အပိုဒ်ငယ် ၆၈
၁၈၃၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌၊ အော်ဆန်ဟိုက်၊ လုအက်စ်ဂျွန်ဆင်၊ လိုင်မန်အီးဂျွန်ဆင်နှင့် ဝီလျံအီးမက်လီလင်တို့နှင့်စပ်လျဉ်း၍ ကိုယ်တော်ရှင်၏ စိတ်တော်ကို ဖော်ပြစေကြောင်း ဆုတောင်းခြင်း၏ အဖြေအဖြစ် ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်၏တစ်စိတ်တစ်ပိုင်းမှာ ဤလူလေးဦးဆီသို့ ရည်ညွှန်းသော်လည်း၊ အကြောင်းအရာများစွာမှာ အသင်းတော်တစ်ခုလုံးနှင့် သက်ဆိုင်၏။ ဩဝါဒနှင့်ပဋိညာဉ်များ ၁၈၃၅ ခုနှစ်မူကို ပုံနှိပ်ထုတ်ဝေသောအခါ၊ ဤဗျာဒိတ်တော်သည် ဂျိုးဇက်စမစ်၏လမ်းညွှန်မှုဖြင့် ကျယ်ပြန့်လာခဲ့၏။
၁–၅၊ အသင်းလူကြီးတို့၏ စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရသောအခါ ကျမ်းစာဖြစ်၏။ ၆–၁၂၊ အသင်းလူကြီးတို့သည် ဟောပြောပြီး ဗတ္တိဇံပေးရမည်၊ အမှန်ယုံကြည်သူတို့၌ နိမိတ်လက္ခဏာများ ဖြစ်လိမ့်မည်။ ၁၃–၂၄၊ အာရုန်၏သားများ၌ သားဦးသည် ပထမဥက္ကဋ္ဌအဖွဲ့၏ လမ်းညွှန်မှုအောက်၌ ဦးစီးသင်းအုပ်အဖြစ် (ဆိုလိုသည်ကား၊ သင်းအုပ်အဖြစ် ဥက္ကဋ္ဌအဖွဲ့ သော့များကို ကိုင်ဆောင်၏) အစေခံနိုင်၏။ ၂၅–၂၈၊ မိဘတို့သည် မိမိတို့သားသမီးများကို ဧဝံဂေလိတရားတော်ကို သွန်သင်ဖို့ မိန့်မှာခံရ၏။ ၂၉–၃၅၊ သန့်ရှင်းသူတို့သည် ဥပုသ်နေ့ကို ရိုသေစွာပြုရ၊ လုံ့လဝီရိယထက်သန်စွာအလုပ်လုပ်ရ၊ ထို့အတူ ဆုတောင်းရမည်။
၁ ငါ့ကျွန် အော်ဆန်ဟိုက်သည် လူမျိုးတစ်မျိုးမှ လူမျိုးတစ်မျိုးသို့၊ တစ်ပြည်မှတစ်ပြည်သို့၊ ဆိုးညစ်သောပရိတ်သတ်၌၊ သူတို့၏ တရားစရပ်များ၌ ခပ်သိမ်းသောကျမ်းစာများကို သူတို့နှင့် ဆွေးနွေးလျက် ရှင်းပြလျက် ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်ကို ကြေညာစေရန် မိမိခန့်ထားခြင်းအားဖြင့်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ခေါ်သွင်းခံရ၏။
၂ ထို့အတူ၊ ရှုလော့၊ ကြည့်ဦးလော့၊ ဤအရာမှာ ဤယဇ်ပုရောဟိတ်အခွင့်သို့ ခန့်ထားခံရလေသူအပေါင်းတို့အဖို့ ပုံသက်သေဖြစ်၏၊ သူတို့ထံ ခန့်အပ်ထားသည့် သူတို့၏သာသနာပြုခြင်းသည်ကား ထွက်သွားဖို့ဖြစ်၏—
၃ ဤအရာသည်လည်း သူတို့အဖို့ ပုံသက်သေဖြစ်၏၊ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရသည့်အတိုင်း ဟောပြောရမည်။
၄ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရသည့်အခါ သူတို့ဟောပြောမည့်အရာ မှန်သမျှသည် ကျမ်းစာ ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်၏ အလိုတော် ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်၏ စိတ်ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော် ဖြစ်လိမ့်မည်၊ ကိုယ်တော်ရှင်၏အသံ၊ ထို့အတူ ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော် ဖြစ်လိမ့်မည်။
၅ ရှုလော့၊ ဤအရာသည် သင်တို့ထံ ကိုယ်တော်ရှင်၏ ကတိတော်ဖြစ်၏၊ အို အသင်ငါ့ကျွန်တို့။
၆ သို့ဖြစ်၍၊ ရွှင်လန်းကြလော့၊ မကြောက်ရွံ့ကြနှင့်၊ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်သည် သင်တို့နှင့်အတူ ရှိတော်မူ၏၊ သင်တို့ဘေးမှာလည်း ရှိတော်မူမည်။ ငါသည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်ကြောင်း၊ ငါရှိလေခဲ့၊ ငါရှိလျက်၊ ငါကြွလာတော်မူလိမ့်မည်ဖြစ်ကြောင်း၊ ငါယေရှုခရစ်တော်အကြောင်းကိုပင် သင်တို့သက်သေခံကြလိမ့်မည်။
၇ ငါ့ကျွန်အော်ဆန်ဟိုက်သို့၊ ထို့အတူ၊ ငါ့ကျွန်လုဂျွန်ဆင်သို့၊ ထို့အတူ ငါ့ကျွန် လိုင်မန်ဂျွန်ဆင်သို့၊ ထို့အတူ၊ ငါ့ကျွန်ဝီလျံအီးမက်လီလင်သို့၊ ထို့အတူ ငါ့အသင်းတော်၏ သစ္စာရှိသော အသင်းလူကြီးအပေါင်းသို့ ကိုယ်တော်ရှင်၏ ဤနှုတ်ကပတ်တော်သည်ကား—
၈ သင်တို့သည် လောကီနိုင်ငံအရပ်ရပ်သို့သွား၍၊ လူသတ္တဝါတိုင်းအား ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ သင်တို့ကို ငါပေးလေသည့် အခွင့်အာဏာဖြင့် ဆောင်ရွက်လျက်၊ ခမည်းတော်၏၊ ထို့အတူ သားတော်၏၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံပေးလော့။
၉ ယုံကြည်လျက် ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်၊ ယုံကြည်ခြင်း မရှိသောသူသည် အပြစ်စီရင်ခံရလိမ့်မည်။
၁၀ ယုံကြည်သောသူသည် ရေးထားသည့်အတိုင်းပင် အတူဖြစ်လာမည့် နိမိတ်လက္ခဏာများနှင့် ကောင်းချီးခံစားရလိမ့်မည်။
၁၁ ကပ်ကာလ၏ နိမိတ်လက္ခဏာများကို၊ ထို့အတူ လူသားတော်ကြွလာတော်မူခြင်း၏ နိမိတ်လက္ခဏာများကို သိစေရန်၊ သင်တို့ကို အခွင့်ပေးထား၏။
၁၂ ခမည်းတော်သက်သေခံသမျှ၊ ထိုသူတို့ကို ထာဝရအသက်သို့ တံဆိပ်ခတ်ခြင်းငှာ သင်တို့အား တန်ခိုးကို ပေးလိမ့်မည်။ အာမင်။
၁၃ ယခုမူကား၊ ပဋိညာဉ်များနှင့် ပညတ်တော်များသို့ ထပ်လောင်းသည့် အချက်များနှင့် စပ်လျဉ်းသည့် ဤအရာတို့သည်ကား—
၁၄ ကိုယ်တော်ရှင်၏ ကာလအချိန်တန်သောအခါ၌၊ ပထမဆုံးသောသူကဲ့သို့ပင် အမှုတော်ဆောင်ရန်၊ အသင်းတော်အဖို့ ရွေးထားသည့် အခြားသောသင်းအုပ်များ နောင်ကာလ၌ ခန့်အပ်ပေ၏။
၁၅ သို့ဖြစ်၍၊ သူတို့သည် အာရုန်၏ မူလအမျိုးအနွယ်များမဟုတ်ကြလေလျှင်၊ ထိုက်တန်သော ယဇ်ပုရောဟိတ်မင်းများ ဖြစ်ကြရလိမ့်မည်၊ ထို့အတူ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ပထမဥက္ကဋ္ဌအဖွဲ့အားဖြင့် ခန့်အပ်ခံရလိမ့်မည်။
၁၆ သူတို့သည် အာရုန်၏အမျိုးအနွယ်စစ်များဖြစ်ကြလျှင်၊ အာရုန်၏သားတို့၌ သားဦးများဖြစ်ကြလျှင်၊ သင်းအုပ်အမှုအရာအတွက် ဥပဒေနှင့်ညီသော အခွင့်အရေးရှိကြ၏။
၁၇ အကြောင်းမူကား၊ သားဦးသည် ဤယဇ်ပုရောဟိတ်၊ ထို့အတူ သော့များ သို့မဟုတ် ထိုယဇ်ပုရောဟိတ်အခွင့်အာဏာအပေါ်၌ ဥက္ကဋ္ဌအဖွဲ့အခွင့်အရေးကို ကိုင်ဆောင်၏။
၁၈ အာရုန်၏အမျိုးအနွယ်စစ်နှင့် သားဦးမဟုတ်လျှင်၊ ဤအမှုအရာအတွက်၊ ဤယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်ရန်၊ အဘယ်သူမျှ ဥပဒေနှင့်ညီသောအခွင့်အရေးမရှိ။
၁၉ သို့ရာတွင်၊ အာရုန်၏အမျိုးအနွယ်စစ်ကို ရှာ၍မတွေ့နိုင်သောအခါ၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ယဇ်ပုရောဟိတ်မင်းသည် ပို၍ငယ်သောအမှုအရာအပေါင်း၌ အမှုဆောင်ရွက်ရန် အခွင့်အာဏာရှိသဖြင့်၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ပထမဥက္ကဋ္ဌအဖွဲ့၏ လက်အောက်၌ ဤအခွင့်သို့ ခေါ်သွင်း၍၊ ရွေးထားပြီး ခန့်ထားခံရလျှင် သင်းအုပ်၏ အမှုအရာ၌ အမှုဆောင်ရွက်နိုင်ပေ၏။
၂၀ အာရုန်၏အမျိုးအနွယ်စစ်တစ်ဦးကိုလည်း၊ ဤဥက္ကဋ္ဌအဖွဲ့အားဖြင့် ရာထားခံရမည်၊ ထို့အတူ ထိုက်တန်မှုရှိကြောင်း တွေ့ရမည်၊ ထို့အတူ ဆီလိမ်း၍ခန့်အပ် ခံရမည်၊ ထို့အတူ ဤဥက္ကဋ္ဌအဖွဲ့လက်အောက်၌ ခန့်ထားခံရမည်၊ သို့မဟုတ်လျှင် သူတို့သည် မိမိတို့ယဇ်ပုရောဟိတ်အခွင့်၌ အမှုဆောင်ရွက်ရန် ဥပဒေနှင့်ညီသော အခွင့်အာဏာမရှိ။
၂၁ သို့ရာတွင်၊ အဘမှ သားသို့ဆင်းသက်သည့် ယဇ်ပုရောဟိတ်အခွင့်၏ အခွင့်အရေးနှင့် စပ်လျဉ်းသည့် စီရင်ခြင်းအပေါ် အခြေခံ၍၊ သူတို့သည် မိမိတို့မျိုးရိုးကို အဘယ်အချိန်မှာမဆို သက်သေပြနိုင်လျှင်၊ သို့မဟုတ် အထက်ကဆိုခဲ့သော ဥက္ကဋ္ဌအဖွဲ့လက်အောက်၌ ကိုယ်တော်ရှင်ထံမှ ဗျာဒိတ်တော်အားဖြင့် ထုတ်ဖော်စိစစ်နိုင်လျှင်၊ မိမိတို့ဆီနှင့်လိမ်း၍ ခန့်အပ်ခြင်းကို တောင်းဆိုနိုင်ကြ၏။
၂၂ ထိုမှတစ်ဖန်၊ ဤအမှုတော်ဆောင်ခြင်းအတွက်၊ ခန့်အပ်ခံရမည့် အဘယ်သင်းအုပ် သို့မဟုတ် ယဇ်ပုရောဟိတ်မင်းမျှ အသင်းတော်၏ပထမဥက္ကဋ္ဌအဖွဲ့ရှေ့မှာမဟုတ်လျှင်၊ အဘယ်ပြစ်မှုအတွက်မျှ စီရင်မခံရ သို့မဟုတ် ပြစ်ဒဏ်ချမှတ်မခံရ။
၂၃ ထိုသူသည် သံသယမဖြစ်နိုင်သည့် သက်သေခံချက်အားဖြင့် ဤပထမဥက္ကဋ္ဌအဖွဲ့ရှေ့၌ အပြစ်ရောက်ကြောင်း တွေ့ရသမျှ၊ ပြစ်ဒဏ်ချမှတ်ခံရလိမ့်မည်။
၂၄ သူသည် နောင်တရလျှင်၊ အသင်းတော်၏ပဋိညာဉ်များနှင့် ပညတ်တော်များအတိုင်း အပြစ်လွှတ်ခံရလိမ့်မည်။
၂၅ ထိုမှတစ်ဖန်၊ မိဘတို့သည် ဇိအုန်၌ဖြစ်စေ၊ တည်ထောင်ထားသည့် ၎င်း၏ပန္နက်များထဲမှ တစ်စုံတစ်ခု၌ဖြစ်စေ သားသမီးများရှိလျက် သူတို့ကို အသက်ရှစ်နှစ်အရွယ်တွင် နောင်တရခြင်း၊ အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော် ခရစ်တော်ကို ယုံကြည်ခြင်း အကြောင်း၊ ထို့အတူ၊ ဗတ္တိဇံနှင့် လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူး အကြောင်း ဩဝါဒကို နားလည်စေရန် သွန်သင်ပေးခြင်းမရှိသမျှ၊ အပြစ်သည် မိဘတို့၏ဦးခေါင်းပေါ်၌ ရှိလိမ့်မည်။
၂၆ အကြောင်းမူကား၊ ဤအရာသည် ဇိအုန် သို့မဟုတ် တည်ထောင်ထားသည့် ၎င်း၏ပန္နက်များထဲမှ တစ်စုံတစ်ခု၌ နေထိုင်သူတို့အဖို့၊ ဥပဒေတစ်ခုဖြစ်လိမ့်မည်။
၂၇ သူတို့၏သားသမီးများသည်လည်း အသက်ရှစ်နှစ်ရှိသောအခါ မိမိတို့အပြစ်များမှ လွှတ်ခြင်းအတွက် ဗတ္တိဇံခံပြီး၊ လက်တင်ခြင်းကို ခံရမည်။
၂၈ သူတို့သည် မိမိတို့သားသမီးများကို ဆုတောင်းဖို့၊ ထို့အတူ ကိုယ်တော်ရှင်ရှေ့၌ ဖြောင့်မတ်စွာကျင့်ဖို့ သွန်သင်ပေးရမည်။
၂၉ ဇိအုန်၌ နေထိုင်ကြသူတို့သည် ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရန် ရိုသေစွာပြုရမည်။
၃၀ ဇိအုန်၌ နေထိုင်ကြသူတို့သည် အလုပ်လုပ်ဖို့ ခန့်အပ်ခံကြရသမျှ၊ မိမိတို့အလုပ်ကိုလည်း၊ အလုံးစုံသောသစ္စာရှိခြင်းဖြင့် သတိရကြရမည်။ အကြောင်းမူကား၊ ပျင်းရိသောသူကို ကိုယ်တော်ရှင်ရှေ့၌ အမှတ်ရလိမ့်မည်။
၃၁ ယခုတွင်၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ဇိအုန်၌ နေထိုင်ကြသူများကို အလွန်မနှစ်သက်၊ အကြောင်းမူကား၊ သူတို့အထဲ၌ ပျင်းရိသောသူများ ရှိကြ၏။ သူတို့၏သားသမီးများသည်လည်း ဆိုးညစ်ခြင်း၌ ကြီးထွားလျက်ရှိကြ၏။ သူတို့သည် ထာဝရကာလစည်းစိမ်ကိုလည်း အလေးအနက်မရှာကြ၊ သို့ရာတွင်၊ သူတို့မျက်လုံးများသည် လောဘကြီးခြင်းနှင့်ပြည့်၏။
၃၂ ဤအရာတို့မဖြစ်သင့်၊ သူတို့ထံမှ ရပ်စဲသွားရမည်။ သို့ဖြစ်၍၊ ငါ့ကျွန်အော်လီဗာကောင်ဒရီအား ဤစကားတို့ကို ဇိအုန်မြေသို့ သယ်ဆောင်သွားစေလော့။
၃၃ ပညတ်တော်တစ်ခုကို သူတို့အား ငါပေး၏—အချိန်တန်သည့်အခါ ကိုယ်တော်ရှင်ရှေ့၌ မိမိဆုတောင်းခြင်းကို အားထုတ်ခြင်းမရှိသောသူအား ငါ့လူမျိုးတို့၏ တရားသူကြီးရှေ့၌ အမှတ်ရစေလော့။
၃၄ ဤစကားတို့သည် မှန်ကန်ပြီး သစ္စာရှိ၏။ သို့ဖြစ်၍၊ ၎င်းတို့ကို လွန်ကျူးခြင်းမပြုနှင့်၊ ၎င်းတို့ထံမှ နုတ်ပယ်ခြင်းလည်း မပြုနှင့်။
၃၅ ရှုလော့၊ ငါသည် အာလဖနှင့် ဩမေဃဖြစ်၏၊ ငါသည် အလျင်အမြန်လာမည်။ အာမင်။