ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၇


အပိုဒ်ငယ် ၆၇

၁၈၃၁ ခု၊ နိုဝင်ဘာ​အစောပိုင်း၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ထိုအချိန်မှာ အထူး​ညီလာခံ​တစ်ခု ကျင်းပချိန်​ဖြစ်၏၊ ပရောဖက်အားဖြင့် ကိုယ်တော်ရှင်ထံမှ လက်ခံ​ရရှိ​လေပြီး​ဖြစ်သည့် ဗျာဒိတ်တော်များအား ပုံနှိပ်​ထုတ်ဝေခြင်းကို စဉ်းစားပြီး ဆောင်ရွက်ခဲ့၏ (အပိုဒ်ငယ် ၁ ခေါင်းစဉ်တွင် ကြည့်ပါ)။ ဝီလျံ​ဒဗလျူ​ဖဲလပ်သည် အင်ဒီပန်းဒင့်၊ မစ်ဆိုရီ၌ အသင်းတော်​ပုံနှိပ်တိုက်ကို မကြာသေး​မီက တည်ထောင်​ခဲ့၏။ ဗျာဒိတ်တော်များကို ပညတ်တော်များကျမ်း၌ ပုံနှိပ်​ထုတ်ဝေရန်နှင့် အုပ် ၁၀,၀၀၀ ပုံနှိပ်ရန် (ထို​အရေ​အတွက်မှာ ကြိုတင်​မတွက်ဆ​နိုင်သော​အခက်​အခဲများကြောင့်၊ နောက်ပိုင်းတွင် အုပ် ၃,၀၀၀ သို့ လျှော့ချခဲ့၏) ညီလာခံက ဆုံးဖြတ်​ခဲ့၏။ ပုံနှိပ်​ထုတ်ဝေခြင်း​အတွက် ထိုအချိန်က စုဆောင်း​ပြုစု​ခဲ့သည့် ဗျာဒိတ်တော်တို့သည် အမှန်ပင် စစ်မှန်ကြောင်း များစွာသော​ညီအစ်ကိုတို့သည် မိမိတို့​အပေါ်​သွန်းလောင်းသည့် သန့်ရှင်းသော​ဝိညာဉ်တော် သက်သေပြုသည့်​အတိုင်း လေးနက်စွာ သက်သေခံ​ခဲ့ကြ၏။ အပိုဒ်ငယ် ၁ ဟု​ထင်ရှားသည့် ဗျာဒိတ်တော်ကို လက်ခံ​ရရှိပြီးနောက်၊ ဗျာဒိတ်တော်များ၌ အသုံးပြုသည့် ဘာသာ​စကားနှင့် စပ်လျဉ်း၍ စကား​စမြည်​အချို့ရှိခဲ့ကြောင်း ဂျိုးဇက်​စမစ်၏​သမိုင်းက မှတ်တမ်းတင်၏။ ဗျာဒိတ်တော် ရောက်လာ၏။

၁–၃၊ ကိုယ်တော်ရှင်သည် ဆုတောင်းခြင်းများကို ကြားတော်မူပြီး သူ၏​အသင်း​လူကြီးတို့ကို ကြည့်ရှု​စောင့်ရှောက်​တော်မူ၏။ ၄–၉၊ သူသည် ပညာ​အရှိဆုံး​လူအား သူ၏​ဗျာဒိတ်တော်များ​ထဲမှ အငယ်ဆုံးကို နည်းတူထပ်ရေးရန် စိန်ခေါ်၏။ ၁၀–၁၄၊ သစ္စာ​ရှိသော​အသင်း​လူကြီးတို့သည် ဝိညာဉ်တော်​အားဖြင့် ရှင်သန်​ရစေပြီး၊ ဘုရားသခင်၏​မျက်နှာကို မြင်ရ​လိမ့်မည်။

ရှုလော့၊ စေ့စေ့နားထောင်​ဦးလော့၊ အို သင်တို့ကိုယ်​သင်တို့ အတူတကွ စည်းဝေးကြ​လေသူများ၊ ဆုတောင်းခြင်းများကို ငါကြားရ လေသည့်သူများ၊ ထို့အတူ စိတ်နှလုံးကို ငါသိရလေသည့်သူများ၊ ထို့အတူ အလိုဆန္ဒများ ငါ့ရှေ့သို့ တက်လာလေသည့်သူများတည်းဟူသော၊ ငါ့အသင်းတော်မှ အသင် အသင်း​လူကြီးတို့။

ရှုလော့၊ ကြည့်ဦးလော့၊ ငါ၏​မျက်စိတို့သည် သင်တို့​အပေါ်မှာ​ရှိ၏၊ ကောင်းကင်နှင့် မြေကြီးတို့သည်လည်း ငါ့လက်ထဲ၌ ရှိ၏၊ ထာဝရ​ကာလ​စည်းစိမ်တို့သည် ငါ​ပေးနိုင်သော​အရာများ ဖြစ်၏။

သင်တို့ကို ပေး​တော်မူ​လေသည့် ကောင်းချီး​မင်္ဂလာကို သင်တို့​ရရှိ​ကြမည်​ဖြစ်ကြောင်း ယုံဖို့ သင်တို့​ကြိုးစား​အားထုတ်​ကြ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့​စိတ်နှလုံး၌ ကြောက်ရွံ့ခြင်းများ​ရှိလေ၏၊ ဤအရာသည်ကား သင်တို့​မရရှိခြင်း၏​အကြောင်းရင်း အမှန်​ဖြစ်၏။

ယခု​မူကား၊ သင်တို့​ရှေ့မှာ​ရှိသည့် ဤ​ပညတ်တော်များ မှန်ကန်ခြင်း​အကြောင်း သက်သေခံချက်ကို သင်တို့အား ငါ၊ ကိုယ်တော်ရှင်​ပေးတော်မူ၏။

သင်တို့​မျက်စိများသည် ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်​အပေါ်မှာ ရှိကြ​လေပြီ၊ သူ၏​ဘာသာ​စကားကို သင်တို့​သိကြ​လေပြီး၊ သူ၏​မစုံလင်ခြင်းကို သင်တို့​သိကြ​လေ၏။ သူ၏​ဘာသာ​စကားထက် သင်တို့​ပို၍​ရှင်းပြ​နိုင်မည့် အသိပညာကို သင်တို့​စိတ်နှလုံးထဲ၌ သင်တို့​ရှာကြ​လေပြီ။ ဤ​အရာကိုလည်း သင်တို့​သိကြ၏။

ယခုတွင်၊ ပညတ်တော်များကျမ်းမှ သင်တို့​ရှာကြလော့၊ ၎င်းတို့​အထဲမှ အငယ်ဆုံး​ကိုပင်​ပြုစေဖို့ သင်တို့​အထဲမှ ပညာ​အရှိဆုံး​သူကို ခန့်အပ်လော့။

သို့မဟုတ်၊ ထိုအရာနှင့်​တူသော အရာကို ပြုမည့်သူတစ်စုံ​တစ်ယောက် သင်တို့​အထဲမှာ ရှိလျှင်၊ ၎င်းတို့​မှန်ကန်ကြောင်း သင်တို့​မသိဟု ဆိုသော​စကား၌ သင်တို့ကို အပြစ်​ကင်းစေ၏။

သို့ရာတွင်၊ သင်တို့သည် ထိုအရာနှင့်​တူသော​အရာကို မပြုနိုင်လျှင်၊ ၎င်းတို့​မှန်ကန်ကြောင်းကို သင်တို့ သက်သေ​မခံကြလျှင် သင်တို့သည် ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌ ရှိကြ၏။

အကြောင်းမူကား၊ ၎င်းတို့၌ မတရားမှု​မရှိကြောင်း၊ ထို့အတူ၊ ဖြောင့်မတ်သော​အရာသည် အထက်မှ၊ အလင်းတို့၏​အဘထံမှ ဆင်းလာကြောင်း သင်တို့​သိကြ၏။

၁၀ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ အထူး​အခွင့်​အရေး၊ ထို့အတူ ဤ​အမှုတော်ဆောင်ခြင်းသို့ ခန့်ထား​ခံရ​လေသည့် သင်တို့အား ငါပေးသည့် ကတိသည်ကား၊ သင်တို့သည် မနာလိုမှုများနှင့် ကြောက်ရွံ့ခြင်းတို့မှ သင်တို့ကိုယ်​သင်တို့ ချွတ်ခွာ​ကြသမျှ၊ အကြောင်းမူကား၊ သင်တို့ လုံလုံ​လောက်လောက်​မနှိမ့်ချကြ၊ ကန့်လန့်ကာ​ကွဲ၍၊ ငါ့ကို သင်တို့​မြင်ပြီး ငါ​ဖြစ်တော်မူကြောင်း​ကိုလည်း သိကြ​လိမ့်မည်—လောကီ​စိတ်နှင့်​မဟုတ်၊ ပကတိ​စိတ်နှင့်လည်း​မဟုတ်၊ ဝိညာဉ်​ပကတိ အားဖြင့်​သာတည်း။

၁၁ အကြောင်းမူကား၊ ဘုရားသခင်၏​ဝိညာဉ်တော်​အားဖြင့် ရှင်သန်ရ​စေခြင်း​မရှိလျှင်၊ အဘယ်သူမျှ၊ ဘုရားသခင်ကို ဇာတိ​ကိုယ်ခန္ဓာဖြင့် မမြင်စဖူး။

၁၂ အဘယ်​ဇာတိ​ပကတိ​လူမျှ ဘုရားသခင်၏​မျက်မှောက်တော်၌ မတည်တံ့နိုင်၊ လောကီ​စိတ်အားဖြင့်လည်း မတည်တံ့နိုင်။

၁၃ သင်တို့သည် ဘုရားသခင်၏​မျက်မှောက်တော်၌​လည်းကောင်း၊ ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်း၌​လည်းကောင်း ယခု​တည်တံ့ဖို့ မတတ်နိုင်ကြ။ သို့ဖြစ်၍၊ သင်တို့​စုံလင်ကြသည်​တိုင်အောင် သည်းခံခြင်း၌ ဆက်၍​ရှိကြလော့။

၁၄ သင်တို့​စိတ်ကို နောက်သို့​ပြန်မလှည့်​စေနှင့်။ သင်တို့သည် ထိုက်တန်​ကြသော​အခါ၊ ငါ၏ ကာလ​အချိန်တန်​သောအခါ၌၊ သင်တို့​အပေါ် ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်၏ လက်အားဖြင့် အပ်နှင်း​လေသည့် အရာကို မြင်၍ သိကြ​လိမ့်မည်။ အာမင်။