည်။

သင်တို့မှာ မြေများ​မရှိ၍၊ သူတို့ကို ပတ်ဝန်းကျင်​ဒေသများ၌ သူတို့​အတွက် ကောင်းမြတ်သည်ဟု မှတ်ယူလျှင်၊ မျက်မှောက်​ကာလ​အတွက် ဝယ်စေလော့။ အကြောင်းမူကား၊ သူတို့သည် မျက်မှောက်​ကာလ​အတွက် နေထိုင်ရန် နေရာ​အလွန်​လိုအပ်​ပေ၏။

သင်တို့သည် တတ်နိုင်သမျှ ခပ်သိမ်းသော​ငွေကို စုဆောင်း​ကြရမည်၊ ဖြောင့်မတ်ခြင်းဖြင့် သင်တို့​တတ်နိုင်သမျှ ခပ်သိမ်းသော​အရာတို့ကိုလည်း ရယူ​ကြရမည်မှာ အလွန်​လိုအပ်​ပေ၏။ အချိန်​စေ့သော​အခါ၌ နေထိုင်ရာ​အတွက် မြေ၊ မြို့ကိုပင် ဝယ်ဖို့ သင်တို့​စွမ်းဆောင်​နိုင်ကြ​စေခြင်းငှာ​ပေတည်း။

နေရာကို မဖော်ပြရ​သေးပေ။ သို့ရာတွင်၊ သင်တို့၏​ညီအစ်ကိုများ အရှေ့​အရပ်မှ ရောက်လာပြီး​နောက်တွင်၊ လူအချို့ကို ခန့်အပ်ထား​ရမည်။ ထိုသူတို့အား၊ နေရာကို သိဖို့ အခွင့်ပေး​လိမ့်မည်၊ သို့မဟုတ် ထိုသူတို့အား ဖော်ပြ​လိမ့်မည်။

သူတို့သည်လည်း မြေများကို ဝယ်ရန်၊ အုတ်မြစ်ကို​ချဖို့ စတင်ခြင်းကို ပြုရန် ခန့်အပ်​ခံရ​လိမ့်မည်။ ထို့နောက်တွင်၊ လူတိုင်း​ကိုယ့်မိသားစု​အလိုက်၊ ကိုယ့်​အခြေအနေ​အလိုက်၊ သင်တို့​လက်ခံ​ရရှိ​လေသည့်၊ နောင်ကာလ၌ သင်တို့​လက်ခံ​ရရှိလေမည့် ဥပဒေများနှင့် ပညတ်တော်များနှင့်​အညီ ဥက္ကဋ္ဌအဖွဲ့နှင့် အသင်းတော်၏​သင်းအုပ်​အားဖြင့် မိမိကို ခန့်အပ်​ထားသည့်​အတိုင်း သင်တို့၏​မိသားစုများနှင့်​အတူ စုဝေးဖို့ အစပြုကြ​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။