အပိုဒ်ငယ် ၆၆
၁၈၃၁ ခု၊ အောက်တိုဘာ ၂၉ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဝီလျံအီးမက်လီလင်သည် ဂျိုးဇက်စမစ်မသိသည့် မေးခွန်းငါးခု၏အဖြေကို ပရောဖက်အားဖြင့် ဖော်ပြတော်မူစေခြင်းငှာ ကိုယ်တော်ရှင်ထံ လျှို့ဝှက်စွာအသနားခံခဲ့၏။ မက်လီလင်၏တောင်းဆိုမှုကြောင့်၊ ပရောဖက်သည် ကိုယ်တော်ရှင်ထံသို့ မေးလျှောက်၍၊ ဤဗျာဒိတ်တော်ကို လက်ခံရရှိခဲ့၏။
၁–၄၊ ထာဝရတည်မြဲသောပဋိညာဉ်သည် ဧဝံဂေလိတရားတော်အပြည့်အစုံဖြစ်၏။ ၅–၈၊ အသင်းလူကြီးတို့သည် လူတို့အား ဟောပြော၊ သက်သေခံပြီး၊ ဆွေးနွေးကြရမည်။ ၉–၁၃၊ သစ္စာရှိသောအမှုတော်ဆောင်အစေခံခြင်းက ထာဝရအသက်အမွေကို အာမခံ၏။
၁ ရှုလော့၊ ငါ့ကျွန်ဝီလျံအီးမက်လီလင်ကို ကိုယ်တော်ရှင်မိန့်တော်မူသည်ကား—သင်၏ရွေးနုတ်ရှင်ကိုယ်တော်ရှင်၊ ငါ၏နာမတော်ကို ယုံသူမှန်သမျှအတွက်ပင်ဖြစ်သည့် လောက၏ကယ်တင်ရှင် မိန့်တော်မူသည်ကား၊ သင်သည် သင်၏ဒုစရိုက်များကို ကျောခိုင်းပြီး၊ ငါ၏သမ္မာတရားတို့ကို လက်ခံရရှိလေသမျှ၊ မင်္ဂလာရှိ၏။
၂ သင့်ကို ငါအမှန်ဆိုသည်ကား၊ ရှေးနေ့ရက်များက ပရောဖက်များနှင့် တမန်တော်များ ရေးထားလေသည့်အတိုင်း လူသားတို့အသက်ကို ရနိုင်စေပြီး၊ နောက်ဆုံးသောကာလ၌ ဖော်ပြမည့် ဘုန်းအသရေတော်ကို ခံရသောသူများ ဖြစ်နိုင်စေခြင်းငှာ သူတို့ထံစေလွှတ်သည့် ငါ၏ ဧဝံဂေလိတရားတော်အပြည့်အစုံပင် ဖြစ်သည့် ငါ၏ ထာဝရတည်မြဲသောပဋိညာဉ်ကို လက်ခံရရှိခြင်းအတွက်၊ သင်သည် မင်္ဂလာရှိ၏။
၃ သင့်ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်ဝီလျံ၊ သင်သည် သန့်ရှင်း၏၊ သို့ရာတွင် အလုံးစုံမဟုတ်။ ထို့ကြောင့်၊ ငါ့အမြင်၌ မနှစ်သက်သည့် အရာတို့အတွက် နောင်တရလော့ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏၊ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ထိုအရာတို့ကို သင့်အား ပြတော်မူလိမ့်မည်။
၄ ယခုမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် သင်နှင့် ငါစပ်လျဉ်းလိုသည့်အရာ သို့မဟုတ် သင်နှင့်စပ်လျဉ်းသည့် ငါ၏အလိုတော်ကို သင့်အား အမှန်ပြတော်မူမည်။
၅ ရှုလော့၊ သင့်ကို ငါအမှန်ဆိုသည်ကား၊ ငါ၏ဧဝံဂေလိတရားတော်ကို တစ်ပြည်မှ တစ်ပြည်သို့၊ ထို့အတူ တစ်မြို့မှတစ်မြို့သို့၊ အထူးသဖြင့်၊ မကြေညာရလေသေးသည့် ပတ်ဝန်းကျင်ဒေသများသို့ သင်ကြေညာရမည်မှာ ငါ၏အလိုတော်ဖြစ်၏။
၆ ဤနေရာ၌ နေ့များစွာ မတည်းခိုနှင့်။ ဇိအုန်မြေသို့ တက်သွားခြင်း မပြုသေးနှင့်။ သို့ရာတွင်၊ သင်ပို့နိုင်သမျှ ပို့လော့။ သို့မဟုတ်လျှင်၊ သင်၏ဥစ္စာပစ္စည်းအကြောင်းကို မတွေးနှင့်။
၇ အရှေ့ပိုင်းပြည်များသို့ သွားလော့၊ လူတိုင်းကို သူတို့၏တရားစရပ်များ၌၊ နေရာတိုင်း၌ သက်သေခံလော့၊ လူတို့နှင့်ဆွေးနွေးလျက်နေလော့။
၈ ငါ့ကျွန်ဆင်မြူရယ်အိပ်ခ်ျစမစ်ကို သင်နှင့်အတူ သွားစေလော့၊ သူ့ကို စွန့်ပစ်ခြင်းမရှိနှင့်၊ သူ့အား သင်၏သွန်သင်ချက်များကို ပေးလော့။ သစ္စာရှိသောသူကို နေရာတိုင်း၌ အားကြီးစေလိမ့်မည်။ ငါ၊ ကိုယ်တော်ရှင်သည်လည်း၊ သင်နှင့်အတူ သွားတော်မူမည်။
၉ သင်၏လက်များကို ဖျားနာသောသူတို့အပေါ်မှာ တင်လော့၊ သူတို့ ချမ်းသာရလိမ့်မည်။ သင့်ကို ငါ၊ ကိုယ်တော်ရှင်မစေလွှတ်မချင်း၊ ပြန်လာခြင်းမပြုနှင့်။ ဆင်းရဲဒုက္ခ၌ သည်းခံလော့။ တောင်းလော့၊ သင် ရလိမ့်မည်၊ ခေါက်လော့၊ သင့်အား ဖွင့်ပေးလိမ့်မည်။
၁၀ ဝန်လေးစေဖို့ ရှာခြင်းမပြုနှင့်။ ခပ်သိမ်းသော မတရားမှုကို စွန့်ပစ်လော့။ သူ့သားမယားအား ပြစ်မှားခြင်းကို ကျူးလွန်ခြင်းမပြုနှင့်—သင်ဒုက္ခတွေ့လေသည့် သွေးဆောင်ဖြားယောင်းခြင်း ဖြစ်၏။
၁၁ ဤစကားများကို စောင့်ထိန်းလော့၊ အကြောင်းမူကား၊ ထိုအရာတို့သည် မှန်ကန်ပြီး သစ္စာရှိ၏။ သင်သည်သင်၏ အမှုအရာကို တိုးမြှင့်ဆောင်ရွက်ရမည်၊ များစွာသောလူတို့ကို သူတို့ဦးခေါင်းပေါ်၌ ထာဝရတည်မြဲသော ဝမ်းမြောက်ခြင်းသီချင်းတို့ဖြင့် ဇိအုန်သို့ တွန်းလော့။
၁၂ ဤအရာတို့၌ အဆုံးတိုင်အောင်ပင် ဆက်၍ရှိလော့၊ ကျေးဇူးတော်၊ သမ္မာတရားတို့နှင့် ပြည့်စုံသည့် ငါ့အဘ၏လက်ယာဘက်၌ ထာဝရအသက်သရဖူကို သင်ရလိမ့်မည်။
၁၃ သင်၏ဘုရားသခင်ကိုယ်တော်ရှင်၊ သင်၏ရွေးနုတ်ရှင်၊ ယေရှုခရစ်တော်ကပင် အမှန်မိန့်တော်မူ၏။ အာမင်။