ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၄


အပိုဒ်ငယ် ၆၄

၁၈၃၁ ခု၊ စက်တင်ဘာလ ၁၁ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ အသင်းတော်၏​အသင်း​လူကြီးများသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် မစ်ဆိုရီသို့ ရောက်​နေစဉ်က ခဏ​ရပ်ထား​ခဲ့သည့် သမ္မာကျမ်း​ဘာသာပြန်ခြင်း၌ သူ့​အလုပ်ကို ပြန်လုပ်ရန် ဟိုင်ရမ်၊ အိုဟိုင်းရိုသို့ ရွှေ့ပြောင်းဖို့ ပြင်ဆင်လျက်​ရှိ၏။ ဇိအုန် (မစ်ဆိုရီ)သို့ ခရီးသွားဖို့​မိန့်မှာ​ခံရ​လေသည့် ညီအစ်ကို​တစ်စုသည် အောက်တိုဘာလ၌ ထွက်ခွာရန် ပြင်ဆင်ခြင်းများ​ပြုလုပ်ရာ၌ အလေးအနက်​ပါဝင်​ကြ၏။ ဤ​အလုပ်​များသော​အချိန်တွင်၊ ဗျာဒိတ်တော်ကို လက်ခံ​ရရှိ၏။

၁–၁၁၊ သန့်ရှင်းသူတို့သည် သာ၍​ကြီးသော​အပြစ် သူတို့၌ ဆက်၍ မရှိကြ​စေခြင်းငှာ၊ တစ်ယောက်ကို​တစ်ယောက် ခွင့်လွှတ်ဖို့ မိန့်တော်မူခြင်း ခံကြ​ရ၏။ ၁၂–၂၂၊ နောင်တ​မရသော​သူတို့သည် အသင်းတော်​ရှေ့သို့ ခေါ်ဆောင်​ခံကြ​ရမည်။ ၂၃–၂၅၊ ဆယ်ဖို့​တစ်ဖို့ကို ပေးသော​သူသည် ကိုယ်တော်ရှင်​ကြွလာ​တော်မူ​သောအခါ လောင်မြိုက်​မခံရ။ ၂၆–၃၂၊ သန့်ရှင်းသူတို့သည် အကြွေး​မတင်​စေဖို့ သတိပေး​ခံကြ​ရ၏။ ၃၃–၃၆၊ ပုန်ကန်သော​သူတို့သည် ဇိအုန်မှ ပယ်ရှင်း​ခံကြ​ရလိမ့်မည်။ ၃၇–၄၀၊ အသင်းတော်သည် လူမျိုးတို့ကို တရား​စီရင်​လိမ့်မည်။ ၄၁–၄၃၊ ဇိအုန်သည် ဖွံ့ဖြိုး​တိုးတက်​လိမ့်မည်။

ရှုလော့၊ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင် သင်တို့ကို မိန့်တော်မူသည်ကား၊ အို ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့၊ စေ့စေ့နားထောင်၍ ကြားနာ​ကြလော့၊ သင်တို့နှင့်​စပ်လျဉ်းသည့် ငါ၏​အလိုတော်ကိုလည်း လက်ခံ​ကြလော့။

အကြောင်းမူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ လောကကို သင်တို့​အောင်နိုင်ကြ​စေကြောင်း ငါအလို​ရှိတော်မူ၏။ သို့ဖြစ်၍၊ ငါသည် သင်တို့ကို သနားတော်မူမည်။

အပြစ်​ပြုလေသော​သူများ သင်တို့​အထဲ၌ ရှိကြ၏။ သို့ရာတွင်၊ ငါ​အမှန်​ဆိုသည်ကား၊ ဤ​တစ်ကြိမ်​တည်းသာလျှင်၊ ငါ့ဘုန်းတော်​အတွက်၊ စိတ်ဝိညာဉ်တို့၏​ကယ်တင်ခြင်း​အတွက်၊ ငါသည် သင်တို့​အပြစ်များကို ခွင့်လွှတ်​လေပြီ။

ငါသည် သင်တို့ကို ကရုဏာကြီး​တော်မူမည်၊ အကြောင်းမူကား၊ ငါသည် သင်တို့အား နိုင်ငံတော်ကို ပေး​တော်မူ​လေပြီ။

ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ် အသက်​ရှင်စဉ်မှာ၊ ငါ၏ဘိသိက်မင်္ဂလာများကို နာခံ​သမျှ နိုင်ငံတော်​နက်နဲခြင်း​သော့များကို ငါ​ပေးထား​လေသည့်​နည်းအားဖြင့်၊ သူ့ထံမှ နုတ်ယူ​လိမ့်မည်မဟုတ်။

အကြောင်း​မရှိဘဲ သူ့ကို အမှုရှာသော​သူများ ရှိကြ၏။

သို့သော်လည်း၊ သူသည် အပြစ်​ပြုလေပြီ။ သို့ရာတွင်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ရှေ့၌ မိမိတို့​အပြစ်ကို ဝန်ခံပြီး၊ အပြစ်​လွှတ်ခြင်းကို တောင်းခံသောသူများ၊ သေခြင်းနှင့်​ယှဉ်သော​အပြစ်ကို မပြုသော​သူများကို ငါ၊ ကိုယ်တော်ရှင် အပြစ်​လွှတ်​တော်မူ၏။

ရှေး​နေ့ရက်များက၊ ငါ၏​တပည့်တော်တို့သည် တစ်ယောက်ကို​တစ်ယောက် ဆန့်ကျင်၍ အမှုရှာ​ကြပြီး၊ သူတို့​စိတ်နှလုံးထဲ၌ တစ်ယောက်ကို​တစ်ယောက် ခွင့်လွှတ်ခြင်း​မရှိကြ။ ဤ​မကောင်းမှု​ကြောင့်လည်း၊ သူတို့သည် ဒုက္ခ​ရောက်ကြပြီး၊ ပြင်းစွာ​ဆုံးမ​ခံကြရ၏။

သို့ဖြစ်၍၊ သင်တို့ကို ငါ​ဆိုသည်ကား၊ သင်တို့သည် တစ်ယောက်ကို​တစ်ယောက် ခွင့်လွှတ်​ကြရမည်။ အကြောင်းမူကား၊ မိမိ​ညီအစ်ကို၏ လွန်ကျူးခြင်းကို ခွင့်လွှတ်ခြင်း​မရှိသော​သူသည် ကိုယ်တော်ရှင်​ရှေ့၌ ပြစ်ဒဏ်​ချမှတ်​ခံရဖို့ရှိ၏။ သာ၍​ကြီးသော​အပြစ် သူ့၌ ဆက်၍​ရှိ၏။

၁၀ ငါ၊ ကိုယ်တော်ရှင်သည် အပြစ်​လွှတ်လိုသော​သူကို အပြစ်​လွှတ်၏၊ သို့ရာတွင် သင်တို့သည် လူသား​အပေါင်းတို့ကို ခွင့်လွှတ်ဖို့ လိုအပ်၏။

၁၁ သင်တို့​စိတ်နှလုံး​ထဲ၌ ဆိုရမည်ကား—ဘုရားသခင်သည် ငါနှင့် သင့်ကြား၌ တရား​စီရင်​တော်မူ​ပါစေသော၊ သင်၏​အကျင့်များ​အတိုင်း သင့်ကို ဆပ်ပေး​တော်မူ​ပါစေသော။

၁၂ မိမိ​အပြစ်များမှ နောင်တ​ရခြင်း​မရှိသောသူ၊ ဝန်ခံခြင်း​မရှိသောသူကို၊ အသင်းတော်​ရှေ့သို့ သင်တို့​ခေါ်ရမည်၊ ပညတ်တော်​အားဖြင့်​ဖြစ်စေ၊ ဗျာဒိတ်တော်​အားဖြင့် ဖြစ်စေ၊ ကျမ်းစာ​လာသည့်​အတိုင်း ထိုသူကို ပြုရမည်။

၁၃ ဤသို့ သင်တို့​ပြုရမည်မှာ ဘုရားသခင်ကို ချီးမွမ်းကြ​စေခြင်းငှာဖြစ်၏—သင်တို့​ခွင့်လွှတ်ခြင်း​မရှိ၊ သနားခြင်း​မရှိသောကြောင့်​မဟုတ်၊ ပညတ်​တရား​၏မျက်လုံးတို့၌ သင်တို့​အပြစ်​ကင်း​စေနိုင်ကြ​စေခြင်းငှာ၊ သင်တို့၏ ပညတ်​တရားရှင်ကို သင်တို့​မပြစ်မှား​နိုင်ကြ​စေခြင်းငှာသာပေတည်း—

၁၄ ငါ​အမှန်​ဆိုသည်ကား၊ ဤအကြောင်းရင်းကြောင့်၊ ဤအရာတို့ကို သင်တို့​ပြုကြ​ရမည်။

၁၅ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ငါ့ကျွန်​ဖြစ်သည့် အယ်ဇရာ​ဘုကို၊ ထို့အတူ ငါ့ကျွန်​အိုင်ဇက်​မော်လီကိုလည်း အမျက်​ထွက်၏၊ အကြောင်း​မူကား၊ သူတို့သည် ပညတ်​တရားကို​လည်းကောင်း၊ ပညတ်တော်ကို​လည်းကောင်း စောင့်ထိန်းခြင်း​မရှိကြ။

၁၆ သူတို့သည် မိမိတို့​စိတ်နှလုံးထဲ၌ မကောင်းမှုကို ရှာကြ၏၊ ငါ၊ ကိုယ်တော်ရှင်သည်လည်း ငါ၏​ဝိညာဉ်တော်ကို ရုပ်သိမ်း​တော်မူ၏။ သူတို့သည် မကောင်းမှု​မရှိသည့်​အရာကို မကောင်းမှု​အဖြစ် ပြစ်တင်​ရှုတ်ချ​ကြ၏။ သို့သော်လည်း၊ ငါသည် ငါ့ကျွန်​အိုင်ဇက်​မော်လီကို အပြစ်​လွှတ်​တော်မူ​လေပြီ။

၁၇ ငါ့ကျွန်​အက်ဒဝါ့​ပါ့ထရစ်ဂ်ျလည်း​ပါ၏၊ ရှုလော့၊ သူ​အပြစ်​ပြုလေပြီ၊ စာတန်သည်လည်း သူ့စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့ ကြိုးစား​အားထုတ်၏။ သို့ရာတွင်၊ ဤအရာတို့ကို သူတို့အား​ဖော်ပြ၍၊ သူတို့သည် မကောင်းမှုမှ​နောင်တ​ရကြလျှင်၊ အပြစ်​လွှတ်ခြင်းကို ခံကြ​ရလိမ့်မည်။

၁၈ ယခုမူကား၊ ငါ​အမှန်​ဆိုသည်မှာ၊ ငါ့ကျွန်​ဆစ်ဒနီ​ဂီလ်ဗာ့သည်၊ သီတင်းပတ်​အနည်းငယ်​ကြာပြီးနောက်၊ သူ၏​အမှု​အရေးသို့ ပြန်လာပြီး၊ ဇိအုန်​မြေ၌ ကိုယ်စားလှယ်​အဖြစ် ရှိရမည်မှာ ငါ့အဖို့ လိုအပ်၏။

၁၉ သူမြင်ရ၊ ကြားရ​လေသော​အရာကို ငါ၏​တပည့်တော်တို့အား ဖော်ပြ​နိုင်စေဖို့လည်းဖြစ်၏၊ သူတို့​ပျက်စီးခြင်း​မရှိကြ​စေခြင်းငှာ​ပေတည်း။ ဤ​အကြောင်းရင်းကြောင့်ပင်၊ ငါသည် ဤအရာတို့ကို ဟောပြော​လေပြီ။

၂၀ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​အိုင်ဇက်​မော်လီသည် သူ​ခံနိုင်သည်ထက်​ပို၍ သွေးဆောင်​မခံရနိုင်​စေကြောင်း၊ ထို့အတူ၊ သင်တို့ကို နာကျင်​စေမည့် မှားယွင်းစွာ​အကြံ​ပေးခြင်း မရှိနိုင်​စေကြောင်း၊ သူ၏​လယ်ကွင်းကို ရောင်းဖို့ ငါ​မိန့်မှာ၏။

၂၁ ငါ့ကျွန်​ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံအား မိမိ​လယ်ကွင်းကို ရောင်းစေဖို့ ငါ​အလို​မရှိ၊ အကြောင်း​မူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ကာ့တ်လန်း​မြေ၌ ခိုင်မာသော​စခန်း​တစ်ခုကို ငါးနှစ်​ကြာအောင် ထိန်းသိမ်း​ထားဖို့ အလိုရှိ​တော်မူ၏၊ ထိုအချိန်​အတွင်း၌ ငါသည် ဆိုးညစ်သော​သူများကို ဖျက်ဆီးမည်​မဟုတ်၊ ထိုကဲ့သို့​အားဖြင့် အချို့သော​သူများကို ငါ​ကယ်တင်နိုင်​စေကြောင်း​ပေတည်း။

၂၂ ထိုကာလ​နောက်တွင်၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ပွင့်လင်းသော စိတ်နှလုံးဖြင့် ဇိအုန်​မြေသို့​တက်​သွား​ကြမည့်သူ အဘယ်သူ့ကို​မဆို အပြစ်​ရောက်သည်ဟု မှတ်​တော်မူမည်မဟုတ်။ အကြောင်း​မူကား၊ ငါ၊ ကိုယ်တော်ရှင်သည် လူသားတို့၏​စိတ်နှလုံးကို လိုအပ်၏။

၂၃ ရှုလော့၊ ယခု​အချိန်ကို လူသားတော်​ကြွလာ​တော်မူသည်​အထိ ယနေ့ဟု ခေါ်၏၊ ထိုနေ့သည် ယဇ်​ပူဇော်ရာနေ့၊ ငါ၏​လူမျိုးတို့ ဆယ်ဖို့​တစ်ဖို့​ပေးရာနေ့ အမှန်​ဖြစ်၏။ အကြောင်း​မူကား၊ ဆယ်ဖို့​တစ်ဖို့​ပေးသည့်​သူသည် သူ​ကြွလာ​တော်မူ​ချိန်၌ လောင်မြိုက်​မခံ​ရ။

၂၄ အကြောင်း​မူကား၊ ယနေ့​နောက်တွင်၊ လောင်မြိုက်ခြင်း ကျရောက်​လာ၏—ဤ​အရာမှာ ကိုယ်တော်ရှင်၏ နည်းအတိုင်း ဟောပြောခြင်း​ဖြစ်၏—အကြောင်း​မူကား၊ ငါ​အမှန်​ဆိုသည်မှာ၊ နက်ဖြန်​နေ့တွင်၊ မာန​ကြီးသူ​အပေါင်းနှင့် ဆိုးညစ်စွာ​ပြုသောသူတို့သည် ရိုးပြတ်​ကဲ့သို့ ဖြစ်လိမ့်မည်။ ငါသည် သူတို့ကို မီးရှို့မည်၊ အကြောင်းမူကား၊ ငါသည် ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​ဖြစ်၏။ ငါသည် ဗာဗုလုန်၌ ဆက်၍​နေမည့်သူ အဘယ်သူ့ကိုမျှ ချမ်းသာ​ပေးမည်​မဟုတ်။

၂၅ သို့ဖြစ်၍၊ သင်တို့သည် ငါ့ကို ယုံလျှင်၊ ယနေ့​ဟူ၍​ခေါ်သော​အချိန်၌ အလုပ်​လုပ်ကြ​လိမ့်မည်။

၂၆ ငါ၏​ကျွန်များ​ဖြစ်သည့် နီဝယ်လ်​ကေ​ဝှစ်တနီနှင့် ဆစ်ဒနီ​ဂီလ်ဗာ့အား ဤ​နေရာမှာ​ရှိသည့် သူတို့၏​ဈေးဆိုင်နှင့် သူတို့၏​ပိုင်ဆိုင်ရာတို့ကို ရောင်းရ​မည်မှာ မသင့်လျော်။ အကြောင်း​မူကား၊ ဤ​နေရာ၌ ဆက်၍​နေမည့်​သူများ​တည်းဟူသော အသင်းတော်၏​ကျန်ကြွင်း​သူများ ဇိအုန်​မြေသို့​တက်​မသွားမီ ဤသို့​ပြုခြင်းမှာ ဉာဏ်ပညာ​မရှိခြင်း​ဖြစ်၏။

၂၇ ရှုလော့၊ ငါ၏​ဥပဒေများ၌ ဆိုထား​သည်မှာ၊ သို့မဟုတ်၊ တားမြစ်ထား​သည်မှာ၊ သင်၏​ရန်သူတို့ထံ အကြွေး​တင်ခြင်း​ပေတည်း။

၂၈ သို့ရာတွင်၊ ရှုလော့၊ အဘယ်​အချိန်မှာ​မဆို ကိုယ်တော်ရှင်သည် သူ​အလိုရှိသည့်​အခါ မယူ၊ သူ​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း မပေးဟု ဆိုမထားပေ။

၂၉ သို့ဖြစ်၍၊ သင်တို့သည် ကိုယ်တော်ရှင်၏​အမှုတော်၌၊ ကိုယ်စားလှယ်များ ဖြစ်ကြ​သဖြင့်၊ ကိုယ်တော်ရှင်၏​အလိုတော်​အတိုင်း သင်တို့​ပြုသည့်​အရာ​အဘယ်အရာ​မဆို ကိုယ်တော်ရှင်၏​အမှု​အရေး ဖြစ်ပေ၏။

၃၀ သူသည် ဤ​နောက်ပိုင်း​ကာလ၌ မိမိ​သန့်ရှင်းသူတို့​အတွက် ထောက်ပံ့​စေဖို့ သင်တို့ကို ခန့်အပ်​ထားသည်မှာ၊ ဇိအုန်​မြေ၌ နေထိုင်ရာကို သူတို့​ရရှိနိုင်​စေကြောင်း​ပေတည်း။

၃၁ ရှုဦးလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့ကို ဟောကြား၏၊ ငါ၏​နှုတ်ကပတ်တော်တို့သည် သေချာ၏၊ မကျရှုံးရ၊ ထိုနေရာကို သူတို့​ရရှိကြ​လိမ့်မည်။

၃၂ သို့ရာတွင်၊ ခပ်သိမ်းသော​အရာတို့သည် သူတို့​အချိန်နှင့်သူတို့ ဖြစ်လာကြ​ရမည်။

၃၃ သို့ဖြစ်၍၊ ကောင်းသော​အကျင့်ကို ကျင့်ခြင်း၌ မငြီးငွေ့​ကြနှင့်၊ အကြောင်း​မူကား၊ သင်တို့သည် ကြီးမြတ်သော​အမှု၏ အုတ်မြစ်ကို ချနေကြ၏။ သေးငယ်သော​အရာတို့​ထံမှ ကြီးမြတ်သော​အရာ ထွက်လာ၏။

၃၄ ရှုလော့၊ ကိုယ်တော်ရှင်သည် စိတ်နှလုံးနှင့် လိုလို​လားလား​ရှိသော​စိတ်ကို အလိုရှိ​တော်မူ၏။ လိုလို​လားလား​ရှိပြီး၊ နာခံသော​သူတို့သည် ဇိအုန်​မြေ၏​ကောင်းမြတ်သော​အရာကို ဤ​နောက်ပိုင်း​ကာလ၌ စားကြရ​လိမ့်မည်။

၃၅ ပုန်ကန်သော​သူတို့သည် ဇိအုန်​မြေမှ ပယ်ရှင်း​ခံကြရ​လိမ့်မည်၊ နှင်ထုတ်​ခံကြရ​လိမ့်မည်၊ ထိုမြေကို အမွေ​မခံရ။

၃၆ အကြောင်း​မူကား၊ ငါ​အမှန်​ဆိုသည်မှာ၊ ပုန်ကန်သော​သူတို့သည် ဧဖရိမ်​သွေး​မဟုတ်၊ သို့ဖြစ်၍၊ သူတို့သည် နုတ်ယူ​ခံရ​လိမ့်မည်။

၃၇ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ငါ၏​အသင်းတော်ကို ဤ​နောက်ပိုင်း​ကာလ၌၊ လူမျိုးတို့ကို တရား​စီရင်ဖို့ တောင်ကုန်း သို့မဟုတ်၊ မြင့်သော​နေရာ​ပေါ်မှာ​ထိုင်နေသာ တရားသူကြီး​သဖွယ် ဖြစ်စေမည်။

၃၈ အကြောင်း​မူကား၊ အချိန်တန်​လာလတ္တံ့သော​အခါ၊ ဇိအုန်၌ နေထိုင်ကြ​သူတို့သည်၊ ဇိအုန်နှင့် စပ်ဆိုင်သည့် ခပ်သိမ်းသော​အရာတို့ကို တရား​စီရင်ကြ​လိမ့်မည်။

၃၉ မုသား​ပြောသူများနှင့် သူတော်ကောင်း​ယောင်​ဆောင်သော​သူများသည် ထိုသူတို့​အားဖြင့် စုံစမ်း​ခံရ​လိမ့်မည်၊ တမန်တော်များနှင့် ပရောဖက်များ မဟုတ်သော​သူတို့ကိုလည်း သိရ​လိမ့်မည်။

၄၀ တရားသူကြီး​ဖြစ်သည့် သင်းအုပ်နှင့် သူ၏​တိုင်ပင်ဖက်တို့သည်ပင် မိမိတို့၏​တာဝန်ခံ​အရာတို့၌ သစ္စာ​မရှိ​ကြလျှင်၊ ပြစ်ဒဏ်​ချမှတ်​ခံရ​လိမ့်မည်၊ အခြားသော​သူတို့ကို သူတို့​နေရာ၌ ထားလိမ့်မည်။

၄၁ အကြောင်း​မူကား၊ ရှုလော့၊ သင်တို့ကို ငါ​ဆိုသည်မှာ၊ ဇိအုန်သည် ဖွံ့ဖြိုး​တိုးတက်​လိမ့်မည်၊ ကိုယ်တော်ရှင်၏​ဘုန်းတော်​သည်လည်း သူ့အပေါ်မှာ​ရှိလိမ့်မည်။

၄၂ သူသည်လည်း လူတို့​အဖို့ အလံ​ဖြစ်လိမ့်မည်၊ ကောင်းကင်​အောက်ရှိ​လူမျိုးတိုင်း သူ့ထံသို့ လာကြ​လိမ့်မည်။

၄၃ သူ့ကြောင့် မြေကြီး​ပေါ်ရှိ​ပြည်သားတို့ တုန်ကြမည့်၊ ကြောက်မက်​ဖွယ်သော​သူတို့ကြောင့် ကြောက်ရွံ့​ကြမည့်နေ့ ကျရောက်​လာလိမ့်မည်။ ထိုအမှုကို ကိုယ်တော်ရှင်​မိန့်တော်မူလေပြီ။ အာမင်။