ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၂


အပိုဒ်ငယ် ၇၂

၁၈၃၁ ခု၊ ဒီဇင်ဘာ ၄ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အသင်း​လူကြီးများနှင့် အသင်းသားများ​အသီးသီးတို့သည် မိမိတို့​တာဝန်ကို​သင်ယူရန်နှင့် အသင်းတော်၏​သွန်သင်ခြင်းတို့၌ နောက်ထပ်၍​တည်ဆောက်ရန် စည်းဝေးကြ၏။ ဤ​အပိုဒ်ငယ်သည် ထိုတစ်နေ့တည်း၌ ရရှိသည့်​ဗျာဒိတ်တော်​သုံးခုကို တစ်ပေါင်းတည်း​စုစည်း​ထားခြင်း​ဖြစ်၏။ အခန်းငယ် ၁ မှ ၈ အထိသည် နီဝယ်လ်​နိုက်၏ သင်းအုပ် အမှုတော်ဆောင်​တာဝန်ကို ဖော်ပြ၏။ သူသည် ထို့နောက်တွင် ခေါ်သွင်း၍​ခန့်ထား​ခံရ၏၊ ၎င်းနောက် အခန်းငယ် ၉ မှ ၂၃ အထိကို လက်ခံ​ရရှိပြီး၊ သင်းအုပ်၏ တာဝန်နှင့်​စပ်လျဉ်းသည့် နောက်ထပ်​သတင်း​အချက်​အလက်များကို ပေး၏။ ထို့နောက်တွင်၊ ဇိအုန်သို့​စုဝေးခြင်းနှင့်​စပ်လျဉ်းသည့် သွန်သင်ချက်များကို ပြင်ဆင်လျက် အခန်းငယ် ၂၄ မှ ၂၆ အထိကို ပေး၏။

၁–၈၊ အသင်း​လူကြီးတို့သည် မိမိတို့၏ တာဝန်ခံ​အရာ​အကြောင်း မှတ်တမ်းကို သင်းအုပ်သို့ ပေးရမည်။ ၉–၁၅၊ သင်းအုပ်တို့သည် ဘဏ္ဍာတိုက်များကို ထိန်းသိမ်းပြီး၊ ဆင်းရဲသားများနှင့် ချို့တဲ့သော​သူများကို ဂရုစိုက်​ရမည်။ ၁၆–၂၆၊ သင်းအုပ်တို့သည် အသင်း​လူကြီးတို့၏​ထိုက်တန်မှုကို အတည်ပြု​ပေးရမည်။

စေ့စေ့နားထောင်ကြလော့၊ ကိုယ်တော်ရှင်၏ အသံကိုလည်း နာယူကြလော့၊ အို နိုင်ငံတော်နှင့် တန်ခိုးကို ပေးထား​ခံရလေသော​သူများ တည်းဟူသော၊ ငါ့အသင်းတော်မှ ယဇ်ပုရောဟိတ်မင်းများ ဖြစ်ကြသည့် သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးကြ​လေသူ အသင်တို့။

အကြောင်းမူကား၊ ကိုယ်တော်ရှင်​အမှန်​မိန့်တော်မူ​သည်မှာ၊ ကိုယ်တော်ရှင်၏ စပျစ်​ဥယျာဉ်၏ ဤ​အပိုင်းရှိ အသင်းတော်သို့၊ သင်တို့​ထံသို့၊ သို့မဟုတ် သင်တို့​အထဲမှ သင်းအုပ်​တစ်ဦး ခန့်အပ်​ခံရမည်မှာ ငါ့အဖို့ သင့်လျော်​ပေ၏။

ဤအမှု၌ သင်တို့သည် ဉာဏ်ပညာ​ရှိစွာ အမှန်​ဆောင်ရွက်​ပြီးလေပြီ၊ အကြောင်း​မူကား၊ ယခု​ကာလနှင့် ထာဝရ​ကာလ​နှစ်ခု​စလုံး၌ တာဝန်ခံ​တိုင်း၏​လက်မှ မိမိ​တာဝန်ခံ​အရာ​အကြောင်း မှတ်တမ်းကို ပေးစေရန် ကိုယ်တော်ရှင်​လိုအပ်​တော်မူ၏။

အကြောင်း​မူကား၊ ယခု​ကာလ၌ သစ္စာ​ရှိပြီး​ဉာဏ်ပညာ​ရှိသူသည် သူ့အတွက် ငါ့အဘ ပြင်ဆင်​ထားသည့် နေစရာ​အခန်းများကို အမွေခံ​ထိုက်သည်ဟု မှတ်ယူ​ခံရ၏။

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့စပျစ်​ဥယျာဉ်၏ ဤ​အပိုင်းရှိ​အသင်းတော်မှ အသင်း​လူကြီး​တို့သည် မိမိတို့​တာဝန်ခံ​အရာ​အကြောင်း မှတ်တမ်းကို ငါ့စပျစ်​ဥယျာဉ်၏ ဤအပိုင်း၌ ငါ​ခန့်အပ်မည့် သင်းအုပ်ထံသို့ ပေးကြ​ရမည်။

ဤ​အရာတို့ကို မှတ်တမ်း၌ ရှိစေ​ရမည်၊ ဇိအုန်ရှိ သင်းအုပ်သို့ လွှဲပေး​ရမည်။

သင်းအုပ်၏​တာဝန်ကို ပေးထား​လေသည့် ပညတ်တော်များ​အားဖြင့်၊ ထို့အတူ ညီလာခံ၏​မဲဆန္ဒ​အားဖြင့် ဖော်ပြ​လိမ့်မည်။

ယခု​မူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ငါ့ကျွန်​နီဝယ်လ်​ကေ​ဝှစ်တနီသည် ဤ​အခွင့်သို့ ခန့်အပ်ပြီး ခန့်ထား​ခံရသူ ဖြစ်လိမ့်မည်။ ဤအရာသည် သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၊ သင်တို့​ရွေးနုတ်ရှင်၏ အလိုတော်​ဖြစ်၏။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်၊ ပေးထားလေသော​ဥပဒေသို့ ထပ်လောင်းသည့် စပျစ်ဥယျာဉ်၏​ဤအပိုင်းရှိ အသင်းတော်​အဖို့ ခန့်ထား​ခံရ​လေသူ သင်းအုပ်၏​တာဝန်ကို ဖော်ပြသည့်၊ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်​ဤသို့​အမှန်​ဆိုသည်ကား—

၁၀ ကိုယ်တော်ရှင်၏ ဘဏ္ဍာတိုက်ကို ထိမ်းသိမ်းရန်၊ စပျစ်​ဥယျာဉ်၏ ဤအပိုင်းရှိအသင်းတော် ဘဏ္ဍာငွေကို ရရှိဖို့၊

၁၁ ယခင်က မိန့်မှာခဲ့​လေသည့်​အတိုင်း အသင်း​လူကြီးတို့၏​မှတ်တမ်းကို ယူဖို့၊ သူတို့၏​လိုအပ်ချက်များကို စီမံ​ဆောင်ရွက်ဖို့​ပေတည်း။ ထိုသူတို့သည် ပေးစရာ​ရှိသမျှ၊ သူတို့​ရရှိသည့်​အရာကို ပေးကြ​လိမ့်မည်။

၁၂ ဤ​အရာကိုလည်း အသင်းတော်၏​အကျိုး​အတွက်၊ ဆင်းရဲသားများနှင့် ချို့တဲ့သော​သူများ​အတွက် သီးသန့်​ထားနိုင်​စေခြင်းငှာ​ဖြစ်၏။

၁၃ ပေးစရာ​မရှိသူ​အတွက်၊ မှတ်တမ်းကို ယူပြီး ဇိအုန်​သင်းအုပ်သို့ လွှဲပေး​လိမ့်မည်၊ ထိုသူသည် မိမိ​လက်ထဲသို့ ကိုယ်တော်ရှင်​ထည့်ပေး​တော်မူမည့်​အရာ​ထဲမှ အကြွေးကို ပေး​လိမ့်မည်။

၁၄ အသင်းတော်သို့၊ ထို့အတူ လောကသို့ ဝိညာဉ်​ပကတိ​အမှုတို့၌၊ ဧဝံဂေလိ​တရားတော်နှင့် နိုင်ငံတော်၏​အမှုတို့ကို စီမံ​ဆောင်ရွက်​ရာ၌ အလုပ်​လုပ်သော​သူတို့သည် ဇိအုန်ရှိ​သင်းအုပ်သို့ အကြွေးကို ဆပ်လိမ့်မည်။

၁၅ ထိုအရာကို အသင်းတော်မှ ဆပ်၏၊ အကြောင်း​မူကား၊ ဥပဒေ​အတိုင်း၊ ဇိအုန်သို့​တက်လာသော​သူတိုင်းသည် ခပ်သိမ်းသော​အရာတို့ကို ဇိအုန်ရှိ​သင်းအုပ်​ရှေ့မှာ​ချရမည်။

၁၆ ယခု​မူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ စပျစ်​ဥယျာဉ်၏ ဤအပိုင်းရှိ အသင်း​လူကြီးတိုင်းသည် မိမိ​တာဝန်ခံ​အရာ​အကြောင်း မှတ်တမ်းကို စပျစ်​ဥယျာဉ်၏ ဤအပိုင်းရှိ သင်းအုပ်​ထံသို့ ပေးကြ​ရမည်—

၁၇ တရားသူကြီး သို့မဟုတ်၊ စပျစ်​ဥယျာဉ်၏ ဤ​အပိုင်းရှိ သင်းအုပ်​ထံမှ ဇိအုန်ရှိ သင်းအုပ်သို့​ပေးသည့် လက်မှတ်သည် လူတိုင်းကို လက်ခံ​နိုင်စရာ ဖြစ်စေ၏၊ ထို့အတူ အမွေခံရာ​အတွက်၊ ဉာဏ်ပညာ​ရှိသော တာဝန်ခံ​အဖြစ်နှင့် သစ္စာ​ရှိသော အလုပ်​လုပ်သူ​တစ်ဦး​အဖြစ် လက်ခံ​စေဖို့ ခပ်သိမ်းသော​အရာတို့ကို ပြည့်စုံ​စေ၏။

၁၈ သို့မဟုတ်လျှင်၊ ထိုသူကို ဇိအုန်​သင်းအုပ်က​လက်ခံ​လိမ့်မည်​မဟုတ်။

၁၉ ယခု​မူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ စပျစ်​ဥယျာဉ်၏ ဤ​အပိုင်းရှိ သင်းအုပ်​ထံသို့ မှတ်တမ်းကို ပေးမည့် အသင်း​လူကြီးတိုင်းအား မိမိ​ကိုယ်တိုင်နှင့် မိမိ​မှတ်တမ်းများကို ခပ်သိမ်းသော​အရာတို့၌ အတည်​ပြုချက်​ရနိုင်​စေကြောင်း၊ မိမိ​အလုပ်​လုပ်ရာ အသင်းတော်​သို့မဟုတ် အသင်းတော်တို့​အားဖြင့် ထောက်ခံ​စေလော့။

၂၀ ထိုမှ​တစ်ဖန်၊ ငါ့အသင်းတော်၏​စာပေနှင့်​ဆိုင်သော​အရာများ​အပေါ် တာဝန်ခံများ​အဖြစ် ခန့်အပ်​ခံရသည့် ငါ့ကျွန်တို့ကို ခပ်သိမ်းသော​အရာတို့၌ သင်းအုပ် သို့မဟုတ် သင်းအုပ်များထံမှ အကူအညီ​ခံယူ​နိုင်ခွင့်​ရှိကြ​စေလော့—

၂၁ ဗျာဒိတ်တော်များကို ပုံနှိပ်​ထုတ်ဝေပြီး၊ မြေကြီးစွန်း​တိုင်အောင် ထွက်သွား​နိုင်စေကြောင်း၊ သူတို့သည်လည်း ခပ်သိမ်းသော​အရာတို့၌ အသင်းတော်ကို​အကျိုး​ပြုမည့် ဘဏ္ဍာငွေများကို ရရှိ​နိုင်ကြ​စေကြောင်း၊

၂၂ သူတို့ကိုယ်သူတို့ ခပ်သိမ်းသော​အရာတို့၌ အတည်​ပြုချက်​ရနိုင်​စေပြီး၊ ဉာဏ်ပညာ​ရှိသော​တာဝန်ခံများ​အဖြစ် မှတ်ယူ​ခံကြ​စေကြောင်း​ပင်တည်း။

၂၃ ယခု​မူကား၊ ရှုလော့၊ ဤ​အရာသည်ကား၊ အဘယ်​ပြည်၌​ဖြစ်စေ တည်ဆောက်မည့် ငါ့အသင်းတော်၏ ကျယ်ပြန့်သော အသင်းတော်ခွဲ​အပေါင်းတို့​အတွက် ပုံသက်သေ​တစ်ခု ဖြစ်လိမ့်မည်။ ယခု​မူကား၊ ငါ၏​စကားများကို ငါ​လက်စသတ်၏။ အာမင်။

၂၄ အသင်းတော်​အသင်းသားများနှင့် စပ်လျဉ်း၍၊ နိုင်ငံတော်​ဥပဒေများသို့ ထပ်လောင်းသည့် စကား​အနည်းငယ်တို့​သည်ကား—ဇိအုန်သို့​တက်သွားရန် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်အပ်​ခံရသူများ၊ ထို့အတူ ဇိအုန်သို့​တက်သွားရန် အထူး​အခွင့်​အရေး ရသူတို့အား—

၂၅ အသင်းတော်၏​အသင်းလူကြီး သုံးဦး​ထံမှ လက်မှတ်၊ သို့မဟုတ် သင်းအုပ်​ထံမှ လက်မှတ်ကို သင်းအုပ်​ဆီသို့ သယ်ဆောင်​သွား​စေလော့။

၂၆ သို့မဟုတ်လျှင်၊ ဇိအုန်မြေသို့ တက်သွားမည့်​သူသည် ဉာဏ်ပညာ​ရှိသော တာဝန်ခံ​အဖြစ် မှတ်ယူ​မခံရ။ ဤ​အရာ​သည်လည်း ပုံသက်သေ​တစ်ခု ဖြစ်၏။ အာမင်။