ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅၆


အပိုဒ်ငယ် ၅၆

၁၈၃၁ ခု၊ ဇွန်လ ၁၅ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်က အယ်ဇရာ​သဲရာကို သူ​နေထိုင်ရာ ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံ၏​လယ်ကွင်း၌ သူ၏​တာဝန်များနှင့် စပ်လျဉ်း၍ သဲရာကို သွန်သင်သည့်၊ သူ့အတွက် ဂျိုးဇက်​စမစ်​လက်ခံ​ရရှိ​ခဲ့သည့် ယခင်​ဗျာဒိတ်တော် (အခန်းငယ် ၈ ၌ ရည်ညွှန်းသည့်”ပညတ်တော်”) ကို မနာခံခြင်းကြောင့် ဒဏ်ခတ်၏။ အောက်ပါဗျာဒိတ်တော်ကလည်း သဲရာအား သောမတ်စ်​ဘီ​မာ့ရှ်နှင့် မစ်ဆူရီသို့ အတူသွားဖို့ ခေါ်သွင်းခြင်းကို ပယ်ဖျက်၏ (အပိုဒ်ငယ် ၅၂း၂၂ တွင်ကြည့်ပါ)။

၁–၂၊ သန့်ရှင်းသူတို့သည် ကယ်တင်ခြင်းကို ရရှိရန် မိမိတို့​လက်ဝါးကပ်တိုင်ကို ထမ်း၍ ကိုယ်တော်ရှင်​နောက်သို့ လိုက်ရမည်။ ၃–၁၃၊ ကိုယ်တော်ရှင်သည် မိန့်တော်မူပြီး၊ ပယ်ဖျက်၏၊ မနာခံသော သူတို့သည် စွန့်ပစ်​ခံရ၏။ ၁၄–၁၇၊ ဆင်းရဲသားတို့ကို မကူညီမည့် ကြွယ်ဝသော သူတို့သည် အမင်္ဂလာ​ရှိကြ၏၊ စိတ်နှလုံး မကျိုးပဲ့သည့် ဆင်းရဲသားတို့သည်လည်း အမင်္ဂလာ​ရှိကြ၏။ ၁၈–၂၀၊ စိတ်နှလုံး​စင်ကြယ်သော ဆင်းရဲသားတို့သည် မင်္ဂလာ​ရှိကြ၏၊ အကြောင်းမူကား၊ သူတို့သည် မြေကြီးကို အမွေခံကြရ​လိမ့်မည်။

စေ့စေ့နားထောင်ကြလော့၊ ငါ၏​နာမတော်ကို ဝန်ခံသည့်​သူများတည်းဟူသော အို အသင်​လူမျိုးတို့၊ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူသည်မှာ၊ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ပုန်ကန်သော​သူတို့ကို အမျက်​ထွက်၏၊ ပြည်သားတို့​အပေါ် ကြည့်ရှု​စီရင်ရာနှင့် အမျက်တော်​ကာလ၌ ငါ၏​လက်ရုံးတော်နှင့် ဒေါသကို သူတို့​သိကြ​လိမ့်မည်။

မိမိ​လက်ဝါးကပ်တိုင်ကို ထမ်း၍၊ ငါ့နောက်သို့​မလိုက်၊ ငါ၏​ပညတ်တော်များကိုလည်း မစောင့်ထိန်းသော​သူသည် ကယ်တင်ခြင်းသို့ မရောက်ရ။

ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်၊ မိန့်တော်မူ၏။ ငါ​မိန့်တော်မူ​လေပြီး၊ ပညတ်တော် ကျိုးပေါက်​ပြီးနောက် မနာခံမည့်​သူသည် ငါ၏​ကာလ အချိန်တန်သော အခါ၌ ပယ်ရှင်း​ခံရ​လိမ့်မည်။

သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်သည် ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း၊ မိန့်တော်မူပြီး၊ ပယ်ဖျက်၏။ ခပ်သိမ်းသော​ဤအရာတို့သည်လည်း ပုန်ကန်သော​သူတို့၏ ဦးခေါင်းပေါ်သို့ ကျရောက်​စေဖို့​ဖြစ်သည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

သို့ဖြစ်၍၊ ငါ့ကျွန်များ​ဖြစ်သည့် သောမတ်စ်​ဘီ​မာ့ရှ်နှင့် အယ်ဇရာ​သဲရာတို့အား ပေးထား​လေသည့် ပညတ်တော်ကို ငါပယ်ဖျက်၏၊ ငါ့ကျွန်​သောမတ်စ်အား၊ မစ်ဆိုရီပြည်သို့ အလျင်​အမြန်​ခရီးသွား​ရမည့်​အကြောင်းနှင့်၊ ငါ့ကျွန် ဆီလာ့​ဂျေ​ဂရစ်ဖင်ကိုလည်း သူနှင့်အတူ​သွားရမည့်​အကြောင်း ပညတ်တော်​အသစ်ကို ပေး၏။

အကြောင်းမူကား၊ ရှုလော့၊ ငါ့ကျွန်များ​ဖြစ်သည့် ဆီလာ့​ဂျေ​ဂရစ်ဖင်နှင့် နီဝယ်လ်​နိုက်တို့အား ပေးထား​လေသည့် ပညတ်တော်ကို သောင်ပဆင်၌​ရှိကြသည့် ငါ့လူမျိုးတို့၏ လည်ပင်း​ခိုင်မာခြင်းနှင့် သူတို့​ပုန်ကန်ခြင်း၏ အကျိုးဆက်​အဖြစ်၊ ငါ​ပယ်ဖျက်၏။

သို့ဖြစ်၍၊ ငါ့ကျွန်​နီဝယ်လ်​နိုက်ကို သူတို့နှင့်​အတူ ဆက်၍​နေစေလော့။ ငါ့ရှေ့၌ ကြေကွဲသည့် သွားလိုသူ​မှန်သမျှ၊ သွားနိုင်ကြ​ပေ၏၊ ငါ​ခန့်အပ်ထား​လေသည့် ပြည်သို့ သူ့အားဖြင့် ပို့ဆောင်ခံကြရ​လိမ့်မည်။

ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါ့ကျွန်​အယ်ဇရာ​သဲရာသည် သူ၏​မာနမှ​လည်းကောင်း၊ သူ၏​တစ်ကိုယ်ကောင်း​ဆန်ခြင်းမှ​လည်းကောင်း နောင်တရ​ရမည်၊ သူ​နေထိုင်သည့်​နေရာ​အကြောင်း သူ့အား ငါပေး​လေသည့် ယခင်​ပညတ်တော်ကိုလည်း နာခံ​ရမည်။

သူသည် ဤသို့​ပြုမည်​ဆိုလျှင်၊ ထိုပြည်​ပေါ်၌ ပိုင်းခြားခြင်းကို မပြုကြရ​သဖြင့်၊ မစ်ဆိုရီ​ပြည်သို့ သွားရန် ခန့်အပ်​ခံရလျက် ရှိနေပေ​ဦးမည်။

၁၀ သို့မဟုတ်လျှင်၊ သူ​ပေးလေသည့် ငွေကို သူ​ရရှိ​လိမ့်မည်၊ ထိုနေရာမှလည်း ထွက်ခွာ​ရမည်၊ ငါ၏ အသင်းတော်မှလည်း ပယ်ရှင်း​ခံရ​လိမ့်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​ဘုရားသခင် မိန့်တော်မူလေ၏။

၁၁ ကောင်းကင်နှင့်​မြေကြီး၊ ကွယ်ပျောက်​သွားသော်လည်း၊ ဤစကားများ ကွယ်ပျောက်​သွားလိမ့်မည်​မဟုတ်ဘဲ၊ ပြီးပြည့်စုံ​စေလိမ့်မည်။

၁၂ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်သည်လည်း ငွေပေးဖို့ လိုအပ်လျှင်၊ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် ထိုငွေကို သူ့အား မစ်ဆိုရီပြည်၌ တစ်ဖန်​ပေးတော်မူမည်၊ သူ့ကို ရရှိစေမည့်​သူတို့အား သူတို့​ပြုကြသည့်​အတိုင်း တစ်ဖန်​အကျိုး​ကျေးဇူး​ရရှိ​နိုင်ကြ​စေကြောင်း​ပေတည်း။

၁၃ အကြောင်းမူကား၊ သူတို့​ပြုကြသည့်​အတိုင်း၊ သူတို့၏​အမွေခံရာ​မြေများ​အဖြစ်ပင် သူတို့​ရရှိကြ​လိမ့်မည်။

၁၄ ရှုလော့၊ ငါ၏​လူမျိုးတို့ကို ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား—သင်တို့၌ ပြုစရာနှင့် နောင်တရစရာ​များစွာ ရှိကြ၏၊ အကြောင်းမူကား၊ ရှုလော့၊ သင်တို့၏ အပြစ်များသည် ငါ့ထံသို့ တက်လာကြ​ပေ၏၊ သင်တို့သည် ကိုယ့်လမ်း​ကိုယ်လိုက်၍ တိုင်ပင်ရန် ကြိုးစား​အားထုတ်​ကြသောကြောင့် ချမ်းသာခွင့်လည်း​မရကြ။

၁၅ သင်တို့၏​စိတ်နှလုံးသည် အမွတ်​မပြေကြ။ သင်တို့သည် သမ္မာ​တရားကို မနာခံကြဘဲ၊ မတရားမှု၌ နှစ်သက်ကြ၏။

၁၆ သင်တို့၏​ဥစ္စာကို ဆင်းရဲသားများသို့ မပေးမည့်သူ​တည်းဟူသော အသင် ကြွယ်ဝသော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ သင်တို့၏​စည်းစိမ်​ဥစ္စာများသည် သင်တို့​ဝိညာဉ်ကို လှိုက်စား​လိမ့်မည်။ ရိတ်သိမ်းချိန် ကုန်လွန်သွားပြီ၊ နွေရာသီ​ပြီးဆုံးပြီ၊ ငါ၏​စိတ်ဝိညာဉ်သည်လည်း ကယ်တင်ခြင်းသို့​မရောက်ဟု ကြည့်ရှု​စီရင်ရာ၊ တရား​စီရင်ရာ၊ ဒေါသ​ကာလ၌ ဤသို့​အားဖြင့် သင်တို့၏​ငိုကြွေးမြည်တမ်းခြင်း ဖြစ်လိမ့်မည်။

၁၇ မကျိုးပဲ့သည့် စိတ်နှလုံး​ရှိသော​သူများ၊ မကြေကွဲသည့် စိတ်ဝိညာဉ်​ရှိသော​သူများ၊ မဝသည့်​ဝမ်း​ရှိသော​သူများ၊ အခြားသော​သူတို့၏​ပစ္စည်းများကို စွဲကိုင်ခြင်းမှ မရှောင်ကြဉ်သည့်​လက် ရှိသော​သူများ၊ လောဘကြီးခြင်းနှင့်​ပြည့်သည့် မျက်လုံး​ရှိသော​သူများ၊ သင်တို့​ကိုယ်တိုင်၏​လက်ဖြင့် အလုပ်​မလုပ်​လိုသည့် အသင်​ဆင်းရဲသားတို့သည် အမင်္ဂလာ​ရှိကြ၏။

၁၈ သို့ရာတွင်၊ ကျိုးပဲ့သည့် စိတ်နှလုံး​ရှိသော​သူများ၊ ကြေကွဲသည့် စိတ်ဝိညာဉ်​ရှိသော​သူများ​ဖြစ်သည့် စိတ်နှလုံး​စင်ကြယ်သော ဆင်းရဲသားတို့သည် မင်္ဂလာ​ရှိကြ၏၊ အကြောင်းမူကား၊ သူတို့ကို ကယ်လွှတ်ဖို့ တန်ခိုးတော်​အရှိန်နှင့် ကြီးစွာသော​ဘုန်းတော်ဖြင့် ကြွလာတော်မူသည့် ဘုရားသခင်၏ နိုင်ငံတော်ကို သူတို့​မြင်ကြရ​လိမ့်မည်။ မြေကြီး၏​ဆီဥသည် သူတို့၏​အရာ​ဖြစ်လိမ့်မည်။

၁၉ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်​ကြွလာတော်မူ​လိမ့်မည်၊ အကျိုး​အပြစ်သည် သူနှင့်​အတူ​ရှိတော်မူ​လိမ့်မည်၊ သူသည် လူတိုင်းကို အကျိုး​ကျေးဇူး​ပေးလိမ့်မည်၊ ဆင်းရဲသားတို့သည် ရွှင်လန်း​ဝမ်းမြောက်ကြ​လိမ့်မည်။

၂၀ သူတို့၏​မျိုးဆက်တို့သည်လည်း မြေကြီးကို လူမျိုး​အစဉ်​အဆက်၊ ကာလ​အစဉ်​အဆက် အမြဲ​အမွေ​ခံရကြ​လိမ့်မည်။ ယခုမူကား၊ ငါသည် သင်တို့အား ဟောပြောခြင်းကို လက်စသတ်၏။ ထိုကဲ့သို့​ပင်တည်း။ အာမင်။