ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆၈


အပိုဒ်ငယ် ၆၈

၁၈၃၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌၊ အော်ဆန်ဟိုက်၊ လုအက်စ်ဂျွန်ဆင်၊ လိုင်မန်​အီး​ဂျွန်ဆင်နှင့် ဝီလျံ​အီး​မက်​လီလင်တို့နှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင်၏ စိတ်တော်ကို ဖော်ပြစေကြောင်း ဆုတောင်းခြင်း၏ အဖြေ​အဖြစ် ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤ​ဗျာဒိတ်တော်၏​တစ်စိတ်​တစ်ပိုင်းမှာ ဤ​လူ​လေးဦး​ဆီသို့ ရည်ညွှန်း​သော်လည်း၊ အကြောင်း​အရာ​များစွာမှာ အသင်းတော်​တစ်ခုလုံးနှင့် သက်ဆိုင်၏။ ဩဝါဒနှင့်​ပဋိညာဉ်များ ၁၈၃၅ ခုနှစ်မူကို ပုံနှိပ်​ထုတ်ဝေ​သောအခါ၊ ဤဗျာဒိတ်တော်သည် ဂျိုးဇက်​စမစ်၏​လမ်းညွှန်မှုဖြင့် ကျယ်ပြန့်​လာခဲ့၏။

၁–၅၊ အသင်း​လူကြီးတို့၏ စကားများသည် သန့်ရှင်းသော​ဝိညာဉ်တော်၏ တိုက်တွန်း​တော်မူခြင်းကို ခံရ​သောအခါ ကျမ်းစာ​ဖြစ်၏။ ၆–၁၂၊ အသင်း​လူကြီးတို့သည် ဟောပြောပြီး ဗတ္တိဇံ​ပေးရမည်၊ အမှန်​ယုံကြည်သူတို့၌ နိမိတ်​လက္ခဏာများ ဖြစ်လိမ့်မည်။ ၁၃–၂၄၊ အာရုန်၏​သားများ၌ သားဦးသည် ပထမ​ဥက္ကဋ္ဌ​အဖွဲ့၏ လမ်းညွှန်မှု​အောက်၌ ဦးစီး​သင်းအုပ်​အဖြစ် (ဆိုလိုသည်ကား၊ သင်းအုပ်​အဖြစ် ဥက္ကဋ္ဌအဖွဲ့ သော့များကို ကိုင်ဆောင်၏) အစေခံ​နိုင်၏။ ၂၅–၂၈၊ မိဘတို့သည် မိမိတို့​သားသမီးများကို ဧဝံဂေလိ​တရားတော်ကို သွန်သင်ဖို့ မိန့်မှာ​ခံရ၏။ ၂၉–၃၅၊ သန့်ရှင်းသူတို့သည် ဥပုသ်နေ့ကို ရိုသေစွာပြုရ၊ လုံ့လ​ဝီရိယ​ထက်သန်စွာ​အလုပ်လုပ်ရ၊ ထို့အတူ ဆုတောင်း​ရမည်။

ငါ့ကျွန် အော်ဆန်​ဟိုက်သည် လူ​မျိုးတစ်မျိုး​မှ လူမျိုးတစ်မျိုးသို့၊ တစ်ပြည်မှ​တစ်ပြည်သို့၊ ဆိုးညစ်သော​ပရိတ်သတ်၌၊ သူတို့၏ တရားစရပ်များ၌ ခပ်သိမ်းသော​ကျမ်းစာများကို သူတို့နှင့် ဆွေးနွေးလျက် ရှင်းပြလျက် ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ကို ကြေညာစေရန် မိမိ​ခန့်ထားခြင်း​အားဖြင့်၊ အသက်ရှင်​တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်​အားဖြင့် ခေါ်သွင်း​ခံရ၏။

ထို့အတူ၊ ရှုလော့၊ ကြည့်ဦးလော့၊ ဤအရာမှာ ဤယဇ်ပုရောဟိတ်​အခွင့်သို့ ခန့်ထား​ခံရလေသူ​အပေါင်းတို့​အဖို့ ပုံသက်သေ​ဖြစ်၏၊ သူတို့ထံ ခန့်အပ်​ထားသည့် သူတို့၏​သာသနာပြုခြင်းသည်ကား ထွက်သွား​ဖို့ဖြစ်၏—

ဤ​အရာသည်လည်း သူတို့​အဖို့ ပုံသက်သေ​ဖြစ်၏၊ သူတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရသည့်​အတိုင်း ဟောပြော​ရမည်။

သန့်ရှင်းသော​ဝိညာဉ်တော်၏ တိုက်တွန်း​တော်မူခြင်းကို ခံရသည့်​အခါ သူတို့​ဟောပြောမည့်​အရာ မှန်သမျှသည် ကျမ်းစာ ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်၏ အလိုတော် ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်၏ စိတ်ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော် ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်၏​အသံ၊ ထို့အတူ ကယ်တင်​စေသော ဘုရားသခင်၏ တန်ခိုးတော် ဖြစ်လိမ့်မည်။

ရှုလော့၊ ဤအရာသည် သင်တို့ထံ ကိုယ်တော်ရှင်၏ ကတိတော်​ဖြစ်၏၊ အို အသင်​ငါ့ကျွန်တို့။

သို့ဖြစ်၍၊ ရွှင်လန်းကြလော့၊ မကြောက်ရွံ့ကြနှင့်၊ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်သည် သင်တို့နှင့်အတူ ရှိတော်မူ၏၊ သင်တို့​ဘေးမှာလည်း ရှိတော်မူမည်။ ငါသည် အသက်​ရှင်တော်မူသော​ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း၊ ငါရှိလေခဲ့၊ ငါရှိလျက်၊ ငါကြွလာတော်မူလိမ့်မည်ဖြစ်ကြောင်း၊ ငါ​ယေရှု​ခရစ်တော်​အကြောင်းကိုပင် သင်တို့​သက်သေ​ခံကြလိမ့်မည်။

ငါ့ကျွန်​အော်ဆန်​ဟိုက်သို့၊ ထို့အတူ၊ ငါ့ကျွန်​လု​ဂျွန်ဆင်သို့၊ ထို့အတူ ငါ့ကျွန် လိုင်မန်​ဂျွန်ဆင်သို့၊ ထို့အတူ၊ ငါ့ကျွန်​ဝီလျံ​အီး​မက်​လီလင်သို့၊ ထို့အတူ ငါ့အသင်းတော်၏ သစ္စာရှိသော အသင်း​လူကြီး​အပေါင်းသို့ ကိုယ်တော်ရှင်၏ ဤနှုတ်ကပတ်တော်​သည်ကား—

သင်တို့သည် လောကီ​နိုင်ငံ​အရပ်​ရပ်​သို့​သွား၍၊ လူ​သတ္တဝါ​တိုင်းအား ဧဝံဂေလိ​တရားတော်ကို ဟော​ပြောလော့၊ သင်တို့ကို ငါ​ပေးလေသည့် အခွင့်​အာဏာဖြင့် ဆောင်ရွက်လျက်၊ ခမည်းတော်၏၊ ထို့အတူ သားတော်၏၊ ထို့အတူ သန့်ရှင်းသော​ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံပေးလော့။

ယုံကြည်လျက် ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်၊ ယုံကြည်ခြင်း မရှိသော​သူသည် အပြစ်​စီရင်​ခံရ​လိမ့်မည်။

၁၀ ယုံကြည်သော​သူသည် ရေးထားသည့်​အတိုင်းပင် အတူဖြစ်လာမည့် နိမိတ်လက္ခဏာများနှင့် ကောင်းချီး​ခံစားရ​လိမ့်မည်။

၁၁ ကပ်ကာလ၏ နိမိတ်​လက္ခဏာများကို၊ ထို့အတူ လူသားတော်​ကြွလာ​တော်မူခြင်း၏ နိမိတ်လက္ခဏာများကို သိစေရန်၊ သင်တို့ကို အခွင့်​ပေးထား၏။

၁၂ ခမည်းတော်​သက်သေခံသမျှ၊ ထိုသူတို့ကို ထာဝရ​အသက်သို့ တံဆိပ်ခတ်ခြင်းငှာ သင်တို့အား တန်ခိုးကို ပေးလိမ့်မည်။ အာမင်။

၁၃ ယခုမူကား၊ ပဋိညာဉ်များနှင့် ပညတ်တော်များသို့ ထပ်လောင်းသည့် အချက်များနှင့် စပ်လျဉ်းသည့် ဤအရာတို့​သည်ကား—

၁၄ ကိုယ်တော်ရှင်၏ ကာလ​အချိန်တန်သော​အခါ၌၊ ပထမဆုံးသော​သူကဲ့သို့ပင် အမှုတော်ဆောင်ရန်၊ အသင်းတော်​အဖို့ ရွေးထားသည့် အခြားသော​သင်းအုပ်များ နောင်ကာလ၌ ခန့်အပ်ပေ၏။

၁၅ သို့ဖြစ်၍၊ သူတို့သည် အာရုန်၏ မူလ​အမျိုး​အနွယ်များ​မဟုတ်ကြလေလျှင်၊ ထိုက်တန်သော ယဇ်ပုရောဟိတ်မင်းများ ဖြစ်ကြရ​လိမ့်မည်၊ ထို့အတူ မေလခိဇေဒက်​ယဇ်ပုရောဟိတ်​အခွင့် ပထမ​ဥက္ကဋ္ဌ​အဖွဲ့​အားဖြင့် ခန့်အပ်​ခံရ​လိမ့်မည်။

၁၆ သူတို့သည် အာရုန်၏​အမျိုး​အနွယ်စစ်များ​ဖြစ်ကြလျှင်၊ အာရုန်၏​သားတို့၌ သားဦးများ​ဖြစ်ကြလျှင်၊ သင်းအုပ်​အမှု​အရာ​အတွက် ဥပဒေနှင့်​ညီသော အခွင့်​အရေး​ရှိကြ၏။

၁၇ အကြောင်း​မူကား၊ သားဦးသည် ဤ​ယဇ်ပုရောဟိတ်၊ ထို့အတူ သော့များ သို့မဟုတ် ထို​ယဇ်ပုရောဟိတ်​အခွင့်​အာဏာ​အပေါ်၌ ဥက္ကဋ္ဌ​အဖွဲ့​အခွင့်​အရေးကို ကိုင်ဆောင်၏။

၁၈ အာရုန်၏​အမျိုး​အနွယ်စစ်နှင့် သားဦး​မဟုတ်လျှင်၊ ဤ​အမှု​အရာ​အတွက်၊ ဤ​ယဇ်ပုရောဟိတ်​အခွင့်​သော့များကို ကိုင်ဆောင်ရန်၊ အဘယ်သူမျှ ဥပဒေနှင့်​ညီသော​အခွင့်​အရေး​မရှိ။

၁၉ သို့ရာတွင်၊ အာရုန်၏​အမျိုး​အနွယ်စစ်ကို ရှာ၍​မတွေ့နိုင်​သောအခါ၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်​အခွင့် ယဇ်ပုရောဟိတ်မင်းသည် ပို၍​ငယ်သော​အမှု​အရာ​အပေါင်း၌ အမှု​ဆောင်ရွက်ရန် အခွင့်​အာဏာ​ရှိသဖြင့်၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်​အခွင့် ပထမ​ဥက္ကဋ္ဌအဖွဲ့၏ လက်အောက်၌ ဤအခွင့်သို့ ခေါ်သွင်း၍၊ ရွေးထားပြီး ခန့်ထား​ခံရလျှင် သင်းအုပ်၏ အမှု​အရာ၌ အမှု​ဆောင်ရွက်​နိုင်ပေ၏။

၂၀ အာရုန်၏​အမျိုး​အနွယ်စစ်​တစ်ဦး​ကိုလည်း၊ ဤ​ဥက္ကဋ္ဌ​အဖွဲ့​အားဖြင့် ရာထား​ခံရမည်၊ ထို့အတူ ထိုက်တန်မှုရှိကြောင်း တွေ့ရမည်၊ ထို့အတူ ဆီလိမ်း၍ခန့်အပ် ခံရမည်၊ ထို့အတူ ဤ​ဥက္ကဋ္ဌ​အဖွဲ့​လက်အောက်၌ ခန့်ထား​ခံရမည်၊ သို့မဟုတ်လျှင် သူတို့သည် မိမိတို့​ယဇ်ပုရောဟိတ်​အခွင့်၌ အမှု​ဆောင်ရွက်ရန် ဥပဒေနှင့်​ညီသော အခွင့်​အာဏာမရှိ။

၂၁ သို့ရာတွင်၊ အဘမှ သားသို့​ဆင်းသက်သည့် ယဇ်ပုရောဟိတ်​အခွင့်၏ အခွင့်​အရေးနှင့် စပ်လျဉ်းသည့် စီရင်ခြင်း​အပေါ် အခြေခံ၍၊ သူတို့သည် မိမိတို့​မျိုးရိုးကို အဘယ်​အချိန်မှာ​မဆို သက်သေပြ​နိုင်လျှင်၊ သို့မဟုတ် အထက်က​ဆိုခဲ့သော ဥက္ကဋ္ဌ​အဖွဲ့​လက်အောက်၌ ကိုယ်တော်ရှင်​ထံမှ ဗျာဒိတ်တော်​အားဖြင့် ထုတ်ဖော်စိစစ်နိုင်လျှင်၊ မိမိတို့​ဆီနှင့်လိမ်း၍ ခန့်အပ်ခြင်းကို တောင်းဆို​နိုင်ကြ၏။

၂၂ ထိုမှ​တစ်ဖန်၊ ဤ​အမှုတော်ဆောင်ခြင်း​အတွက်၊ ခန့်အပ်​ခံရမည့် အဘယ်​သင်းအုပ် သို့မဟုတ် ယဇ်ပုရောဟိတ်မင်းမျှ အသင်းတော်၏​ပထမ​ဥက္ကဋ္ဌ​အဖွဲ့​ရှေ့မှာ​မဟုတ်လျှင်၊ အဘယ်​ပြစ်မှု​အတွက်မျှ စီရင်​မခံရ သို့မဟုတ် ပြစ်ဒဏ်​ချမှတ်​မခံရ။

၂၃ ထိုသူသည် သံသယ​မဖြစ်​နိုင်သည့် သက်သေခံချက်​အားဖြင့် ဤ​ပထမ​ဥက္ကဋ္ဌ​အဖွဲ့​ရှေ့၌ အပြစ်​ရောက်ကြောင်း တွေ့ရ​သမျှ၊ ပြစ်ဒဏ်​ချမှတ်​ခံရလိမ့်မည်။

၂၄ သူသည် နောင်တရလျှင်၊ အသင်းတော်၏​ပဋိညာဉ်များနှင့် ပညတ်တော်များ​အတိုင်း အပြစ်လွှတ်​ခံရ​လိမ့်မည်။

၂၅ ထိုမှ​တစ်ဖန်၊ မိဘတို့သည် ဇိအုန်၌​ဖြစ်စေ၊ တည်ထောင်​ထားသည့် ၎င်း၏​ပန္နက်များ​ထဲမှ တစ်စုံ​တစ်ခု၌​ဖြစ်စေ သားသမီးများ​ရှိလျက် သူတို့ကို အသက်​ရှစ်နှစ်​အရွယ်တွင် နောင်တရခြင်း၊ အသက်​ရှင်တော်မူသည့် ဘုရားသခင်၏​သားတော် ခရစ်တော်ကို ယုံကြည်ခြင်း အကြောင်း၊ ထို့အတူ၊ ဗတ္တိဇံနှင့် လက်တင်ခြင်း​အားဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်၏ ဆုကျေးဇူး အကြောင်း ဩဝါဒကို နားလည်စေရန် သွန်သင်ပေးခြင်း​မရှိ​သမျှ၊ အပြစ်သည် မိဘတို့၏​ဦးခေါင်းပေါ်၌ ရှိလိမ့်မည်။

၂၆ အကြောင်း​မူကား၊ ဤအရာသည် ဇိအုန် သို့မဟုတ် တည်ထောင်​ထားသည့် ၎င်း၏​ပန္နက်များ​ထဲမှ တစ်စုံ​တစ်ခု၌ နေထိုင်သူတို့​အဖို့၊ ဥပဒေ​တစ်ခု​ဖြစ်လိမ့်မည်။

၂၇ သူတို့၏​သားသမီးများ​သည်လည်း အသက်​ရှစ်နှစ်​ရှိသော​အခါ မိမိတို့​အပြစ်များမှ လွှတ်ခြင်း​အတွက် ဗတ္တိဇံခံပြီး၊ လက်တင်ခြင်းကို ခံရမည်။

၂၈ သူတို့သည် မိမိတို့​သားသမီးများကို ဆုတောင်းဖို့၊ ထို့အတူ ကိုယ်တော်ရှင်ရှေ့၌ ဖြောင့်မတ်စွာ​ကျင့်ဖို့ သွန်သင်​ပေးရမည်။

၂၉ ဇိအုန်၌ နေထိုင်​ကြသူတို့သည် ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရန် ရိုသေစွာ​ပြုရမည်။

၃၀ ဇိအုန်၌ နေထိုင်​ကြသူတို့သည် အလုပ်​လုပ်ဖို့ ခန့်အပ်​ခံကြရ​သမျှ၊ မိမိတို့​အလုပ်ကိုလည်း၊ အလုံးစုံသော​သစ္စာ​ရှိခြင်းဖြင့် သတိရ​ကြရမည်။ အကြောင်း​မူကား၊ ပျင်းရိသော​သူကို ကိုယ်တော်ရှင်​ရှေ့၌ အမှတ်ရ​လိမ့်မည်။

၃၁ ယခုတွင်၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ဇိအုန်၌ နေထိုင်​ကြသူများကို အလွန်​မနှစ်သက်၊ အကြောင်း​မူကား၊ သူတို့​အထဲ၌ ပျင်းရိသော​သူများ ရှိကြ၏။ သူတို့၏​သားသမီးများ​သည်လည်း ဆိုးညစ်ခြင်း၌ ကြီးထွားလျက်​ရှိကြ၏။ သူတို့သည် ထာဝရ​ကာလ​စည်းစိမ်ကိုလည်း အလေးအနက်မရှာကြ၊ သို့ရာတွင်၊ သူတို့မျက်လုံးများသည် လောဘကြီးခြင်းနှင့်​ပြည့်၏။

၃၂ ဤ​အရာတို့​မဖြစ်သင့်၊ သူတို့​ထံမှ ရပ်စဲ​သွားရမည်။ သို့ဖြစ်၍၊ ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီအား ဤ​စကားတို့ကို ဇိအုန်​မြေသို့ သယ်ဆောင်သွား​စေလော့။

၃၃ ပညတ်တော်​တစ်ခုကို သူတို့အား ငါပေး၏—​အချိန်တန်​သည့်အခါ ကိုယ်တော်ရှင်​ရှေ့၌ မိမိ​ဆုတောင်းခြင်းကို အားထုတ်ခြင်း​မရှိသော​သူအား ငါ့လူမျိုးတို့၏ တရားသူကြီး​ရှေ့၌ အမှတ်ရ​စေလော့။

၃၄ ဤ​စကားတို့သည် မှန်ကန်ပြီး သစ္စာ​ရှိ၏။ သို့ဖြစ်၍၊ ၎င်းတို့ကို လွန်ကျူးခြင်း​မပြုနှင့်၊ ၎င်းတို့ထံမှ နုတ်ပယ်ခြင်းလည်း မပြုနှင့်။

၃၅ ရှုလော့၊ ငါသည် အာလဖနှင့် ဩမေဃ​ဖြစ်၏၊ ငါသည် အလျင်​အမြန်​လာမည်။ အာမင်။