အပိုဒ်ငယ် ၆
၁၈၂၉ ခု၊ ဧပြီလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် အော်လီဗာကောင်ဒရီသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ၁၈၂၉ ခု၊ ဧပြီလ၊ ၇ ရက်တွင် မော်မုန်ကျမ်းဘာသာပြန်ခြင်း၌ အော်လီဗာကောင်ဒရီသည် စာရေးသူအဖြစ်သူ့အလုပ်ကို အစပြုခဲ့၏။ မော်မုန်ကျမ်းမှတ်တမ်းကို ရေထွင်းထားရာ ပုရပိုက်ပြားများနှင့်စပ်လျဉ်း၍၊ ပရောဖက်၏သက်သေခံချက်မှန်ကန်ခြင်းအကြောင်း မြင့်မြတ်သောထင်ရှားစွာပြခြင်းကို သူရရှိခဲ့လေပြီးဖြစ်၏။ ပရောဖက်သည် ဥရိမ်နှင့် သုမိမ်တို့အားဖြင့် ကိုယ်တော်ရှင်ထံ မေးလျှောက်ခဲ့ပြီး ဤအဖြေကို ရရှိခဲ့၏။
၁–၆၊ ကိုယ်တော်ရှင်၏လယ်ကွင်းထဲ၌ အလုပ်လုပ်ကြသောသူတို့သည် ကယ်တင်ခြင်းကို ရရှိကြ၏။ ၇–၁၃၊ ကယ်တင်ခြင်းဆုကျေးဇူးထက် သာ၍ကြီးမြတ်သောဆုကျေးဇူးမရှိ။ ၁၄–၂၇၊ သမ္မာတရားအကြောင်းသက်သေသည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဖြစ်လာ၏။ ၂၈–၃၇၊ ခရစ်တော်ကို မှီခိုအားကိုးကြလော့၊ ကောင်းမြတ်သည်ကို အစဉ်အမြဲပြုကြလော့။
၁ ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသောအမှုသည် လူသားများသို့ ရောက်လာလုနီးပေပြီ။
၂ ရှုလော့၊ ငါသည် ဘုရားသခင်ဖြစ်၏။ ရှင်သန်၍ တန်ခိုးကြီးသော၊ အရိုးအဆစ်နှင့် ခြင်ဆီနှစ်ခုစလုံးကို အစိတ်စိတ်ကွဲစေသည့် နှစ်ဖက်သွားဓားထက် သာ၍ထက်သော၊ ငါ၏နှုတ်ကပတ်တော်ကို ပမာဏပြုကြလော့။ ထို့ကြောင့်၊ ငါ၏နှုတ်ကပတ်တော်များကို ပမာဏပြုကြလော့။
၃ ရှုလော့၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်ရှိနှင့်လေပြီ။ ထို့ကြောင့်၊ ရိတ်သိမ်းလိုသူ မှန်သမျှအား မိမိတံစဉ်ကို မိမိအစွမ်းသတ္တိဖြင့်၊ ရမ်းစေပြီး၊ အချိန်ရှိစဉ် ရိတ်စေလော့။ သူ၏စိတ်ဝိညာဉ်အတွက်၊ ဘုရားသခင်၏နိုင်ငံတော်၌ ထာဝရတည်မြဲသောကယ်တင်ခြင်းကို ထိုသူအမြတ်တနိုးသိမ်းဆည်းထားနိုင်စေကြောင်းပင်တည်း။
၄ ထိုမှတစ်ပါး၊ မိမိတံစဉ်ကို ရမ်း၍ ရိတ်မည့်သူမှန်သမျှသည် ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကို ခံရ၏။
၅ ထို့ကြောင့်၊ သင်တို့သည် ငါ့ထံမှ တောင်းကြလျှင်၊ ရကြလိမ့်မည်။ သင်တို့ ခေါက်ကြလျှင် သင်တို့အဖို့ ဖွင့်ပေးလိမ့်မည်။
၆ ယခုတွင်၊ သင်တို့တောင်းလေသည့်အတိုင်း၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလော့။ ဇိအုန်၏အကျိုးကို ထူထောင်ပြီး တည်ဆောက်ဖို့ ကြိုးစားကြလော့။
၇ စည်းစိမ်ဥစ္စာများကို ရှာခြင်းမပြုနှင့်၊ သို့ရာတွင် ဉာဏ်ပညာကို ရှာကြလော့၊ ရှုဦးလော့၊ ဘုရားသခင်၏နက်နဲသောအရာတို့ကို သင်တို့ထံ ဖွင့်ပြတော်မူလိမ့်မည်။ ထို့နောက်တွင်၊ သင်တို့ကို ကြွယ်ဝစေလိမ့်မည်။ ရှုလော့၊ ထာဝရအသက်ကို ရရှိသောသူသည် ကြွယ်ဝ၏။
၈ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ့ထံမှ သင်အလိုရှိသည့်အတိုင်းပင် သင့်ထံသို့ ဖြစ်လာလိမ့်မည်။ သင်သည် အလိုရှိလျှင်၊ ဤမျိုးဆက်၌ များစွာသောကောင်းမြတ်ခြင်းကိုပြုရာ တန်ဆာဖြစ်လိမ့်မည်။
၉ နောင်တရခြင်းမှတစ်ပါး၊ အဘယ်အရာကိုမျှ ဤမျိုးဆက်ကို မပြောနှင့်။ ငါ၏ပညတ်တော်များကို စောင့်ထိန်းလော့၊ ငါ၏အမှုတော်ဖြစ်မြောက်စေဖို့ ငါ၏ပညတ်တော်များအတိုင်း ကူညီလော့၊ သင်သည်လည်း ကောင်းချီးခံစားရလိမ့်မည်။
၁၀ ရှုလော့၊ သင့်မှာ ဆုကျေးဇူးရှိ၏။ သင်၏ဆုကျေးဇူးကြောင့် သင်သည် မင်္ဂလာရှိ၏။ ထိုအရာသည် သန့်ရှင်းမွန်မြတ်ပြီး၊ အထက်မှလာသည်ကို အောက်မေ့လော့—
၁၁ သင်သည် မေးလျှောက်လျှင်၊ ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသည့် နက်နဲသောအရာများကို သိရလိမ့်မည်။ ထို့ကြောင့်၊ သင်သည် နက်နဲသောအရာများကို ရှာဖွေတွေ့ရှိနိုင်စေကြောင်း၊ များစွာသောသူတို့အား သမ္မာတရားကိုသိခြင်းသို့ ဆောင်ယူပြီး၊ ထိုမှတစ်ပါး၊ သူတို့အပြုအမူများ၏ မှားယွင်းခြင်းကို နားသွင်းနိုင်စေကြောင်း သင်၏ဆုကျေးဇူးကို အသုံးပြုလော့။
၁၂ သင်၏ဆုကျေးဇူးကို သင်နှင့်ယုံကြည်ခြင်းတူသောသူများကိုမှတစ်ပါး၊ အဘယ်သူ့ကိုမျှ ဖော်ပြခြင်းမပြုနှင့်။ သန့်ရှင်းမွန်မြတ်သောအရာများကို မထီမဲ့မြင်ပြုခြင်း မရှိနှင့်။
၁၃ သင်သည် ကောင်းမြတ်သည်ကို ပြုပြီး၊ ထိုမှတစ်ပါး၊ အဆုံးတိုင်အောင် ဆက်၍သစ္စာရှိမည်ဆိုလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ထိုအရာသည်ကား၊ ဘုရားသခင်၏ဆုကျေးဇူးအပေါင်းတို့အထဲမှ အကြီးမြတ်ဆုံးဖြစ်၏။ အကြောင်းမူကား၊ ကယ်တင်ခြင်းဆုကျေးဇူးထက် သာ၍ကြီးမြတ်သောဆုကျေးဇူးမရှိ။
၁၄ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်သည် ပြုလေသောအမှုကြောင့် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်သည် ငါ့ထံ မေးလျှောက်လေပြီ။ ရှုဦးလော့၊ သင်သည် အကြိမ်ကြိမ်မေးလျှောက်လေသမျှ၊ ငါ့ဝိညာဉ်တော်ထံမှ သွန်သင်ချက်ကို ရရှိလေပြီ။ ထိုကဲ့သို့မဟုတ်လေလျှင်၊ သင်သည် ဤအချိန်မှာ သင်ရောက်နေသည့်နေရာသို့ ရောက်လာခဲ့လိမ့်မည်မဟုတ်။
၁၅ ရှုလော့၊ ငါ့ထံမှ သင်မေးလျှောက်လေ၍ ငါသည် သင်၏စိတ်ကို အလင်းသို့ရောက်စေတော်မူကြောင်း သင်သိ၏။ ယခုမူကား၊ သမ္မာတရားဝိညာဉ်တော်အားဖြင့် သင်အလင်းသို့ရောက်လေပြီဖြစ်ကြောင်း သိစေဖို့ ဤအရာများကို သင့်အား ငါပြောပြ၏။
၁၆ ထိုမှတစ်ပါး၊ သင်၏အတွေးများနှင့် သင့်စိတ်နှလုံး၏အကြံအစည်များကို သိသူမှာ ဘုရားသခင်မှတစ်ပါး၊ အခြားအဘယ်သူမျှမရှိကြောင်း သင်သိနိုင်စေခြင်းငှာ သင့်ကို ငါပြောပြ၏။
၁၇ သင့်ထံသို့ သက်သေအဖြစ် ဤအရာတို့ကို သင့်အား ငါပြောပြ၏—သင်ရေးနေလေသည့် နှုတ်ကပတ်တော်များ သို့မဟုတ် ဤကျမ်းမှန်ကန်ကြောင်းပေတည်း။
၁၈ ထို့ကြောင့်၊ လုံ့လဝီရိယရှိလော့။ နှုတ်ကပတ်တော်ကြောင့် အဘယ်သို့သော ခက်ခဲသည့်အခြေအနေမှာ ဂျိုးဇက်ရှိနိုင်သည်ဖြစ်စေ၊ ငါ့ကျွန်၏ဘေးမှာ သစ္စာရှိစွာနေလော့။
၁၉ သူ၏အမှားများ၌ သူ့ကို ဆုံးမလော့၊ သူ့ထံမှ ဆုံးမခြင်းကိုလည်း လက်ခံလော့။ သည်းခံလော့။ သမ္မာသတိရှိလော့။ ဣန္ဒြေစောင့်လော့။ သည်းခံခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာရှိလော့။
၂၀ ရှုလော့၊ သင်သည် အော်လီဗာဖြစ်၏၊ သင်၏အလိုဆန္ဒများကြောင့်၊ သင့်ကို ငါဟောပြောလေပြီ။ ထို့ကြောင့်၊ ဤနှုတ်ကပတ်တော်များကို သင့်စိတ်နှလုံးထဲ၌ အမြတ်တနိုးသိမ်းဆည်းထားလော့။ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာရှိပြီး၊ လုံ့လဝီရိယရှိလော့။ ငါသည် သင့်ကို ငါ၏ချစ်ခြင်းလက်များဖြင့် ပွေ့ထားတော်မူမည်။
၂၁ ရှုလော့၊ ငါသည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော် ဖြစ်၏။ ငါသည်ကား၊ ငါ၏အရပ်ဒေသသို့ ကြွလာတော်မူသောသူပင် ဖြစ်သော်လည်း၊ ငါ၏လူမျိုးတို့သည် ငါ့ကို လက်ခံခြင်းမရှိကြ။ ငါသည် မှောင်မိုက်၌ တောက်ပသောအလင်းဖြစ်၍ မှောင်မိုက်သည် နားလည်ခြင်းမရှိ။
၂၂ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်သည် နောက်ထပ်သက်သေကို အလိုရှိလျှင်၊ ဤအရာတို့၏အမှန်တရားနှင့်စပ်လျဉ်း၍ သိနိုင်စေကြောင်း၊ သင့်စိတ်နှလုံးဖြင့် ငါ့ထံသို့ တောင်းလျှောက်ရာညကို သတိရလော့။
၂၃ ထိုအမှုနှင့်စပ်လျဉ်း၍၊ သင်၏စိတ်သို့ ငြိမ်းချမ်းခြင်းကို ငါမဟောခဲ့သလော။ ဘုရားသခင်ထံမှ အဘယ်သာ၍ကြီးစွာသောသက်သေကို သင်ရရှိနိုင်သနည်း။
၂၄ ယခုမူကား၊ ရှုလော့၊ သင်သည် သက်သေကို ရရှိ၏။ အကြောင်းမူကား၊ အဘယ်သူမျှမသိသည့်အရာများကို သင့်အား ငါပြောပြလေလျှင်၊ သင်သည် သက်သေကို မရရှိလေသလော။
၂၅ ထို့အတူ၊ ရှုလော့၊ သင်သည် ငါ့ကျွန်ဂျိုးဇက်ကဲ့သို့ပင် ဘာသာပြန်ခြင်းငှာ ဆုကျေးဇူးကို ငါ့ထံမှအလိုရှိလျှင်၊ သင့်အား ငါပေး၏။
၂၆ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ လူတို့၏ဆိုးညစ်ခြင်းကြောင့် ထိမ်ဝှက်ထားလေသော ငါ၏ဧဝံဂေလိတရားတော်မြောက်မြားစွာတို့ပါရှိသည့် မှတ်တမ်းများရှိ၏။
၂၇ ယခုမူကား၊ သင့်ကို ငါမိန့်တော်မူသည်မှာ သင့်၌ ကောင်းမြတ်သောအလိုဆန္ဒ—ကောင်းကင်ဘုံ၌ သင်ကိုယ်တိုင်အတွက် ဘဏ္ဍာများကို သိုထားခြင်းငှာဟူသော အလိုဆန္ဒ—ရှိလျှင်၊ ဒုစရိုက်ကြောင့် ဝှက်ထားလေသော ငါ့ကျမ်းစာများ၏ ထိုအစိတ်အပိုင်းတို့ကို အလင်းသို့ဆောင်ယူရာ၌ သင်၏ဆုကျေးဇူးဖြင့် ကူညီရမည်။
၂၈ ယခုမူကား၊ ရှုလော့၊ ဤအမှုတော်ဆောင်ခြင်းကို အလင်းသို့ဆောင်ယူမည့် ဤဆုကျေးဇူးသော့များကို သင့်ထံသို့၊ ထို့အတူ ငါ့ကျွန်ဂျိုးဇက်ထံသို့လည်း ငါပေးတော်မူမည်။ သက်သေနှစ်ဦး သို့မဟုတ် သုံးဦး၏နှုတ်အားဖြင့် စကားမှန်သမျှကို တည်စေလိမ့်မည်။
၂၉ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သူတို့သည် ငါ၏နှုတ်ကပတ်တော်များ၊ ထို့အတူ၊ ငါ့ဧဝံဂေလိတရားတော်၏ဤအစိတ်အပိုင်းနှင့် အမှုတော်ဆောင်ခြင်းကို ငြင်းပယ်ကြလျှင်၊ သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် ငါ့ကို ပြုသည်ထက် သင်တို့ကို သာ၍မပြုနိုင်ကြ။
၃၀ သူတို့ ငါ့ကို ပြုလေသကဲ့သို့ပင် သင်တို့ကိုပြုကြသော်လည်း၊ သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငါနှင့်အတူ ဘုန်းတော်၌ နေထိုင်ရလိမ့်မည်။
၃၁ သို့ရာတွင်၊ သူတို့သည် ပေးတော်မူမည့် သက်သေခံချက်အားဖြင့် တည်စေမည့် ငါ၏နှုတ်ကပတ်တော်တို့ကို ငြင်းပယ်ခြင်းမပြုကြလျှင်၊ မင်္ဂလာရှိကြ၏။ ထို့နောက်တွင်၊ သင်တို့သည် သင်တို့လုပ်အား၏ အသီးအပွင့်၌ ဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။
၃၂ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ၏တပည့်တော်တို့ကို ငါမိန့်တော်မူလေသကဲ့သို့ပင် အကြင်အရပ်၌ လူနှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမကိုထောက်၍ အမှုတစ်ခုကြောင့် အတူတကွစုဝေးကြ၏။ ရှုလော့၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိလိမ့်မည်—ထိုကဲ့သို့ပင် သင်တို့အလယ်မှာ ငါရှိ၏။
၃၃ ကောင်းမြတ်ခြင်းကို ပြုဖို့ ကြောက်ခြင်းမရှိနှင့် ငါ့သားတို့။ အကြောင်းမူကား၊ သင်တို့စိုက်သမျှအတိုင်း သင်တို့ရိတ်သိမ်းရလိမ့်မည်။ ထို့ကြောင့်၊ သင်တို့သည် ကောင်းမြတ်ခြင်းကို စိုက်လျှင်၊ သင်တို့၏အကျိုးကျေးဇူးအဖြစ် ကောင်းမြတ်ခြင်းကို ရိတ်သိမ်းရလိမ့်မည်။
၃၄ ထို့ကြောင့်၊ ကြောက်ခြင်းမရှိနှင့် သိုးစုငယ်။ ကောင်းမြတ်ခြင်းကို ပြုလော့။ မြေကြီးနှင့် ငရဲကို သင်တို့တစ်ဖက်မှာ ပေါင်းစပ်ပါစေ။ အကြောင်းမူကား၊ သင်တို့ကို ငါ၏ကျောက်ပေါ်မှာ တည်ဆောက်ထားလျှင်၊ သူတို့မအောင်နိုင်ကြ။
၃၅ ရှုလော့၊ ငါသည် သင်တို့ကို ပြစ်ဒဏ်မချမှတ်။ ကိုယ့်လမ်းကို သွားလော့၊ အပြစ်လည်းမပြုတော့နှင့်။ သင်တို့အား ငါမိန့်တော်မူလေသည့်အမှုတော်ကို တည်ကြည်လေးနက်စွာ ဆောင်ရွက်လော့။
၃၆ အတွေးအကြံမှန်သမျှ၌ ငါ့ကို မှီခိုအားကိုးလော့။ ယုံမှားသံသယမရှိနှင့်။ ကြောက်ခြင်းမရှိနှင့်။
၃၇ ငါ့နံဘေးမှာ ထိုးဖောက်ထားသည့်ဒဏ်ရာများ၊ ထို့အတူ ငါ၏လက်နှင့် ခြေတို့မှ သံရိုက်ရာချက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ သစ္စာရှိကြလော့။ ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလော့။ သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို အမွေခံရလိမ့်မည်။ အာမင်