အပိုဒ်ငယ် ၅၇
၁၈၃၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ ဇိအုန်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ “သင်တို့၏အမွေခံရာပြည်” (အပိုဒ်ငယ် ၅၂) ကိုယ်တော်ရှင်ဖော်ပြတော်မူမည့် မစ်ဆိုရီပြည်သို့ ခရီးသွားရမည်ဟူသော ကိုယ်တော်ရှင်၏ ပညတ်တော်ကို နာခံခြင်းအနေဖြင့်၊ အသင်းလူကြီးတို့သည် အိုဟိုင်းရိုမှနေ၍ မစ်ဆိုရီ၏ အနောက်ပိုင်း နယ်နိမိတ်သို့ ခရီးသွားခဲ့ကြ၏။ ဂျိုးဇက်စမစ်သည် လာမန်အမျိုးသားတို့၏ အခြေအနေကို ဆင်ခြင်၍ “ တောရိုင်းသည် အဘယ်အချိန်၌ နှင်းဆီပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်နည်း၊ ဇိအုန်ကို ၎င်း၏ ဘုန်းအသရေဖြင့် အဘယ်အချိန်၌ တည်ဆောက်လိမ့်မည်နည်း၊ နောက်ဆုံးသော ကာလ၌ ခပ်သိမ်းသော ပြည်သားတို့ဝင်ရောက်မည့် ကိုယ်တော်၏ ဗိမာန်တော်သည် အဘယ်အရပ်၌ တည်လိမ့်မည်နည်း”ဟု တွေးတောခဲ့၏။ ထို့နောက်တွင်၊ ဤဗျာဒိတ်တော်ကိုလက်ခံရရှိခဲ့၏။
၁–၃၊ အင်ဒီပန်းဒင့်၊ မစ်ဆိုရီသည် ဇိအုန်မြို့နှင့် ဗိမာန်တော်အတွက်နေရာဖြစ်၏။ ၄–၇၊ သန့်ရှင်းသူတို့သည် မြေများကိုဝယ်ပြီး၊ ထိုဒေသ၌ အမွေခံရာတို့ကို လက်ခံရရှိကြရမည်။ ၈–၁၆၊ ဆစ်ဒနီဂီလ်ဗာ့သည် ဈေးဆိုင်တစ်ဆိုင်ကို တည်ဆောက်ရမည်၊ ဝီလျံဒဗလျူဖဲလပ်သည် ပုံနှိပ်သူဖြစ်ရမည်၊ အော်လီဗာကောင်ဒရီသည် ပုံနှိပ်ခြင်းအတွက် ပစ္စည်များကို တည်းဖြတ်ရမည်။
၁ စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့၊ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်တော်မူ၏၊ သင်တို့သည် သန့်ရှင်းသူတို့စုဝေးခြင်းအတွက်၊ ငါခန့်အပ်၍၊ ရည်စူးတော်မူလေသည့် ပြည်တည်းဟူသော၊ မစ်ဆိုရီပြည်ဖြစ်သည့် ဤပြည်၌ ငါ၏ ပညတ်တော်များအတိုင်း၊ သင်တို့ကိုယ်သင်တို့ အတူတကွစည်းဝေးကြလေပြီ။
၂ သို့ဖြစ်၍၊ ဤအရာသည် ကတိတော်မြေဖြစ်၏၊ ဇိအုန်မြို့အတွက်နေရာလည်းဖြစ်၏။
၃ ထိုကဲ့သို့အားဖြင့်၊ သင်တို့၏ ဘုရားသခင်ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သင်တို့သည် ဉာဏ်ပညာကို လက်ခံကြမည်ဆိုလျှင်၊ ဤအရာ၌ ဉာဏ်ပညာရှိ၏။ ရှုလော့၊ ယခုတွင်၊ အင်ဒီပန်းဒင့်ဟုခေါ်သည့် နေရာသည် အလယ်နေရာဖြစ်၏၊ ဗိမာန်တော်အတွက် နေရာသည် တရားရုံးမှ အလွန်မဝေးသည့် မြေကွက်ပေါ်တွင် အနောက်ဘက်လားရာ၌ ရှိ၏။
၄ သို့ဖြစ်၍၊ ထိုမြေကို၊ ထို့အတူ၊ ယုဒလူမျိုးတို့နှင့် တပါးအမျိုးသားတို့ကြား တည့်တည့်ရှိ နယ်ခြားစည်းအထိပင်ဖြစ်သည့် အနောက်ဘက်လားရာရှိ မြေကွက်ကြီးမှန်သမျှကိုလည်း၊ သန့်ရှင်းသူတို့ဝယ်ရမည်မှာ ဉာဏ်ပညာရှိရာရောက်၏။
၅ ငါ၏တပည့်တော်တို့သည် မြေများဝယ်ဖို့တတ်နိုင်သမျှ၊ မြက်ခင်းပြင်တို့နှင့် နယ်နိမိတ်ချင်းစပ်လျက်ရှိသည့် မြေကွက်ကြီးမှန်သမျှလည်း ပါဝင်၏။ ရှုလော့၊ ဤအရာသည် ဉာဏ်ပညာဖြစ်၏၊ ထာဝရတည်မြဲသည့် အမွေခံရာအဖြစ် သူတို့ရရှိနိုင်ကြစေကြောင်းပင်တည်း။
၆ ငါ့ကျွန်ဆစ်ဒနီဂီလ်ဗာ့ကိုလည်း ဖြောင့်မတ်ခြင်းနှင့်ပြုနိုင်သမျှ၊ ဉာဏ်ပညာ လမ်းညွှန်မည့်အတိုင်း၊ အလုံးစုံသော ပတ်ဝန်းကျင်ဒေသရှိမြေကိုဝယ်ဖို့ အသင်းတော်အတွက် ကိုယ်စားလှယ်အဖြစ်၊ ငွေကို လက်ခံစေရန် သူ့ကို ငါခန့်အပ်ထားလေသည့် အမှုအရာ၌ ရှိစေလော့။
၇ ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျကိုလည်း သူ့ကို ငါခန့်အပ်ထားလေသည့် အမှုအရာ၌ ရှိစေလော့၊ ငါမိန့်တော်မူလေသည့်အတိုင်းပင်၊ သန့်ရှင်းသူများထံသို့ သူတို့၏နေထိုင်ရာနေရာကို ခွဲဝေပေးစေလော့။ သူ့ကို ကူညီဖို့ သူခန့်အပ်ထားလေသောသူများကိုလည်း ထိုနည်းတူရှိစေလော့။
၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ့ကျွန်ဆစ်ဒနီဂီလ်ဗာ့အား ဤအရပ်၌ သူ့ကိုယ်သူ အခြေချစေလော့၊ လှည့်စားခြင်းမရှိဘဲ ကုန်ပစ္စည်းများကို သူ ရောင်းနိုင်စေခြင်းငှာလည်းကောင်း၊ သန့်ရှင်းသူတို့၏ အကျိုးအတွက် မြေများဝယ်ဖို့ ငွေကို သူရရှိနိုင်စေခြင်းငှာလည်းကောင်း၊ တပည့်တော်များ မိမိတို့နေထိုင်ရာ၌ အခြေချဖို့လိုအပ်နိုင်သည့် အရာမှန်သမျှကို သူရရှိနိုင်စေခြင်းငှာလည်းကောင်း ဈေးဆိုင်တစ်ခုကိုလည်း တည်ဆောက်စေလော့။
၉ ငါ့ကျွန်ဆစ်ဒနီဂီလ်ဗာ့အား ခွင့်ပြုလက်မှတ်ကိုလည်း ရရှိစေလော့—ဤအရာ၌ ဉာဏ်ပညာရှိ၏၊ ဖတ်ရှုသူမှန်သမျှအား နားလည်စေလော့—သူ၏အစေခံခြင်း၌ သူခန့်ထားလိုသူ စာရေးမှန်သမျှတို့အားဖြင့်ပင် လူတို့ထံ ကုန်ပစ္စည်းများကို သူပို့နိုင်စေကြောင်းပင်တည်း။
၁၀ သေခြင်း၏ဒေသအရိပ်ထဲနှင့်၊ မှောင်မိုက်ထဲမှာ ထိုင်ကြသောသူတို့ထံသို့ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောနိုင်စေခြင်းငှာ၊ ထိုကဲ့သို့အားဖြင့်၊ ငါ၏သန့်ရှင်းသူတို့ အတွက်ပေးသနားတော်မူ၏။
၁၁ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်ဝီလျံဒဗလျူဖဲလပ်ကို ဤနေရာ၌ အခြေချစေလော့၊ အသင်းတော်အဖို့ ပုံနှိပ်သူတစ်ဦးအဖြစ် ခန့်ထားခံစေလော့။
၁၂ ကြည့်ဦးလော့၊ လောကသည် သူ၏စာများကို လက်ခံရရှိလျှင်—ရှုလော့၊ ဤအရာ၌ ဉာဏ်ပညာရှိ၏—သန့်ရှင်းသူတို့၏အကျိုးအတွက် ဖြောင့်မတ်ခြင်းဖြင့် သူရရှိနိုင်သမျှကို ရရှိစေလော့။
၁၃ ငါ့ကျွန်အော်လီဗာကောင်ဒရီကိုလည်း ငါ့ရှေ့၌ ခပ်သိမ်းသောအရာတို့ကို သူ့အားဖြင့် ဝိညာဉ်တော်အတည်ပြုမည့်အတိုင်း ရေးကူးရန်၊ ထို့အတူ၊ အမှားပြင်ဆင်ရန်၊ ထို့အတူ၊ ရွေးချယ်ရန် သူ့ကို ငါခန့်အပ်မည့်နေရာမှန်သမျှ၌ ငါမိန့်တော်မူလေသည့်အတိုင်းပင် ကူညီစေလော့။
၁၄ ထိုကဲ့သို့အားဖြင့်၊ ငါဟောပြောလေသည့်သူများကို ငါဟောပြောလေသည့်အတိုင်းပင် ဤအရာတို့ကို ဆောင်ရွက်စေရန်၊ သူတို့မိသားစုများနှင့်အတူ၊ ဇိအုန်မြေ၌ လျင်မြန်နိုင်သမျှလျင်မြန်စွာ အခြေချစေလော့။
၁၅ ယခုမူကား၊ စုဝေးခြင်းနှင့်စပ်လျဉ်း၍—ဤပြည်သို့ လာဖို့ မိန့်မှာခံရလေပြီးသည့် မိသားစုတို့အတွက် သင်းအုပ်နှင့် ကိုယ်စားလှယ်အား ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း ပြင်ဆင်ခြင်းများကို ပြုစေပြီး၊ ထိုသူတို့နေထိုင်ရာ၌ အခြေချစေလော့။
၁၆ အသင်းလူကြီးများနှင့် အသင်းသားများ နှစ်မျိုးစလုံးမှ ကျန်ကြွင်းသောသူတို့ကို နောင်ကာလမှ နောက်ထပ်လမ်းညွှန်ချက်များ ပေးဦးမည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။