ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅၂


အပိုဒ်ငယ် ၅၂

၁၈၃၁ ခု၊ ဇွန်လ ၆ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌၊ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ အသင်းတော်၏​အသင်း​လူကြီးများသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ညီလာခံ​တစ်ခုကို ကာ့တ်လန်း၌ ဇွန်လ ၃ ရက်တွင်​စပြီး၊ ၆ ရက်တွင် ဆုံးလျက် ကျင်းပခဲ့​လေ၏။ ဤ​ညီလာခံတွင်၊ ယဇ်ပုရောဟိတ်မင်း​အမှု​အရာသို့ ပထမဆုံး​ထူးခြားသော ဘိသိက်​မင်္ဂလာများကို​ပြုလုပ်ခဲ့ပြီး၊ မိစ္ဆာနှင့် လှည့်စားသော​ဝိညာဉ်တို့၏ အချို့သော ထင်ရှားစွာ​ပြခြင်းများကို ပိုင်းခြား၍​သိမြင်​သဖြင့်၊ ဆုံးမ​ခံကြရ၏။

၁–၂၊ လာမည့်ညီလာခံကို မစ်ဆိုရီ၌ ကျင်းပဖို့ သတ်မှတ်​ထား၏။ ၃–၈၊ အချို့သော အသင်း​လူကြီးများအား အတူတကွ ခရီးသွားရန် ခန့်အပ်ခြင်းကို ပြုလုပ်၏။ ၉–၁၁၊ အသင်း​လူကြီးတို့သည် တမန်တော်များနှင့် ပရောဖက်များ ရေးလေသည့်​အရာများကို သွန်သင်ကြရမည်။ ၁၂–၂၁၊ ဝိညာဉ်တော်​အားဖြင့် အလင်းသို့​ရောက်ကြသည့် သူများသည် ချီးမွမ်းခြင်းနှင့် ဉာဏ်ပညာ​အသီးကို သီးစေကြ၏။ ၂၂–၄၄၊ အမျိုးမျိုးသော အသင်း​လူကြီးတို့သည် ညီလာခံ​အတွက် မစ်ဆိုရီသို့ ခရီးသွားစဉ်တွင် ထွက်သွားပြီး၊ ဧဝံဂေလိ​တရားတော်ကို ဟောပြောရန် ခန့်အပ်​ခံကြရ၏။

ရှုလော့၊ ကိုယ်တော်ရှင်သည် သူ့ဝိညာဉ်တော်၏​အသံအားဖြင့်၊ ဤ​နောက်ဆုံးသော​ကာလ၌ သူခေါ်သွင်းပြီး၊ ရွေးကောက်ထား​လေသည့် အသင်း​လူကြီးတို့ကို မိန့်တော်မူ​လေသည်ကား—

ဆိုလေသည်မှာ၊ ယခု​အချိန်မှ​စ၍၊ လာမည့်​ညီလာခံ​အထိ သင်တို့​ပြုစေဖို့ ငါ​အလိုရှိသည့်​အရာကို သင်တို့အား ငါ၊ ကိုယ်တော်ရှင်​ဖော်ပြတော်မူမည်။ ထိုညီလာခံကို၊ မစ်ဆိုရီ၌၊ ယာကုပ်​အမျိုး၏ ကျန်ကြွင်းသောသူများ​ဖြစ်သည့် ငါ၏ လူမျိုးတို့​အဖို့၊ ထို့အတူ၊ ပဋိညာဉ်​အတိုင်း အမွေခံသူများ​ဖြစ်သည့်သူများ​အဖို့ ငါ​ရည်စူးတော်မူမည့်​ပြည်ပေါ်မှာ ကျင်းပ​လိမ့်မည်။

သို့ဖြစ်၍၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါ့ကျွန်များဖြစ်သည့်၊ ဂျိုးဇက်​စမစ်​အငယ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်တို့အား သူတို့၏​အိမ်မှ စွန့်ခွာဖို့ ပြင်ဆင်ခြင်းကို ပြုနိုင်လျှင်​ပြုနိုင်ချင်း ခရီးသွားကြ​စေလော့၊ မစ်ဆိုရီပြည်သို့လည်း ခရီးသွားကြ​စေလော့။

သူတို့သည် ငါ့အပေါ်​သစ္စာ​ရှိကြ​သမျှ၊ သူတို့​ပြုရမည့်​အရာကို သူတို့အား ဖော်ပြတော်မူမည်။

သူတို့သည် သစ္စာ​ရှိကြ​သမျှ၊ သင်တို့၏​အမွေခံရာ​ပြည်ကိုလည်း သူတို့အား ဖော်ပြတော်မူမည်။

သူတို့သည် သစ္စာ​မရှိကြ​သမျှ၊ ငါ​ကောင်းသည်ဟု မှတ်ယူသည့်​အတိုင်း၊ ငါ​အလိုရှိသည့်​အတိုင်းပင် ပယ်ရှင်း​ခံကြရ​လိမ့်မည်။

ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါ့ကျွန်​လိုင်မန်​ဝိုက်နှင့် ငါ့ကျွန်​ဂျွန်​ကော်ရီးလ်တို့အား အလျင်​အမြန် ခရီးသွား​စေလော့။

ထို့အတူ၊ ငါ့ကျွန်​ဂျွန်​မာဒေါ့ခ်နှင့် ငါ့ကျွန်​ဟီရမ်​စမစ်တို့ကိုလည်း ဒီထရွိုက်ကို​ဖြတ်၍ ထိုတူသောနေရာသို့ ခရီးသွား​စေလော့။

ပရောဖက်များနှင့်တမန်တော်များ​ရေးလေသည့်​အရာများ၊ ထို့အတူ၊ ယုံကြည်ခြင်းရှိသော ဆုတောင်းခြင်း အားဖြင့် နှစ်သိမ့်စေသောသူ အားဖြင့် သူတို့​သွန်သင်​ခံရသည့် အရာများ​မှတစ်ပါး၊ အခြား​မည်သည့်​အရာကိုမျှ မဟောစေဘဲ၊ လမ်းတစ်လျှောက်၌ နှုတ်ကပတ်တော်ကို​ဟောပြောလျက်၊ သူတို့ကို ထိုနေရာမှ ခရီးသွား​စေလော့။

၁၀ သူတို့ကို နှစ်ဦးချင်းစီ​သွားစေလော့၊ ထိုကဲ့သို့​အားဖြင့်၊ သူတို့ကို လမ်းတစ်လျှောက်တွင်၊ ပရိသတ်​မှန်သမျှ၌၊ ဟောပြော၍၊ ရေဖြင့်​လည်းကောင်း၊ ရေအနီး၌ လက်တင်ခြင်းဖြင့်​လည်းကောင်း ဗတ္တိဇံပေးစေလော့။

၁၁ ကိုယ်တော်ရှင်​မိန့်တော်မူသည်မှာ၊ ငါ၏​အမှုတော်ကို ဖြောင့်မတ်ခြင်းဖြင့်၊ ငါ​အလျင်​အမြန်​ပြီးစေမည်၊ အကြောင်းမူကား၊ တရား​စီရင်ခြင်းကို အောင်မြင်ခြင်းသို့ ရောက်စေမည့် ကာလသည် ကျရောက်လာ​လိမ့်မည်။

၁၂ ငါ့ကျွန်​လိုင်မန်​ဝိုက်ကို သတိပြုစေလော့၊ အကြောင်းမူကား၊ စာတန်သည် သူ့ကို ဖွဲကဲ့သို့ ဆန်ကာချဖို့ အလိုရှိ၏။

၁၃ ရှုဦးလော့၊ သစ္စာ​ရှိသော​သူကို များစွာသော​အရာတို့​အပေါ် အုပ်စိုးသူ ဖြစ်စေမည်။

၁၄ ထိုမှ​တစ်ဖန်၊ သင်တို့​လှည့်စား​မခံရ​နိုင်စေခြင်းငှာ၊ ခပ်သိမ်းသော​အရာတို့၌ ပုံစံကို သင်တို့အား ငါပေးတော်မူမည်။ အကြောင်းမူကား၊ စာတန်သည် ပြည်ထဲ၌ ပျံ့နှံ့၍၊ ထွက်သွားပြီး၊ ပြည်သားတို့ကို လှည့်စားလျက်ရှိ၏—

၁၅ သို့ဖြစ်၍၊ ကျိုးပဲ့သော​စိတ်​ရှိလျက်၊ ဆုတောင်းသော​သူသည် ငါ၏​ဘိသိက်မင်္ဂလာများကို နာခံလျှင်၊ ထိုသူသည် ငါ​လက်ခံသောသူ​ဖြစ်၏။

၁၆ ကျိုးပဲ့သော​စိတ်​ရှိလျက်၊ စကား​သိမ်မွေ့အောက်ကျို့လျက်၊ တည်ဆောက်လျက် ဟောပြောသော​သူသည် ငါ၏ဘိသိက်မင်္ဂလာများကို နာခံလျှင်၊ ထိုသူသည် ဘုရားသခင်​ထံမှ​ဖြစ်၏။

၁၇ ထိုမှ​တစ်ဖန်၊ ငါ၏​တန်ခိုးကြောင့်၊ တုန်သောသူကို အားကြီး​စေလိမ့်မည်၊ သင်တို့ကို ငါပေး​လေသည့် ဗျာဒိတ်တော်များနှင့် သမ္မာ​တရားတို့​အတိုင်း ချီးမွမ်းခြင်းနှင့် ဉာဏ်ပညာ​အသီးကို သီးစေ​လိမ့်မည်။

၁၈ ထိုမှ​တစ်ဖန်၊ အနိုင်​ခံရ၍၊ ဤပုံစံ​အတိုင်း အသီးကို မသီးစေသော​သူသည် ငါ့ထံမှ​မဟုတ်။

၁၉ သို့ဖြစ်၍၊ ဤပုံစံ​အားဖြင့်၊ သင်တို့သည် ကောင်းကင်​တစ်ခုလုံး​အောက်ရှိ ခပ်သိမ်းသော​အခြေ​အနေတို့၌ ဝိညာဉ်များကို သိကြ​လိမ့်မည်။

၂၀ လူသားတို့၏​ယုံကြည်ခြင်း​အတိုင်း သူတို့ထံ​ဖြစ်ရလိမ့်မည့် ကာလသည် ကျရောက်လာ၏။

၂၁ ရှုလော့၊ ဤပညတ်တော်ကို ငါ​ရွေးကောက်ထား​လေသည့် ခပ်သိမ်းသော​အသင်းလူကြီးတို့အား ပေးထား၏။

၂၂ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါ့ကျွန်​သောမတ်စ်​ဘီ​မာ့ရှ် နှင့် ငါ့ကျွန်​အယ်ဇရာ​သဲရာတို့ကိုလည်း ခရီးသွား​စေလော့၊ ဤတူသော​ပြည်သို့ သွားရာ​လမ်း​တစ်လျှောက်၌ နှုတ်ကပတ်တော်ကို ဟောပြောလျက်​ရှိစေလော့။

၂၃ ထိုမှ​တစ်ဖန်၊ ငါ့ကျွန်​အိုင်ဇက်​မော်လီနှင့် ငါ့ကျွန်​အယ်ဇရာ​ဘုတို့ကို ခရီးသွား​စေလော့၊ ဤ​တူသော​ပြည်သို့ သွားရာ​လမ်း​တစ်လျှောက်၌ နှုတ်ကပတ်တော်ကို ဟောပြောလျက်လည်း ရှိစေလော့။

၂၄ ထိုမှ​တစ်ဖန်၊ ငါ့ကျွန်များ​ဖြစ်သည့် အက်ဒဝါ့ပါ့ထရစ်ဂ်ျနှင့် မာတင်​ဟဲရစ်တို့အား ငါ့ကျွန်များ​ဖြစ်သည့် ဆစ်ဒနီ​ရစ်ဂဒွန်နှင့် ဂျိုးဇက်​စမစ်​အငယ်တို့နှင့်​အတူ ခရီးသွားစေလော့။

၂၅ ငါ့ကျွန်များ​ဖြစ်သည့် ဒေးဗစ်​ဝှစ်တမာနှင့် ဟာဗေး​ဝှစ်လော့တို့ကိုလည်း ခရီးသွား​စေလော့၊ ဤတူသော​ပြည်သို့ သွားရာ​လမ်း​တစ်လျှောက်၌ ဟောပြော​စေလော့။

၂၆ ငါ့ကျွန်များ​ဖြစ်သည့် ပါလီ​ပီ​ပရက်နှင့် အော်ဆန်ပရက်တို့အား ဤတူသော​ပြည်သို့ သွားရာ​လမ်း​တစ်လျှောက်၌ပင် ဟောပြော၍၊ ခရီးသွား​စေလော့။

၂၇ ငါ့ကျွန်များ​ဖြစ်သည့် ဆော်လမုန်ဟန်ကော့နှင့် ဆင်မီယွန်​ကာတာတို့ကိုလည်း ဤ​တူသော​ပြည်သို့ ခရီးသွား​စေလော့၊ လမ်း​တစ်လျှောက်၌ ဟောပြော​စေလော့။

၂၈ ငါ့ကျွန်များ​ဖြစ်သည့် အက်ဒဆန်​ဖူးလာနှင့် ဂျေကုပ်​စကော့တို့ကိုလည်း ခရီးသွား​စေလော့။

၂၉ ငါ့ကျွန်များ​ဖြစ်သည့် လေဝိ​ဒဗလျူ​ဟန်ကော့နှင့် ဇေဗေဒီး​ကိုးလ်ထရင်တို့ကိုလည်း ခရီးသွား​စေလော့။

၃၀ ငါ့ကျွန်များ​ဖြစ်သည့် ရေးနိုး​ကာဟွန်းနှင့် ဆင်မြူရယ်​အိပ်ခ်ျ​စမစ်တို့ကိုလည်း ခရီးသွား​စေလော့။

၃၁ ငါ့ကျွန်များ​ဖြစ်သည့် ဝှီးလာ​ဘော်လ်ဒဝင်နှင့် ဝီလျံ​ကာတာတို့ကိုလည်း ခရီးသွား​စေလော့။

၃၂ ငါ့ကျွန်များ​ဖြစ်သည့် နီဝယ်လ်​နိုက်နှင့် ဆီလာ့​ဂျေ​ဂရစ်ဖင်တို့​နှစ်ဦးစလုံးကိုလည်း ခန့်ထား​ခံရစေလော့၊ ခရီးလည်း​သွားစေလော့။

၃၃ ထိုမှတစ်ပါး၊ ငါအမှန်​ဆိုသည်ကား၊ ဤခပ်သိမ်းသော​သူတို့ကို၊ သူတို့၏ လမ်းအသီးသီးဖြင့်၊ တစ်ခုသော​အရပ်သို့ ခရီးသွား​စေလော့၊ လူတစ်ယောက်သည် တခြားသူ​တစ်ယောက်၏ အုတ်မြစ်​ပေါ်မှာ မတည်ဆောက်ရ၊ တခြားသူ​တစ်ယောက်၏​လမ်းကြောင်းဖြင့်လည်း ခရီး​မသွားရ။

၃၄ သစ္စာ​ရှိသော​သူသည် ကာကွယ်​စောင့်မ​ခံရပြီး၊ များစွာသော​အသီးဖြင့် ကောင်းချီး​ခံစားရ​လိမ့်မည်။

၃၅ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ကျွန်များ​ဖြစ်သည့် ဂျိုးဇက်​ဝိတ်ဖီးလ်ဒ်နှင့် ဆော်လမုန်​ဟမ်ဖရီတို့အား အရှေ့ပိုင်းပြည်များသို့ ခရီးသွား​စေလော့။

၃၆ သူတို့ကို သူတို့​မိသားစုများနှင့်​အတူ အလုပ်​လုပ်စေလော့၊ ပရောဖက်ပြု​ဟောချက်များ ပြီးပြည့်စုံနိုင်​စေမည့်​အကြောင်း၊ သူတို့မြင်ရ၊ ကြားရလေပြီး၊ အမှန်ဆုံး​ယုံကြည်ရာ ပရောဖက်များနှင့် တမန်တော်များ၏ သွန်သင်ချက်များ​မှတစ်ပါး အခြား​အဘယ်​အရာကိုမျှ မဟောကြားဘဲ​နေစေလော့။

၃၇ ဟီမန်​ဗာစက်ကို ပေးထားသည့်​အရာကို လွန်ကျူးခြင်း၏​အကျိုးဆက်​အဖြစ်၊ သူ့ထံမှ​ယူ၍၊ ဆိုင်မောင်​ရိုက်ဒါ​ထံသို့ ရောက်စေလော့။

၃၈ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ယာရက်​ကာတာကို ယဇ်ပုရောဟိတ်​ခန့်ထားလော့၊ ထို့အတူ၊ ဂျော့ဂ်ျ​ဂျိမ်းစ်ကိုလည်း ယဇ်ပုရောဟိတ်​ခန့်ထားလော့။

၃၉ အသင်း​လူကြီးများထဲမှ ကျန်ကြွင်းသောသူတို့အား အသင်းတော်ကို ကြည့်ရှု​စောင့်ရှောက်ကြ​စေလော့၊ သူတို့၏​ပတ်ဝန်းကျင်​ဒေသများ၌၊ နှုတ်ကပတ်တော်ကို ဟောကြားကြ​စေလော့။ ရုပ်တု​ကိုးကွယ်ခြင်းကို​သော်လည်းကောင်း၊ ဆိုးညစ်ခြင်းကို​သော်လည်းကောင်း မကျင့်သုံးကြစေကြောင်း၊ မိမိတို့လက်ဖြင့်​အလုပ်​လုပ်ကြ​စေလော့။

၄၀ ခပ်သိမ်းသော​အရာတို့၌ ဆင်းရဲသားများနှင့် ချို့တဲ့သော​သူများ၊ ဖျားနာ​သူများနှင့် ဒုက္ခရောက်​သူများကို အောက်မေ့ကြလော့၊ အကြောင်းမူကား၊ ဤအရာတို့ကို မပြုသော​သူသည် ငါ၏​တပည့်တော်​မဟုတ်။

၄၁ ထိုမှ​တစ်ဖန်၊ ငါ့ကျွန်များ​ဖြစ်သည့် ဂျိုးဇက်​စမစ်​အငယ်၊ ဆစ်ဒနီ​ရစ်ဂဒွန်နှင့် အက်ဒဝါ့​ပါ့ထရစ်ဂ်ျတို့အား အသင်းတော်မှ ထောက်ခံချက်ကို သူတို့နှင့်​အတူ ယူသွား​စေလော့။ ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီ​အတွက်လည်း ထောက်ခံချက်​တစ်ခုကို ရရှိ​စေလော့။

၄၂ ထိုကဲ့သို့​အားဖြင့်၊ ငါ​မိန့်တော်မူ​လေသည့်​အတိုင်းပင်၊ သင်တို့သည် သစ္စာ​ရှိကြလျှင်၊ သင်တို့၏​အမွေခံရာပြည်​ဖြစ်သည့်၊ ယခုတွင် သင်တို့​ရန်သူများ၏ပြည်​ဖြစ်သည့် မစ်ဆိုရီပြည်​ပေါ်၌ ရွှင်လန်း​ဝမ်းမြောက်ဖို့ သင်တို့ကိုယ်သင်တို့​အတူတကွ​စည်းဝေးကြ​လိမ့်မည်။

၄၃ သို့ရာတွင်၊ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် ထိုမြို့ကို သူ့အချိန်​ရောက်လျှင် နှိုးဆော်မည်။ သစ္စာ​ရှိသော​သူတို့ကို ဝမ်းမြောက်ခြင်းနှင့်​လည်းကောင်း၊ ရွှင်လန်း​ဝမ်းမြောက်ခြင်းနှင့်​လည်းကောင်း ချီးမြှင့်တော်မူမည်။

၄၄ ရှုလော့၊ ငါသည် ဘုရားသခင်၏​သားတော်​၊ ယေရှုခရစ်တော် ဖြစ်၏၊ ငါသည် သူတို့ကို နောက်ဆုံးသော​နေ့၌ ချီးမြှောက်တော်မူမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။