အပိုဒ်ငယ် ၅၉
၁၈၃၁ ခု၊ ဩဂုတ်လ ၇ ရက်၊ ဇိအုန်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်မတိုင်မီတွင်၊ ကိုယ်တော်ရှင် လမ်းညွှန်တော်မူလေသည့် အတိုင်း မြေကိုသန့်ရှင်းမွန်မြတ်စေပြီး၊ အနာဂတ်ဗိမာန်တော်အတွက် နေရာကို ဆက်ကပ်ဖွင့်လှစ်ခဲ့၏။ ဤဗျာဒိတ်တော်ကို ရရှိသည့် နေ့တွင်၊ ဂျိုးဇက်နိုက်အငယ်၏ ဇနီး၊ ပိုလီနိုက်၊ သေခဲ့ပြီး၊ ဇိအုန်၌ သေသည့် ပထမဦးဆုံးအသင်းတော်အသင်းသား ဖြစ်၏။ အစောပိုင်းအသင်းသားများက ဤဗျာဒိတ်တော်ကို “ သန့်ရှင်းသူတို့အား ဥပုသ်ကို အဘယ်သို့ စောင့်ထိန်းရန်နှင့် အဘယ်သို့ အစာရှောင်၍ဆုတောင်းရန် သွန်သင်ခြင်း” သဘောအဖြစ် ဖော်ပြခဲ့ကြ၏”
၁–၄၊ ဇိအုန်၌ရှိသည့် သစ္စာရှိသော သန့်ရှင်းသူတို့သည် ကောင်းချီးခံစားကြရလိမ့်မည်။ ၅–၈၊ သူတို့သည် ကိုယ်တော်ရှင်ကို ချစ်၍၊ အစေခံပြီး၊ သူ၏ပညတ်တော်များကို စောင့်ထိန်းကြရမည်။ ၉–၁၉၊ ကိုယ်တော်ရှင်၏နေ့ကို သန့်ရှင်းစွာထားခြင်း အားဖြင့်၊ သန့်ရှင်းသူတို့သည် ဇာတိပကတိနှင့် ဝိညာဉ်ပကတိ၌ ကောင်းချီးခံစားကြရ၏။ ၂၀–၂၄၊ ဖြောင့်မတ်သောသူတို့သည် ယခုလောက၌ ငြိမ်းချမ်းခြင်းကို လည်းကောင်း၊ ကျရောက်လာမည့်လောက၌ ထာဝရအသက်ကို လည်းကောင်း ကတိထားသည်ကို ခံကြရ၏။
၁ ရှုလော့၊ ငါ၏ဘုန်းတော်ထင်ရှားဖို့ကိုသာ၊ မျက်စိစူးစိုက်မှုဖြင့်၊ ငါ၏ပညတ်တော်များအတိုင်း ဤပြည်သို့တက်လာကြလေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂ အကြောင်းမူကား၊ အသက်ရှင်ကြသောသူတို့သည် မြေကြီးကို အမွေခံကြရလိမ့်မည်၊ သေသောသူတို့သည်လည်း မိမိတို့၏ ခပ်သိမ်းသောအလုပ်များမှ အနားရကြလိမ့်မည်၊ သူတို့၏ အကျင့်များက သူတို့နောက်မှ လိုက်ကြလိမ့်မည်။ သူတို့အတွက် ငါပြင်ဆင်ထားလေသည့် ငါ့အဘ၏နေစရာအခန်းများ၌ သရဖူကို သူတို့လက်ခံရရှိကြလိမ့်မည်။
၃ ထိုမှတစ်ပါး၊ ဇိအုန်မြေပေါ်၌ ခြေဖြင့်ရပ်သောသူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ဧဝံဂေလိတရားတော်ကို နာခံကြလေပြီ။ အကြောင်းမူကား၊ သူတို့သည် မြေကြီး၏ ကောင်းမြတ်သောအရာများကို သူတို့၏အကျိုးကျေးဇူးအဖြစ် လက်ခံရရှိကြလိမ့်မည်၊ မြေကြီးသည်လည်း ထိုအရာတို့ကို အားကြီးစွာဖြင့် ဖြစ်စေလိမ့်မည်။
၄ သူတို့သည် အထက်မှ ကောင်းချီးမင်္ဂလာများဖြင့်၊ ထိုမှတစ်ပါး၊ အနည်းငယ်မဟုတ်သည့် ပညတ်တော်များဖြင့်၊ ထို့အတူ သူ့အချိန်နှင့်သူ ဗျာဒိတ်တော်များဖြင့် ချီးမြှင့် ခံကြရလိမ့်မည်—ထိုသူတို့သည်ကား၊ သစ္စာရှိပြီး၊ ငါ့ရှေ့၌လုံ့လဝီရိယထက်သန်ကြသောသူများဖြစ်၏။
၅ သို့ဖြစ်၍၊ ငါသည် သူတို့အား ပညတ်တော်ကို ပေး၍ ဆိုလေသည်ကား၊ သင်သည် သင်၏ဘုရားသခင် ကိုယ်တော်ရှင်ကို သင်၏စိတ်နှလုံးအကြွင်းမဲ့ဖြင့်၊ သင်၏အစွမ်းသတ္တိ၊ စိတ်နှင့်ခွန်အား ရှိသမျှဖြင့် ချစ်ရမည်။ ထို့အတူ၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်သည် သူ့ကို အစေခံရမည်။
၆ သင်သည် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။ သင်သည် မခိုးရ။ သူ့သားမယားအားပြစ်မှားခြင်းကို မကျူးလွန်ရ၊ အသက် မသတ်ရ၊ ထိုကဲ့သို့သောအမှု တစ်စုံတစ်ခုကိုမျှ မပြုရ။
၇ သင်သည် အရာရာ၌ သင်၏ဘုရားသခင်ကိုယ်တော်ရှင်ကို ကျေးဇူးတော်ချီးမွမ်းလော့။
၈ သင်သည် သင်၏ဘုရားသခင်ကိုယ်တော်ရှင်ကို ဖြောင့်မတ်ခြင်းဖြင့်၊ ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ဖြင့်ပင် ယဇ်ကို ပူဇော်လော့။
၉ သင်သည် သင့်ကိုယ်ကို လောကီအစွန်းအထင်းနှင့် ပို၍ပြည့်စုံစွာကင်းစင်နိုင်စေခြင်းငှာ၊ ဆုတောင်းခြင်းအိမ်သို့သွား၍၊ ငါ၏သန့်ရှင်းသောနေ့၌ ပွဲတော်ကို ပူဇော်လော့။
၁၀ အကြောင်းမူကား၊ ဤအရာသည် သင့်အဖို့ သင်၏အလုပ်များမှ အနားယူရန်၊ ထို့အတူ၊ အမြင့်ဆုံးသောဘုရားကို ကိုးကွယ်ရန် စီရင်ထားသောနေ့ဖြစ်၏။
၁၁ သို့သော်လည်း၊ ခပ်သိမ်းသောနေ့များ၌၊ ထို့အတူ ခပ်သိမ်းသောအချိန်တို့၌ သင်၏သစ္စာဝတ်ကို ဖြောင့်မတ်ခြင်းဖြင့် ဖြေလော့။
၁၂ သို့ရာတွင်၊ ကိုယ်တော်ရှင်၏ ဤနေ့၌ သင်၏အပြစ်များကို သင်၏ညီအစ်ကိုတို့ထံ၊ ထို့အတူ ကိုယ်တော်ရှင်ရှေ့၌ ဝန်ခံလျက် သင်၏ပူဇော်သက္ကာများနှင့် သင်၏ပွဲတော်တို့ကို အမြင့်ဆုံးသောဘုရားအား သင်ပူဇော်ရမည်ကို အောက်မေ့လော့။
၁၃ ဤနေ့တွင် အခြားမည်သည့်အရာကိုမျှ သင်မပြုရ၊ သင်၏ အစာရှောင်ခြင်းကို စုံလင်နိုင်စေမည့်အကြောင်း၊ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ သင်၏ ဝမ်းမြောက်ခြင်း ပြည့်စုံနိုင်စေမည့်အကြောင်း သင်၏ စားစရာကို တစ်ခုတည်းသော စိတ်နှလုံးဖြင့်သာ ပြင်ဆင်စေလော့။
၁၄ ဤအရာသည်ကား၊ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း၊ သို့မဟုတ်၊ တစ်နည်းအားဖြင့် ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် ဆုတောင်းခြင်း အမှန်ဖြစ်၏။
၁၅ သင်သည် ဤအရာတို့ကို ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်၊ ရွှင်ပျသော စိတ်နှလုံးနှင့် မျက်နှာထားတို့ဖြင့်ပြုသမျှ၊ များစွာသောရယ်ခြင်းဖြင့် မပြုရ၊ အကြောင်းမူကား ဤအရာသည် အပြစ်ဖြစ်၏၊ သို့ရာတွင် ဝမ်းသာသောစိတ်နှလုံးနှင့် ရွှင်ပျသောမျက်နှာထားဖြင့်ပြုလော့—
၁၆ ငါအမှန်ဆိုသည်ကား၊ သင်သည် ဤသို့ပြုသမျှ၊ မြေကြီး၏ ပြည့်စုံခြင်းတည်းဟူသော၊ တောသားရဲများနှင့် မိုးကောင်းကင်ငှက်၊ သစ်ပင်ပေါ်တက်သည့်အရာနှင့် မြေကြီးပေါ်မှာ လျှောက်သည့်အရာတို့သည် သင်၏အရာဖြစ်၏။
၁၇ ထိုမှတစ်ပါး၊ ဆေးဖက်ဝင်အပင်၊ အစာအနေဖြင့်ဖြစ်စေ၊ သို့မဟုတ်၊ အဝတ်အနေဖြင့်ဖြစ်စေ၊ သို့မဟုတ်၊ နေစရာအနေဖြင့်ဖြစ်စေ၊ သို့မဟုတ်၊ ကျီအနေဖြင့်ဖြစ်စေ၊ သို့မဟုတ်၊ သစ်သီးခြံအနေဖြင့် ဖြစ်စေ၊ သို့မဟုတ် ဥယျာဉ်အနေဖြင့်ဖြစ်စေ၊ သို့မဟုတ် စပျစ်ဥယျာဉ်အနေဖြင့်ဖြစ်စေ မြေကြီးမှထွက်သည့် ကောင်းမြတ်သောအရာများ၊
၁၈ ထိုမှတစ်ပါး၊ အချိန်တန်သည့်အခါ၌၊ မြေကြီးမှထွက်သည့် ခပ်သိမ်းသောအရာများကို၊ ပြုထားသည်မှာ မျက်စိကို နှစ်သက်စေဖို့နှင့် စိတ်နှလုံးကို ဝမ်းသာစေဖို့ လူသားအကျိုးအတွက်နှင့် အသုံးပြုစရာအတွက်၊
၁၉ ထိုမှတစ်ပါး၊ ကိုယ်ခန္ဓာကို ခွန်အားဖြည့်ပေးရန်နှင့် စိတ်ဝိညာဉ်ကို တက်ကြွလှုပ်ရှားစေရန် အစာအတွက်နှင့် အဝတ်အတွက်၊ အရသာအတွက်နှင့် အနံ့အတွက် ဖြစ်ပေ၏။
၂၀ ဘုရားသခင်သည် ခပ်သိမ်းသောဤအရာတို့ကို လူသားအား ပေးတော်မူလေသည်ကို နှစ်သက်တော်မူ၏။ အကြောင်းမူကား၊ ဤရည်ရွယ်ချက်ကြောင့် ထိုအရာတို့ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းဖြင့်၊ အသုံးပြုစေဖို့ပြုထားပေ၏၊ လွန်ကဲစွာမပြုဖို့၊ အတင်းအကျပ်လည်းမပြုဖို့ ဖြစ်၏။
၂၁ ခပ်သိမ်းသောအရာတို့၌ ဘုရားသခင်၏လက်ကို ဝန်ခံခြင်းမရှိသောသူ၊ သူ၏ပညတ်တော်များကို နာခံခြင်းမရှိသောသူများမှတစ်ပါး၊ လူသားသည် အဘယ်အရာနှင့်မျှ သူ့ကို မပြစ်မှား၊ သို့မဟုတ်၊ အဘယ်သူ၏တစ်ဖက်တွင်မျှ သူ၏အမျက်တော်မထွက်။
၂၂ ရှုလော့၊ ဤအရာသည် ဥပဒေနှင့် ပရောဖက်တို့၏စကားများအတိုင်းဖြစ်၏။ သို့ဖြစ်၍၊ ဤအမှုနှင့်စပ်လျဉ်းပြီး ငါ့ကို မနှောင့်ယှက်တော့နှင့်။
၂၃ သို့ရာတွင်၊ ဖြောင့်မတ်ခြင်းအကျင့်ကို ကျင့်သောသူသည် မိမိအကျိုးကျေးဇူးအဖြစ်၊ ယခုလောက၌ ငြိမ်းချမ်းခြင်း၊ ထို့အတူ၊ ကျရောက်လာမည့်လောက၌ ထာဝရအသက်ကိုပင် ရရှိလိမ့်မည့်အကြောင်း သင်ယူလော့။
၂၄ ငါ၊ ကိုယ်တော်ရှင် မိန့်တော်မူ၏၊ ဝိညာဉ်တော်ကလည်း သက်သေခံ၏။ အာမင်။