ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၉


အပိုဒ်ငယ် ၄၉

၁၈၃၁ ခု၊ မေလ ၇ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ ဆစ်ဒနီ​ရစ်ဂဒွန်၊ ပါလီ​ပီ​ပရတ်နှင့် လေမန်​ကိုပလေးသို့​ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ လေမန်​ကိုပလေးသည် ဧဝံဂေလိ​တရားတော်ကို လှိုက်လှိုက်​လှဲလှဲ လက်ခံ​ခဲ့သော်လည်း၊ သူ​ယခင်က အသင်းဝင်​ဖြစ်ခဲ့ရာ ရှိတ်ကာ (ယူနိုက်တက် ဆိုရှိုင်းရတီအော့ ဘီလိဗာအင် ခရိုက်စ်စက်ကန်း အပီးရားရင်း) သွန်သင်ခြင်း၌ တည်လျက်​ရှိသေး၏။ ရှိတ်ကာတို့၏ ယုံကြည်မှုများ​ထဲမှ အချို့​သည်ကား၊ ခရစ်တော်၏​ဒုတိယ​အကြိမ်​ကြွလာတော်မူခြင်းသည် ဖြစ်ပွားခဲ့နှင့်​လေပြီး၊ သူသည် မိန်းမတစ်ဦး၊ အန်း​လီ​အသွင်ဖြင့်​ပေါ်လာ​လေပြီး​ဖြစ်သည်ဟု ဆို၏။ သူတို့သည် ရေဖြင့်​ဗတ္တိဇံ​ခံခြင်းကို မရှိမဖြစ် မလိုအပ်ဟု မထင်မှတ်ကြ။ သူတို့သည် အိမ်ထောင်​ပြုခြင်းကို ငြင်းပယ်ကြပြီး၊ လိင်ကိစ္စ​လုံးဝ​ကင်းရှင်းသော​ဘဝကို ယုံကြည်ကြ၏။ အချို့သော​ရှိတ်ကာတို့သည် အသားစားခြင်းကိုလည်း တားမြစ်ကြ၏။ ဤဗျာဒိတ်တော်၏ ကျမ်းဦးစကား​အဖြစ်၊ ဂျိုးဇက်​စမစ်၏​သမိုင်းက၊ “ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍၊ ပိုပြီး​စုံလင်သော​နားလည်ခြင်းကို ရရှိခြင်းငှာ၊ ကျွန်ုပ်သည် ကိုယ်တော်ရှင်ထံ​မေးလျှောက်၍၊ အောက်ပါတို့ကို လက်ခံ​ရရှိခဲ့၏”ဟု ဖော်ပြ၏။ ဗျာဒိတ်တော်သည် ရှိတ်ကာအဖွဲ့၏ အခြေခံ​အယူအဆများ​ထဲမှ အချို့ကို ချေပငြင်းဆို၏။ အထက်တွင်​ဆိုခဲ့ပြီး​ဖြစ်သော ညီအစ်ကိုတို့သည် ဗျာဒိတ်တော်​ရေးကူးသော​စာတစ်စောင်ကို ရှိတ်ကာ​အသိုင်းအဝိုင်း (ကလိဗ်လန်း​အနီး၊ အိုဟိုင်းရို)သို့ ယူသွားခဲ့ပြီး၊ တစ်စောင်လုံးကို ထိုသူတို့ထံ ဖတ်ပြခဲ့၏၊ သို့ရာတွင် ၎င်းသည်​ငြင်းပယ်​ခံရ၏။

၁–၇၊ ခရစ်တော်​ကြွလာတော်မူရာ​နေ့နှင့်​နာရီကို သူ​ကြွလာတော်မူသည့်​တိုင်အောင် မသိရဘဲ​ရှိနေ​လိမ့်မည်။ ၈–၁၄၊ လူသားတို့သည် ကယ်တင်ခြင်းကို ရရှိရန်၊ နောင်တရ၍၊ ဧဝံ​ဂေလိ​တရားတော်ကို ယုံကြည်ပြီး၊ ဘိသိက်မင်္ဂလာများကို နာခံရမည်။ ၁၅–၁၆၊ အိမ်ထောင်​ပြုခြင်းသည် ဘုရားသခင်​တည်ထောင်ထားသော အရာ​ဖြစ်၏။ ၁၇–၂၁၊ အသား​စားခြင်းကို အတည်ပြု၏။ ၂၂–၂၈၊ ဇိအုန်သည် ဖွံ့ဖြိုး​တိုးတက်၍၊ လာမန်​အမျိုးသားတို့သည် ဒုတိယ​အကြိမ်​ကြွလာတော်မူခြင်း​မတိုင်မီ၊ နှင်းဆီပန်း​ကဲ့သို့ ပွင့်လန်း​လိမ့်မည်။

ငါ၏​စကားကို စေ့စေ့နားထောင်​ကြလော့၊ ငါ့ကျွန်များ​ဖြစ်သည့် ဆစ်ဒနီ၊ ပါလီနှင့် လေမန်။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ငါသည် သင်တို့​လက်ခံ​ရရှိပြီး​လေသည့် ငါ၏​ဧဝံဂေလိ​တရားတော်ကို သင်တို့​လက်ခံ​ရရှိပြီး​လေသည့်​အတိုင်းပင် ရှိတ်ကာတို့ကို သင်တို့​သွား၍၊ ဟောပြော​ရမည့်​အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။

ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့သည် သမ္မာ​တရားကို တစ်စိတ်​တစ်ပိုင်း​မျှသာ သိဖို့ အလိုရှိ​ကြ၏၊ အလုံးစုံ​မဟုတ်၊ အကြောင်းမူကား၊ သူတို့သည် ငါ့ရှေ့၌ မဖြောင့်မှန်ကြ၍၊ နောင်တရကြရမည်။

သို့ဖြစ်၍၊ ငါ့ကျွန်များ​ဖြစ်သည့် သင်တို့၊ ဆစ်ဒနီနှင့် ပါလီကို သူတို့အား ဧဝံဂေလိ​တရားတော်ကို ဟောပြောစေဖို့ ငါ​စေလွှတ်တော်မူ၏။

ငါ့ကျွန်​လေမန်သည် ဤအမှုတော်သို့ ခန့်ထားခံရလိမ့်မည်၊ သူတို့ထံမှ သူ​လက်ခံ​ရရှိ​လေသည့်​အရာ​အတိုင်း မဟုတ်ဘဲ၊ ငါ့ကျွန်များ​ဖြစ်သည့် သင်တို့​အားဖြင့် သူ​သွန်သင်​ခံရမည့်​အရာ​အတိုင်း သူတို့နှင့် သူ​ဆွေးနွေးနိုင်​စေကြောင်း​ပေတည်း။ ထိုသို့​ပြုခြင်း​အားဖြင့်၊ ငါသည် သူ့ကို ကောင်းချီး​ပေးတော်မူမည်၊ ထိုသို့​မဟုတ်လျှင်၊ သူသည် မအောင်မြင်ရ။

ကိုယ်တော်ရှင်​မိန့်တော်မူသည်မှာ၊ အကြောင်းမူကား၊ ငါသည် ဘုရားသခင်​ဖြစ်၏၊ လောကကို ရွေးနုတ်ခြင်း​အတွက်၊ ငါ၏​တစ်ပါးတည်းသော​သားတော်ကို လောက​ထဲသို့ စေလွှတ်တော်မူ၏၊ သူ့ကို လက်ခံသော​သူအား ကယ်တင်ခြင်းသို့ ရောက်မည့်​အကြောင်း၊ သူ့ကို လက်ခံခြင်း​မရှိသော​သူအား အပြစ်​စီရင်​ခံရမည့်​အကြောင်းကိုလည်း စီရင်တော်မူ​လေပြီ—

သူတို့သည် လူသားတော်ကို ပြုချင်သလို​ပြုကြ​လေပြီ။ သူသည်လည်း ဘုန်းတော်၏ လက်ယာတော်ဘက်၌ သူ၏​တန်ခိုးကို ဆောင်ယူ​လေပြီ၊ ယခုမူကား၊ ကောင်းကင်ဘုံ၌ အုပ်စိုးတော်မူ၏၊ ခပ်သိမ်းသော​ရန်သူတို့ကို သူ၏​ခြေအောက်၌ ချထားဖို့ မြေကြီး​ပေါ်သို့ သူ​ဆင်းသက်တော်မူသည့်​တိုင်အောင်လည်း အုပ်စိုးတော်မူ​လိမ့်မည်၊ ထိုအချိန်သည် နီးကပ်​လာပေပြီ—

ငါ၊ ကိုယ်တော်ရှင်​ဘုရားသခင်၊ မိန့်တော်မူ​လေပြီ။ သို့ရာတွင်၊ အချိန်နာရီနှင့်​နေ့ကို အဘယ်သူမျှ​မသိ၊ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်း မသိ၊ သူကြွလာတော်မမူမီ သူတို့​သိကြမည်​မဟုတ်။

သို့ဖြစ်၍၊ လူသားအပေါင်းတို့ နောင်တရစေဖို့ ငါ​အလိုရှိ၏၊ အကြောင်းမူကား၊ သင်တို့​သိခြင်း​မရှိသည့် သန့်ရှင်းသူများ​ဖြစ်သည့် ငါ့အဖို့ ငါ​သိမ်းထားသော​သူတို့​မှတစ်ပါး၊ ခပ်သိမ်းသော​သူတို့သည် အပြစ်အောက်၌ ရှိကြ၏၊

သို့ဖြစ်၍၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ရှေးဦးစွာ​ကတည်းကပင် ရှိလေသော​အရာ​ဖြစ်သည့် ငါ၏​ထာဝရ​တည်မြဲသော ပဋိညာဉ်ကို သင်တို့ထံ ငါ​စေလွှတ်​လေပြီ။

၁၀ ငါ​ကတိ​ထားတော်မူ​လေသည့်​အရာကို ငါ​ပြီးပြည့်စုံစေ​လေပြီ၊ မြေကြီး​ပေါ်ရှိပြည်သားတို့သည် ထိုအရာကို ဦးညွှတ်​ပျပ်ဝပ်ကြ​လိမ့်မည်။ သူတို့သည် ကိုယ်တိုင်​အားဖြင့် မဟုတ်လျှင်၊ နှိမ့်ချကြ​လိမ့်မည်၊ အကြောင်းမူကား၊ ယခုအချိန်၌ မိမိဘာသာ​ချီးမြှောက်​ခံရသော​သူသည် တန်ခိုး​အရာ၌ နှိမ့်ချ​ခံရ​လိမ့်မည်။

၁၁ သို့ဖြစ်၍၊ ငါသည် သင်တို့ဤလူမျိုးတို့၌ သွား၍၊ ရှေးက​ငါ၏​တမန်တော်​ကဲ့သို့ သူတို့ကို ဆိုရမည့်​အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏၊ ထိုတမန်တော်၏ အမည်ကား ပေတရု​ဖြစ်၏။

၁၂ မြေကြီး​ပေါ်မှာ ရှိတော်မူခဲ့​လေပြီး၊ ကြွလာတော်မူမည့်၊ အစနှင့် အဆုံး​ဖြစ်သည့် ကိုယ်တော်ရှင်​ယေရှု၏ နာမတော်ကို ယုံကြည်ကြလော့။

၁၃ အပြစ်များမှ လွှတ်ခြင်း​အတွက်၊ နောင်တရပြီး၊ သန့်ရှင်းသော​ပညတ်တော်​အတိုင်း၊ ယေရှု​ခရစ်တော်၏ နာမတော်၌ ဗတ္တိဇံခံကြလော့။

၁၄ ဤသို့​ပြုသူ​မှန်သမျှသည် အသင်းတော်၏​အသင်း​လူကြီးများ​လက်တင်ခြင်း​အားဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်၏​ဆုကျေးဇူးကို လက်ခံ​ရရှိ​လိမ့်မည်။

၁၅ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ အိမ်ထောင်​ပြုခြင်းကို တားမြစ်သူ​မှန်သမျှသည် ဘုရားသခင်​ခန့်ထားသောသူ​မဟုတ်၊ အကြောင်းမူကား၊ အိမ်ထောင်​ပြုခြင်းသည် လူသား​အဖို့ ဘုရားသခင်တည်ထောင်ထားသော​အရာ​ဖြစ်၏။

၁၆ သို့ဖြစ်၍၊ အကြင်သူသည် ဇနီး​တစ်ယောက်​ရှိရမည်မှာ တရား၏၊ ထိုသူနှစ်ဦးသည်လည်း တစ်ဦးတည်းဖြစ်လိမ့်မည်၊ ခပ်သိမ်းသော ဤအရာတို့သည်ကား၊ မြေကြီးသည် မိမိ​ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံနိုင်​စေကြောင်း​ပေတည်း။

၁၇ ကမ္ဘာကို မဖန်ဆင်းမီက လူသား၏​ဖန်ဆင်းခြင်း​အတိုင်း ၎င်းကို လူသား​အရေအတွက်ဖြင့် ပြည့်နိုင်​စေကြောင်းလည်း​ဖြစ်၏။

၁၈ လူသည် မိမိ​အသား​ကဲ့သို့သော အရာကို မစားသင့်ကြောင်း၊ အသား​စားခြင်းကို ရှောင်ဖို့ တားမြစ်သူ​မှန်သမျှသည် ဘုရားသခင်​ခန့်ထားသောသူ​မဟုတ်။

၁၉ အကြောင်းမူကား၊ ရှုလော့၊ တောသားရဲများနှင့် မိုးကောင်းကင်ငှက်၊ ထို့အတူ၊ မြေကြီးမှ ထွက်သော​အရာတို့ကို လူသားအသုံးပြုစရာ​အတွက် အစာ​အဖြစ်​လည်းကောင်း၊ အဝတ်​အဖြစ်​လည်းကောင်း မြောက်မြားစွာ​ရှိနိုင်​စေကြောင်း ခန့်ထား​ပေ၏။

၂၀ သို့ရာတွင်၊ လူတစ်ယောက်ကို တခြားသူ​တစ်ယောက်ထက် သာ၍ ပိုင်ဆိုင်​စေရန် အခွင့်​ပေးမထားပေ၊ သို့ဖြစ်၍၊ လောကသည် အပြစ်သို့​ရောက်၏။

၂၁ အသွေးကို သွန်းလောင်းသော သို့မဟုတ် မလိုအပ်ဘဲ အသားကို ဖြုန်းတီးသော​သူသည် အမင်္ဂလာ​ရှိ၏။

၂၂ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ လူသားတော်သည် မိန်းမ​တစ်ဦး​အသွင်ဖြင့် မကြွလာ၊ မြေကြီး​ပေါ်မှာ ခရီးသွား​နေသောသူ​တစ်ဦး​အသွင်ဖြင့်လည်း မကြွလာ။

၂၃ သို့ဖြစ်၍၊ လှည့်စား​မခံရကြ​စေနှင့်၊ သို့ရာတွင် မြဲမြံခြင်း၌ ဆက်၍ ရှိကြလော့၊ ကောင်းကင်​လှုပ်၍၊ မြေကြီး​တုန်လျက် ယစ်မူးသောသူ​ကဲ့သို့ တလူးလည်လည်​ရှိသည်ကို​လည်းကောင်း၊ ချိုင့်ဝှမ်းများ မြင့်တက်သည်ကို​လည်းကောင်း၊ တောင်များ နိမ့်စေသည်ကို​လည်းကောင်း၊ ကြမ်းတမ်းသော​နေရာများ ညီညာလာစေသည်ကို​လည်းကောင်း စောင့်မျှော်​နေကြလော့—ကောင်းကင်တမန်က မိမိတံပိုးကို​မှုတ်သောအခါ၊ ခပ်သိမ်းသော ဤအရာတို့​ဖြစ်လာ​လိမ့်မည်။

၂၄ သို့ရာတွင်၊ ကိုယ်တော်ရှင်၏ ကြီးစွာသောနေ့ ကျရောက်​မလာမီ၊ ယာကုပ်​အမျိုးသည် တောရိုင်း​ထဲ၌ ဖွံ့ဖြိုး​တိုးတက်​လိမ့်မည်၊ လာမန်​အမျိုးသားတို့သည်လည်း နှင်းဆီပန်း​ကဲ့သို့ ပွင့်လန်း​လိမ့်မည်။

၂၅ ဇိအုန်သည် တောင်ကုန်းများ​ပေါ်မှာ ဖွံ့ဖြိုး​တိုးတက်၍၊ တောင်များ​ပေါ်မှာ ရွှင်လန်း​ဝမ်းမြောက်​လိမ့်မည်၊ ငါ​ခန့်အပ်​ထားလေသည့်​နေရာသို့ အတူတကွ​စည်းဝေး​လိမ့်မည်။

၂၆ ရှုလော့၊ သင်တို့ကို ငါ​ဆိုသည်ကား၊ သင်တို့ကို ငါမိန့်တော်မူ​လေသည့်​အတိုင်း ထွက်သွား​ကြလော့။ သင်တို့၏ ခပ်သိမ်းသော​အပြစ်များမှ နောင်တရ​ကြလော့။ တောင်းကြလော့၊ သင်တို့ရကြ​လိမ့်မည်။ ခေါက်ကြလော့၊ သင်တို့အား ဖွင့်ပေး​လိမ့်မည်။

၂၇ ရှုလော့၊ ငါသည် သင်တို့​ရှေ့မှ ကြွတော်မူ၍၊ နောက်မှာလည်း သင်တို့၏ အကာ​အကွယ် ဖြစ်တော်မူမည်။ ငါသည် သင်တို့​အလယ်၌လည်း​ရှိတော်မူမည်၊ သင်တို့​သည် မရှုံးနိမ့်ရ။

၂၈ ရှုလော့၊ ငါသည် ယေရှု​ခရစ်တော်​ဖြစ်၏၊ ငါသည် အလျင်​အမြန်​လာမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။