အပိုဒ်ငယ် ၅၅
၁၈၃၁ ခု၊ ဇွန်လ ၁၄ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ ဝီလျံဒဗလျူဖဲလပ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ပုံနှိပ်သူ၊ ဝီလျံဒဗလျူဖဲလပ်နှင့် သူ့မိသားစုသည် ကာ့တ်လန်းသို့ ရောက်ရှိလာခဲ့ပြီး၊ သူနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်ကို ပရောဖက်က ကိုယ်တော်ရှင်ထံ တောင်းလျှောက်ခဲ့၏။
၁–၃၊ ဝီလျံဒဗလျူဖဲလပ်သည် ဗတ္တိဇံခံရဖို့နှင့် အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားခံရဖို့၊ ထို့အတူ၊ ဧဝံဂေလိတရားတော်ကို ဟောပြောရန် ခေါ်သွင်းပြီး၊ ရွေးကောက်ခံရ၏။ ၄၊ သူသည် အသင်းတော်စာသင်ကျောင်းများရှိ ကလေးများအတွက် စာအုပ်များကို ရေးရမည်။ ၅–၆၊ သူ၏အလုပ်လုပ်ရာဒေသဖြစ်မည့် မစ်ဆိုရီသို့ သူခရီးသွားရမည်။
၁ ရှုလော့၊ ငါ့ကျွန်ဝီလျံ၊ သင့်ကို ကိုယ်တော်ရှင်၊ အမှန်စင်စစ်၊ မြေကြီးတစ်ခုလုံး၏ ကိုယ်တော်ရှင်ကပင်၊ မိန့်တော်မူသည်ကား၊ သင်သည် ခေါ်သွင်းပြီး၊ ရွေးကောက်ခံရ၏။ သင်သည် ငါ၏ဘုန်းတော်ထင်ရှားဖို့ကိုသာ မျက်စိစူးစိုက်မှုဖြင့် ပြုခြင်းဖြစ်သည့်၊ ရေဖြင့် ဗတ္တိဇံခံလေပြီးနောက်၊ သင်၏အပြစ်များမှ လွှတ်ခြင်းကိုလည်းကောင်း၊ လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းကိုလည်းကောင်း ရရှိလိမ့်မည်။
၂ ထို့နောက်တွင်၊ သင်သည် နောင်တရခြင်း၊ ထို့အတူ၊ ယေရှုခရစ်တော်၊ အသက်ရှင်တော်မူသည့် ဘုရားသခင့်သားတော်၏ နာမတော်အားဖြင့် ဗတ္တိဇံခံခြင်းအားဖြင့် အပြစ်များမှလွှတ်ခြင်းတို့ကို ဟောပြောစေရန် ဤအသင်းတော်အတွက် အသင်းလူကြီးတစ်ဦးအဖြစ်၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်၏ လက်အားဖြင့် ခန့်ထားခံရလိမ့်မည်။
၃ သင်၏လက်ကို သင်တင်မည့်သူမှန်သမျှသည် ငါ့ရှေ့၌ ကြေကွဲကြလျှင်၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးဖို့ အခွင့်ကို ရလိမ့်မည်။
၄ ထိုမှတစ်ဖန်၊ ကလေးသူငယ်များလည်း ငါ့ရှေ့၌ ငါနှစ်သက်စေသည့်အရာတည်းဟူသော သွန်သင်ချက်ကို လက်ခံရရှိနိုင်ကြစေခြင်းငှာ၊ ဤအသင်းတော်ရှိစာသင်ကျောင်းများအတွက် စာအုပ်များကို ပုံနှိပ်ခြင်း၊ ရွေးချယ်ခြင်းနှင့် ရေးခြင်းအမှုကို ဆောင်ရွက်ရန် ငါ့ကျွန်အော်လီဗာကောင်ဒရီကို ကူညီဖို့ သင်သည် ခန့်ထားခံရလိမ့်မည်။
၅ ထိုမှတစ်ဖန်၊ သင့်ကို ငါအမှန်ဆိုသည်ကား၊ သင်သည် သင်၏အမွေခံရာပြည်၌ ဤအမှုတော်ကို ဆောင်ရွက်ဖို့ အခြေချနိုင်စေခြင်းငှာဟူသည့် ဤအကြောင်းရင်းကြောင့်၊ ငါ့ကျွန်များဖြစ်သည့်၊ ဂျိုးဇက်စမစ်အငယ်၊ ဆစ်ဒနီရစ်ဂဒွန်တို့နှင့်အတူ ခရီးသွားရမည်။
၆ ထိုမှတစ်ဖန်၊ ငါ့ကျွန်ဂျိုးဇက်ကိုးကိုလည်း သူတို့နှင့်အတူ ခရီးသွားစေလော့။ ကျန်ကြွင်းသောအရာကို ငါအလိုရှိသည့် အတိုင်းပင် နောင်ကာလ၌ ဖော်ပြတော်မူမည်။ အာမင်။