ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅၀


အပိုဒ်ငယ် ၅၀

၁၈၃၁ ခု၊ မေလ ၉ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌၊ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဂျိုးဇက်​စမစ်၏​သမိုင်းက ဖော်ပြသည်ကား၊ အသင်း​လူကြီးများ​ထဲမှ အချို့သည် မြေကြီး​ပေါ်မှာ ပျံ့နှံ့​နေသည့် ခြားနားသော​ဝိညာဉ်များ၏ ထင်ရှားစွာ​ပြခြင်းကို နား​မလည်ကြကြောင်းနှင့် ဤဗျာဒိတ်တော်မှာ၊ ထိုအမှု​အကြောင်း သူ၏​အထူး​မေးလျှောက်ခြင်း အတွက် အဖြေ အဖြစ် ပေးတော်မူ​ခဲ့ကြောင်း​ဖြစ်၏။ ဝိညာဉ်​ပကတိ​ထူးခြား​ဖြစ်စဉ်များဟု ခေါ်သော​အရာများသည် အသင်းသားများ၌ တွေ့ရခဲသော​အရာများ​မဟုတ်၊ သူတို့​အထဲမှ အချို့သော​သူများက ရူပါရုံများနှင့် ဗျာဒိတ်တော်များ လက်ခံ​ရရှိကြသည်ဟု ဆိုကြ၏။

၁–၅၊ မိစ္ဆာ​ဝိညာဉ်တို့သည် မြေကြီး​ပေါ်မှာ ပျံ့နှံ့​ကြ၏။ ၆–၉၊ သူတော်ကောင်း​ယောင်ဆောင်သော သူများနှင့် အသင်းတော်မှ ပယ်ရှင်း​ခံရသော သူများသည် အမင်္ဂလာ​ရှိကြ၏။ ၁၀–၁၄၊ အသင်း​လူကြီးတို့သည် ဝိညာဉ်တော်​အားဖြင့်၊ ဧဝံဂေလိ​တရားတော်ကို ဟောပြောရမည်။ ၁၅–၂၂၊ ဟောပြောသူနှင့် ကြားနာသူ​နှစ်မျိုးစလုံးတို့သည် ဝိညာဉ်တော်​အားဖြင့်​အလင်းသို့​ရောက်ဖို့ လိုအပ်၏။ ၂၃–၂၅၊ မတည်ဆောက်သော​အရာသည် ဘုရားသခင်​ထံမှ​မဟုတ်။ ၂၆–၂၈၊ သစ္စာရှိသော​သူများသည် ခပ်သိမ်းသော​အရာတို့ကို ပိုင်ဆိုင်သူများ​ဖြစ်၏။ ၂၉–၃၆၊ စင်ကြယ်စေပြီးသော​သူတို့၏ ဆုတောင်းခြင်းများကို ဖြေကြား၏။ ၃၇–၄၆၊ ခရစ်တော်သည် ကောင်းသော​သိုးထိန်းနှင့် ဣသရေလ​အမျိုး၏​ကျောက်​ဖြစ်၏။

စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ အသံကို နားညောင်းကြလော့။ အသင်းတော်နှင့်၊ ထို့အတူ မြေကြီး​ပေါ်မှာ ပျံ့နှံ့​လေသည့် ဝိညာဉ်တို့နှင့် စပ်လျဉ်း၍ သင်တို့​ညီညွတ်လျက် မေးလျှောက်သည့်​အတိုင်း သင့်တို့ကို ပေးမည့် ဉာဏ်ပညာ​စကားကို မှတ်ယူကြလော့။

ရှုလော့၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ မိစ္ဆာ​ဝိညာဉ်များ​ဖြစ်သည့်၊ လောကကို လှည့်စားလျက်၊ မြေကြီး​ပေါ်မှာ ထွက်သွား​လေသည့် များစွာသော​ဝိညာဉ်များရှိ၏။

စာတန်ကလည်း သင်တို့ကို အနိုင်ရ​နိုင်ခြင်းငှာ၊ သင်တို့ကို လှည့်စားဖို့ ကြိုးစား​အားထုတ်​လေပြီ။

ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့ကို ကြည့်၍၊ ငါ၏​နာမတော်ကို ဝန်ခံသည့်​အသင်းတော်၌ စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို မြင်ရ​လေပြီ။

သို့ရာတွင်၊ သစ္စာ​ရှိ၍​တည်ကြည်သော​သူများသည် အသက်ရှင်သည်​ဖြစ်စေ၊ သေသည်​ဖြစ်စေ မင်္ဂလာ​ရှိကြ၏၊ အကြောင်းမူကား၊ သူတို့သည် ထာဝရ​အသက်ကို အမွေခံ​ကြရ​လိမ့်မည်။

သို့ရာတွင်၊ လှည့်စားသော​သူများနှင့် သူတော်ကောင်း​ယောင်ဆောင်သော​သူများသည် အမင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်​မိန့်တော်မူသည်မှာ၊ ငါသည် ထိုသူတို့ကို တရား​စီရင်တော်မူခြင်းသို့ ဆောင်ယူတော်မူမည်။

ရှုလော့၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ သင်တို့​အထဲ၌ သူတော်ကောင်း​ယောင်ဆောင်သော သူများရှိ၏၊ သူတို့သည် မာရ်နတ်အား အစိုးရခြင်းကို ပေးလေသည့် အချို့သော​သူများကို လှည့်စားကြ​လေ၏။ သို့ရာတွင်၊ ရှုလော့၊ ထိုကဲ့သို့သော​သူများသည် ပြန်လည်​ခေါ်ဆောင်ခြင်းကို ခံကြရ​လိမ့်မည်။

သို့ရာတွင်၊ သူတော်ကောင်း​ယောင်ဆောင်သော​သူတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ​အလိုရှိသည့် အတိုင်းပင် စုံစမ်း​ခံရပြီး၊ ပယ်ရှင်း​ခံရကြ​လိမ့်မည်။ ငါ၏​အသင်းတော်မှ ပယ်ရှင်း​ခံရသော​သူများသည် အမင်္ဂလာ​ရှိကြ၏၊ အကြောင်းမူကား ထိုသူတို့သည် လောက​အားဖြင့် အနိုင်​ခံရ၏။

သို့ဖြစ်၍၊ လူတိုင်း ငါ့ရှေ့မှာ သမ္မာ​တရားနှင့် ဖြောင့်မတ်ခြင်းတို့၌ မရှိသည့်​အရာကို မပြု​စေခြင်းငှာ သတိပြုစေလော့။

၁၀ ယခုမူကား၊ လာကြလော့၊ ကိုယ်တော်ရှင်က၊ ဝိညာဉ်တော်​အားဖြင့် သူ့အသင်းတော်မှ အသင်း​လူကြီးများကို မိန့်တော်မူသည်ကား၊ သင်တို့​နားလည်​နိုင်ကြ​စေခြင်းငှာ ငါတို့​အတူ​တကွ ဆွေးနွေးကြ​ကုန်အံ့။

၁၁ လူသည် အချင်းချင်း​မျက်နှာချင်း​ဆိုင်၍ ဆွေးနွေး​သကဲ့သို့ပင် ငါတို့​ဆွေးနွေးကြ​ကုန်အံ့။

၁၂ ယခုတွင်၊ လူသည် လူကဲ့သို့ပင် ဆွေးနွေးသောကြောင့်၊ သူဆွေးနွေးသော​အခါ၊ သူ့ကို အခြားလူက နားလည်၏။ သင်တို့​နားလည်​နိုင်ကြ​စေခြင်းငှာ၊ ငါ၊ ကိုယ်တော်ရှင်သည် ထိုကဲ့သို့ပင် သင်တို့နှင့် ဆွေးနွေးတော်မူမည်။

၁၃ သို့ဖြစ်၍၊ ငါကိုယ်တော်ရှင်သည် သင်တို့အား ဤမေးခွန်းကို မေး၏—မည်သည့်​အရာသို့ သင်တို့ကို ခန့်ထား​လေသနည်း။

၁၄ ဝိညာဉ်တော်​အားဖြင့်၊ သမ္မာ​တရားကို သွန်သင်​စေခြင်းငှာ၊ စေလွှတ်​ခံရ​လေသည့် နှစ်သိမ့်​စေသောသူ အားဖြင့်ပင်၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြော​စေဖို့​ဖြစ်၏။

၁၅ ထို့နောက်တွင်၊ သင်တို့​နားမလည်​နိုင်သည့် ဝိညာဉ်များကို သင်တို့​လက်ခံ​ကြ၏၊ ဘုရားသခင်​ထံမှ လာသကဲ့သို့ပင် ၎င်းတို့ကို လက်ခံ​ကြ၏။ ဤအမှု၌ သင်တို့ကို အပြစ်​ကင်းစေ​သလော။

၁၆ ရှုလော့၊ သင်တို့သည် ဤ​မေးခွန်းကို သင်တို့​ဘာသာသင်တို့ ဖြေကြ​ရမည်။ သို့သော်လည်း၊ ငါသည် သင်တို့ကို ကရုဏာကြီးတော်မူမည်။ သင်တို့​အထဲ၌ အားနည်းသော​သူကို နောင်ကာလ၌ အားကြီး​စေမည်။

၁၇ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါအားဖြင့် ခန့်ထား​ခံရပြီး၊ နှစ်သိမ့်​စေသောသူ​အားဖြင့်၊ သမ္မာ​တရား​ဝိညာဉ်တော်​အားဖြင့် သမ္မာ​တရား​နှုတ်ကပတ်တော်ကို ဟောပြော​စေဖို့ စေလွှတ်​ခံရသော​သူသည် သမ္မာ​တရား​ဝိညာဉ်တော်​အားဖြင့်၊ သို့မဟုတ် အခြားသောနည်း​တစ်စုံ​တစ်ခု​အားဖြင့် ဟောပြော​သလော။

၁၈ အခြားသောနည်း​တစ်စုံ​တစ်ခု​အားဖြင့် ဖြစ်လျှင်၊ ဘုရားသခင်​ထံမှ​မဟုတ်။

၁၉ ထိုမှ​တစ်ဖန်၊ သမ္မာ​တရား​နှုတ်ကပတ်တော်ကို ရရှိသော​သူသည် သမ္မာ​တရား​ဝိညာဉ်တော်​အားဖြင့်၊ သို့မဟုတ် အခြားသောနည်း တစ်စုံ​တစ်ခု​အားဖြင့် ရရှိ​သလော။

၂၀ အခြားသောနည်း​တစ်စုံ​တစ်ခု​အားဖြင့်​ဖြင့်လျှင်၊ ဘုရားသခင်​ထံမှ​မဟုတ်။

၂၁ ထို့ကြောင့်၊ သမ္မာ​တရား​ဝိညာဉ်တော်​အားဖြင့် နှုတ်ကပတ်တော်ကို ရရှိသော​သူသည် သမ္မာ​တရား​ဝိညာဉ်တော်​အားဖြင့် ဟောပြော၍​ရရှိ​သကဲ့သို့​ဖြစ်လေကြောင်းကို သင်တို့​အဘယ်ကြောင့် နားမလည်​နိုင်ကြ၊ မသိ​နိုင်ကြ​သနည်း။

၂၂ သို့ဖြစ်၍၊ ဟောပြောသူနှင့် ရရှိသူတို့သည် တစ်ယောက်ကို​တစ်ယောက် နားလည်​ကြ၏၊ နှစ်ဦး​စလုံးသည် တည်ဆောက်ကြပြီး၊ အတူတကွ​ရွှင်လန်း​ဝမ်းမြောက်​ကြ၏။

၂၃ မတည်ဆောက်သော​အရာသည် ဘုရားသခင်​ထံမှ​မဟုတ်၊ မှောင်မိုက်​ဖြစ်၏။

၂၄ ဘုရားသခင်​ထံမှ​အရာသည် အလင်း​ဖြစ်၏။ အလင်းကို လက်ခံ​ရရှိ၍၊ ဘုရားသခင်၌ ဆက်၍​တည်သော​သူသည် သာ၍​များသော​အလင်းကို လက်ခံ​ရရှိ၏။ ထိုအလင်းသည် စုံလင်သောနေ့သို့ ရောက်သည့်​တိုင်အောင် တောက်ပသည်ထက်​ပို၍ တောက်ပ​လာ၏။

၂၅ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ သမ္မာ​တရားကို သင်တို့​သိနိုင်ကြ​စေကြောင်း၊ သင်တို့​အထဲမှ မှောင်မိုက်ကို သင်တို့​နှင်ထုတ်​နိုင်ကြ​စေကြောင်း၊ သင်တို့ကို ငါဆို၏။

၂၆ ဘုရားသခင်​အားဖြင့် ခန့်ထားတော်မူပြီး စေလွှတ်​ခံရသော​သူသည် အငယ်ဆုံးသောသူ​သော်လည်းကောင်း၊ ခပ်သိမ်းသောသူတို့၏ ကျွန်သော်လည်းကောင်း ဖြစ်သော်ငြားလည်း အကြီးမြတ်ဆုံးသောသူ​အဖြစ် ခန့်အပ်​ခံရ၏။

၂၇ သို့ဖြစ်၍၊ ထိုသူသည် ခပ်သိမ်းသော​အရာတို့ကို ပိုင်ဆိုင်သူ​ဖြစ်၏။ အကြောင်းမူကား၊ ခမည်းတော်၏​အလိုတော်ကြောင့်၊ သူ၏​သားတော် ယေရှု​ခရစ်တော်​အားဖြင့်၊ စေလွှတ်သည့် အသက်နှင့် အလင်း၊ ဝိညာဉ်တော်နှင့် တန်ခိုးတော်၊ ကောင်းကင်နှင့် မြေကြီးရှိ၊ ခပ်သိမ်းသော​အရာတို့သည် ထိုသူ၏​ဩဇာခံများ​ဖြစ်ကြ၏။

၂၈ သို့ရာတွင်၊ အကြင်သူသည် ခပ်သိမ်းသော​အပြစ်များမှ စင်ကြယ်ခြင်းသို့ မရောက်၍၊ သန့်စင်ခြင်းသို့ မရောက်လျှင် ခပ်သိမ်းသော​အရာတို့ကို ပိုင်ဆိုင်သူ​မဟုတ်။

၂၉ သင်တို့သည် ခပ်သိမ်းသော​အပြစ်များမှ စင်ကြယ်ခြင်းသို့ ရောက်၍၊ သန့်စင်ခြင်းသို့ ရောက်လျှင်၊ သင်တို့​အလိုရှိ၍၊ ယေရှု၏​နာမတော်​အားဖြင့်​တောင်းသမျှကို ပေးလိမ့်မည်။

၃၀ သို့ရာတွင်၊ ဤအမှုကို သိကြလော့၊ သင်တို့​တောင်းသည့်​အရာကို သင်တို့အား ပေးလိမ့်မည်။ သင်တို့ကို အကြီးအကဲ​အရာ၌ ခန့်အပ်ထား​သဖြင့်၊ ဝိညာဉ်များသည် သင်တို့၏​ဩဇာခံများ ဖြစ်လိမ့်မည်။

၃၁ သို့ဖြစ်၍၊ အချိန်တန်​လာလတ္တံ့သော​အခါ၊ သင်တို့​နားမလည်​နိုင်သည့်​အရာကို ဝိညာဉ်က ထင်ရှားစွာ​ပြ၍၊ ထိုဝိညာဉ်ကို သင်တို့​လက်ခံ​ရရှိခြင်း မရှိလျှင်၊ သင်တို့သည် ယေရှု၏​နာမတော်​အားဖြင့်၊ ခမည်းတော်​ထံသို့ တောင်းကြလော့။ သူက ထိုဝိညာဉ်ကို သင်တို့အား ပေးခြင်း​မရှိလျှင်၊ ၎င်းသည် ဘုရားသခင်​ထံမှ မဟုတ်ကြောင်း သင်တို့​သိနိုင်ကြ​ပေ၏။

၃၂ ထိုဝိညာဉ်ကို နိုင်စေခြင်းငှာ သင်တို့ကို အခွင့်ပေး​လိမ့်မည်။ သင်တို့သည် သည်လည်း ထိုဝိညာဉ်ကို ဆန့်ကျင်လျက်၊ ၎င်းသည် ဘုရားသခင်​ထံမှ​မဟုတ်ကြောင်း ကျယ်သော​အသံနှင့် ကြေညာကြ​လိမ့်မည်—

၃၃ ကဲ့ရဲ့စွာသော​ပြစ်တင်ခြင်းနှင့် မပြုရ၊ သင်တို့ အနိုင်​မခံရ​စေကြောင်း​ပေတည်း၊ ၎င်းအားဖြင့် သင်တို့​ဖမ်းဆီး​မခံကြရ​စေခြင်းငှာ၊ ဝါကြွားခြင်းနှင့် မပြုရ၊ ရွှင်လန်း​ဝမ်းမြောက်ခြင်းနှင့်လည်း မပြုရ။

၃၄ ဘုရားသခင်​ထံမှ လက်ခံ​ရရှိသော​သူအား၊ ရရှိသည့်​အရာကို ဘုရားသခင်​ထံမှ ဖြစ်သည်ဟု ပမာဏပြု​စေလော့။ လက်ခံ​ရရှိဖို့ ထိုက်တန်သည်ဟု ဘုရားသခင်​ပမာဏပြုသည်ကိုလည်း ထိုသူ ရွှင်လန်း​ဝမ်းမြောက်​စေလော့။

၃၅ သင်တို့​လက်ခံ​ရရှိ​လေသည့်၊ ထို့အတူ၊ နောင်ကာလ၌ သင်တို့​လက်ခံ​ရရှိမည့် ဤအရာတို့ကို ပမာဏပြုခြင်းနှင့် ပြုလုပ်ခြင်း​အားဖြင့်—ခမည်းတော်သည် သင်တို့အား နိုင်ငံတော်ကို​လည်းကောင်း၊ သူ​ခန့်မထားသည့် အရာ​မှန်သမျှကို အောင်နိုင်စေဖို့ တန်ခိုးကို​လည်းကောင်း သင်တို့အား ပေးထား၏—

၃၆ ရှုဦးလော့၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ယခုတွင်၊ ငါ့ကျွန်၏​နှုတ်မှ ငါ့ဤနှုတ်ကပတ်တော်တို့ကို ကြားလျက်​ရှိသော​သင်တို့သည် မင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ သင်တို့၏​အပြစ်များကို ခွင့်လွှတ်၏။

၃၇ ငါ​အလွန်​နှစ်သက်တော်မူရာ၊ ငါ့ကျွန်​ဂျိုးဇက်​ဝိတ်ဖီးလ်ဒ်၊ ထို့အတူ ငါ့ကျွန်​ပါလီ​ပီ​ပရတ်တို့အား အသင်းတော်များသို့ ထွက်သွား​စေပြီး၊ တိုက်တွန်းသော​စကားဖြင့် ထိုသူတို့အား ခွန်အား​ဖြည့်ပေး​စေကြလော့။

၃၈ ငါ့ကျွန်​ဂျွန်ကော်ရီးလ်ကိုလည်း၊ သို့မဟုတ် ဤအမှုအရာသို့ ခန့်ထားသည့် ငါ့ကျွန်​မှန်သမျှတို့ကို စပျစ်​ဥယျာဉ်ထဲ၌ အလုပ်​လုပ်ကြစေလော့။ သူတို့ကို ငါခန့်အပ်ထား​လေသည့်​အရာကို ပြုလုပ်ရာ၌ သူတို့ကို အဘယ်သူမျှ မဆီးတား​စေနှင့်။

၃၉ သို့ဖြစ်၍၊ ဤအရာ၌ ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျသည် အပြစ်ကင်း​စေခြင်း​မရှိရ။ သို့သော်လည်း၊ သူ့ကို နောင်တရစေလော့၊ သူသည် အပြစ်လွတ်​လိမ့်မည်။

၄၀ ရှုလော့၊ သင်တို့သည် ကလေးသူငယ်များ​ဖြစ်၍၊ ယခုတွင်၊ ခပ်သိမ်းသော​အရာတို့ကို သည်းမခံနိုင်ကြ။ သင်တို့သည် ကျေးဇူးတော်၌​လည်းကောင်း၊ သမ္မာ​တရားကို သိခြင်း၌​လည်းကောင်း ကြီးထွားကြရမည်။

၄၁ ကြောက်ခြင်း​မရှိနှင့်၊ ကလေး​သူငယ်တို့၊ အကြောင်းမူကား၊ သင်တို့သည် ငါ၏​လူများဖြစ်ပြီး၊ ငါသည် လောကကို အောင်နိုင်​လေပြီ။ သင်တို့သည် ငါ့အား ငါ့ခမည်းတော်​ပေးတော်မူသည့်​အထဲမှ ဖြစ်၏။

၄၂ ငါ့အား ငါ့ခမည်းတော်​ပေးတော်မူသည့်​သူတို့​အထဲမှ အဘယ်သူမျှ မပျောက်ဆုံးရ။

၄၃ ခမည်းတော်နှင့် ငါသည် တစ်လုံး​တစ်ဝတည်း​ဖြစ်၏။ ငါသည် ခမည်းတော်၌ ရှိပြီး၊ ခမည်းတော်သည် ငါ၌ ရှိတော်မူ၏။ သင်တို့သည် ငါ့ကို လက်ခံကြ​လေသမျှ၊ ငါ၌ ရှိကြပြီး၊ ငါသည် သင်တို့၌ ရှိ၏။

၄၄ သို့ဖြစ်၍၊ ငါသည် သင်တို့​အလယ်၌ ရှိ၏၊ ငါသည် ကောင်းသော​သိုးထိန်းနှင့် ဣသရေလ​အမျိုး၏​ကျောက်​ဖြစ်၏။ ဤကျောက်​ပေါ်မှာ တည်ဆောက်သော​သူသည် အဘယ်တော့မျှ မကျရှုံးရ။

၄၅ ငါ၏​အသံကို သင်တို့ကြားရမည့်၊ ငါ့ကို မြင်ရမည့်၊ ထို့အတူ ငါရှိကြောင်းသိရမည့်​နေ့သည် ကျရောက်လာ၏။

၄၆ ထို့ကြောင့်၊ သင်တို့သည် အဆင်သင့်​ဖြစ်နိုင်ကြ​စေခြင်းငှာ၊ စောင့်ကြည့်ကြလော့။ ထိုကဲ့သို့ပင်တည်း။ အာမင်။