အပိုဒ်ငယ် ၇၁
၁၈၃၁ ခု၊ ဒီဇင်ဘာ ၁ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂဒွန်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် ဤဗျာဒိတ်တော်ကို လက်ခံရရှိသည့် အချိန်အထိ၊ သူ၏စာရေးသူဆစ်ဒနီရစ်ဂဒွန်နှင့်အတူ သမ္မာကျမ်းကို ဆက်၍ဘာသာပြန်ခဲ့လေ၏။ ဤနေရာ၌ပေးသည့် သွန်သင်ချက်များကို ပြီးပြည့်စုံစေဖို့ သူတို့စွမ်းဆောင်နိုင်စေခြင်းငှာ ဘာသာပြန်ခြင်းကို ထိုအချိန်တွင် ယာယီရပ်ထားခဲ့၏။ ဖောက်ပြန်သင်းကွဲခဲ့လေသူ အယ်ဇရာဘုရေးသည့်စာများကို ပုံနှိပ်ထုတ်ဝေခြင်း၏ရလဒ်အဖြစ်၊ အသင်းတော်ကို ဆန့်ကျင်၍ တိုးပွားလာသည့် မဖော်ရွေသောခံစားချက်များကို လျော့ပါးစေခြင်းငှာ၊ ညီအစ်ကိုတို့သည် ဟောပြောဖို့ ထွက်သွားကြရမည်။
၁–၄၊ ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂဒွန်တို့သည် ဧဝံဂေလိတရားတော်ကို ကြေညာစေဖို့ စေလွှတ်ခံရ၏။ ၅–၁၁၊ သန့်ရှင်းသူတို့၏ရန်သူတို့သည် ချေပခံရ လိမ့်မည်။
၁ ရှုလော့၊ ငါ့ကျွန်များဖြစ်ကြသည့် ဂျိုးဇက်စမစ်အငယ်နှင့် ဆစ်ဒနီရစ်ဂဒွန်တို့ကို ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါ၏ဧဝံဂေလိတရားတော်ကို ကြေညာခြင်း၌၊ ငါအလိုရှိသည့် အတိုင်းပင်၊ သင်တို့အား ပေးတော်မူမည့် ဝိညာဉ်တော် တစ်စိတ်တစ်ပိုင်းနှင့် တန်ခိုးတော်တို့အတိုင်း၊ နိုင်ငံတော်၏နက်နဲခြင်းအရာများကို ကျမ်းစာများဖြင့် ရှင်းပြခြင်း၌ သင်တို့၏ နှုတ်ကို ဖွင့်ရမည်မှာ ငါ့အဖို့လိုအပ်ပြီး သင့်လျော်သည့်အချိန်သည် အမှန်ကျရောက်လာ၏။
၂ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ လောကသို့ ပတ်ဝန်းကျင်ဒေသတို့၌၊ ထို့အတူ အသင်းတော်ထဲ၌၊ သင်တို့ထံ ဖော်ပြသည့် အချိန်အထိပင် ကာလအတန်ငယ်ကြာအောင် ကြေညာကြလော့။
၃ ဤအရာသည်ကား၊ သင်တို့ကို ငါပေးသည့် ကာလအတန်အရာ သာသနာပြုခြင်း ဖြစ်၏။
၄ သို့ဖြစ်၍၊ သင်တို့သည် ငါ၏စပျစ်ဥယျာဉ်ထဲ၌ အလုပ်လုပ်ကြလော့။ မြေကြီးပေါ်မှာ နေထိုင်သူတို့အား တောင်းဆိုကြလော့၊ ထို့အတူ သက်သေခံကြလော့၊ ထို့အတူ ရောက်လာမည့် ပညတ်တော်များနှင့် ဗျာဒိတ်တော်များအတွက် လမ်းကို ပြင်ဆင်ကြလော့။
၅ ယခုတွင်၊ ရှုလော့၊ ဤအရာသည် ဉာဏ်ပညာ ဖြစ်၏။ ဖတ်ရှုသောသူမှန်သမျှကို နားလည်စေလော့၊ ထို့အတူ လက်ခံရရှိစေလော့။
၆ အကြောင်းမူကား၊ ရရှိတတ်သောသူအား၊ အခွင့်ကိုပင် သာ၍မြောက်မြားစွာ ပေးလိမ့်မည်။
၇ သို့ဖြစ်၍၊ သင်တို့၏ရန်သူတို့ကို ချေပလော့။ အများထဲမှာသော်လည်းကောင်း၊ နှစ်ဦးချင်းသော်လည်းကောင်း သင်တို့နှင့် တွေ့ဖို့ သူတို့ကို တောင်းဆိုကြလော့။ သင်တို့သစ္စာရှိကြသမျှ၊ သူတို့၏ရှက်ကြောက်ခြင်းကို ထင်ရှားစွာပြစေလိမ့်မည်။
၈ သို့ဖြစ်၍၊ ကိုယ်တော်ရှင်တစ်ဖက်၌ သူတို့၏အားကြီးသော အကျိုးအကြောင်းကို သူတို့ဖော်ပြစေလော့။
၉ သင်တို့ကို ကိုယ်တော်ရှင်အမှန်မိန့်တော်မူသည်ကား—သင်တို့တစ်ဖက်၌လုပ်သည့် လက်နက်တစ်စုံတစ်ခုမျှ မအောင်မြင်ရ။
၁၀ တစ်စုံတစ်ယောက်သည် သင့်တစ်ဖက်၌ကြွေးကြော်လျှင်၊ ထိုသူသည် ငါ၏ ကာလအချိန်တန်သောအခါ ချေပခံရလိမ့်မည်။
၁၁ သို့ဖြစ်၍၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းလော့။ ၎င်းတို့သည် မှန်ကန်ပြီး သစ္စာရှိ၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။