အပိုဒ်ငယ် ၆၁
၁၈၃၁ ခု၊ ဩဂုတ်လ ၁၂ ရက်၊ မစ်ဆိုရီမြစ်ကမ်း၊ မက်ကလွိန်းကွေ့၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ကာ့တ်လန်းသို့ သူတို့၏အပြန်ခရီးတွင်၊ ပရောဖက်နှင့် အသင်းလူကြီးတို့သည် မစ်ဆိုရီမြစ်သို့ဆင်း၍၊ ကနူးလှေဖြင့် ခရီးသွားခဲ့ကြ၏။ ခရီးသုံးရက်မြောက်သောနေ့တွင် များစွာသောဘေးအန္တရာယ်တို့ကို တွေ့ကြုံခဲ့ကြရ၏။ အသင်းလူကြီးဝီလျံဒဗလျူဖဲလပ်သည် ဖျက်ဆီးသောသူ ရေမျက်နှာပြင်ပေါ်၌ တန်ခိုးဖြင့်၊ စီးလျက်ရှိသည်ကို နေ့အလင်းရူပါရုံဖြင့်၊ မြင်ခဲ့၏။
၁–၁၂၊ ကိုယ်တော်ရှင်သည် ရေပေါ်၌ များစွာသောဖျက်ဆီးခြင်းတို့ကို စီရင်တော်မူလေ၏။ ၁၃–၂၂၊ ရေများသည် ယောဟန်အားဖြင့် အကျိန်ခံရ၏၊ ဖျက်ဆီးသောသူသည် ၎င်းတို့မျက်နှာပြင်ပေါ်မှာစီး၏။ ၂၃–၂၉၊ အချို့သောသူတို့သည် ရေများကို အမိန့်ပေးဖို့ တန်ခိုးရှိကြ၏။ ၃၀–၃၅၊ အသင်းလူကြီးတို့သည် နှစ်ဦးချင်းစီ ခရီးသွားပြီး၊ ဧဝံဂေလိတရားတော်ကို ဟောပြောရမည်။ ၃၆–၃၉၊ သူတို့သည် လူသားတော်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ကြရမည်။
၁ ရှုလော့၊ ထာဝရတည်မြဲခြင်းမှ ထာဝရတည်မြဲခြင်းသို့ဖြစ်သည့်၊ အာလဖနှင့် ဩမေဃပင်ဖြစ်သည့်၊ အစနှင့်အဆုံးဖြစ်သည့်သူတည်းဟူသော၊ အလုံးစုံသော တန်ခိုးရှိတော်မူသည့်သူ၏ အသံကို စေ့စေ့နားထောင်လော့။
၂ ရှုလော့၊ သင်တို့ကို ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ အို ဤနေရာ၌ စည်းဝေးကြသူများတည်းဟူသော ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့၊ ယခုတွင် သင်တို့၏အပြစ်များကို ခွင့်လွှတ်၏၊ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် အပြစ်များကို ခွင့်လွှတ်၏၊ နှိမ့်ချသောစိတ်နှလုံးဖြင့် မိမိတို့အပြစ်များကို ဝန်ခံကြသောသူတို့ကိုလည်း ကရုဏာကြီးတော်မူ၏။
၃ သို့ရာတွင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ကမ်းတစ်ဖက်တစ်ချက်၌ရှိသည့် နေထိုင်သူတို့ မယုံကြည်ခြင်းဖြင့် ပျက်စီးလျက်ရှိစဉ်တွင်၊ ငါ၏ ဤအသင်းလူကြီးအဖွဲ့ တစ်ခုလုံး ရေများပေါ်မှာ လျင်မြန်စွာရွှေ့ပြောင်းဖို့ မလိုအပ်။
၄ သို့သော်လည်း၊ သင်တို့သက်သေခံနိုင်ကြစေဖို့ ငါအခွင့်ပေး၏။ ရှုလော့၊ ရေများပေါ်၌ များစွာသောဘေးအန္တရာယ်များရှိ၏၊ အထူးသဖြင့် နောင်ကာလ၌ပင်တည်း။
၅ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ရေများပေါ်၌ များစွာသောဖျက်ဆီးခြင်းတို့ကို ငါ၏အမျက်ဖြင့် စီရင်တော်မူလေပြီ။ ထိုမှတစ်ပါး၊ အထူးသဖြင့်၊ ဤရေများပေါ်၌ပင်တည်း။
၆ သို့သော်လည်း၊ ခပ်သိမ်းသော လူတို့ သည် ငါ့လက်ထဲ၌ ရှိ၏၊ သင်တို့၌ရှိသည့် သစ္စာရှိသောသူသည် ရေဘေးဖြင့် မပျက်စီးရ။
၇ သို့ဖြစ်၍၊ ငါ့ကျွန်ဆစ်ဒနီဂီလ်ဗာနှင့် ငါ့ကျွန်ဝီလျံဒဗလျူဖဲလပ်တို့သည် သူတို့၏ အမှုတော်နှင့် သာသနာပြုခြင်း၌ အလျင်အမြန်ဆောင်ရွက်ရမည်။
၈ သို့သော်လည်း၊ သင်တို့တစ်လုံးတစ်ဝတည်းရှိနိုင်ကြစေကြောင်း၊ ဆိုးညစ်ခြင်း၌ သင်တို့မပျက်စီးနိုင်ကြစေကြောင်း၊ သင်တို့၏ ခပ်သိမ်းသောအပြစ်များအတွက် သင်တို့ဆုံးမ မခံရမီ ခွဲခွာဖို့ ငါအခွင့်ပေးမည်မဟုတ်။
၉ သို့ရာတွင်၊ ယခုမူကား၊ ငါအမှန်ဆိုသည်မှာ၊ သင်တို့ခွဲခွာစေရန် ငါ့၌ အကြောင်းရှိ၏။ သို့ဖြစ်၍၊ ငါ့ကျွန်များဖြစ်သည့် ဆစ်ဒနီဂီလ်ဗာ့နှင့် ဝီလျံဒဗလျူဖဲလပ်တို့အား သူတို့၏ယခင်အဖွဲ့နှင့် သွားစေပြီး၊ သူတို့၏သာသနာပြုခြင်းကို ပြီးမြောက်စေခြင်းငှာ၊ အလျင်အမြန်ခရီးသွားကြစေလော့၊ ယုံကြည်ခြင်းအားဖြင့်လည်း သူတို့အောင်နိုင်ကြလိမ့်မည်။
၁၀ သူတို့သည် သစ္စာရှိကြသမျှ၊ ကာကွယ်စောင့်မခံကြရလိမ့်မည်၊ ငါ၊ ကိုယ်တော်ရှင်သည်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။
၁၁ ကျန်ကြွင်းသောသူတို့အား၊ အဝတ်အတွက်လိုအပ်သည့်အရာကို ယူကြစေလော့။
၁၂ မိမိအတွက် မလိုအပ်သည့် အရာကို သင်တို့သဘောတူသည့် အတိုင်း ငါ့ကျွန်ဆစ်ဒနီဂီလ်ဗာ့ ယူစေလော့။
၁၃ ယခုမူကား၊ ရှုလော့၊ ဤအရာတို့နှင့် စပ်လျဉ်း၍၊ သင်တို့ကောင်းကျိုးအတွက် သင်တို့ကို ငါမိန့်မှာ၏၊ ငါကိုယ်တော်ရှင်သည်၊ ရှေးနေ့ရက်များက လူတို့နှင့် ဆွေးနွေးသကဲ့သို့ သင်တို့နှင့် ဆွေးနွေးတော်မူမည်။
၁၄ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် အစ၌၊ ရေများကို ကောင်းချီးပေးတော်မူခဲ့၏။ သို့ရာတွင်၊ နောက်ဆုံးသောကာလ၌၊ ငါ့ကျွန်ယောဟန်၏နှုတ်အားဖြင့်၊ ရေများကို ငါကျိန်ခဲ့၏။
၁၅ သို့ဖြစ်၍၊ ရေများပေါ်၌ အဘယ်သူမျှဘေးမကင်းမည့်ကာလ ကျရောက်လာလိမ့်မည်။
၁၆ စိတ်နှလုံး ဖြောင့်မှန်သောသူမှတစ်ပါး၊ ရေများပေါ်၌ ဇိအုန်မြေသို့ တက်သွားဖို့ အဘယ်သူမျှ၊ မတတ်နိုင်ဟု နောင်လာမည့်ကာလ၌ ဆိုကြလိမ့်မည်။
၁၇ ထို့အတူ၊ ငါ၊ ကိုယ်တော်ရှင်သည်၊ အစ၌ မြေကို ကျိန်ခဲ့ပြီး၊ ထိုကဲ့သို့ပင်၊ ငါ၏သန့်ရှင်းသူများ ၎င်း၏ဆီဥကို သုံးဆောင်နိုင်ကြစေခြင်းငှာ၊ အသုံးပြုစရာအတွက်၊ သူ့အချိန်တန်သည့်အခါ နောက်ဆုံးသောကာလ၌ ကောင်းချီးပေးတော်မူလေပြီ။
၁၈ ယခုမူကား၊ ငါသည် တစ်ယောက်သောသူအား ဆိုသည့်အရာကို ခပ်သိမ်းသောသူတို့အား ဆိုကြောင်း၊ ဤရေများနှင့် စပ်လျဉ်း၍ သင်တို့၏ညီအစ်ကိုတို့ကို သင်တို့ကြိုတင် သတိပေးရမည့်အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။ သူတို့ယုံကြည်ခြင်းပျက်၍၊ ထောင်ချောက်များ၌ အဖမ်းမခံရနိုင်စေခြင်းငှာ၊ ခရီးသွားရာ၌ ဤရေများပေါ်မှ သူတို့ လာခြင်းမပြုကြစေကြောင်းပင်တည်း။
၁၉ ငါ၊ ကိုယ်တော်ရှင်၊ စီရင်တော်မူလေပြီ၊ ဖျက်ဆီးသောသူသည်လည်း ထိုမျက်နှာပြင်ပေါ်မှာစီး၏၊ ငါသည်လည်း စီရင်ချက်ကို ပယ်ဖျက်ခြင်းမပြု။
၂၀ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့ကို မနေ့က အမျက်ထွက်ခဲ့၏၊ သို့ရာတွင်၊ ယနေ့၌ ငါ၏အမျက်ငြိမ်း၏။
၂၁ သို့ဖြစ်၍၊ အလျင်အမြန်ခရီးသွားရမည်ဟု ငါမိန့်တော်မူလေသည့်သူများနှင့်စပ်လျဉ်း၍—တစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့ကို အလျင်အမြန်ခရီးသွားကြစေလော့။
၂၂ ခဏကြာပြီးနောက်တွင်၊ သူတို့၏သာသနာပြုခြင်းကို သူတို့ပြီးမြောက်ကြလျှင်၊ သူတို့ ရေလမ်းဖြင့် သွားသည်ဖြစ်စေ၊ ကုန်းလမ်းဖြင့် သွားသည်ဖြစ်စေ၊ ငါ့အဖို့ အရေးမကြီး။ သူတို့ကို ဖော်ပြထားသည့်အတိုင်း၊ နောင်ကာလ၌ သူတို့၏စီရင်ချက်များအတိုင်း ဖြစ်စေလော့။
၂၃ ယခုမူကား၊ ငါ့ကျွန်များဖြစ်သည့်၊ ဆစ်ဒနီရစ်ဂဒွန်၊ ဂျိုးဇက်စမစ်အငယ်နှင့် အော်လီဗာကောင်ဒရီတို့အား၊ သူတို့အိမ်သို့ အပြန်ခရီး၌ တူးမြောင်းပေါ်မှတစ်ပါး၊ ရေများပေါ်မှာ တစ်ဖန်မလာစေနှင့်။ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ သူတို့သည် တူးမြောင်းပေါ်မှတစ်ပါး၊ ရေများပေါ်သို့လာ၍ ခရီးမသွားရ။
၂၄ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် ငါ့သန့်ရှင်းသူများ၏ ခရီးသွားခြင်းအတွက် လမ်းကို စီရင်တော်မူလေပြီ။ ရှုဦးလော့၊ ဤအရာသည် လမ်းဖြစ်၏—သူတို့သည် တူးမြောင်းမှ ထွက်ခွာကြပြီးနောက်၊ ဇိအုန်မြေသို့ ခရီးသွား၍၊ တက်သွားဖို့ မိန့်မှာခံကြရသမျှ ကုန်းလမ်းဖြင့် ခရီးသွားရမည်။
၂၅ သူတို့သည် လမ်းတစ်လျှောက်တွင် မိမိတို့တဲများကို ဆောက်လျက်၊ ဣသရေလအမျိုးသားများ ကဲ့သို့ ပြုကြရမည်။
၂၆ ထို့အတူ၊ ရှုလော့၊ ဤပညတ်တော်ကို သင်တို့၏ခပ်သိမ်းသော ညီအစ်ကိုတို့အား သင်တို့ပေးကြရမည်။
၂၇ သို့သော်လည်း၊ ရေများကို အမိန့်ပေးဖို့ တန်ခိုးကို ပေးထားသောသူအား ခပ်သိမ်းသော လမ်းတော်တို့ကို သိစေဖို့ ဝိညာဉ်တော်အားဖြင့် ပေးထားတော်မူ၏။
၂၈ သို့ဖြစ်၍၊ နောင်ကာလတွင်ပြုဖို့ ငါ့၌ ဆက်၍ တည်သကဲ့သို့၊ ကုန်းပေါ်၌ဖြစ်စေ၊ ရေများပေါ်၌ဖြစ်စေ၊ ထိုသူအား အသက်ရှင်တော်မူသည့် ဘုရားသခင်၏ ဝိညာဉ်တော် မိန့်တော်မူသည့်အတိုင်း၊ ပြုစေလော့။
၂၉ သန့်ရှင်းသူတို့အတွက် လမ်းကြောင်းကို၊ သို့မဟုတ် ကိုယ်တော်ရှင်၏ သန့်ရှင်းသူများတပ်အတွက် ခရီးသွားဖို့ လမ်းကို သင်တို့အား ဖော်ပြထား၏။
၃၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်များဖြစ်သည့်၊ ဆစ်ဒနီရစ်ဂဒွန်၊ ဂျိုးဇက်စမစ်အငယ်နှင့် အော်လီဗာကောင်ဒရီတို့သည် စင်စင်နတ်တီသို့ မရောက်မီ ဆိုးညစ်သော ပရိတ်သတ်တို့၌ မိမိတို့နှုတ်ကို မဖွင့်ရ။
၃၁ ထိုနေရာ၌၊ သူတို့သည် ထိုလူမျိုးတို့ တစ်ဖက်၌ ဘုရားသခင်ထံသို့၊ အထူးသဖြင့်၊ ဖျက်ဆီးခြင်းအဖို့ ရင့်မှည့်လုရှိသည့် လူမျိုးတို့၏ ဆိုးညစ်ခြင်းကို အမျက်ထွက်သူထံသို့ ကြွေးကြော်ရမည်။
၃၂ ထိုနေရာမှနေ၍၊ သူတို့ညီအစ်ကိုတို့၏ပရိတ်သတ်ဆီသို့ သူတို့ကို ခရီးသွားစေလော့၊ အကြောင်းမူကား၊ ဆိုးညစ်သောပရိတ်သတ်တို့မှာထက်၊ ထိုသူတို့ဆီ၌ ယခုမှာပင် သူတို့၏လုပ်အားကို သာ၍မြောက်မြားစွာလိုအပ်ကြ၏။
၃၃ ယခုမူကား၊ ကျန်ကြွင်းသူတို့နှင့် စပ်လျဉ်း၍၊ သူတို့အား ခရီးသွားစေပြီး၊ အခွင့်ပေးထားသမျှ၊ နှုတ်ကပတ်တော်ကို ဆိုးညစ်သောပရိတ်သတ်တို့၌ ဟောကြားစေလော့။
၃၄ သူတို့သည် ဤအမှုကို ပြုကြသမျှ၊ သူတို့၏အဝတ်တန်ဆာများကို ကင်းစင်စေလိမ့်မည်၊ သူတို့သည် ငါ့ရှေ့၌ အပြစ်ကင်းစင်ကြလိမ့်မည်။
၃၅ သူတို့ကို အတူတကွ၊ သို့မဟုတ်၊ နှစ်ဦးချင်းစီ၊ သူတို့ကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း ခရီးသွားကြစေလော့၊ ငါအလွန်နှစ်သက်တော်မူသည့် ငါ့ကျွန် ရေးနိုးကာဟွန်း၊ ထို့အတူ၊ ငါ့ကျွန် ဆင်မြူရယ်လ်အိပ်ခ်ျစမစ်တို့ကိုသာလျှင်၊ သူတို့အိမ်သို့ပြန်မလာမီ မခွဲခွာစေနှင့်၊ ဤအရာသည်ကား၊ ငါ့၌ရှိသော ဉာဏ်ပညာအမြော်အမြင်ရှိသည့် အကြံအစည်အတွက်ဖြစ်၏။
၃၆ ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ တစ်ယောက်သောသူအား ငါဆိုသည့် အရာကို ခပ်သိမ်းသောသူတို့အား ငါဆို၏၊ ရွှင်လန်းကြလော့၊ ကလေးသူငယ်တို့။ အကြောင်းမူကား၊ ငါသည် သင်တို့အလယ်၌ ရှိတော်မူ၏၊ ငါသည် သင်တို့ကို မစွန့်ပစ်။
၃၇ သင်တို့သည် ငါ့ရှေ့၌ သင်တို့ကိုယ်သင်တို့ နှိမ့်ချကြသမျှ၊ နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာတို့သည် သင်တို့၏အရာများ ဖြစ်၏။
၃၈ သင်တို့၏ခါးကို စည်း၍၊ စောင့်ကြည့်ပြီး၊ သမ္မာသတိရှိလျက်၊ လူသားတော်ကြွလာတော်မူခြင်းကို စောင့်မျှော်နေကြလော့၊ အကြောင်းမူကား၊ သူသည် သင်တို့ထင်မှတ်ခြင်းမရှိသည့် နာရီ၌ ကြွလာတော်မူလိမ့်မည်။
၃၉ သင်တို့သည် သွေးဆောင်ဖြားယောင်းခြင်းထဲသို့ ဝင်ခြင်းမရှိစေခြင်းငှာ၊ သင်တို့သည် သူကြွလာတော်မူရာနေ့၌ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ တည်တံ့နိုင်ကြစေခြင်းငှာ၊ အစဉ်အမြဲဆုတောင်းကြလော့။ ထိုကဲ့သို့ပင်တည်း။ အာမင်။