အပိုဒ်ငယ် ၆၉
၁၈၃၁ ခု၊ နိုဝင်ဘာ ၁၁ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ အစောပိုင်းပုံနှိပ်ထုတ်ဝေခြင်းအတွက် ရည်ရွယ်ထားသည့် တစ်ပေါင်းတည်း စုစည်းထားသောဗျာဒိတ်တော်များကို နိုဝင်ဘာ ၁–၂ အထူးညီလာခံ၌ အတည်ပြုခဲ့လေ၏။ နိုဝင်ဘာ ၃ တွင်၊ ဤနေရာ၌ အပိုဒ်ငယ် ၁၃၃ အဖြစ် ပေါ်လာသည့် ဗျာဒိတ်တော်ဖြစ်သည့်၊ နောက်ပိုင်း၌ နောက်ဆက်တွဲဟု ခေါ်သည့်အရာကို ထပ်လောင်းဖြည့်စွက်ထား၏။ အော်လီဗာကောင်ဒရီသည် တစ်ပေါင်းတည်း စုစည်းထားသော ဗျာဒိတ်တော်များနှင့် ပညတ်တော်များ၏ ပုံနှိပ်စာမူများကို ပုံနှိပ်ခြင်းအတွက် အင်ဒီပန်းဒင့်၊ မစ်ဆိုရီသို့ သယ်ဆောင်သွားဖို့ ယခင်က ခန့်အပ်ထားခံရ၏။ သူသည် မစ်ဆိုရီ၌ အသင်းတော်တည်ဆောက်ခြင်း အတွက် ပံ့ပိုးထားသောငွေကိုလည်း သူနှင့်အတူ ယူသွားရမည်။ ဤဗျာဒိတ်တော်သည် ဂျွန်ဝှစ်တမာကို အော်လီဗာကောင်ဒရီနှင့် အတူလိုက်ပါဖို့ သွန်သင်၏၊ ထို့အတူ ဝှစ်တမာကို ခရီးသွားဖို့နှင့် အသင်းတော်သမိုင်းပြုစုသူနှင့် မှတ်တမ်းတင်သူအဖြစ် သူ၏အမှုတော်ဆောင်တာဝန်၌ သမိုင်းနှင့်ဆိုင်သောအကြောင်းအရာတို့ကို စုဆောင်းဖို့လည်း လမ်းညွှန်၏။
၁–၂၊ ဂျွန်ဝှစ်တမာသည် မစ်ဆိုရီသို့ အော်လီဗာကောင်ဒရီနှင့်အတူ လိုက်ပါရမည်။ ၃–၈၊ သူသည် ဟောပြောရမည်၊ ထို့အတူ သမိုင်းနှင့်ဆိုင်သော အချက်အလက်များကို စုဆောင်းပြီး၊ မှတ်တမ်းတင်၍လည်း ရေးရမည်။
၁ ငါ့ကိုစေ့စေ့နားထောင်ကြလော့၊ သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်တော်မူ၏၊ ငါ့ကျွန်အော်လီဗာကောင်ဒရီ၏ အကျိုးအတွက် ဖြစ်၏။ မှန်ကန်ပြီး သစ္စာရှိမည့်သူတစ်ဦး သူနှင့်အတူမသွားလျှင်၊ ဇိအုန်မြေသို့ သူသယ်ဆောင်သွားမည့် ပညတ်တော်များနှင့် ငွေများကို သူ့အား ယုံကြည်လွှဲအပ်ရမည်မှာ ငါ့အထဲ၌ရှိသော ဉာဏ်ပညာတော်မဟုတ်။
၂ သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်၊ အလိုရှိတော်မူသည်ကား၊ ငါ့ကျွန်ဂျွန်ဝှစ်တမာသည် ငါ့ကျွန်အော်လီဗာကောင်ဒရီနှင့် အတူသွားရမည်။
၃ ထို့အတူ သူသည် ရေးခြင်းနှင့် ငါ့အသင်းတော်အကြောင်း သူမြင်ရ၊ သိရသည့် အရေးကြီးသော အရာခပ်သိမ်းတို့အကြောင်း သမိုင်းကို ပြုစုခြင်း၌ ဆက်၍ရှိရမည်။
၄ ထို့အတူ သူသည် ငါ့ကျွန်အော်လီဗာကောင်ဒရီနှင့် အခြားသောသူများထံမှ အကြံနှင့် အကူအညီကို ရယူရမည်။
၅ ထို့အတူ မြေကြီးပေါ်မှာ ပျံ့နှံ့လေသည့် ငါ့ကျွန်တို့သည် မိမိတို့၏ တာဝန်ခံအရာများအကြောင်း မှတ်တမ်းကိုလည်း ဇိအုန်မြေသို့ ပို့ရမည်။
၆ အကြောင်းမူကား၊ ဇိအုန်မြေသည် ခပ်သိမ်းသောဤအရာတို့ကို လက်ခံပြီး ပြုဖို့ ထိုင်ခုံနှင့် နေရာဖြစ်လိမ့်မည်။
၇ သို့သော်လည်း၊ ငါ့ကျွန်ဂျွန်ဝှစ်တမာအား၊ အသိပညာကို ပို၍လွယ်ကူစွာရရှိနိုင်စေကြောင်း၊ တစ်နေရာမှတစ်နေရာသို့၊ ထို့အတူ အသင်းတော်တစ်ခုမှ တစ်ခုသို့ အကြိမ်များစွာ ခရီးသွားစေလော့—
၈ အသင်းတော်အကျိုးအတွက်၊ ထို့အတူ ဇိအုန်မြေကို လူမျိုးအစဉ်အဆက်၊ ကာလအစဉ်အဆက် အမြဲ ပိုင်ဆိုင်ဖို့ ထိုမြေပေါ်၌ ကြီးပြင်း၍ ကြီထွားလာကြမည့် မျိုးဆက်တို့အကျိုးအတွက်ဖြစ်မည့် ခပ်သိမ်းသောအရာတို့ကို ဟောပြောလျက်၊ ရှင်းပြလျက်၊ ရေးလျက်၊ ကူးယူလျက်၊ ရွေးချယ်လျက်၊ ထို့အတူ ရရှိလျက် နေကြလော့။ အာမင်။