ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၁


အပိုဒ်ငယ် ၆၁

၁၈၃၁ ခု၊ ဩဂုတ်လ ၁၂ ရက်၊ မစ်ဆိုရီ​မြစ်ကမ်း၊ မက်ကလွိန်း​ကွေ့၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ကာ့တ်လန်းသို့ သူတို့၏​အပြန်​ခရီးတွင်၊ ပရောဖက်နှင့် အသင်း​လူကြီးတို့သည် မစ်ဆိုရီ​မြစ်သို့​ဆင်း၍၊ ကနူးလှေဖြင့် ခရီးသွားခဲ့ကြ၏။ ခရီး​သုံးရက်​မြောက်သော​နေ့တွင် များစွာသော​ဘေး​အန္တရာယ်တို့ကို တွေ့ကြုံ​ခဲ့ကြ​ရ၏။ အသင်း​လူကြီး​ဝီလျံ​ဒဗလျူ​ဖဲလပ်သည် ဖျက်ဆီးသောသူ ရေ​မျက်နှာပြင်​ပေါ်၌ တန်ခိုးဖြင့်၊ စီးလျက်​ရှိသည်ကို နေ့အလင်း​ရူပါရုံဖြင့်၊ မြင်ခဲ့၏။

၁–၁၂၊ ကိုယ်တော်ရှင်သည် ရေ​ပေါ်၌ များစွာသော​ဖျက်ဆီးခြင်းတို့ကို စီရင်​တော်မူ​လေ၏။ ၁၃–၂၂၊ ရေများသည် ယောဟန်​အားဖြင့် အကျိန်​ခံရ၏၊ ဖျက်ဆီးသောသူသည် ၎င်းတို့​မျက်နှာပြင်​ပေါ်မှာစီး၏။ ၂၃–၂၉၊ အချို့သော​သူတို့သည် ရေများကို အမိန့်ပေးဖို့ တန်ခိုး​ရှိကြ၏။ ၃၀–၃၅၊ အသင်း​လူကြီးတို့သည် နှစ်ဦးချင်းစီ ခရီးသွားပြီး၊ ဧဝံဂေလိ​တရားတော်ကို ဟောပြော​ရမည်။ ၃၆–၃၉၊ သူတို့သည် လူသားတော်ကြွလာတော်မူခြင်း​အတွက် ပြင်ဆင်ကြ​ရမည်။

ရှုလော့၊ ထာဝရ​တည်မြဲခြင်းမှ ထာဝရ​တည်မြဲခြင်းသို့​ဖြစ်သည့်၊ အာလဖနှင့် ဩမေဃပင်​ဖြစ်သည့်၊ အစနှင့်​အဆုံး​ဖြစ်သည့်သူ​တည်းဟူသော၊ အလုံးစုံသော တန်ခိုး​ရှိတော်မူသည့်သူ၏ အသံကို စေ့စေ့နားထောင်လော့။

ရှုလော့၊ သင်တို့ကို ကိုယ်တော်ရှင် အမှန်​မိန့်တော်မူသည်ကား၊ အို ဤနေရာ၌ စည်းဝေး​ကြသူများ​တည်းဟူသော ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့၊ ယခုတွင် သင်တို့၏​အပြစ်များကို ခွင့်လွှတ်၏၊ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် အပြစ်များကို ခွင့်လွှတ်၏၊ နှိမ့်ချသော​စိတ်နှလုံးဖြင့် မိမိတို့​အပြစ်များကို ဝန်ခံကြသော​သူတို့ကိုလည်း ကရုဏာကြီးတော်မူ၏။

သို့ရာတွင်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ကမ်းတစ်ဖက်​တစ်ချက်၌​ရှိသည့် နေထိုင်သူတို့ မယုံကြည်ခြင်းဖြင့် ပျက်စီးလျက်​ရှိစဉ်တွင်၊ ငါ၏ ဤအသင်း​လူကြီးအဖွဲ့ တစ်ခုလုံး ရေများပေါ်မှာ လျင်မြန်စွာ​ရွှေ့ပြောင်းဖို့ မလိုအပ်။

သို့သော်လည်း၊ သင်တို့​သက်သေခံ​နိုင်ကြ​စေဖို့ ငါ​အခွင့်ပေး၏။ ရှုလော့၊ ရေများ​ပေါ်၌ များစွာသော​ဘေး​အန္တရာယ်များ​ရှိ၏၊ အထူးသဖြင့် နောင်ကာလ၌​ပင်တည်း။

အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ရေများ​ပေါ်၌ များစွာသော​ဖျက်ဆီးခြင်းတို့ကို ငါ၏​အမျက်ဖြင့် စီရင်​တော်မူ​လေပြီ။ ထိုမှ​တစ်ပါး၊ အထူးသဖြင့်၊ ဤရေများ​ပေါ်၌​ပင်တည်း။

သို့သော်လည်း၊ ခပ်သိမ်းသော လူတို့ သည် ငါ့လက်ထဲ၌ ရှိ၏၊ သင်တို့၌​ရှိသည့် သစ္စာ​ရှိသော​သူသည် ရေဘေးဖြင့် မပျက်စီးရ။

သို့ဖြစ်၍၊ ငါ့ကျွန်​ဆစ်ဒနီ​ဂီလ်ဗာနှင့် ငါ့ကျွန်​ဝီလျံ​ဒဗလျူ​ဖဲလပ်တို့သည် သူတို့၏ အမှုတော်နှင့် သာသနာပြုခြင်း၌ အလျင်​အမြန်​ဆောင်ရွက်​ရမည်။

သို့သော်လည်း၊ သင်တို့​တစ်လုံး​တစ်ဝတည်း​ရှိနိုင်ကြ​စေကြောင်း၊ ဆိုးညစ်ခြင်း၌ သင်တို့​မပျက်စီး​နိုင်ကြ​စေကြောင်း၊ သင်တို့၏ ခပ်သိမ်းသော​အပြစ်များ​အတွက် သင်တို့​ဆုံးမ မခံရမီ ခွဲခွာဖို့ ငါ​အခွင့်ပေးမည်​မဟုတ်။

သို့ရာတွင်၊ ယခု​မူကား၊ ငါ​အမှန်​ဆိုသည်မှာ၊ သင်တို့​ခွဲခွာ​စေရန် ငါ့၌ အကြောင်း​ရှိ၏။ သို့ဖြစ်၍၊ ငါ့ကျွန်များ​ဖြစ်သည့် ဆစ်ဒနီ​ဂီလ်ဗာ့နှင့် ဝီလျံ​ဒဗလျူ​ဖဲလပ်တို့အား သူတို့၏​ယခင်​အဖွဲ့နှင့် သွားစေပြီး၊ သူတို့၏​သာသနာပြုခြင်းကို ပြီးမြောက်​စေခြင်းငှာ၊ အလျင်​အမြန်​ခရီးသွားကြ​စေလော့၊ ယုံကြည်ခြင်း​အားဖြင့်လည်း သူတို့​အောင်နိုင်ကြ​လိမ့်မည်။

၁၀ သူတို့သည် သစ္စာ​ရှိကြ​သမျှ၊ ကာကွယ်​စောင့်မ​ခံကြရ​လိမ့်မည်၊ ငါ၊ ကိုယ်တော်ရှင်သည်လည်း သူတို့နှင့်​အတူ ရှိတော်မူမည်။

၁၁ ကျန်ကြွင်းသော​သူတို့အား၊ အဝတ်​အတွက်​လိုအပ်သည့်​အရာကို ယူကြ​စေလော့။

၁၂ မိမိ​အတွက် မလိုအပ်သည့် အရာကို သင်တို့​သဘောတူသည့် အတိုင်း ငါ့ကျွန်​ဆစ်ဒနီ​ဂီလ်ဗာ့ ယူစေလော့။

၁၃ ယခုမူကား၊ ရှုလော့၊ ဤအရာတို့နှင့် စပ်လျဉ်း၍၊ သင်တို့​ကောင်းကျိုး​အတွက် သင်တို့ကို ငါ​မိန့်မှာ၏၊ ငါ​ကိုယ်တော်ရှင်သည်၊ ရှေး​နေ့ရက်များက လူတို့နှင့် ဆွေးနွေး​သကဲ့သို့ သင်တို့နှင့် ဆွေးနွေး​တော်မူမည်။

၁၄ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် အစ၌၊ ရေများကို ကောင်းချီး​ပေးတော်မူ​ခဲ့၏။ သို့ရာတွင်၊ နောက်ဆုံးသော​ကာလ၌၊ ငါ့ကျွန်​ယောဟန်၏​နှုတ်အားဖြင့်၊ ရေများကို ငါ​ကျိန်ခဲ့၏။

၁၅ သို့ဖြစ်၍၊ ရေများ​ပေါ်၌ အဘယ်သူမျှ​ဘေး​မကင်းမည့်​ကာလ ကျရောက်​လာလိမ့်မည်။

၁၆ စိတ်နှလုံး ဖြောင့်မှန်သောသူ​မှတစ်ပါး၊ ရေများ​ပေါ်၌ ဇိအုန်​မြေသို့ တက်သွားဖို့ အဘယ်သူမျှ၊ မတတ်နိုင်ဟု နောင်​လာမည့်​ကာလ၌ ဆိုကြ​လိမ့်မည်။

၁၇ ထို့အတူ၊ ငါ၊ ကိုယ်တော်ရှင်သည်၊ အစ၌ မြေကို ကျိန်ခဲ့ပြီး၊ ထိုကဲ့သို့ပင်၊ ငါ၏​သန့်ရှင်းသူများ ၎င်း၏​ဆီဥကို သုံးဆောင်နိုင်ကြ​စေခြင်းငှာ၊ အသုံးပြု​စရာ​အတွက်၊ သူ့အချိန်​တန်သည့်​အခါ နောက်ဆုံးသော​ကာလ၌ ကောင်းချီးပေး​တော်မူ​လေပြီ။

၁၈ ယခုမူကား၊ ငါသည် တစ်ယောက်သော​သူအား ဆိုသည့်​အရာကို ခပ်သိမ်းသော​သူတို့အား ဆိုကြောင်း၊ ဤရေများနှင့် စပ်လျဉ်း၍ သင်တို့၏​ညီအစ်ကိုတို့ကို သင်တို့​ကြိုတင် သတိပေး​ရမည့်​အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။ သူတို့​ယုံကြည်ခြင်း​ပျက်၍၊ ထောင်ချောက်များ၌ အဖမ်း​မခံရနိုင်​စေခြင်းငှာ၊ ခရီးသွား​ရာ၌ ဤရေများ​ပေါ်မှ သူတို့ လာခြင်း​မပြုကြ​စေကြောင်း​ပင်တည်း။

၁၉ ငါ၊ ကိုယ်တော်ရှင်၊ စီရင်​တော်မူ​လေပြီ၊ ဖျက်ဆီးသော​သူသည်လည်း ထိုမျက်နှာပြင်​ပေါ်မှာ​စီး၏၊ ငါသည်လည်း စီရင်ချက်ကို ပယ်ဖျက်ခြင်း​မပြု။

၂၀ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့ကို မနေ့က အမျက်​ထွက်ခဲ့၏၊ သို့ရာတွင်၊ ယနေ့၌ ငါ၏​အမျက်​ငြိမ်း၏။

၂၁ သို့ဖြစ်၍၊ အလျင်​အမြန်​ခရီးသွား​ရမည်ဟု ငါ​မိန့်တော်မူ​လေသည့်​သူများနှင့်​စပ်လျဉ်း၍—တစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ သူတို့ကို အလျင်​အမြန်​ခရီးသွားကြ​စေလော့။

၂၂ ခဏ​ကြာပြီးနောက်တွင်၊ သူတို့၏​သာသနာပြုခြင်းကို သူတို့​ပြီးမြောက်ကြလျှင်၊ သူတို့ ရေလမ်းဖြင့် သွားသည်​ဖြစ်စေ၊ ကုန်းလမ်းဖြင့် သွားသည်​ဖြစ်စေ၊ ငါ့အဖို့ အရေး​မကြီး။ သူတို့ကို ဖော်ပြ​ထားသည့်​အတိုင်း၊ နောင်ကာလ၌ သူတို့၏​စီရင်ချက်များ​အတိုင်း ဖြစ်စေလော့။

၂၃ ယခုမူကား၊ ငါ့ကျွန်များ​ဖြစ်သည့်၊ ဆစ်ဒနီ​ရစ်ဂဒွန်၊ ဂျိုးဇက်​စမစ်​အငယ်နှင့် အော်လီဗာ​ကောင်ဒရီတို့အား၊ သူတို့​အိမ်သို့ အပြန်​ခရီး၌ တူးမြောင်း​ပေါ်မှ​တစ်ပါး၊ ရေများ​ပေါ်မှာ တစ်ဖန်​မလာစေနှင့်။ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ သူတို့သည် တူးမြောင်း​ပေါ်မှ​တစ်ပါး၊ ရေများ​ပေါ်သို့​လာ၍ ခရီး​မသွားရ။

၂၄ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် ငါ့သန့်ရှင်းသူများ၏ ခရီးသွားခြင်း​အတွက် လမ်းကို စီရင်​တော်မူ​လေပြီ။ ရှုဦးလော့၊ ဤအရာသည် လမ်းဖြစ်၏—သူတို့သည် တူးမြောင်းမှ ထွက်ခွာကြ​ပြီးနောက်၊ ဇိအုန်​မြေသို့ ခရီးသွား၍၊ တက်သွားဖို့ မိန့်မှာ​ခံကြရ​သမျှ ကုန်းလမ်းဖြင့် ခရီးသွား​ရမည်။

၂၅ သူတို့သည် လမ်း​တစ်လျှောက်တွင် မိမိတို့​တဲများကို ဆောက်လျက်၊ ဣသရေလ​အမျိုးသားများ ကဲ့သို့ ပြုကြ​ရမည်။

၂၆ ထို့အတူ၊ ရှုလော့၊ ဤပညတ်တော်ကို သင်တို့၏​ခပ်သိမ်းသော ညီအစ်ကို​တို့အား သင်တို့​ပေးကြ​ရမည်။

၂၇ သို့သော်လည်း၊ ရေများကို အမိန့်ပေးဖို့ တန်ခိုးကို ပေးထားသော​သူအား ခပ်သိမ်းသော လမ်းတော်တို့ကို သိစေဖို့ ဝိညာဉ်တော်​အားဖြင့် ပေးထား​တော်မူ၏။

၂၈ သို့ဖြစ်၍၊ နောင်ကာလတွင်​ပြုဖို့ ငါ့၌ ဆက်၍ တည်သကဲ့သို့၊ ကုန်းပေါ်၌​ဖြစ်စေ၊ ရေများပေါ်၌​ဖြစ်စေ၊ ထိုသူအား အသက်ရှင်​တော်မူသည့် ဘုရားသခင်၏ ဝိညာဉ်တော် မိန့်တော်မူသည့်​အတိုင်း၊ ပြုစေလော့။

၂၉ သန့်ရှင်းသူတို့​အတွက် လမ်းကြောင်းကို၊ သို့မဟုတ် ကိုယ်တော်ရှင်၏ သန့်ရှင်းသူများတပ်​အတွက် ခရီးသွားဖို့ လမ်းကို သင်တို့အား ဖော်ပြထား၏။

၃၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါ့ကျွန်များ​ဖြစ်သည့်၊ ဆစ်ဒနီ​ရစ်ဂဒွန်၊ ဂျိုးဇက်​စမစ်​အငယ်နှင့် အော်လီဗာ​ကောင်ဒရီတို့သည် စင်စင်နတ်တီသို့ မရောက်မီ ဆိုးညစ်သော ပရိတ်သတ်တို့၌ မိမိတို့​နှုတ်ကို မဖွင့်ရ။

၃၁ ထိုနေရာ၌၊ သူတို့သည် ထိုလူမျိုးတို့ တစ်ဖက်၌ ဘုရားသခင်​ထံသို့၊ အထူးသဖြင့်၊ ဖျက်ဆီးခြင်း​အဖို့ ရင့်မှည့်လု​ရှိသည့် လူမျိုးတို့၏ ဆိုးညစ်ခြင်းကို အမျက်ထွက်သူ​ထံသို့ ကြွေးကြော်​ရမည်။

၃၂ ထိုနေရာမှ​နေ၍၊ သူတို့​ညီအစ်ကိုတို့၏​ပရိတ်သတ်​ဆီသို့ သူတို့ကို ခရီးသွား​စေလော့၊ အကြောင်းမူကား၊ ဆိုးညစ်သော​ပရိတ်သတ်တို့​မှာထက်၊ ထိုသူတို့ဆီ၌ ယခုမှာပင် သူတို့၏​လုပ်အားကို သာ၍​မြောက်မြားစွာ​လိုအပ်ကြ၏။

၃၃ ယခုမူကား၊ ကျန်ကြွင်းသူတို့နှင့် စပ်လျဉ်း၍၊ သူတို့အား ခရီးသွား​စေပြီး၊ အခွင့်​ပေးထား​သမျှ၊ နှုတ်ကပတ်တော်ကို ဆိုးညစ်သော​ပရိတ်သတ်တို့၌ ဟောကြား​စေလော့။

၃၄ သူတို့သည် ဤအမှုကို ပြုကြ​သမျှ၊ သူတို့​၏အဝတ်တန်ဆာများကို ကင်းစင်စေ​လိမ့်မည်၊ သူတို့သည် ငါ့ရှေ့၌ အပြစ်​ကင်းစင်ကြ​လိမ့်မည်။

၃၅ သူတို့ကို အတူ​တကွ၊ သို့မဟုတ်၊ နှစ်ဦးချင်းစီ၊ သူတို့​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း ခရီးသွားကြ​စေလော့၊ ငါအလွန်​နှစ်သက်​တော်မူသည့် ငါ့ကျွန် ရေးနိုး​ကာဟွန်း၊ ထို့အတူ၊ ငါ့ကျွန် ဆင်မြူရယ်လ်​အိပ်ခ်ျ​စမစ်တို့ကို​သာလျှင်၊ သူတို့​အိမ်သို့​ပြန်မလာမီ မခွဲခွာ​စေနှင့်၊ ဤအရာသည်ကား၊ ငါ့၌​ရှိသော ဉာဏ်ပညာ​အမြော်​အမြင်​ရှိသည့် အကြံ​အစည်​အတွက်​ဖြစ်၏။

၃၆ ယခု​မူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ တစ်ယောက်သော​သူအား ငါ​ဆိုသည့် အရာကို ခပ်သိမ်းသော​သူတို့အား ငါ​ဆို၏၊ ရွှင်လန်း​ကြလော့၊ ကလေးသူငယ်တို့။ အကြောင်းမူကား၊ ငါသည် သင်တို့​အလယ်၌ ရှိတော်မူ၏၊ ငါသည် သင်တို့ကို မစွန့်ပစ်။

၃၇ သင်တို့သည် ငါ့ရှေ့၌ သင်တို့ကိုယ်​သင်တို့ နှိမ့်ချကြ​သမျှ၊ နိုင်ငံတော်၏ ကောင်းချီး​မင်္ဂလာတို့သည် သင်တို့၏​အရာများ ဖြစ်၏။

၃၈ သင်တို့၏​ခါးကို စည်း၍၊ စောင့်ကြည့်ပြီး၊ သမ္မာသတိ​ရှိလျက်၊ လူသားတော်​ကြွလာတော်မူခြင်းကို စောင့်မျှော်​နေကြလော့၊ အကြောင်းမူကား၊ သူသည် သင်တို့​ထင်မှတ်ခြင်း​မရှိသည့် နာရီ၌ ကြွလာတော်မူ​လိမ့်မည်။

၃၉ သင်တို့သည် သွေးဆောင်​ဖြားယောင်းခြင်း​ထဲသို့ ဝင်ခြင်း​မရှိစေခြင်းငှာ၊ သင်တို့သည် သူကြွလာတော်မူရာ​နေ့၌ အသက်ရှင်သည်​ဖြစ်စေ၊ သေသည်​ဖြစ်စေ တည်တံ့​နိုင်ကြ​စေခြင်းငှာ၊ အစဉ်​အမြဲ​ဆုတောင်းကြလော့။ ထိုကဲ့သို့​ပင်တည်း။ အာမင်။