အပိုဒ်ငယ် ၅
၁၈၂၉ ခု၊ မတ်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ မာတင်ဟဲရစ်တောင်းဆို၍၊ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။
၁–၁၀၊ ဤမျိုးဆက်သည် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ရရှိလိမ့်မည်။ ၁၁–၁၈၊ သက်သေသုံးဦးသည် မော်မုန်ကျမ်းအကြောင်းကို သက်သေခံလိမ့်မည်။ ၁၉–၂၀၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်သည် အလျင်ကာလများကကဲ့သို့ပင် ပြည့်စုံစေလိမ့်မည်။ ၂၁–၃၅၊ မာတင်ဟဲရစ်သည် နောင်တရလျက် သက်သေများထဲမှ တစ်ဦးဖြစ်နိုင်၏။
၁ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သင်၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်သည် ငါ့ထံမှရရှိသည်ဟု သက်သေခံပြီး၊ သက်သေပြုသော ပုရပိုက်ပြားများကို ရလေကြောင်း ငါ့လက်မှ သက်သေကို ငါ့ကျွန်မာတင်ဟဲရစ်အလိုရှိသောကြောင့်၊
၂ ယခုမူကား၊ ရှုလော့၊ ဤအရာကို သူ့အား သင်ပြောရမည်မှာ—သင့်ကို မိန့်တော်မူလေသောသူ မှာထားသည်ကား၊ ငါကိုယ်တော်ရှင်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ဤအရာတို့ကိုလည်း သင်၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်သို့ ပေးတော်မူလေပြီး၊ သင့်အား ဤအရာများအတွက် သက်သေအဖြစ်ရှိရမည့်အကြောင်းကိုလည်း မိန့်တော်မူလေပြီ။
၃ သင့်အား ငါမိန့်တော်မူသောသူများကို မှတစ်ပါး၊ ထိုအရာများကို မပြရမည့်အကြောင်း သင့်ကို ငါနှင့်ပဋိညာဉ်ပြုစေတော်မူလေပြီ။ သင့်ကို ငါမပေးလျှင်၊ သင်သည်လည်း ထိုသူတို့အပေါ် အစိုးရခြင်းမရှိ။
၄ သင့်မှာ ပုရပိုက်ပြားများကို ဘာသာပြန်ခြင်း ဆုကျေးဇူးရှိ၏။ ဤအရာသည် သင့်အပေါ် ငါပေးတော်မူခဲ့သည့် ပထမဦးဆုံးဆုကျေးဇူးလည်းဖြစ်၏။ ဤအမှု၌ ငါ၏ရည်ရွယ်ချက် မပြီးပြည့်စုံမီ အခြားသောဆုကျေးဇူးကို သင်မတောင်းဆိုရမည့်အကြောင်းကိုလည်း သင့်ကို ငါမိန့်တော်မူလေပြီ။ အကြောင်းမူကား၊ ထိုအမှု မပြီးမီ အခြားသောဆုကျေးဇူးကို သင့်အား ငါပေးလိမ့်မည်မဟုတ်။
၅ သင့်ကို ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာနေထိုင်သူတို့သည် ငါ၏နှုတ်ကပတ်တော်များကို စေ့စေ့နားမထောင်ကြလျှင်၊ အမင်္ဂလာသည် သူတို့ထံ ကျရောက်လာလိမ့်မည်။
၆ အကြောင်းမူကား၊ နောင်ကာလ၌ သင်သည် ခန့်ထားခံရလျက်၊ ငါ၏နှုတ်ကပတ်တော်များကို လူသားများသို့ ထွက်၍ဟောပြောရလိမ့်မည်။
၇ ရှုလော့၊ သူတို့သည် ငါ့နှုတ်ကပတ်တော်များကို မယုံကြည်ကြလျှင်၊ သင်၊ ငါ့ကျွန်ဂျိုးဇက်စမစ်ကို ယုံကြည်ကြလိမ့်မည်မဟုတ်၊ ဖြစ်နိုင်လေမည်ဆိုလျှင်၊ သင်သည် သူတို့အား၊ သင်နှင့် ငါကတိကဝတ်ပြုလေသည့် ခပ်သိမ်းသော ဤအရာတို့ကို ဖော်ပြရလိမ့်မည်။
၈ အို၊ ဤမယုံကြည်နိုင်စရာ လည်ပင်းခိုင်မာသောမျိုးဆက်တို့—သူတို့တစ်ဖက်၌ ငါ့အမျက်တော်ထွက်လေပြီ။
၉ ရှုလော့၊ သင့်ကို ငါအမှန်ဆိုသည်ကား၊ ငါ့၌ရှိသော ဉာဏ်ပညာအမြော်အမြင်ရှိသည့် အကြံအစည်အတွက် သင်၊ ငါ့ကျွန်ဂျိုးဇက်စမစ်ကို ငါယုံကြည်လွှဲအပ်ထားသည့် ထိုအရာတို့ကို ငါသိမ်းထားတော်မူလေပြီ။ ထိုအကြံအစည်ကိုလည်း အနာဂတ်မျိုးဆက်တို့ထံ ဖော်ပြလိမ့်မည်။
၁၀ ဤမျိုးဆက်သည် ငါ၏နှုတ်ကပတ်တော်ကို သင်အားဖြင့် ရရှိလိမ့်မည်။
၁၁ သင်၏သက်သေခံချက်အပြင်၊ ငါခေါ်သွင်း၍ခန့်ထားတော်မူမည့်သူ၊ ဤအရာတို့ကိုလည်း ငါပြမည့်သူတည်းဟူသော ငါ့ကျွန်သုံးဦး၏သက်သေခံချက်ကိုလည်း ရရှိလိမ့်မည်။ ၎င်းတို့သည်လည်း သင့်အားဖြင့် ပေးထားသည့် ငါ၏နှုတ်ကပတ်တော်များနှင့်အတူ ထွက်သွားလိမ့်မည်။
၁၂ ထိုမှတစ်ပါး၊ ဤအရာတို့မှန်ကန်ကြောင်းကို သူတို့ဧကန်အမှန်သိကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဘုံမှနေ၍၊ ငါသည် သူတို့ကို ဟောကြားတော်မူမည်။
၁၃ ထိုအရာတို့ကို အရှိအတိုင်း သူတို့ကြည့်၍ မြင်နိုင်ကြစေခြင်းငှာ သူတို့အား တန်ခိုးကို ငါပေးတော်မူမည်။
၁၄ —လကဲ့သို့ ကြည်လင်လျက်၊ နေကဲ့သို့ တင့်တယ်လျက်၊ အလံများနှင့် တပ်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ဖြစ်လျက်ရှိသော ငါ့အသင်းတော် တည်ထောင်ခြင်းနှင့် တောရိုင်းထဲမှ ထွက်ပေါ်လာခြင်း အစပြုရာ ဤမျိုးဆက်၌ ဤတူညီသောသက်သေခံချက်ကို ရရှိစေဖို့၊ အခြားအဘယ်သူ့ကိုမျှလည်း ဤတန်ခိုးကို ငါပေးမည်မဟုတ်။
၁၅ ငါ၏နှုတ်ကပတ်တော်အကြောင်း သက်သေသုံးဦးတို့၏သက်သေခံချက်ကို ငါစေလွှတ်မည်။
၁၆ ရှုဦးလော့၊ ငါ၏နှုတ်ကပတ်တော်အား ယုံကြည်သူမှန်သမျှကို ငါ့ဝိညာဉ်တော်၏ထင်ရှားစွာပြတော်မူခြင်းဖြင့် ငါအကြည့်အရှုကြွတော်မူမည်။ သူတို့ကိုလည်း ငါ့အားဖြင့်၊ အကယ်စင်စစ်၊ ရေအားဖြင့်၊ ဝိညာဉ်တော်အားဖြင့် ဖြစ်ဖွားစေလိမ့်မည်—
၁၇ သင်သည်လည်း ခဏစောင့်ရမည်၊ အကြောင်းမူကား၊ သင်သည် ခန့်ထားမခံရသေး—
၁၈ ဤမျိုးဆက်သည် ထိုအရာတို့ကိုဆန့်ကျင်ပြီး၊ သူတို့၏စိတ်နှလုံးကို မာကျောစေကြလျှင်၊ သက်သေသုံးဦး၏သက်သေခံချက်သည် သူတို့၏အပြစ်ဒဏ်ချမှတ်ခြင်းကို ဖြစ်စေလိမ့်မည်။
၁၉ အကြောင်းမူကား၊ မြေကြီးပေါ်မှာနေထိုင်သူတို့သည် နောင်တရခြင်းမရှိလျှင်၊ လူဆိတ်ညံခြင်းကျာပွတ်သည် သူတို့၌ ထွက်သွားလျက်၊ အချိန်နှင့်အမျှ ဆက်၍သွန်းလောင်းလိမ့်မည်၊ ငါ၏ကြွလာတော်မူခြင်းရောင်ခြည်ကြောင့် မြေကြီး၌ လူမရှိ၊ နေထိုင်သူများ ကွယ်ပျောက်၍၊ ရှင်းရှင်းဖျက်ဆီးခံရသည့် တိုင်အောင်ပင်တည်း။
၂၀ ရှုလော့၊ ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်စပ်လျဉ်း၍ လူတို့ကို ငါပြောပြသကဲ့သို့ပင်၊ ဤအရာတို့ကို သင့်အား ငါပြောပြ၏။ ငါ၏နှုတ်ကပတ်တော်သည် ယခင်ကပြည့်စုံလေသကဲ့သို့ပင် ဤအချိန်၌လည်း ပြည့်စုံလိမ့်မည်။
၂၁ ယခုမူကား၊ သင့်ကို ငါမိန့်တော်မူသည်မှာ၊ ငါ့ကျွန်ဂျိုးဇက်၊ နောင်တရလျက်၊ ငါ့ရှေ့၌ ပို၍ဖြောင့်မတ်စွာကျင့်ရန်၊ ထို့အတူ၊ လူသားတို့၏သွေးဆောင်ခြင်းများကို ဝန်မခံတော့ရန်၊
၂၂ ထို့အတူ၊ သင်သည် ငါမိန့်တော်မူလေသည့် ပညတ်တော်များကို စောင့်ထိန်းရာ၌ ခိုင်မြဲရမည့်အကြောင်းပေတည်း။ ဤသို့ပြုလျှင်၊ ရှုလော့၊ သင်ကွပ်မျက်ခံရသော်လည်း ထာဝရအသက်ကို သင့်အား ငါပေး၏၊
၂၃ ယခုမူကား၊ တစ်ဖန်၊ သင့်ကို ငါမိန့်တော်မူသည်မှာ၊ ငါ့ကျွန်ဂျိုးဇက်၊ သက်သေကို အလိုရှိသည့်သူနှင့်စပ်လျဉ်း၍—
၂၄ ရှုလော့၊ ထိုသူ့ကို ငါဆိုသည်ကား၊ သူသည် သူ့ကိုယ်သူ ချီးမြှောက်ပြီး၊ သူ့ကိုယ်သူ ငါ့ရှေ့မှာ လုံလုံလောက်လောက် မနှိမ့်ချ။ သို့ရာတွင်၊ သူသည် ငါ့ရှေ့မှာ ဦးညွှတ်၍၊ အားကြီးသောဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းဖြင့်၊ သူ့စိတ်နှလုံး၏ရိုးသားခြင်းဖြင့် သူ့ကိုယ်သူနှိမ့်ချလျှင်၊ ထို့နောက်မှာ၊ သူမြင်လိုသည့်အရာတို့၏မြင်ကွင်းကို သူ့အား ငါပေးမည်။
၂၅ ထို့နောက်တွင်၊ သူသည် ဤမျိုးဆက်၏လူတို့ကို ဆိုလိမ့်မည်မှာ၊ ရှုလော့၊ ဂျိုးဇက်စမစ်အငယ်အား ကိုယ်တော်ရှင်ပြတော်မူလေသည့်အရာတို့ကို ငါမြင်ရလေပြီ။ ထိုအရာတို့မှန်ကန်ကြောင်းကို ငါဧကန်အမှန်သိ၏။ အကြောင်းမူကား၊ ထိုအရာတို့ကို ငါမြင်ရလေပြီ။ လူသားအားဖြင့်မဟုတ်ဘဲ၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ထိုအရာတို့ကို ငါ့အား ပြတော်မူလေပြီ။
၂၆ ငါကိုယ်တော်ရှင်သည်လည်း ငါ့ကျွန်မာတင်ဟဲရစ်ကို မိန့်တော်မူသည်ကား၊ ထိုအရာတို့ကို ငါမြင်ရလေပြီ၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ထိုအရာတို့ကို ငါ့အား ပြတော်မူလေပြီဟု သူဆိုရမည့်အရာမှတစ်ပါး၊ ဤအရာများနှင့်စပ်လျဉ်းပြီး သူတို့ကို မပြောရတော့မည့် အကြောင်းပေတည်း။
၂၇ သို့ရာတွင်၊ သူသည် ဤအရာကို ငြင်းဆိုပြီး ယခင်က ငါနှင့်ပဋိညာဉ်ပြုခဲ့သည့် ပဋိညာဉ်ကို ချိုးဖောက်မည်ဆိုလျှင်၊ ရှုလော့၊ ပြစ်ဒဏ်ချမှတ်ခံရ၏။
၂၈ ယခုမူကား၊ သူ့ကိုယ်သူနှိမ့်ချခြင်း၊ သူပြုလေသောအရာများ မှားယွင်းကြောင်း ငါ့ထံသို့ဝန်ခံခြင်း၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းမည့်အကြောင်း ငါနှင့် ပဋိညာဉ်ပြုခြင်း၊ ငါ့ကို ယုံကြည်မှုပြုခြင်းတို့ မရှိလျှင်၊ ရှုလော့၊ သူ့ကို ငါဆိုသည်ကား၊ သူသည် ထိုကဲ့သို့သောအမြင်ကို ရရှိလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ငါသည် မိန့်တော်မူလေသည့် အရာများ၏မြင်ကွင်းကို သူ့အား ပေးလိမ့်မည်မဟုတ်။
၂၉ ဤသို့ဖြစ်လျှင်၊ သင့်ကို ငါမိန့်တော်မူသည်ကား၊ ငါ့ကျွန် ဂျိုးဇက်၊ သူ့ကို သင်ဆိုရမည်ကား၊ သူမပြုရတော့မည့် အကြောင်းနှင့်၊ ဤအမှုနှင့်စပ်လျဉ်းပြီး ငါ့ကို အဘယ်တော့မျှ မနှောင့်ယှက် ရတော့မည့် အကြောင်းပေတည်း။
၃၀ ဤသို့ဖြစ်လျှင်၊ သင့်ကို ငါဆိုသည်ကား၊ ဂျိုးဇက်၊ သင်သည် နောက်ထပ်စာမျက်နှာအနည်းငယ်ကို ဘာသာပြန်လေပြီးလျှင်၊ ကာလအတန်အရာ ရပ်ရမည်၊ သင့်ကို ငါတစ်ဖန် မိန့်တော်မူသည့်တိုင်အောင်ပင်တည်း။ ထို့နောက်တွင်၊ သင်တစ်ဖန် ဘာသာပြန်နိုင်ပေ၏။
၃၁ သင်ဤသို့မပြုလျှင်၊ ရှုလော့၊ သင်သည် ဆုကျေးဇူး မရရှိတော့လတ္တံ့၊ သင့်ကို ငါယုံကြည်လွှဲအပ်လေသည့် အရာတို့ကိုလည်း ငါနှုတ်ယူတော်မူမည်။
၃၂ ယခုမူကား၊ သင့်ကို ဖျက်ဆီးခြင်းငှာ ချောင်းမြောင်း၍စောင့်သောသူများကို ငါကြိုတင်၍မြင်သဖြင့်၊ ထိုမှတစ်ပါး၊ ငါ့ကျွန်မာတင်ဟဲရစ်သည် သူ့ကိုယ်သူနှိမ့်ချခြင်းနှင့် ငါ့လက်မှသက်သေကိုရရှိခြင်းတို့ မရှိလျှင်၊ လွန်ကျူးခြင်းထဲသို့ လဲကျလိမ့်မည်ကို ငါကြိုတင်၍မြင်၏။
၃၃ သင့်ကို မြေကြီးမျက်နှာပြင်မှ ဖျက်ဆီးခြင်းငှာ၊ ချောင်းမြောင်း၍စောင့်သောသူ များစွာရှိ၏။ ဤအကြောင်းရင်းကြောင့်၊ သင်၏အသက်တာရှည်စေမည့်အကြောင်း၊ ငါသည် သင့်အား ဤပညတ်တော်များကို ပေးလေပြီ။
၃၄ ထိုမှတစ်ပါး၊ ဤအကြောင်းရင်းကြောင့်၊ ငါမိန့်တော်မူလေသည်ကား၊ ရပ်လော့၊ သင့်ကို ငါ မိန့်တော်မူသည့် တိုင်အောင် ငြိမ်ပြီးရပ်နေလော့။ သင့်ကို ငါမိန့်တော်မူလေသည့်အရာကို သင်ပြီးမြောက်နိုင်စေမည့်အစီအစဉ်များကိုလည်း ငါပေးသနားတော်မူမည်။
၃၅ သင်သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာရှိလျှင်၊ နောက်ဆုံးသောနေ့၌ ချီးမြှောက်ခံရလိမ့်မည်။ အာမင်။