အပိုဒ်ငယ် ၆၀
၁၈၃၁ ခု၊ ဩဂုတ်လ ၈ ရက်၊ အင်ဒီပန်းဒင့်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤအချိန်တွင်၊ ဂျက်ဆင်ခရိုင်သို့ခရီးသွားခဲ့လေပြီး၊ မြေနှင့် ဗိမာန်တော်နေရာဆက်ကပ်ဖွင့်လှစ်ခြင်းတွင် ပါဝင်ခဲ့သည့် အသင်းလူကြီးတို့သည် မည့်သည့်အရာကို ပြုရမည့်အကြောင်း သိခြင်းငှာ တောင်းဆိုခဲ့ကြ၏။
၁–၉၊ အသင်းလူကြီးတို့သည် ဆိုးညစ်သောပရိတ်သတ်၌ ဧဝံဂေလိတရားတော်ကို ဟောပြောကြရမည်။ ၁၀–၁၄၊ သူတို့သည် မိမိတို့အချိန်ကို မဖြုန်းရ၊ မိမိတို့ဥစ္စာကိုလည်း မြေမမြှုပ်ရ။ ၁၅–၁၇၊ သူတို့သည် ဧဝံဂေလိတရားတော်ကို ငြင်းပယ်ကြသောသူများ တစ်ဖက်၌ သက်သေခံချက်အဖြစ် မိမိတို့ခြေကို ဆေးနိုင်ကြ၏။
၁ ရှုလော့၊ လာခဲ့သည့်မြေမှ အလျင်အမြန်ပြန်လာရမည့် သူများတည်းဟူသော မိမိအသင်းတော်မှ အသင်းလူကြီးတို့ကို ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ရှုလော့၊ ဤနေရာသို့ သင်တို့တက်လာကြလေခြင်းက ငါ့ကို နှစ်သက်စေပြီ။
၂ သို့ရာတွင်၊ အချို့သောသူတို့ကို ငါအလွန်မနှစ်သက်၊ အကြောင်းမူကား၊ သူတို့သည် လူကို ကြောက်ရွံ့ခြင်းကြောင့်၊ မိမိတို့နှုတ်ကို မဖွင့်ကြဘဲ၊ သူတို့ကို ငါပေးထားလေသည့် ဥစ္စာကို ဝှက်ထားကြ၏။ ထိုကဲ့သို့သောသူတို့သည် အမင်္ဂလာရှိကြ၏၊ အကြောင်းမူကား၊ ငါသည် သူတို့ကို အမျက်ထွက်၏။
၃ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ သူတို့သည် ငါ့အပေါ် ပို၍သစ္စာမရှိလျှင်၊ သူတို့မှာရှိသည့်အရာကိုပင် သိမ်းယူသွားလိမ့်မည်။
၄ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် အထက်ကောင်းကင်၌၊ ထို့အတူ မြေကြီးပေါ်ရှိတပ်များ၌၊ အုပ်စိုးတော်မူ၏။ ငါ၏ရတနာများကို ငါစုဆောင်းသောနေ့၌လည်း၊ ဘုရားသခင်၏တန်ခိုးတော်ကို ပြသည့်အရာကို လူသားအပေါင်းတို့ သိကြလိမ့်မည်။
၅ သို့ရာတွင်၊ သင်တို့လာခဲ့သည့်မြေသို့ သင်တို့၏ခရီးနှင့်စပ်လျဉ်း၍၊ သင်တို့ကို ငါအမှန်ဆိုမည်။ သင်တို့ကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း ရေယာဉ်တစ်စီးကို တည်ဆောက်စေလော့၊ သို့မဟုတ် ဝယ်ယူစေလော့၊ ငါ့အဖို့ အရေးမကြီး၊ စိန့်လူးဝစ်ဟုခေါ်သောအရပ်သို့ အလျင်အမြန်ခရီးသွားလော့။
၆ ငါ့ကျွန်များဖြစ်သည့် ဆစ်ဒနီရစ်ဂဒွန်၊ ဂျိုးဇက်စမစ်အငယ်နှင့် အော်လီဗာကောင်ဒရီတို့ကို ထိုနေရာမှနေ၍၊ စင်စင်နတ်တီသို့ ခရီးသွားစေလော့။
၇ ဤအရပ်၌ သူတို့ကြွေးကြော်စေပြီး၊ ငါ၏နှုတ်ကပတ်တော်ကို ကျယ်သောအသံနှင့်၊ အမျက်ထွက်ခြင်း သို့မဟုတ် ယုံမှားသံသယဖြစ်ခြင်းမရှိဘဲ၊ သန့်ရှင်းသောလက်ကို သူတို့အပေါ်မှာချီလျက် ဟောကြားစေလော့။ အကြောင်းမူကား၊ ငါသည် သင်တို့ကို သန့်ရှင်းစေဖို့ တတ်နိုင်တော်မူ၏၊ သင်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်၏။
၈ ကျန်ကြွင်းသောသူတို့အား စိန့်လူးဝစ်မှနေ၍၊ နှစ်ဦးချင်းစီခရီးသွားစေလော့၊ သူတို့လာခဲ့ရာ အသင်းတော်များသို့ ပြန်လာသည့်အချိန်အထိ ဆိုးညစ်သောပရိတ်သတ်တို့၌ နှုတ်ကပတ်တော်ကို ဟောပြောစေလော့၊ အလျင်အမြန်မပြုရ။
၉ ခပ်သိမ်းသောဤအရာတို့သည်ကား၊ အသင်းတော်တို့၏အကျိုးအတွက်ပေတည်း။ အကြောင်းမူကား၊ ဤရည်ရွယ်ချက်ကြောင့်၊ သူတို့ကို ငါစေလွှတ်တော်မူလေပြီ။
၁၀ ငါ့ကျွန်အက်ဒဝါ့ပါ့ထရစ်ဂ်ျအား သူ့ကို ငါပေးထားလေသည့် ငွေမှ၊ တစ်စိတ်တစ်ပိုင်းကို၊ ပြန်လာဖို့မိန့်မှာခံထားရသည့် ငါ၏အသင်းလူကြီးတို့အား မျှ၍ပေးစေလော့။
၁၁ တတ်နိုင်သောသူအား၊ ကိုယ်စားလှယ်အားဖြင့် ပြန်ပေးစေလော့။ မတတ်နိုင်သောသူမှာ ပြန်ပေးဖို့ မလိုအပ်။
၁၂ ယခုမူကား၊ ဤမြေသို့လာကြမည့် ကျန်ကြွင်းသောသူတို့အကြောင်းကို ငါမိန့်တော်မူ၏။
၁၃ ရှုလော့၊ သူတို့သည် ဆိုးညစ်သောပရိတ်သတ်တို့၌ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောစေဖို့ စေလွှတ်ခံရလေပြီ။ သို့ဖြစ်၍၊ သူတို့အား ပညတ်တော်ကို ငါပေးသည်မှာ၊ သင်၏ အချိန်ကို သင်မဖြုန်းရ၊ သင်၏ ဥစ္စာကိုလည်း မသိနိုင်စေခြင်းငှာ မြေမမြှုပ်ရ။
၁၄ သင်သည် ဇိအုန်မြေသို့ တက်လာလေပြီး၊ ငါ၏နှုတ်ကပတ်တော်ကို ကြေညာလေပြီးနောက်၊ အလျင်အမြန်ပြန်လာရမည်၊ ဆိုးညစ်သောပရိတ်သတ်တို့၌ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလျက်နေလော့၊ အလျင်အမြန်မပြုရ၊ အမျက်ထွက်ခြင်းနှင့် မပြုရ၊ ရန်တွေ့ခြင်းနှင့်လည်း မပြုရ။
၁၅ သင်တို့ကို လက်ခံခြင်းမရှိသူတို့ တစ်ဖက်၌ သင်တို့ခြေမှမြေမှုန့်ကို ခါလိုက်လော့၊ သူတို့ကို မနှိုးဆော်မည့်အကြောင်း၊ သူတို့မျက်မှောက်မှာမပြုရ၊ သို့ရာတွင်၊ လျှို့ဝှက်စွာပြုလော့။ တရားစီရင်တော်မူရာနေ့၌ သူတို့တစ်ဖက်မှာ သက်သေခံချက်အဖြစ် သင်တို့ခြေကို ဆေးလော့။
၁၆ ရှုလော့၊ ဤအရာသည် သင်တို့အတွက် လုံလောက်ပေ၏၊ သင်တို့ကို စေလွှတ်တော်မူလေသည့်သူ၏ အလိုတော်လည်းဖြစ်၏။
၁၇ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်၏ နှုတ်အားဖြင့်၊ ဆစ်ဒနီရစ်ဂဒွန်နှင့် အော်လီဗာကောင်ဒရီတို့ အကြောင်းကို ဖော်ပြလိမ့်မည်။ ကျန်ကြွင်းသောအရာကို နောင်ကာလမှ ဖော်ပြဦးမည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။