ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၅၈


အပိုဒ်ငယ် ၅၈

၁၈၃၁ ခု၊ ဩဂုတ်လ ၁ ရက်၊ ဇိအုန်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ စောစောပိုင်းတွင်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်နှင့်​သူ့အဖွဲ့ ရောက်လာပြီးနောက် ပထမဆုံး​ဥပုသ်တွင်၊ ဘာသာရေး​အစည်းအဝေး​တစ်ခုကို ကျင်းပ​ခဲ့ပြီး၊ ဗတ္တိဇံ​အားဖြင့် အသင်းသား​နှစ်ဦးကို လက်ခံ​ခဲ့၏။ ထိုသီတင်းပတ်တွင်၊ သောင်ပဆင်​အသင်းခွဲမှ၊ ကိုးလ်စဗီလ်​သန့်ရှင်းသူ​အချို့နှင့် အခြားသော​သူတို့ ရောက်လာ​ခဲ့၏ (အပိုဒ်ငယ် ၅၄ တွင်ကြည့်ပါ)။ များစွာသော​သူတို့သည် စုဝေးရာ​နေရာသစ်၌ မိမိတို့​အကြောင်း ကိုယ်တော်ရှင်၏​အလိုတော်ကို သိလိုစိတ်​ထက်သန်ကြ၏။

၁–၅၊ အတိဒုက္ခကို ကြံ့ကြံ့ခံသော​သူတို့သည် ဘုန်းအသရေနှင့် ချီးမြှင့်​ခံရ​လိမ့်မည်။ ၆–၁၂၊ သန့်ရှင်းသူတို့သည် သိုးသငယ်နှင့် ကိုယ်တော်ရှင်၏​ညနေစာ မင်္ဂလာဆောင်ပွဲ​အတွက် ပြင်ဆင်ကြ​ရမည်။ ၁၃–၁၈၊ သင်းအုပ်တို့သည် ဣသရေလ​အမျိုး၌ တရားသူကြီးများ​ဖြစ်ကြ၏။ ၁၉–၂၃၊ သန့်ရှင်းသူတို့သည် ပြည်၏​ဥပဒေများကို နာခံကြရမည်။ ၂၄–၂၉၊ လူသားတို့သည် မိမိတို့၏​ရွေးချယ်​ပြုမူနိုင်ခွင့်ကို ကောင်းမြတ်သော​အရာကို ပြုဖို့ အသုံးပြုကြ​ရမည်။ ၃၀–၃၃၊ ကိုယ်တော်ရှင်သည် မိန့်တော်မူပြီး ပယ်ဖျက်၏။ ၃၄–၄၃၊ နောင်တရရန် လူသားတို့သည် မိမိတို့၏​အပြစ်များကို ဝန်ခံပြီး၊ စွန့်ပစ်ကြ​ရမည်။ ၄၄–၅၈၊ သန့်ရှင်းသူတို့သည် မိမိတို့၏​နေထိုင်ရာကို ဝယ်ကြ​ရမည်၊ မစ်ဆိုရီ၌ စုဝေးကြ​ရမည်။ ၅၉–၆၅၊ ဧဝံဂေလိ​တရားတော်ကို လူသတ္တဝါတိုင်းသို့ ဟောပြော​ရမည်။

စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့၊ ငါ၏ နှုတ်ကပတ်တော်တို့ကို နားညောင်းကြလော့၊ သင်တို့နှင့်​စပ်လျဉ်းသည့်၊ ထို့အတူ၊ သင်တို့ကို ငါစေလွှတ်​လေသည့် ဤပြည်နှင့်လည်း​စပ်လျဉ်းသည့် ငါ​အလိုရှိသည့်​အရာကို ငါ့ထံမှ သင်ယူကြလော့။

အကြောင်းမူကား၊ သင်တို့ကို ငါအမှန်​ဆိုသည်မှာ ငါ၏​ပညတ်တော်များကို စောင့်ထိန်းသော​သူသည် အသက်​ရှင်သည်​ဖြစ်စေ၊ သေသည်​ဖြစ်စေ မင်္ဂလာ​ရှိ၏။ အတိဒုက္ခ၌ သစ္စာ​ရှိသော​သူ၏ အကျိုး​ကျေးဇူးသည် ကောင်းကင်​နိုင်ငံတော်၌ သာ၍​ကြီး၏။

နောင်ကာလ၌ ဖြစ်လာမည့် အရာတို့နှင့် စပ်လျဉ်းသည့် ဘုရားသခင်၏ အကြံအစည်၊ ထို့အတူ များစွာသော အတိဒုက္ခ​နောက်က လိုက်လာမည့် ဘုန်းအသရေကို မျက်မှောက်​ကာလတွင်၊ သင်တို့၏ ပကတိ​မျက်စိဖြင့် သင်တို့​မမြင်နိုင်ကြ။

အကြောင်းမူကား၊ များစွာသော​အတိဒုက္ခ၏​နောက်တွင် ကောင်းချီးမင်္ဂလာများ ရောက်လာ၏။ သို့ဖြစ်၍၊ သင်တို့၌ များစွာသော ဘုန်းအသရေဖြင့် ချီးမြှင့်​ခံရမည့်​နေ့သည် ကျရောက်​လာ၏။ အချိန်နာရီ​မရောက်သေး​သော်လည်း နီးကပ်​လာပေပြီ။

သင်တို့​နှလုံးသွင်း​နိုင်စေ​ခြင်းငှာ၊ ထို့အတူ လာမည့်​အရာကို လက်ခံ​ရရှိ​နိုင်စေ​ခြင်းငှာ၊ သင်တို့ကို ယခင်က ငါ​ပြောပြ​လေသည့် ဤအရာကို အောက်မေ့ကြ​လော့။

ရှုလော့၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ဤ​အကြောင်းရင်းကြောင့်၊ သင်တို့ကို ငါ​စေလွှတ်​လေပြီ—သင်တို့​နာခံ​နိုင်ကြ​စေကြောင်း၊ ထို့အတူ၊ ဖြစ်လာမည့်​အရာတို့​အကြောင်းကို သင်တို့​သက်သေခံဖို့ သင်တို့၏​စိတ်နှလုံးကို ပြင်ဆင်​နိုင်ကြ​စေကြောင်း၊

ထို့အတူ၊ သင်တို့သည် အုတ်မြစ်​ချခြင်း၌​လည်းကောင်း၊ ဘုရားသခင်၏​ဇိအုန် တည်ရှိမည့် ပြည်​အကြောင်းကို သက်သေ​ခံခြင်း၌​လည်းကောင်း ဂုဏ်ပြု​ခံကြရ​နိုင်စေကြောင်း၊

ပရောဖက်တို့၏​နှုတ်ထွက်များ မပြည့်စုံဘဲ​မရှိမည်ကို မြေကြီး​သိနိုင်စေခြင်းငှာ ဆူသော စားဖွယ်​ခဲဖွယ်ကို ဆင်းရဲသားတို့​အတွက်၊ ထိုမှတစ်ပါး၊ ဆူသော​စားဖွယ်​ခဲဖွယ်၊ အနည်​ထိုင်ပြီး ကောင်းမွန်စွာ​စစ်သည့်​စပျစ်ရည်ကို ပြင်ဆင်ရနိုင်​စေကြောင်း၊

ထိုမှတစ်ပါး၊ ခပ်သိမ်းသော​ပြည်သားတို့ ဖိတ်ခေါ်​ခံရာ​ဖြစ်မည့် ကိုယ်တော်ရှင်၏​အိမ်တော်ရှိ ညနေစာကို ကောင်းမွန်စွာ ပြင်ဆင်ရ​နိုင်စေကြောင်း​ပေတည်း။

၁၀ ပထမဆုံး​အဖြစ်၊ ကြွယ်ဝသော​သူများနှင့် စာတတ်သူများ၊ ပညာရှိများနှင့် ဆွေကြီးမျိုးကြီးတို့​ပါဝင်၏။

၁၁ ထို့နောက်တွင်၊ ငါ့တန်ခိုးတော်၏နေ့ ကျရောက်​လာ၏။ ထို့နောက်တွင်၊ ဆင်းရဲသားများ၊ ခြေမစွမ်းသော​သူများ၊ ထို့အတူ၊ မျက်စိကန်းသော​သူများ၊ ထို့အတူ၊ နားပင်းသော​သူများသည် သိုးသငယ်၏​မင်္ဂလာဆောင်ပွဲသို့ ဝင်လာကြ​လိမ့်မည်၊ နောင်လာမည့်​ကြီးစွာသော​နေ့​အတွက် ပြင်ဆင်​ထားသည့် ကိုယ်တော်ရှင်၏​ညနေစာကိုလည်း သုံးဆောင်ကြ​လိမ့်မည်။

၁၂ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင် ထိုသို့ မိန့်တော်မူ​လေပြီ။

၁၃ သက်သေခံချက်သည် ဇိအုန်မှ၊ အထူးသဖြင့်၊ ဘုရားသခင့်​အမွေမြို့၏​နှုတ်မှ ထွက်သွားနိုင်​စေကြောင်း—

၁၄ ထိုမှတစ်ပါး၊ ဤအကြောင်းရင်းကြောင့်၊ ငါသည် သင်တို့ကို ဤနေရာသို့ စေလွှတ်လေပြီး၊ ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျကို ရွေးကောက်​လေ၍၊ ဤပြည်၌ သူ၏​သာသနာပြုခြင်း​သို့လည်း ခန့်အပ်​လေပြီ။

၁၅ သို့ရာတွင်၊ မယုံကြည်ခြင်းနှင့် စိတ်နှလုံး​အသိစိတ်​ကွယ်ခြင်းတို့​ဖြစ်သည့် သူ့အပြစ်များမှ သူနောင်တရခြင်း​မရှိလျှင်၊ သူ​မကျရှုံး​စေခြင်းငှာ သတိပြု​စေလော့။

၁၆ ရှုလော့၊ သူ၏​သာသနာပြုခြင်းကို သူ့ထံသို့ ခန့်အပ်​ထား၏၊ တစ်ဖန်​ခန့်အပ်​လိမ့်မည်​မဟုတ်။

၁၇ ဤသာသနာပြုခြင်း၌ တည်ရှိသူ​မှန်သမျှသည်၊ ဘုရားသခင်၏​အမွေပြည်တို့ကို သူ့သားသမီးများသို့ ရှေးကာလများက ကဲ့သို့ ပိုင်းခြားပေး​စေရန် ဣသရေလ​အမျိုး၌ တရားသူကြီး​အဖြစ် ခန့်အပ်​ခံရ၏။

၁၈ သူ၏​လူမျိုးတို့ကို ဖြောင့်မတ်သော​သူတို့၏ သက်သေခံချက်​အားဖြင့်​လည်းကောင်း၊ သူ့တိုင်ပင်ဖက်တို့၏​အကူအညီ​အားဖြင့်​လည်းကောင်း၊ ဘုရားသခင်၏​ပရောဖက်များ​ပေး​လေသည့် နိုင်ငံတော်​ဥပဒေများ​အတိုင်း တရား​စီရင်​စေခြင်းငှာလည်း​ဖြစ်၏။

၁၉ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်​ဆိုသည်မှာ၊ ဤပြည်၌ ငါ၏​ဥပဒေကို စောင့်ထိန်းကြ​ရမည်။

၂၀ မိမိသည် အုပ်စိုးသူ​ဖြစ်သည်ဟု အဘယ်သူမျှ မထင်မှတ်​စေနှင့်။ သို့ရာတွင်၊ တရား​စီရင်သော​သူအား မိမိ​အလိုဆန္ဒ​အကြံအစည်​အတိုင်း၊ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ အကြံပေး​သူအား၊ သို့မဟုတ် တရား​ပလ္လင်​ပေါ်မှာ​ထိုင်သော​သူအား ဘုရားသခင်​အုပ်စိုး​စေလော့။

၂၁ အဘယ်သူမျှ ပြည်၏​ဥပဒေများကို မချိုးဖောက်​စေနှင့်၊ အကြောင်းမူကား၊ ဘုရားသခင်၏​ဥပဒေများကို စောင့်ထိန်းသော​သူသည် ပြည်၏​ဥပဒေများကို ချိုးဖောက်ဖို့ မလိုအပ်။

၂၂ သို့ဖြစ်၍၊ အုပ်စိုးဖို့ အခွင့်အရေးရှိသူ အုပ်စိုးသည့်၊ ထို့အတူ၊ ခပ်သိမ်းသော ရန်သူတို့ကို သူ့ခြေအောက်၌ ထား၍အောင်သည့် အချိန်​အထိ၊ အစိုးရခြင်း၏ ဩဇာခံ​ဖြစ်စေလော့။

၂၃ ရှုလော့၊ ငါ့လက်မှ သင်တို့​ရရှိ​လေသည့် ဥပေဒေများသည် အသင်းတော်၏ ဥပဒေများ​ဖြစ်၏၊ ဤအလင်းအားဖြင့် သင်တို့သည် ထိုအရာတို့ကို စွဲကိုင်ထား​ရမည်။ ရှုလော့၊ ဤအရာ၌ ဉာဏ်ပညာ​ရှိ၏။

၂၄ ယခုမူကား၊ ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျနှင့်​စပ်လျဉ်း၍၊ ငါ​မိန့်တော်မူ​လေသည့်​အတိုင်း၊ ဤပြည်သည် သူ၏၊ ထို့အတူ သူ၏​တိုင်ပင်ဖက်များ​အဖြစ် သူ​ခန့်အပ်​လေသော​သူတို့၏ နေထိုင်ရာ​ပြည်​ဖြစ်၏။ ငါ၏​ဘဏ္ဍာတိုက်ကို ထိန်းသိမ်း​စေဖို့ ငါ​ခန့်အပ်​လေသော​သူ၏ ပြည်လည်း ဖြစ်၏။

၂၅ သို့ဖြစ်၍၊ သူတို့​အချင်းချင်း၌​လည်းကောင်း၊ ငါနှင့်​လည်းကောင်း သူတို့​တိုင်ပင်ကြမည် ဖြစ်သောကြောင့်၊ သူတို့၏​မိသားစုများကို ဤပြည်သို့ သူတို့​ခေါ်ဆောင်​လာကြ​စေလော့။

၂၆ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ခပ်သိမ်းသော​အရာတို့ကို မိန်တော်မူဖို့မှာ မသင့်လျော်။ ခပ်သိမ်းသော​အရာတို့၌ အနိုင်အထက်​စီရင်ခံရသော​သူသည် ပျင်းရိသော​သူဖြစ်၏၊ ပညာရှိသော​ကျွန်လည်း​မဟုတ်။ သို့ဖြစ်၍၊ ထိုသူသည် အကျိုး​ကျေးဇူးကို မရ။

၂၇ ငါ​အမှန်​ဆိုသည်ကား၊ လူသားတို့သည် ကောင်းမြတ်သော​အရာ၌ စိတ်ထက်သန်စွာ​ပါဝင်ကြ​ရမည်။ များစွာသော​အရာတို့ကိုလည်း မိမိတို့၏ လွတ်လပ်သော​စိတ်​အတိုင်း ဆောင်ရွက်၍၊ များစွာသော ဖြောင့်မတ်ခြင်းကို ဖြစ်စေ​ရမည်။

၂၈ အကြောင်းမူကား၊ သူတို့​သဘောနှင့် သူတို့​ပြုနိုင်သောသူများဖြစ်ရာ တန်ခိုးသည် သူတို့​အထဲ၌ ရှိ၏၊ လူသားတို့သည် ကောင်းမြတ်သည်ကို ပြုကြ​သမျှ၊ သူတို့၏ အကျိုး​ကျေးဇူးကို အလျှင်း မဆုံးရှုံးကြရ။

၂၉ သို့ရာတွင်၊ မမိန့်​မချင်း အဘယ်​အရာကိုမျှ မလုပ်သော၊ ပညတ်တော်ကိုလည်း ယုံမှား​သံသယ​ရှိသော စိတ်နှလုံးဖြင့်​လက်ခံ၍၊ ပျင်းရိစွာ​စောင့်ထိန်းသော​သူသည် အပြစ်​စီရင်​ခံရ၏။

၃၀ လူသားကို ဖန်ဆင်းသည့် ငါသည် အဘယ်သို့သောသူ​ဖြစ်၍၊ ကိုယ်တော်ရှင် မိန့်တော်မူ​သည်ကား၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းခြင်း​မရှိသော​သူအား အပြစ်​ကင်းသည်ဟု မှတ်ယူ မည်လော။

၃၁ ငါသည် အဘယ်သို့သောသူ​ဖြစ်၍၊ ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား၊ ကတိထားတော်မူ​လေပြီး၊ မပြီးပြည့်စုံ​စေလေ​သလော။

၃၂ ငါ​မိန့်တော်မူပြီး၊ လူသားတို့ နာခံခြင်း​မရှိကြ။ ငါ​ပယ်ဖျက်၍၊ သူတို့သည် ကောင်းချီးမင်္ဂလာကို ရရှိခြင်း​မရှိကြ။

၃၃ ထို့နောက်တွင်၊ သူတို့​စိတ်နှလုံး​ထဲ၌ တွေးကြသည်ကား၊ ဤအရာသည် ကိုယ်တော်ရှင်၏ အမှုတော်​မဟုတ်၊ အကြောင်းမူကား၊ သူ၏​ကတိတော်တို့ မပြီးပြည့်စုံ​စေကြ။ သို့ရာတွင်၊ ထိုကဲ့သို့သော​သူသည် အမင်္ဂလာ​ရှိ၏၊ အကြောင်းမူကား၊ သူတို့၏​အကျိုး​ကျေးဇူးသည် အောက်​အရပ်က စောင့်နေ၏၊ အထက်မှ မဟုတ်။

၃၄ ယခုမူကား၊ ဤပြည်နှင့်​စပ်လျဉ်း၍ ငါသည် သင်တို့အား နောက်ထပ်​လမ်းညွှန်ချက်များကို ပေးတော်မူ၏။

၃၅ ငါ့ကျွန်​မာတင်​ဟဲရစ်သည် သူ၏​ငွေများကို အသင်းတော်၏ သင်းအုပ်သို့​ပေးခြင်းဖြင့် အသင်းတော်​အဖို့ ပုံသက်သေ​တစ်ခု ဖြစ်ရမည်မှာ ငါ၏ ဉာဏ်ပညာတော်​အတိုင်း​ဖြစ်၏။

၃၆ ထို့အတူ၊ ဤအရာ​သည်ကား၊ နေထိုင်ရာကို ရရှိရန် ဤမြေသို့​လာသည့် လူတိုင်း​အဖို့ ဥပဒေ​တစ်ခု​ဖြစ်၏။ ထိုသူသည် ဥပဒေ​လမ်းညွှန်သည့်​အတိုင်း မိမိ​ငွေဖြင့်​ဆောင်ရွက်​ရမည်။

၃၇ ဘဏ္ဍာတိုက်​နေရာ​အတွက်၊ ထို့အတူ၊ ပုံနှိပ်တိုက်​အတွက် အင်ဒီပန်းဒင့်၌ ဝယ်ထားသော​မြေများ ရှိရမည်မှာလည်း ဉာဏ်ပညာတော်​အတိုင်း​ဖြစ်၏။

၃၈ ငါ့ကျွန်​မာတင်​ဟဲရစ်​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း သူ၏​နေထိုင်ရာကို သူ​ရရှိ​နိုင်စေကြောင်း၊ သူနှင့်​စပ်လျဉ်းသည့် အခြားသော​လမ်းညွှန်ချက်များကို သူ့အား ဝိညာဉ်တော်​အားဖြင့် ပေးတော်မူ​လိမ့်မည်။

၃၉ သူ့အား သူ၏​အပြစ်များမှ နောင်တရ​စေလော့၊ အကြောင်းမူကား၊ သူသည် လောက၏​ချီးမွမ်းခြင်းကို ရှာ၏။

၄၀ ငါ့ကျွန်​ဝီလျံ​ဒဗလျူ​ဖဲလပ်ကိုလည်း သူ့ကို ငါ​ခန့်အပ်​လေသည့် အမှုအရာ၌ ရှိစေပြီး၊ ထိုပြည်၌ သူ၏​နေထိုင်ရာကို ရရှိ​စေလော့။

၄၁ သူသည်လည်း နောင်တရဖို့ လိုအပ်၏၊ အကြောင်းမူကား၊ သူသည် သာလွန်ဖို့ ကြိုးစား​အားထုတ်​သောကြောင့်၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သူ့ကို အလွန်​မနှစ်သက်၊ သူသည် ငါ့ရှေ့၌ လုံလောက်စွာ​သိမ်မွေ့အောက်ကျို့ခြင်းလည်း​မရှိ။

၄၂ ရှုလော့၊ မိမိ​အပြစ်များမှ နောင်တရသော​သူသည် အပြစ်​လွှတ်ခြင်း​ခံရ၏၊ ငါ၊ ကိုယ်တော်ရှင်သည်လည်း ၎င်းတို့ကို သတိမရတော့။

၄၃ ဤသို့​အားဖြင့် သင်တို့သည် လူတစ်ဦး မိမိ​အပြစ်များမှ နောင်တရ​မရကို သိနိုင်​ကြ၏—ရှုလော့၊ သူသည် ၎င်းတို့ကို ဝန်ခံပြီး၊ စွန့်ပစ်​လိမ့်မည်။

၄၄ ယခုမူကား၊ ငါ့အသင်းတော်၏ အသင်း​လူကြီးတို့​အထဲမှ ကျန်ကြွင်းသော​သူများနှင့် စပ်လျဉ်း၍၊ ငါအမှန်​ဆိုသည်မှာ၊ သူတို့သည် ကိုယ်တော်ရှင်​အားဖြင့် သူတို့ထံ​ပေးအပ်မည့် အတိုင်းသာလျှင်၊ ယုံကြည်ခြင်းရှိသော ဆုတောင်းခြင်း​အားဖြင့် အလို​မရှိကြလျှင်၊ သူတို့​အတွက် ဤပြည်၌ သူတို့၏​နေထိုင်ရာကို ရရှိဖို့၊ အချိန်မရောက်သေး၊ နှစ်ပေါင်းများစွာ ကြာလိမ့်မည်။

၄၅ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် မြေကြီးစွန်းမှ​လူတို့ကို အတူတကွ​တွန်း​လိမ့်မည်။

၄၆ သို့ဖြစ်၍၊ သင်တို့ကိုယ်​သင်တို့ အတူတကွ​စည်းဝေး​ကြလော့။ ဤပြည်ထဲ၌ နေထိုင်ဖို့ ခန့်အပ်​မခံရသော​သူတို့အား၊ ပတ်ဝန်းကျင်​ဒေသများ၌ ဧဝံဂေ​လိတရားတော်ကို ဟောပြော​စေလော့။ ထို့နောက်တွင်၊ သူတို့ကို မိမိတို့​နေအိမ်များသို့ ပြန်လာကြ​စေလော့။

၄၇ သူတို့ကို လမ်းတစ်လျှောက်တွင် ဟောပြောကြ​စေလော့၊ သမ္မာ​တရား​အကြောင်း​ကိုလည်း ခပ်သိမ်းသော​နေရာတို့၌ သက်သေခံကြ​စေလော့၊ ကြွယ်ဝသောသူ၊ ကြီးမြင့်သူနှင့် နိမ့်ကျသူ၊ ဆင်းရဲသားတို့ကိုလည်း နောင်တရဖို့ တောင်းဆိုကြ​စေလော့။

၄၈ မြေကြီး​ပေါ်မှာ​နေထိုင်သူတို့ နောင်တ​ရကြ​လိမ့်မည်​ဖြစ်သမျှ၊ အသင်းတော်များကို သူတို့​တည်ထောင်ကြ​စေလော့။

၄၉ ဇိအုန်၌ မြေများ​ဝယ်ဖို့ ငွေကို​လက်ခံ​ရရှိရန်၊ အိုဟိုင်းရိုရှိ​အသင်းတော်​အဖို့ အသင်းတော်၏​မဲဆန္ဒအားဖြင့် ခန့်အပ်​ထားသည့် ကိုယ်စားလှယ်​တစ်ဦး ရှိစေလော့။

၅၀ ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်အား ပညတ်တော်ကို ငါပေး၍ သူ​ရေးရမည့် အရာတို့သည်ကား၊ သူ့ထံသို့ ဝိညာဉ်တော်​အားဖြင့် ဖော်ပြ​တော်မူမည့်​အတိုင်း ဇိအုန်မြေအကြောင်း ဖော်ပြချက်၊ ထို့အတူ ဘုရားသခင်၏ အလိုတော်​အကြောင်း ထုတ်ပြန်ချက်၊

၅၁ ဘုရားသခင်၏​သားသမီးများ​အတွက် နေထိုင်ရာ​မြေကိုဝယ်ရန် သင်းအုပ်​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း သို့မဟုတ် သူလမ်းညွှန်မည့်​အတိုင်း သူကိုယ်တိုင်၏ သို့မဟုတ် ကိုယ်စားလှယ်၏ လက်ထဲသို့​အပ်စေမည့် ငွေကို​ရရှိရန် ခပ်သိမ်းသော​အသင်းတော်များထံ တင်ပြမည့် အမှာစာ တစ်စောင်နှင့် ဝန်ခံစာဖြစ်၏။

၅၂ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ကိုယ်တော်ရှင်သည် တပည့်တော်များနှင့် လူသားတို့အား အချိန်ရလျှင်​ရချင်း တိုင်းပြည်၏ ဤဒေသ​တစ်ခုလုံးကို ဝယ်စေဖို့ပင် သူတို့၏​စိတ်နှလုံးကို ဖွင့်ကြစေရန် အလိုရှိတော်မူ၏။

၅၃ ရှုလော့၊ ဤအရာ၌ ဉာဏ်ပညာ​ရှိ၏။ ဤသို့​ပြုကြ​စေလော့၊ သို့မဟုတ်လျှင်၊ အသွေး​သွန်းလောင်းခြင်း​အားဖြင့် မှတစ်ပါး၊ နေထိုင်ရာကို သူတို့ မရရှိကြ။

၅၄ ထိုမှတစ်ဖန်၊ ရရှိရာ​မြေ​ရှိလေသမျှ၊ ဘုရားသခင်၏​သန့်ရှင်းသူတို့​အတွက် အလုပ်​လုပ်စေဖို့ ဤမြေသို့​စေလွှတ်သည့် အလုပ်သမားများ​ရှိစေလော့။

၅၅ ခပ်သိမ်းသော​ဤအရာ​တို့ကို အစီ​အစဉ်​တကျ ပြုစေလော့။ ထိုပြည်၌ အထူး​အခွင့်အရေးများကို သင်းအုပ် သို့မဟုတ် အသင်းတော်၏ ကိုယ်စားလှယ်​အားဖြင့် အချိန်နှင့်​အမျှ ဖော်ပြ​စေလော့။

၅၆ စုဝေးခြင်း​အမှုကို အလျင်​အမြန်​မဖြစ်စေနှင့်၊ ပြေး၍လည်း မသွားစေနှင့်။ ညီလာခံများ၌ အသင်းတော်၏ အသင်းလူကြီးတို့ အချိန်နှင့်​အမျှ၊ ရရှိ​ကြသည့် အသိပညာ​အားဖြင့် သူတို့​အကြံ​ပေးသည့်​အတိုင်း ပြီးမြောက်​စေလော့။

၅၇ ကိုယ်တော်ရှင်​အဖို့၊ ဤမြေနှင့် ဗိမာန်တော်​အတွက်​နေရာကိုလည်း ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန် ပူဇော်​ဆက်ကပ်​စေလော့။

၅၈ ညီလာခံ​အစည်းအဝေး​တစ်ခု​ကိုလည်း ကျင်းပ​စေလော့၊ ထို့နောက်တွင်၊ ငါ့ကျွန်များ​ဖြစ်သည့် ဆစ်ဒနီ​ရစ်ဂဒွန်နှင့် ဂျိုးဇက်​စမစ်​အငယ်၊ ထို့အတူ အော်လီဗာ​ကောင်ဒရီကို သူတို့​ကိုယ်တိုင်၏​မြေ၌ သူတို့ကို ငါ​ခန့်အပ်​လေသည့် အမှုတော်မှ ကျန်ကြွင်းသော​အရာတို့ကို ပြီးမြောက်​စေရန် သူတို့နှင့်​အတူ ပြန်လာ​စေလော့။ ကျန်ကြွင်းသော​အရာတို့ကို ညီလာခံများမှ ညွှန်ကြား​လိမ့်မည်​ဖြစ်သောကြောင့် ပေတည်း။

၅၉ မိမိ​သိသည့်​အရာကို​လည်းကောင်း၊ အမှန်ဆုံး​ယုံကြည်ရာကို​လည်းကောင်း လမ်းတစ်လျှောက်၌ သက်သေခံခြင်း​မရှိလျှင် အဘယ်သူ့​ကိုမျှ ဤပြည်မှ ပြန်မသွား​စေနှင့်။

၆၀ ဇိဘ​ပီတာဆင်​အပေါ်​ပေးထား​လေသည့်​အရာကို သူ့ထံမှ ယူစေလော့။ သူ့ကို အသင်းတော်၌၊ အသင်းသား​တစ်ဦး​အဖြစ် ရှိစေလော့၊ သူ၏​ခပ်သိမ်းသော​အပြစ်များမှ လုံလောက်စွာ ဆုံးမ​ခံရသည့်​အချိန်ထိ၊ ညီအစ်ကိုတို့နှင့်​အတူ၊ သူ့လက်ဖြင့် အလုပ်​လုပ်စေလော့။ အကြောင်းမူကား၊ သူသည် ၎င်းတို့ကို ဝန်ခံခြင်း​မရှိ၊ ကွယ်ဝှက်ဖို့​စဉ်းစား၏။

၆၁ အချို့မှာ အတိုင်းထက်​အလွန် လွန်စွာ​ကောင်းချီး​ခံစားရလေ​သူများ​ဖြစ်သည့် ဤပြည်သို့ လာနေကြသည့်၊ ဤအသင်းတော်၏​အသင်း​လူကြီးများမှ ကျန်ကြွင်းသော​သူတို့ကိုလည်း ဤပြည်၌ ညီလာခံကို ကျင်းပကြ​စေလော့။

၆၂ သူတို့​ကျင်းပမည့် ညီလာခံကို ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျ​လမ်းညွှန်​စေလော့။

၆၃ သူတို့ကိုလည်း လမ်းတစ်လျှောက်၌ ဧဝံဂေလိ​တရားတော်ကို ဟောပြောလျက်၊ သူတို့ကို ဖော်ပြ​လေသည့်​အရာတို့​အကြောင်း သက်သေခံလျက် ပြန်လာကြ​စေလော့။

၆၄ အကြောင်းမူကား၊ အသံသည် ဤနေရာမှ​နေ၍၊ လောကီနိုင်ငံအရပ်ရပ်သို့၊ ထို့အတူ၊ မြေကြီး၏ အဝေးဆုံး​အရပ်များသို့ အမှန်​ထွက်သွားရမည်—ယုံကြည်သော​သူတို့၌ အတူဖြစ်လာမည့် နိမိတ်​လက္ခဏာများနှင့်​အတူ ဧဝံဂေလိ​တရားတော်ကို လူသတ္တဝါတိုင်းသို့ ဟောပြော​ရမည်။

၆၅ လူသားတော်​ကြွလာတော်မူသည်ကို ရှုကြလော့။ အာမင်။