အပိုဒ်ငယ် ၅၈
၁၈၃၁ ခု၊ ဩဂုတ်လ ၁ ရက်၊ ဇိအုန်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ စောစောပိုင်းတွင်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်နှင့်သူ့အဖွဲ့ ရောက်လာပြီးနောက် ပထမဆုံးဥပုသ်တွင်၊ ဘာသာရေးအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး၊ ဗတ္တိဇံအားဖြင့် အသင်းသားနှစ်ဦးကို လက်ခံခဲ့၏။ ထိုသီတင်းပတ်တွင်၊ သောင်ပဆင်အသင်းခွဲမှ၊ ကိုးလ်စဗီလ်သန့်ရှင်းသူအချို့နှင့် အခြားသောသူတို့ ရောက်လာခဲ့၏ (အပိုဒ်ငယ် ၅၄ တွင်ကြည့်ပါ)။ များစွာသောသူတို့သည် စုဝေးရာနေရာသစ်၌ မိမိတို့အကြောင်း ကိုယ်တော်ရှင်၏အလိုတော်ကို သိလိုစိတ်ထက်သန်ကြ၏။
၁–၅၊ အတိဒုက္ခကို ကြံ့ကြံ့ခံသောသူတို့သည် ဘုန်းအသရေနှင့် ချီးမြှင့်ခံရလိမ့်မည်။ ၆–၁၂၊ သန့်ရှင်းသူတို့သည် သိုးသငယ်နှင့် ကိုယ်တော်ရှင်၏ညနေစာ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်ကြရမည်။ ၁၃–၁၈၊ သင်းအုပ်တို့သည် ဣသရေလအမျိုး၌ တရားသူကြီးများဖြစ်ကြ၏။ ၁၉–၂၃၊ သန့်ရှင်းသူတို့သည် ပြည်၏ဥပဒေများကို နာခံကြရမည်။ ၂၄–၂၉၊ လူသားတို့သည် မိမိတို့၏ရွေးချယ်ပြုမူနိုင်ခွင့်ကို ကောင်းမြတ်သောအရာကို ပြုဖို့ အသုံးပြုကြရမည်။ ၃၀–၃၃၊ ကိုယ်တော်ရှင်သည် မိန့်တော်မူပြီး ပယ်ဖျက်၏။ ၃၄–၄၃၊ နောင်တရရန် လူသားတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံပြီး၊ စွန့်ပစ်ကြရမည်။ ၄၄–၅၈၊ သန့်ရှင်းသူတို့သည် မိမိတို့၏နေထိုင်ရာကို ဝယ်ကြရမည်၊ မစ်ဆိုရီ၌ စုဝေးကြရမည်။ ၅၉–၆၅၊ ဧဝံဂေလိတရားတော်ကို လူသတ္တဝါတိုင်းသို့ ဟောပြောရမည်။
၁ စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့၊ ငါ၏ နှုတ်ကပတ်တော်တို့ကို နားညောင်းကြလော့၊ သင်တို့နှင့်စပ်လျဉ်းသည့်၊ ထို့အတူ၊ သင်တို့ကို ငါစေလွှတ်လေသည့် ဤပြည်နှင့်လည်းစပ်လျဉ်းသည့် ငါအလိုရှိသည့်အရာကို ငါ့ထံမှ သင်ယူကြလော့။
၂ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ ငါ၏ပညတ်တော်များကို စောင့်ထိန်းသောသူသည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ မင်္ဂလာရှိ၏။ အတိဒုက္ခ၌ သစ္စာရှိသောသူ၏ အကျိုးကျေးဇူးသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီး၏။
၃ နောင်ကာလ၌ ဖြစ်လာမည့် အရာတို့နှင့် စပ်လျဉ်းသည့် ဘုရားသခင်၏ အကြံအစည်၊ ထို့အတူ များစွာသော အတိဒုက္ခနောက်က လိုက်လာမည့် ဘုန်းအသရေကို မျက်မှောက်ကာလတွင်၊ သင်တို့၏ ပကတိမျက်စိဖြင့် သင်တို့မမြင်နိုင်ကြ။
၄ အကြောင်းမူကား၊ များစွာသောအတိဒုက္ခ၏နောက်တွင် ကောင်းချီးမင်္ဂလာများ ရောက်လာ၏။ သို့ဖြစ်၍၊ သင်တို့၌ များစွာသော ဘုန်းအသရေဖြင့် ချီးမြှင့်ခံရမည့်နေ့သည် ကျရောက်လာ၏။ အချိန်နာရီမရောက်သေးသော်လည်း နီးကပ်လာပေပြီ။
၅ သင်တို့နှလုံးသွင်းနိုင်စေခြင်းငှာ၊ ထို့အတူ လာမည့်အရာကို လက်ခံရရှိနိုင်စေခြင်းငှာ၊ သင်တို့ကို ယခင်က ငါပြောပြလေသည့် ဤအရာကို အောက်မေ့ကြလော့။
၆ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ဤအကြောင်းရင်းကြောင့်၊ သင်တို့ကို ငါစေလွှတ်လေပြီ—သင်တို့နာခံနိုင်ကြစေကြောင်း၊ ထို့အတူ၊ ဖြစ်လာမည့်အရာတို့အကြောင်းကို သင်တို့သက်သေခံဖို့ သင်တို့၏စိတ်နှလုံးကို ပြင်ဆင်နိုင်ကြစေကြောင်း၊
၇ ထို့အတူ၊ သင်တို့သည် အုတ်မြစ်ချခြင်း၌လည်းကောင်း၊ ဘုရားသခင်၏ဇိအုန် တည်ရှိမည့် ပြည်အကြောင်းကို သက်သေခံခြင်း၌လည်းကောင်း ဂုဏ်ပြုခံကြရနိုင်စေကြောင်း၊
၈ ပရောဖက်တို့၏နှုတ်ထွက်များ မပြည့်စုံဘဲမရှိမည်ကို မြေကြီးသိနိုင်စေခြင်းငှာ ဆူသော စားဖွယ်ခဲဖွယ်ကို ဆင်းရဲသားတို့အတွက်၊ ထိုမှတစ်ပါး၊ ဆူသောစားဖွယ်ခဲဖွယ်၊ အနည်ထိုင်ပြီး ကောင်းမွန်စွာစစ်သည့်စပျစ်ရည်ကို ပြင်ဆင်ရနိုင်စေကြောင်း၊
၉ ထိုမှတစ်ပါး၊ ခပ်သိမ်းသောပြည်သားတို့ ဖိတ်ခေါ်ခံရာဖြစ်မည့် ကိုယ်တော်ရှင်၏အိမ်တော်ရှိ ညနေစာကို ကောင်းမွန်စွာ ပြင်ဆင်ရနိုင်စေကြောင်းပေတည်း။
၁၀ ပထမဆုံးအဖြစ်၊ ကြွယ်ဝသောသူများနှင့် စာတတ်သူများ၊ ပညာရှိများနှင့် ဆွေကြီးမျိုးကြီးတို့ပါဝင်၏။
၁၁ ထို့နောက်တွင်၊ ငါ့တန်ခိုးတော်၏နေ့ ကျရောက်လာ၏။ ထို့နောက်တွင်၊ ဆင်းရဲသားများ၊ ခြေမစွမ်းသောသူများ၊ ထို့အတူ၊ မျက်စိကန်းသောသူများ၊ ထို့အတူ၊ နားပင်းသောသူများသည် သိုးသငယ်၏မင်္ဂလာဆောင်ပွဲသို့ ဝင်လာကြလိမ့်မည်၊ နောင်လာမည့်ကြီးစွာသောနေ့အတွက် ပြင်ဆင်ထားသည့် ကိုယ်တော်ရှင်၏ညနေစာကိုလည်း သုံးဆောင်ကြလိမ့်မည်။
၁၂ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင် ထိုသို့ မိန့်တော်မူလေပြီ။
၁၃ သက်သေခံချက်သည် ဇိအုန်မှ၊ အထူးသဖြင့်၊ ဘုရားသခင့်အမွေမြို့၏နှုတ်မှ ထွက်သွားနိုင်စေကြောင်း—
၁၄ ထိုမှတစ်ပါး၊ ဤအကြောင်းရင်းကြောင့်၊ ငါသည် သင်တို့ကို ဤနေရာသို့ စေလွှတ်လေပြီး၊ ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျကို ရွေးကောက်လေ၍၊ ဤပြည်၌ သူ၏သာသနာပြုခြင်းသို့လည်း ခန့်အပ်လေပြီ။
၁၅ သို့ရာတွင်၊ မယုံကြည်ခြင်းနှင့် စိတ်နှလုံးအသိစိတ်ကွယ်ခြင်းတို့ဖြစ်သည့် သူ့အပြစ်များမှ သူနောင်တရခြင်းမရှိလျှင်၊ သူမကျရှုံးစေခြင်းငှာ သတိပြုစေလော့။
၁၆ ရှုလော့၊ သူ၏သာသနာပြုခြင်းကို သူ့ထံသို့ ခန့်အပ်ထား၏၊ တစ်ဖန်ခန့်အပ်လိမ့်မည်မဟုတ်။
၁၇ ဤသာသနာပြုခြင်း၌ တည်ရှိသူမှန်သမျှသည်၊ ဘုရားသခင်၏အမွေပြည်တို့ကို သူ့သားသမီးများသို့ ရှေးကာလများက ကဲ့သို့ ပိုင်းခြားပေးစေရန် ဣသရေလအမျိုး၌ တရားသူကြီးအဖြစ် ခန့်အပ်ခံရ၏။
၁၈ သူ၏လူမျိုးတို့ကို ဖြောင့်မတ်သောသူတို့၏ သက်သေခံချက်အားဖြင့်လည်းကောင်း၊ သူ့တိုင်ပင်ဖက်တို့၏အကူအညီအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ပရောဖက်များပေးလေသည့် နိုင်ငံတော်ဥပဒေများအတိုင်း တရားစီရင်စေခြင်းငှာလည်းဖြစ်၏။
၁၉ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ဤပြည်၌ ငါ၏ဥပဒေကို စောင့်ထိန်းကြရမည်။
၂၀ မိမိသည် အုပ်စိုးသူဖြစ်သည်ဟု အဘယ်သူမျှ မထင်မှတ်စေနှင့်။ သို့ရာတွင်၊ တရားစီရင်သောသူအား မိမိအလိုဆန္ဒအကြံအစည်အတိုင်း၊ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ အကြံပေးသူအား၊ သို့မဟုတ် တရားပလ္လင်ပေါ်မှာထိုင်သောသူအား ဘုရားသခင်အုပ်စိုးစေလော့။
၂၁ အဘယ်သူမျှ ပြည်၏ဥပဒေများကို မချိုးဖောက်စေနှင့်၊ အကြောင်းမူကား၊ ဘုရားသခင်၏ဥပဒေများကို စောင့်ထိန်းသောသူသည် ပြည်၏ဥပဒေများကို ချိုးဖောက်ဖို့ မလိုအပ်။
၂၂ သို့ဖြစ်၍၊ အုပ်စိုးဖို့ အခွင့်အရေးရှိသူ အုပ်စိုးသည့်၊ ထို့အတူ၊ ခပ်သိမ်းသော ရန်သူတို့ကို သူ့ခြေအောက်၌ ထား၍အောင်သည့် အချိန်အထိ၊ အစိုးရခြင်း၏ ဩဇာခံဖြစ်စေလော့။
၂၃ ရှုလော့၊ ငါ့လက်မှ သင်တို့ရရှိလေသည့် ဥပေဒေများသည် အသင်းတော်၏ ဥပဒေများဖြစ်၏၊ ဤအလင်းအားဖြင့် သင်တို့သည် ထိုအရာတို့ကို စွဲကိုင်ထားရမည်။ ရှုလော့၊ ဤအရာ၌ ဉာဏ်ပညာရှိ၏။
၂၄ ယခုမူကား၊ ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျနှင့်စပ်လျဉ်း၍၊ ငါမိန့်တော်မူလေသည့်အတိုင်း၊ ဤပြည်သည် သူ၏၊ ထို့အတူ သူ၏တိုင်ပင်ဖက်များအဖြစ် သူခန့်အပ်လေသောသူတို့၏ နေထိုင်ရာပြည်ဖြစ်၏။ ငါ၏ဘဏ္ဍာတိုက်ကို ထိန်းသိမ်းစေဖို့ ငါခန့်အပ်လေသောသူ၏ ပြည်လည်း ဖြစ်၏။
၂၅ သို့ဖြစ်၍၊ သူတို့အချင်းချင်း၌လည်းကောင်း၊ ငါနှင့်လည်းကောင်း သူတို့တိုင်ပင်ကြမည် ဖြစ်သောကြောင့်၊ သူတို့၏မိသားစုများကို ဤပြည်သို့ သူတို့ခေါ်ဆောင်လာကြစေလော့။
၂၆ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ခပ်သိမ်းသောအရာတို့ကို မိန်တော်မူဖို့မှာ မသင့်လျော်။ ခပ်သိမ်းသောအရာတို့၌ အနိုင်အထက်စီရင်ခံရသောသူသည် ပျင်းရိသောသူဖြစ်၏၊ ပညာရှိသောကျွန်လည်းမဟုတ်။ သို့ဖြစ်၍၊ ထိုသူသည် အကျိုးကျေးဇူးကို မရ။
၂၇ ငါအမှန်ဆိုသည်ကား၊ လူသားတို့သည် ကောင်းမြတ်သောအရာ၌ စိတ်ထက်သန်စွာပါဝင်ကြရမည်။ များစွာသောအရာတို့ကိုလည်း မိမိတို့၏ လွတ်လပ်သောစိတ်အတိုင်း ဆောင်ရွက်၍၊ များစွာသော ဖြောင့်မတ်ခြင်းကို ဖြစ်စေရမည်။
၂၈ အကြောင်းမူကား၊ သူတို့သဘောနှင့် သူတို့ပြုနိုင်သောသူများဖြစ်ရာ တန်ခိုးသည် သူတို့အထဲ၌ ရှိ၏၊ လူသားတို့သည် ကောင်းမြတ်သည်ကို ပြုကြသမျှ၊ သူတို့၏ အကျိုးကျေးဇူးကို အလျှင်း မဆုံးရှုံးကြရ။
၂၉ သို့ရာတွင်၊ မမိန့်မချင်း အဘယ်အရာကိုမျှ မလုပ်သော၊ ပညတ်တော်ကိုလည်း ယုံမှားသံသယရှိသော စိတ်နှလုံးဖြင့်လက်ခံ၍၊ ပျင်းရိစွာစောင့်ထိန်းသောသူသည် အပြစ်စီရင်ခံရ၏။
၃၀ လူသားကို ဖန်ဆင်းသည့် ငါသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းခြင်းမရှိသောသူအား အပြစ်ကင်းသည်ဟု မှတ်ယူ မည်လော။
၃၁ ငါသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ကတိထားတော်မူလေပြီး၊ မပြီးပြည့်စုံစေလေသလော။
၃၂ ငါမိန့်တော်မူပြီး၊ လူသားတို့ နာခံခြင်းမရှိကြ။ ငါပယ်ဖျက်၍၊ သူတို့သည် ကောင်းချီးမင်္ဂလာကို ရရှိခြင်းမရှိကြ။
၃၃ ထို့နောက်တွင်၊ သူတို့စိတ်နှလုံးထဲ၌ တွေးကြသည်ကား၊ ဤအရာသည် ကိုယ်တော်ရှင်၏ အမှုတော်မဟုတ်၊ အကြောင်းမူကား၊ သူ၏ကတိတော်တို့ မပြီးပြည့်စုံစေကြ။ သို့ရာတွင်၊ ထိုကဲ့သို့သောသူသည် အမင်္ဂလာရှိ၏၊ အကြောင်းမူကား၊ သူတို့၏အကျိုးကျေးဇူးသည် အောက်အရပ်က စောင့်နေ၏၊ အထက်မှ မဟုတ်။
၃၄ ယခုမူကား၊ ဤပြည်နှင့်စပ်လျဉ်း၍ ငါသည် သင်တို့အား နောက်ထပ်လမ်းညွှန်ချက်များကို ပေးတော်မူ၏။
၃၅ ငါ့ကျွန်မာတင်ဟဲရစ်သည် သူ၏ငွေများကို အသင်းတော်၏ သင်းအုပ်သို့ပေးခြင်းဖြင့် အသင်းတော်အဖို့ ပုံသက်သေတစ်ခု ဖြစ်ရမည်မှာ ငါ၏ ဉာဏ်ပညာတော်အတိုင်းဖြစ်၏။
၃၆ ထို့အတူ၊ ဤအရာသည်ကား၊ နေထိုင်ရာကို ရရှိရန် ဤမြေသို့လာသည့် လူတိုင်းအဖို့ ဥပဒေတစ်ခုဖြစ်၏။ ထိုသူသည် ဥပဒေလမ်းညွှန်သည့်အတိုင်း မိမိငွေဖြင့်ဆောင်ရွက်ရမည်။
၃၇ ဘဏ္ဍာတိုက်နေရာအတွက်၊ ထို့အတူ၊ ပုံနှိပ်တိုက်အတွက် အင်ဒီပန်းဒင့်၌ ဝယ်ထားသောမြေများ ရှိရမည်မှာလည်း ဉာဏ်ပညာတော်အတိုင်းဖြစ်၏။
၃၈ ငါ့ကျွန်မာတင်ဟဲရစ်ကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း သူ၏နေထိုင်ရာကို သူရရှိနိုင်စေကြောင်း၊ သူနှင့်စပ်လျဉ်းသည့် အခြားသောလမ်းညွှန်ချက်များကို သူ့အား ဝိညာဉ်တော်အားဖြင့် ပေးတော်မူလိမ့်မည်။
၃၉ သူ့အား သူ၏အပြစ်များမှ နောင်တရစေလော့၊ အကြောင်းမူကား၊ သူသည် လောက၏ချီးမွမ်းခြင်းကို ရှာ၏။
၄၀ ငါ့ကျွန်ဝီလျံဒဗလျူဖဲလပ်ကိုလည်း သူ့ကို ငါခန့်အပ်လေသည့် အမှုအရာ၌ ရှိစေပြီး၊ ထိုပြည်၌ သူ၏နေထိုင်ရာကို ရရှိစေလော့။
၄၁ သူသည်လည်း နောင်တရဖို့ လိုအပ်၏၊ အကြောင်းမူကား၊ သူသည် သာလွန်ဖို့ ကြိုးစားအားထုတ်သောကြောင့်၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သူ့ကို အလွန်မနှစ်သက်၊ သူသည် ငါ့ရှေ့၌ လုံလောက်စွာသိမ်မွေ့အောက်ကျို့ခြင်းလည်းမရှိ။
၄၂ ရှုလော့၊ မိမိအပြစ်များမှ နောင်တရသောသူသည် အပြစ်လွှတ်ခြင်းခံရ၏၊ ငါ၊ ကိုယ်တော်ရှင်သည်လည်း ၎င်းတို့ကို သတိမရတော့။
၄၃ ဤသို့အားဖြင့် သင်တို့သည် လူတစ်ဦး မိမိအပြစ်များမှ နောင်တရမရကို သိနိုင်ကြ၏—ရှုလော့၊ သူသည် ၎င်းတို့ကို ဝန်ခံပြီး၊ စွန့်ပစ်လိမ့်မည်။
၄၄ ယခုမူကား၊ ငါ့အသင်းတော်၏ အသင်းလူကြီးတို့အထဲမှ ကျန်ကြွင်းသောသူများနှင့် စပ်လျဉ်း၍၊ ငါအမှန်ဆိုသည်မှာ၊ သူတို့သည် ကိုယ်တော်ရှင်အားဖြင့် သူတို့ထံပေးအပ်မည့် အတိုင်းသာလျှင်၊ ယုံကြည်ခြင်းရှိသော ဆုတောင်းခြင်းအားဖြင့် အလိုမရှိကြလျှင်၊ သူတို့အတွက် ဤပြည်၌ သူတို့၏နေထိုင်ရာကို ရရှိဖို့၊ အချိန်မရောက်သေး၊ နှစ်ပေါင်းများစွာ ကြာလိမ့်မည်။
၄၅ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် မြေကြီးစွန်းမှလူတို့ကို အတူတကွတွန်းလိမ့်မည်။
၄၆ သို့ဖြစ်၍၊ သင်တို့ကိုယ်သင်တို့ အတူတကွစည်းဝေးကြလော့။ ဤပြည်ထဲ၌ နေထိုင်ဖို့ ခန့်အပ်မခံရသောသူတို့အား၊ ပတ်ဝန်းကျင်ဒေသများ၌ ဧဝံဂေလိတရားတော်ကို ဟောပြောစေလော့။ ထို့နောက်တွင်၊ သူတို့ကို မိမိတို့နေအိမ်များသို့ ပြန်လာကြစေလော့။
၄၇ သူတို့ကို လမ်းတစ်လျှောက်တွင် ဟောပြောကြစေလော့၊ သမ္မာတရားအကြောင်းကိုလည်း ခပ်သိမ်းသောနေရာတို့၌ သက်သေခံကြစေလော့၊ ကြွယ်ဝသောသူ၊ ကြီးမြင့်သူနှင့် နိမ့်ကျသူ၊ ဆင်းရဲသားတို့ကိုလည်း နောင်တရဖို့ တောင်းဆိုကြစေလော့။
၄၈ မြေကြီးပေါ်မှာနေထိုင်သူတို့ နောင်တရကြလိမ့်မည်ဖြစ်သမျှ၊ အသင်းတော်များကို သူတို့တည်ထောင်ကြစေလော့။
၄၉ ဇိအုန်၌ မြေများဝယ်ဖို့ ငွေကိုလက်ခံရရှိရန်၊ အိုဟိုင်းရိုရှိအသင်းတော်အဖို့ အသင်းတော်၏မဲဆန္ဒအားဖြင့် ခန့်အပ်ထားသည့် ကိုယ်စားလှယ်တစ်ဦး ရှိစေလော့။
၅၀ ငါ့ကျွန်ဆစ်ဒနီရစ်ဂဒွန်အား ပညတ်တော်ကို ငါပေး၍ သူရေးရမည့် အရာတို့သည်ကား၊ သူ့ထံသို့ ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူမည့်အတိုင်း ဇိအုန်မြေအကြောင်း ဖော်ပြချက်၊ ထို့အတူ ဘုရားသခင်၏ အလိုတော်အကြောင်း ထုတ်ပြန်ချက်၊
၅၁ ဘုရားသခင်၏သားသမီးများအတွက် နေထိုင်ရာမြေကိုဝယ်ရန် သင်းအုပ်ကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း သို့မဟုတ် သူလမ်းညွှန်မည့်အတိုင်း သူကိုယ်တိုင်၏ သို့မဟုတ် ကိုယ်စားလှယ်၏ လက်ထဲသို့အပ်စေမည့် ငွေကိုရရှိရန် ခပ်သိမ်းသောအသင်းတော်များထံ တင်ပြမည့် အမှာစာ တစ်စောင်နှင့် ဝန်ခံစာဖြစ်၏။
၅၂ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ကိုယ်တော်ရှင်သည် တပည့်တော်များနှင့် လူသားတို့အား အချိန်ရလျှင်ရချင်း တိုင်းပြည်၏ ဤဒေသတစ်ခုလုံးကို ဝယ်စေဖို့ပင် သူတို့၏စိတ်နှလုံးကို ဖွင့်ကြစေရန် အလိုရှိတော်မူ၏။
၅၃ ရှုလော့၊ ဤအရာ၌ ဉာဏ်ပညာရှိ၏။ ဤသို့ပြုကြစေလော့၊ သို့မဟုတ်လျှင်၊ အသွေးသွန်းလောင်းခြင်းအားဖြင့် မှတစ်ပါး၊ နေထိုင်ရာကို သူတို့ မရရှိကြ။
၅၄ ထိုမှတစ်ဖန်၊ ရရှိရာမြေရှိလေသမျှ၊ ဘုရားသခင်၏သန့်ရှင်းသူတို့အတွက် အလုပ်လုပ်စေဖို့ ဤမြေသို့စေလွှတ်သည့် အလုပ်သမားများရှိစေလော့။
၅၅ ခပ်သိမ်းသောဤအရာတို့ကို အစီအစဉ်တကျ ပြုစေလော့။ ထိုပြည်၌ အထူးအခွင့်အရေးများကို သင်းအုပ် သို့မဟုတ် အသင်းတော်၏ ကိုယ်စားလှယ်အားဖြင့် အချိန်နှင့်အမျှ ဖော်ပြစေလော့။
၅၆ စုဝေးခြင်းအမှုကို အလျင်အမြန်မဖြစ်စေနှင့်၊ ပြေး၍လည်း မသွားစေနှင့်။ ညီလာခံများ၌ အသင်းတော်၏ အသင်းလူကြီးတို့ အချိန်နှင့်အမျှ၊ ရရှိကြသည့် အသိပညာအားဖြင့် သူတို့အကြံပေးသည့်အတိုင်း ပြီးမြောက်စေလော့။
၅၇ ကိုယ်တော်ရှင်အဖို့၊ ဤမြေနှင့် ဗိမာန်တော်အတွက်နေရာကိုလည်း ငါ့ကျွန်ဆစ်ဒနီရစ်ဂဒွန် ပူဇော်ဆက်ကပ်စေလော့။
၅၈ ညီလာခံအစည်းအဝေးတစ်ခုကိုလည်း ကျင်းပစေလော့၊ ထို့နောက်တွင်၊ ငါ့ကျွန်များဖြစ်သည့် ဆစ်ဒနီရစ်ဂဒွန်နှင့် ဂျိုးဇက်စမစ်အငယ်၊ ထို့အတူ အော်လီဗာကောင်ဒရီကို သူတို့ကိုယ်တိုင်၏မြေ၌ သူတို့ကို ငါခန့်အပ်လေသည့် အမှုတော်မှ ကျန်ကြွင်းသောအရာတို့ကို ပြီးမြောက်စေရန် သူတို့နှင့်အတူ ပြန်လာစေလော့။ ကျန်ကြွင်းသောအရာတို့ကို ညီလာခံများမှ ညွှန်ကြားလိမ့်မည်ဖြစ်သောကြောင့် ပေတည်း။
၅၉ မိမိသိသည့်အရာကိုလည်းကောင်း၊ အမှန်ဆုံးယုံကြည်ရာကိုလည်းကောင်း လမ်းတစ်လျှောက်၌ သက်သေခံခြင်းမရှိလျှင် အဘယ်သူ့ကိုမျှ ဤပြည်မှ ပြန်မသွားစေနှင့်။
၆၀ ဇိဘပီတာဆင်အပေါ်ပေးထားလေသည့်အရာကို သူ့ထံမှ ယူစေလော့။ သူ့ကို အသင်းတော်၌၊ အသင်းသားတစ်ဦးအဖြစ် ရှိစေလော့၊ သူ၏ခပ်သိမ်းသောအပြစ်များမှ လုံလောက်စွာ ဆုံးမခံရသည့်အချိန်ထိ၊ ညီအစ်ကိုတို့နှင့်အတူ၊ သူ့လက်ဖြင့် အလုပ်လုပ်စေလော့။ အကြောင်းမူကား၊ သူသည် ၎င်းတို့ကို ဝန်ခံခြင်းမရှိ၊ ကွယ်ဝှက်ဖို့စဉ်းစား၏။
၆၁ အချို့မှာ အတိုင်းထက်အလွန် လွန်စွာကောင်းချီးခံစားရလေသူများဖြစ်သည့် ဤပြည်သို့ လာနေကြသည့်၊ ဤအသင်းတော်၏အသင်းလူကြီးများမှ ကျန်ကြွင်းသောသူတို့ကိုလည်း ဤပြည်၌ ညီလာခံကို ကျင်းပကြစေလော့။
၆၂ သူတို့ကျင်းပမည့် ညီလာခံကို ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျလမ်းညွှန်စေလော့။
၆၃ သူတို့ကိုလည်း လမ်းတစ်လျှောက်၌ ဧဝံဂေလိတရားတော်ကို ဟောပြောလျက်၊ သူတို့ကို ဖော်ပြလေသည့်အရာတို့အကြောင်း သက်သေခံလျက် ပြန်လာကြစေလော့။
၆၄ အကြောင်းမူကား၊ အသံသည် ဤနေရာမှနေ၍၊ လောကီနိုင်ငံအရပ်ရပ်သို့၊ ထို့အတူ၊ မြေကြီး၏ အဝေးဆုံးအရပ်များသို့ အမှန်ထွက်သွားရမည်—ယုံကြည်သောသူတို့၌ အတူဖြစ်လာမည့် နိမိတ်လက္ခဏာများနှင့်အတူ ဧဝံဂေလိတရားတော်ကို လူသတ္တဝါတိုင်းသို့ ဟောပြောရမည်။
၆၅ လူသားတော်ကြွလာတော်မူသည်ကို ရှုကြလော့။ အာမင်။