ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၆


အပိုဒ်ငယ် ၆၆

၁၈၃၁ ခု၊ အောက်တိုဘာ ၂၉ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဝီလျံ​အီး​မက်​လီလင်သည် ဂျိုးဇက်​စမစ်​မသိသည့် မေးခွန်း​ငါးခု၏​အဖြေကို ပရောဖက်​အားဖြင့် ဖော်ပြ​တော်မူ​စေခြင်းငှာ ကိုယ်တော်ရှင်​ထံ လျှို့ဝှက်စွာ​အသနား​ခံခဲ့၏။ မက်​လီလင်၏​တောင်းဆိုမှုကြောင့်၊ ပရောဖက်သည် ကိုယ်တော်ရှင်​ထံသို့ မေးလျှောက်၍၊ ဤ​ဗျာဒိတ်တော်ကို လက်ခံ​ရရှိခဲ့၏။

၁–၄၊ ထာဝရ​တည်မြဲသော​ပဋိညာဉ်သည် ဧဝံဂေလိ​တရားတော်​အပြည့်​အစုံ​ဖြစ်၏။ ၅–၈၊ အသင်း​လူကြီးတို့သည် လူတို့အား ဟောပြော၊ သက်သေခံပြီး၊ ဆွေးနွေး​ကြရမည်။ ၉–၁၃၊ သစ္စာ​ရှိသော​အမှုတော်ဆောင်​အစေခံခြင်းက ထာဝရ​အသက်​အမွေကို အာမခံ၏။

ရှုလော့၊ ငါ့ကျွန်​ဝီလျံ​အီး​မက်​လီလင်ကို ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား—​သင်၏​ရွေးနုတ်ရှင်​ကိုယ်တော်ရှင်၊ ငါ၏​နာမတော်ကို ယုံသူ​မှန်သမျှ​အတွက်ပင်​ဖြစ်သည့် လောက၏​ကယ်တင်ရှင် မိန့်တော်မူ​သည်ကား၊ သင်သည် သင်၏​ဒုစရိုက်များကို ကျောခိုင်းပြီး၊ ငါ၏​သမ္မာ​တရားတို့ကို လက်ခံ​ရရှိ​လေသမျှ၊ မင်္ဂလာ​ရှိ၏။

သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ရှေး​နေ့ရက်များက ပရောဖက်များနှင့် တမန်တော်များ ရေးထား​လေသည့်​အတိုင်း လူသားတို့​အသက်ကို ရနိုင်​စေပြီး၊ နောက်ဆုံးသော​ကာလ၌ ဖော်ပြမည့် ဘုန်း​အသရေတော်ကို ခံရသော​သူများ ဖြစ်နိုင်​စေခြင်းငှာ သူတို့ထံ​စေလွှတ်သည့် ငါ၏ ဧဝံဂေလိ​တရားတော်​အပြည့်​အစုံပင် ဖြစ်သည့် ငါ၏ ထာဝရ​တည်မြဲသော​ပဋိညာဉ်ကို လက်ခံ​ရရှိခြင်း​အတွက်၊ သင်သည် မင်္ဂလာ​ရှိ၏။

သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဝီလျံ၊ သင်သည် သန့်ရှင်း၏၊ သို့ရာတွင် အလုံးစုံ​မဟုတ်။ ထို့ကြောင့်၊ ငါ့အမြင်၌ မနှစ်သက်သည့် အရာတို့​အတွက် နောင်တ​ရလော့ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏၊ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ထိုအရာတို့ကို သင့်အား ပြတော်မူ​လိမ့်မည်။

ယခုမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် သင်နှင့် ငါစပ်လျဉ်း​လိုသည့်​အရာ သို့မဟုတ် သင်နှင့်​စပ်လျဉ်းသည့် ငါ၏​အလိုတော်ကို သင့်အား အမှန်​ပြတော်မူမည်။

ရှုလော့၊ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို တစ်ပြည်မှ တစ်ပြည်သို့၊ ထို့အတူ တစ်မြို့မှတစ်မြို့သို့၊ အထူးသဖြင့်၊ မကြေညာရ​လေသေးသည့် ပတ်ဝန်းကျင်​ဒေသများသို့ သင်​ကြေညာရမည်မှာ ငါ၏​အလိုတော်​ဖြစ်၏။

ဤနေရာ၌ နေ့များစွာ မတည်းခိုနှင့်။ ဇိအုန်မြေသို့ တက်သွားခြင်း မပြုသေးနှင့်။ သို့ရာတွင်၊ သင်ပို့နိုင်​သမျှ ပို့လော့။ သို့မဟုတ်လျှင်၊ သင်၏​ဥစ္စာ​ပစ္စည်း​အကြောင်းကို မတွေးနှင့်။

အရှေ့ပိုင်း​ပြည်များသို့ သွားလော့၊ လူတိုင်းကို သူတို့၏​တရား​စရပ်များ၌၊ နေရာတိုင်း၌ သက်သေခံလော့၊ လူတို့နှင့်​ဆွေးနွေးလျက်​နေလော့။

ငါ့ကျွန်​ဆင်မြူရယ်​အိပ်ခ်ျ​စမစ်ကို သင်နှင့်​အတူ သွားစေလော့၊ သူ့ကို စွန့်ပစ်ခြင်း​မရှိနှင့်၊ သူ့အား သင်၏​သွန်သင်ချက်များကို ပေးလော့။ သစ္စာ​ရှိသောသူကို နေရာတိုင်း၌ အားကြီး​စေလိမ့်မည်။ ငါ၊ ကိုယ်တော်ရှင်သည်လည်း၊ သင်နှင့်​အတူ သွားတော်မူမည်။

သင်၏​လက်များကို ဖျားနာသော​သူတို့​အပေါ်မှာ တင်လော့၊ သူတို့ ချမ်းသာ​ရလိမ့်မည်။ သင့်ကို ငါ၊ ကိုယ်တော်ရှင်​မစေလွှတ်​မချင်း၊ ပြန်လာခြင်း​မပြုနှင့်။ ဆင်းရဲ​ဒုက္ခ၌ သည်းခံလော့။ တောင်းလော့၊ သင် ရလိမ့်မည်၊ ခေါက်လော့၊ သင့်အား ဖွင့်ပေး​လိမ့်မည်။

၁၀ ဝန်လေး​စေဖို့ ရှာခြင်း​မပြုနှင့်။ ခပ်သိမ်းသော မတရားမှုကို စွန့်ပစ်လော့။ သူ့သားမယားအား ပြစ်မှားခြင်း​ကို ကျူးလွန်ခြင်း​မပြုနှင့်—သင်​ဒုက္ခတွေ့​လေသည့် သွေးဆောင်​ဖြားယောင်းခြင်း ဖြစ်၏။

၁၁ ဤစကားများကို စောင့်ထိန်းလော့၊ အကြောင်းမူကား၊ ထိုအရာတို့သည် မှန်ကန်ပြီး သစ္စာ​ရှိ၏။ သင်သည်​သင်၏ အမှုအရာကို တိုးမြှင့်​ဆောင်ရွက်​ရမည်၊ များစွာသော​လူတို့ကို သူတို့​ဦးခေါင်း​ပေါ်၌ ထာဝရ​တည်မြဲသော ဝမ်းမြောက်ခြင်း​သီချင်းတို့ဖြင့် ဇိအုန်သို့ တွန်းလော့။

၁၂ ဤ​အရာတို့၌ အဆုံး​တိုင်အောင်ပင် ဆက်၍​ရှိလော့၊ ကျေးဇူးတော်၊ သမ္မာတရားတို့နှင့် ပြည့်စုံသည့် ငါ့အဘ၏​လက်ယာဘက်၌ ထာဝရ​အသက်​သရဖူကို သင်​ရလိမ့်မည်။

၁၃ သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်၊ သင်၏​ရွေးနုတ်ရှင်၊ ယေရှု​ခရစ်တော်​ကပင် အမှန်​မိန့်တော်မူ၏။ အာမင်။