ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅၇


အပိုဒ်ငယ် ၅၇

၁၈၃၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ ဇိအုန်၊ ဂျက်ဆင်​ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ “သင်တို့၏​အမွေခံရာပြည်” (အပိုဒ်ငယ် ၅၂) ကိုယ်တော်ရှင်​ဖော်ပြတော်မူမည့် မစ်ဆိုရီပြည်သို့ ခရီး​သွားရမည်​ဟူသော ကိုယ်တော်ရှင်၏ ပညတ်တော်ကို နာခံခြင်း​အနေဖြင့်၊ အသင်း​လူကြီးတို့သည် အိုဟိုင်းရိုမှ​နေ၍ မစ်ဆိုရီ၏ အနောက်ပိုင်း နယ်နိမိတ်သို့ ခရီးသွား​ခဲ့ကြ၏။ ဂျိုးဇက်​စမစ်သည် လာမန်​အမျိုးသားတို့၏ အခြေအနေကို ဆင်ခြင်၍ “ တောရိုင်းသည် အဘယ်​အချိန်၌ နှင်းဆီပန်း​ကဲ့သို့ ပွင့်လန်း​လိမ့်မည်နည်း၊ ဇိအုန်ကို ၎င်း၏ ဘုန်း​အသရေဖြင့် အဘယ်​အချိန်၌ တည်​ဆောက်​လိမ့်မည်နည်း၊ နောက်ဆုံးသော ကာလ၌ ခပ်သိမ်းသော ပြည်သားတို့​ဝင်ရောက်မည့် ကိုယ်တော်၏ ဗိမာန်တော်သည် အဘယ်​အရပ်၌ တည်လိမ့်​မည်နည်း”ဟု တွေးတောခဲ့၏။ ထို့နောက်တွင်၊ ဤဗျာဒိတ်တော်ကို​လက်ခံ​ရရှိခဲ့၏။

၁–၃၊ အင်ဒီပန်းဒင့်၊ မစ်ဆိုရီသည် ဇိအုန်မြို့နှင့် ဗိမာန်တော်​အတွက်​နေရာ​ဖြစ်၏။ ၄–၇၊ သန့်ရှင်းသူတို့သည် မြေများကိုဝယ်ပြီး၊ ထိုဒေသ၌ အမွေခံရာတို့ကို လက်ခံ​ရရှိကြ​ရမည်။ ၈–၁၆၊ ဆစ်ဒနီ​ဂီလ်ဗာ့သည် ဈေးဆိုင်​တစ်ဆိုင်ကို တည်ဆောက်​ရမည်၊ ဝီလျံ​ဒဗလျူ​ဖဲလပ်သည် ပုံနှိပ်သူ​ဖြစ်ရမည်၊ အော်လီဗာ​ကောင်ဒရီသည် ပုံနှိပ်ခြင်း​အတွက် ပစ္စည်များကို တည်းဖြတ်​ရမည်။

စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့၊ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူ၏၊ သင်တို့သည် သန့်ရှင်းသူတို့စုဝေးခြင်း​အတွက်၊ ငါ​ခန့်အပ်၍၊ ရည်စူး​တော်မူ​လေသည့် ပြည်​တည်းဟူသော၊ မစ်ဆိုရီ​ပြည်​ဖြစ်သည့် ဤပြည်၌ ငါ၏ ပညတ်တော်များ​အတိုင်း၊ သင်တို့ကိုယ်​သင်တို့ အတူတကွ​စည်းဝေးကြ​လေပြီ။

သို့ဖြစ်၍၊ ဤအရာသည် ကတိတော်မြေ​ဖြစ်၏၊ ဇိအုန်မြို့​အတွက်​နေရာလည်း​ဖြစ်၏။

ထိုကဲ့သို့​အားဖြင့်၊ သင်တို့၏ ဘုရားသခင်​ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား၊ သင်တို့သည် ဉာဏ်ပညာကို လက်ခံကြမည်​ဆိုလျှင်၊ ဤအရာ၌ ဉာဏ်ပညာ​ရှိ၏။ ရှုလော့၊ ယခုတွင်၊ အင်ဒီပန်းဒင့်ဟု​ခေါ်သည့် နေရာသည် အလယ်နေရာ​ဖြစ်၏၊ ဗိမာန်တော်​အတွက် နေရာသည် တရားရုံးမှ အလွန်​မဝေးသည့် မြေကွက်​ပေါ်တွင် အနောက်ဘက်​လားရာ၌ ရှိ၏။

သို့ဖြစ်၍၊ ထိုမြေကို၊ ထို့အတူ၊ ယုဒလူမျိုးတို့နှင့် တပါး​အမျိုးသားတို့ကြား တည့်တည့်ရှိ နယ်ခြားစည်း​အထိပင်​ဖြစ်သည့် အနောက်ဘက်​လားရာရှိ မြေကွက်ကြီး​မှန်သမျှကိုလည်း၊ သန့်ရှင်းသူတို့​ဝယ်ရမည်မှာ ဉာဏ်ပညာရှိရာ​ရောက်၏။

ငါ၏​တပည့်တော်တို့သည် မြေများ​ဝယ်ဖို့​တတ်နိုင်သမျှ၊ မြက်ခင်းပြင်တို့နှင့် နယ်နိမိတ်ချင်း​စပ်လျက်ရှိသည့် မြေကွက်ကြီး​မှန်သမျှလည်း ပါဝင်၏။ ရှုလော့၊ ဤအရာသည် ဉာဏ်ပညာ​ဖြစ်၏၊ ထာဝရ​တည်မြဲသည့် အမွေခံရာ​အဖြစ် သူတို့​ရရှိ​နိုင်ကြ​စေကြောင်း​ပင်တည်း။

ငါ့ကျွန်​ဆစ်ဒနီ​ဂီလ်ဗာ့ကိုလည်း ဖြောင့်မတ်ခြင်းနှင့်​ပြုနိုင်သမျှ၊ ဉာဏ်ပညာ လမ်းညွှန်မည့်​အတိုင်း၊ အလုံးစုံသော ပတ်ဝန်းကျင်​ဒေသရှိ​မြေကိုဝယ်ဖို့ အသင်းတော်​အတွက် ကိုယ်စားလှယ်​အဖြစ်၊ ငွေကို လက်ခံ​စေရန် သူ့ကို ငါ​ခန့်အပ်ထား​လေသည့် အမှုအရာ၌ ရှိစေလော့။

ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျကိုလည်း သူ့ကို ငါ​ခန့်အပ်ထား​လေသည့် အမှုအရာ၌ ရှိစေလော့၊ ငါ​မိန့်တော်မူ​လေသည့်​အတိုင်းပင်၊ သန့်ရှင်းသူများ​ထံသို့ သူတို့၏​နေထိုင်ရာ​နေရာကို ခွဲဝေပေး​စေလော့။ သူ့ကို ကူညီဖို့ သူ​ခန့်အပ်ထား​လေသောသူများကိုလည်း ထိုနည်းတူ​ရှိစေလော့။

ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဆစ်ဒနီ​ဂီလ်ဗာ့အား ဤအရပ်၌ သူ့ကိုယ်သူ အခြေချ​စေလော့၊ လှည့်စားခြင်း​မရှိဘဲ ကုန်ပစ္စည်းများကို သူ ရောင်းနိုင်​စေခြင်းငှာ​လည်းကောင်း၊ သန့်ရှင်းသူတို့၏ အကျိုး​အတွက် မြေများ​ဝယ်ဖို့ ငွေကို သူ​ရရှိနိုင်​စေခြင်းငှာ​လည်းကောင်း၊ တပည့်တော်များ မိမိတို့​နေထိုင်ရာ၌ အခြေချဖို့​လိုအပ်နိုင်သည့် အရာ​မှန်သမျှကို သူ​ရရှိနိုင်​စေခြင်းငှာ​လည်းကောင်း ဈေးဆိုင်​တစ်ခုကိုလည်း တည်ဆောက်​စေလော့။

ငါ့ကျွန်​ဆစ်ဒနီ​ဂီလ်ဗာ့အား ခွင့်ပြု​လက်မှတ်​ကိုလည်း ရရှိ​စေလော့—​ဤအရာ၌ ဉာဏ်ပညာ​ရှိ၏၊ ဖတ်ရှုသူ​မှန်သမျှအား နားလည်​စေလော့—​သူ၏​အစေခံခြင်း၌ သူခန့်ထားလိုသူ စာရေး​မှန်သမျှတို့​အားဖြင့်ပင် လူတို့ထံ ကုန်ပစ္စည်းများကို သူပို့နိုင်စေကြောင်း​ပင်တည်း။

၁၀ သေခြင်း၏​ဒေသအရိပ်​ထဲနှင့်၊ မှောင်မိုက်​ထဲမှာ ထိုင်ကြသော​သူတို့ထံသို့ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြော​နိုင်စေခြင်းငှာ၊ ထိုကဲ့သို့​အားဖြင့်၊ ငါ၏​သန့်ရှင်းသူတို့ အတွက်​ပေးသနားတော်မူ၏။

၁၁ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဝီလျံ​ဒဗလျူ​ဖဲလပ်ကို ဤနေရာ၌ အခြေချ​စေလော့၊ အသင်းတော်​အဖို့ ပုံနှိပ်သူ​တစ်ဦး​အဖြစ် ခန့်ထား​ခံစေလော့။

၁၂ ကြည့်ဦးလော့၊ လောကသည် သူ၏​စာများကို လက်ခံ​ရရှိလျှင်—ရှုလော့၊ ဤအရာ၌ ဉာဏ်ပညာ​ရှိ၏—သန့်ရှင်းသူတို့၏​အကျိုး​အတွက် ဖြောင့်မတ်ခြင်းဖြင့် သူ​ရရှိနိုင်သမျှကို ရရှိ​စေလော့။

၁၃ ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီကိုလည်း ငါ့ရှေ့၌ ခပ်သိမ်းသော​အရာတို့ကို သူ့အားဖြင့် ဝိညာဉ်တော်​အတည်ပြုမည့်​အတိုင်း ရေးကူးရန်၊ ထို့အတူ၊ အမှား​ပြင်ဆင်ရန်၊ ထို့အတူ၊ ရွေးချယ်ရန် သူ့ကို ငါခန့်အပ်မည့်​နေရာ​မှန်သမျှ၌ ငါမိန့်တော်မူ​လေသည့်​အတိုင်းပင် ကူညီ​စေလော့။

၁၄ ထိုကဲ့သို့​အားဖြင့်၊ ငါဟောပြော​လေသည့်​သူများကို ငါဟောပြော​လေသည့်​အတိုင်းပင် ဤအရာတို့ကို ဆောင်ရွက်​စေရန်၊ သူတို့​မိသားစုများနှင့်​အတူ၊ ဇိအုန်မြေ၌ လျင်မြန်​နိုင်သမျှ​လျင်မြန်စွာ အခြေချ​စေလော့။

၁၅ ယခုမူကား၊ စုဝေးခြင်းနှင့်​စပ်လျဉ်း၍—​ဤပြည်သို့ လာဖို့ မိန့်မှာ​ခံရ​လေပြီးသည့် မိသားစုတို့​အတွက် သင်းအုပ်နှင့် ကိုယ်စားလှယ်အား ဖြစ်နိုင်လျှင်​ဖြစ်နိုင်ချင်း ပြင်ဆင်ခြင်းများကို ပြုစေပြီး၊ ထိုသူတို့​နေထိုင်ရာ၌ အခြေချ​စေလော့။

၁၆ အသင်း​လူကြီးများနှင့် အသင်းသားများ နှစ်မျိုးစလုံးမှ ကျန်ကြွင်းသော​သူတို့ကို နောင်ကာလမှ နောက်ထပ်​လမ်းညွှန်ချက်များ ပေးဦးမည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။