အပိုဒ်ငယ် ၆၇
၁၈၃၁ ခု၊ နိုဝင်ဘာအစောပိုင်း၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ထိုအချိန်မှာ အထူးညီလာခံတစ်ခု ကျင်းပချိန်ဖြစ်၏၊ ပရောဖက်အားဖြင့် ကိုယ်တော်ရှင်ထံမှ လက်ခံရရှိလေပြီးဖြစ်သည့် ဗျာဒိတ်တော်များအား ပုံနှိပ်ထုတ်ဝေခြင်းကို စဉ်းစားပြီး ဆောင်ရွက်ခဲ့၏ (အပိုဒ်ငယ် ၁ ခေါင်းစဉ်တွင် ကြည့်ပါ)။ ဝီလျံဒဗလျူဖဲလပ်သည် အင်ဒီပန်းဒင့်၊ မစ်ဆိုရီ၌ အသင်းတော်ပုံနှိပ်တိုက်ကို မကြာသေးမီက တည်ထောင်ခဲ့၏။ ဗျာဒိတ်တော်များကို ပညတ်တော်များကျမ်း၌ ပုံနှိပ်ထုတ်ဝေရန်နှင့် အုပ် ၁၀,၀၀၀ ပုံနှိပ်ရန် (ထိုအရေအတွက်မှာ ကြိုတင်မတွက်ဆနိုင်သောအခက်အခဲများကြောင့်၊ နောက်ပိုင်းတွင် အုပ် ၃,၀၀၀ သို့ လျှော့ချခဲ့၏) ညီလာခံက ဆုံးဖြတ်ခဲ့၏။ ပုံနှိပ်ထုတ်ဝေခြင်းအတွက် ထိုအချိန်က စုဆောင်းပြုစုခဲ့သည့် ဗျာဒိတ်တော်တို့သည် အမှန်ပင် စစ်မှန်ကြောင်း များစွာသောညီအစ်ကိုတို့သည် မိမိတို့အပေါ်သွန်းလောင်းသည့် သန့်ရှင်းသောဝိညာဉ်တော် သက်သေပြုသည့်အတိုင်း လေးနက်စွာ သက်သေခံခဲ့ကြ၏။ အပိုဒ်ငယ် ၁ ဟုထင်ရှားသည့် ဗျာဒိတ်တော်ကို လက်ခံရရှိပြီးနောက်၊ ဗျာဒိတ်တော်များ၌ အသုံးပြုသည့် ဘာသာစကားနှင့် စပ်လျဉ်း၍ စကားစမြည်အချို့ရှိခဲ့ကြောင်း ဂျိုးဇက်စမစ်၏သမိုင်းက မှတ်တမ်းတင်၏။ ဗျာဒိတ်တော် ရောက်လာ၏။
၁–၃၊ ကိုယ်တော်ရှင်သည် ဆုတောင်းခြင်းများကို ကြားတော်မူပြီး သူ၏အသင်းလူကြီးတို့ကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။ ၄–၉၊ သူသည် ပညာအရှိဆုံးလူအား သူ၏ဗျာဒိတ်တော်များထဲမှ အငယ်ဆုံးကို နည်းတူထပ်ရေးရန် စိန်ခေါ်၏။ ၁၀–၁၄၊ သစ္စာရှိသောအသင်းလူကြီးတို့သည် ဝိညာဉ်တော်အားဖြင့် ရှင်သန်ရစေပြီး၊ ဘုရားသခင်၏မျက်နှာကို မြင်ရလိမ့်မည်။
၁ ရှုလော့၊ စေ့စေ့နားထောင်ဦးလော့၊ အို သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးကြလေသူများ၊ ဆုတောင်းခြင်းများကို ငါကြားရ လေသည့်သူများ၊ ထို့အတူ စိတ်နှလုံးကို ငါသိရလေသည့်သူများ၊ ထို့အတူ အလိုဆန္ဒများ ငါ့ရှေ့သို့ တက်လာလေသည့်သူများတည်းဟူသော၊ ငါ့အသင်းတော်မှ အသင် အသင်းလူကြီးတို့။
၂ ရှုလော့၊ ကြည့်ဦးလော့၊ ငါ၏မျက်စိတို့သည် သင်တို့အပေါ်မှာရှိ၏၊ ကောင်းကင်နှင့် မြေကြီးတို့သည်လည်း ငါ့လက်ထဲ၌ ရှိ၏၊ ထာဝရကာလစည်းစိမ်တို့သည် ငါပေးနိုင်သောအရာများ ဖြစ်၏။
၃ သင်တို့ကို ပေးတော်မူလေသည့် ကောင်းချီးမင်္ဂလာကို သင်တို့ရရှိကြမည်ဖြစ်ကြောင်း ယုံဖို့ သင်တို့ကြိုးစားအားထုတ်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့စိတ်နှလုံး၌ ကြောက်ရွံ့ခြင်းများရှိလေ၏၊ ဤအရာသည်ကား သင်တို့မရရှိခြင်း၏အကြောင်းရင်း အမှန်ဖြစ်၏။
၄ ယခုမူကား၊ သင်တို့ရှေ့မှာရှိသည့် ဤပညတ်တော်များ မှန်ကန်ခြင်းအကြောင်း သက်သေခံချက်ကို သင်တို့အား ငါ၊ ကိုယ်တော်ရှင်ပေးတော်မူ၏။
၅ သင်တို့မျက်စိများသည် ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်အပေါ်မှာ ရှိကြလေပြီ၊ သူ၏ဘာသာစကားကို သင်တို့သိကြလေပြီး၊ သူ၏မစုံလင်ခြင်းကို သင်တို့သိကြလေ၏။ သူ၏ဘာသာစကားထက် သင်တို့ပို၍ရှင်းပြနိုင်မည့် အသိပညာကို သင်တို့စိတ်နှလုံးထဲ၌ သင်တို့ရှာကြလေပြီ။ ဤအရာကိုလည်း သင်တို့သိကြ၏။
၆ ယခုတွင်၊ ပညတ်တော်များကျမ်းမှ သင်တို့ရှာကြလော့၊ ၎င်းတို့အထဲမှ အငယ်ဆုံးကိုပင်ပြုစေဖို့ သင်တို့အထဲမှ ပညာအရှိဆုံးသူကို ခန့်အပ်လော့။
၇ သို့မဟုတ်၊ ထိုအရာနှင့်တူသော အရာကို ပြုမည့်သူတစ်စုံတစ်ယောက် သင်တို့အထဲမှာ ရှိလျှင်၊ ၎င်းတို့မှန်ကန်ကြောင်း သင်တို့မသိဟု ဆိုသောစကား၌ သင်တို့ကို အပြစ်ကင်းစေ၏။
၈ သို့ရာတွင်၊ သင်တို့သည် ထိုအရာနှင့်တူသောအရာကို မပြုနိုင်လျှင်၊ ၎င်းတို့မှန်ကန်ကြောင်းကို သင်တို့ သက်သေမခံကြလျှင် သင်တို့သည် ပြစ်ဒဏ်ချမှတ်ခြင်းအောက်၌ ရှိကြ၏။
၉ အကြောင်းမူကား၊ ၎င်းတို့၌ မတရားမှုမရှိကြောင်း၊ ထို့အတူ၊ ဖြောင့်မတ်သောအရာသည် အထက်မှ၊ အလင်းတို့၏အဘထံမှ ဆင်းလာကြောင်း သင်တို့သိကြ၏။
၁၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ အထူးအခွင့်အရေး၊ ထို့အတူ ဤအမှုတော်ဆောင်ခြင်းသို့ ခန့်ထားခံရလေသည့် သင်တို့အား ငါပေးသည့် ကတိသည်ကား၊ သင်တို့သည် မနာလိုမှုများနှင့် ကြောက်ရွံ့ခြင်းတို့မှ သင်တို့ကိုယ်သင်တို့ ချွတ်ခွာကြသမျှ၊ အကြောင်းမူကား၊ သင်တို့ လုံလုံလောက်လောက်မနှိမ့်ချကြ၊ ကန့်လန့်ကာကွဲ၍၊ ငါ့ကို သင်တို့မြင်ပြီး ငါဖြစ်တော်မူကြောင်းကိုလည်း သိကြလိမ့်မည်—လောကီစိတ်နှင့်မဟုတ်၊ ပကတိစိတ်နှင့်လည်းမဟုတ်၊ ဝိညာဉ်ပကတိ အားဖြင့်သာတည်း။
၁၁ အကြောင်းမူကား၊ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ရှင်သန်ရစေခြင်းမရှိလျှင်၊ အဘယ်သူမျှ၊ ဘုရားသခင်ကို ဇာတိကိုယ်ခန္ဓာဖြင့် မမြင်စဖူး။
၁၂ အဘယ်ဇာတိပကတိလူမျှ ဘုရားသခင်၏မျက်မှောက်တော်၌ မတည်တံ့နိုင်၊ လောကီစိတ်အားဖြင့်လည်း မတည်တံ့နိုင်။
၁၃ သင်တို့သည် ဘုရားသခင်၏မျက်မှောက်တော်၌လည်းကောင်း၊ ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်း၌လည်းကောင်း ယခုတည်တံ့ဖို့ မတတ်နိုင်ကြ။ သို့ဖြစ်၍၊ သင်တို့စုံလင်ကြသည်တိုင်အောင် သည်းခံခြင်း၌ ဆက်၍ရှိကြလော့။
၁၄ သင်တို့စိတ်ကို နောက်သို့ပြန်မလှည့်စေနှင့်။ သင်တို့သည် ထိုက်တန်ကြသောအခါ၊ ငါ၏ ကာလအချိန်တန်သောအခါ၌၊ သင်တို့အပေါ် ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်၏ လက်အားဖြင့် အပ်နှင်းလေသည့် အရာကို မြင်၍ သိကြလိမ့်မည်။ အာမင်။