အပိုဒ်ငယ် ၇၅
၁၈၃၂ ခု၊ ဇန္နဝါရီ ၂၅၊ အမ်းဟက်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤအပိုဒ်ငယ်တွင် တစ်နေ့တည်း၌ ပေးတော်မူခဲ့သည့် ကွဲပြားသော ဗျာဒိတ်တော်နှစ်ခု (ပထမ အခန်းငယ် ၁ မှ ၂၂ အထိနှင့် ဒုတိယ အခန်းငယ် ၂၃ မှ ၃၆ အထိ) ဖွဲ့စည်းပါဝင်၏။ ထိုအချိန်မှာ ဂျိုးဇက်စမစ် ယဇ်ပုရောဟိတ်မင်းအခွင့်ဥက္ကဋ္ဌအဖြစ် ထောက်မ ခံရသည့် ညီလာခံအချိန် ဖြစ်လေ၏။ အချို့သော အသင်းလူကြီးများသည် မိမိတို့၏ လက်ရှိတာဝန်များ အကြောင်းကို သင်ယူလိုကြ၏။ ဤဗျာဒိတ်တော်များ ရောက်လာ၏။
၁–၅၊ ဧဝံဂေလိတရားတော်ကို ဟောပြောသည့် သစ္စာရှိသောအသင်းလူကြီးတို့သည် ထာဝရအသက်ကို ရလိမ့်မည်။ ၆–၁၂၊ ခပ်သိမ်းသောအရာတို့ကို သွန်သင်သည့် နှစ်သိမ့်ရှင်ကို လက်ခံရရှိဖို့ ဆုတောင်းကြလော့။ ၁၃–၂၂၊ အသင်းလူကြီးတို့သည် မိမိတို့သတင်းစကားကို ငြင်းပယ်ကြသော သူတို့ကို တရားစီရင်လိမ့်မည်။ ၂၃–၃၆၊ သာသနာပြုတို့၏ မိသားစုများသည် အသင်းတော်မှ အကူအညီကို လက်ခံရရှိကြရမည်။
၁ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်မှာ၊ ငါ့ဝိညာဉ်တော်၏အသံဖြင့်ပင်၊ အာလဖနှင့် ဩမေဃပင်ဖြစ်သည့်၊ သင်တို့၏ကိုယ်တော်ရှင်နှင့် သင်တို့၏ဘုရားသခင်တည်းဟူသောငါ ဟောပြောသည်ကား—
၂ စေ့စေ့နားထောင်ကြလော့၊ ငါ၏ဧဝံဂေလိတရားတော်ကို ကြေညာရန်၊ ထို့အတူ ငါ့စပျစ်ဥယျာဉ်ကို သုတ်သင်ဖို့ ထွက်သွားရန် သင်တို့အမည်များကို ပေးလေကြသူ အသင်တို့။
၃ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏အလိုတော်မှာ၊ သင်တို့ထွက်သွားပြီး တည်းခိုမနေရ၊ ပျင်းလည်းမပျင်းရိရ၊ သို့ရာတွင် သင်တို့၏အစွမ်းသတ္တိရှိသမျှဖြင့် အလုပ်လုပ်ကြလော့။
၄ သင်တို့အသံကို တံပိုးသံကဲ့သို့ မြှင့်လျက်၊ သင်တို့ကို ငါပေးတော်မူလေသည့် ဗျာဒိတ်တော်များနှင့် ပညတ်တော်များအတိုင်း သမ္မာတရားကို ကြေညာလျက်ရှိကြလော့။
၅ ထိုကဲ့သို့အားဖြင့်၊ သင်တို့သည် သစ္စာရှိကြလျှင်၊ များစွာသော ကောက်လှိုင်းတို့ကို ထမ်းရွက်ရ၊ ထို့အတူ ဂုဏ်အသရေဖြင့်လည်းကောင်း၊ ဘုန်းတော်ဖြင့်လည်းကောင်း၊ သေခြင်းမရှိရာဖြင့်လည်းကောင်း၊ ထာဝရအသက်ဖြင့်လည်းကောင်း ချီးမြှင့်ခံကြရလိမ့်မည်။
၆ ထို့ကြောင့်၊ ငါ့ကျွန်ဝီလျံအီးမက်လီလင်ကို ငါအမှန်ဆိုသည်ကား၊ အရှေ့ပိုင်းတိုင်းပြည်များသို့ သွားဖို့ သူ့ကို ငါပေးသည့် အခွင့်အရာကို ငါပယ်ဖျက်၏။
၇ ငါသည် သူ့အား အခွင့်အရာအသစ်နှင့် ပညတ်တော်အသစ်ကို ပေး၏၊ သူ့စိတ်နှလုံး၏ ညည်းညူအပြစ်တင်ခြင်းကြောင့် ထိုပညတ်တွင် ငါသည် သူ့ကို ဆုံးမတော်မူ၏။
၈ သူအပြစ်ပြု၏။ သို့သော်လည်း၊ ငါသည် သူ့ကို အပြစ်လွှတ်ပြီး တောင်ဘက်တိုင်းပြည်များထဲသို့ သင်သွားလော့ဟု သူ့ကို တစ်ဖန်မြွက်ဆို၏။
၉ ငါ့ကျွန် လုဂျွန်ဆင်ကို သူနှင့်အတူ သွားစေလော့၊ သူတို့ကို ငါမိန့်မှာလေသည့်အရာတို့ကို ကြေညာကြစေလော့—
၁၀ သူတို့အတွက် သင့်လျော်သောအရာမှန်သမျှကို သွန်သင်တော်မူမည့် နှစ်သိမ့်ရှင်ကို လက်ခံရရှိစေဖို့ ကိုယ်တော်ရှင်၏ နာမတော်ကို ပတ္ထနာပြုလျက် ရှိကြစေလော့—
၁၁ သူတို့အားလျော့ခြင်းမရှိရစေကြောင်း အစဉ်အမြဲဆုတောင်းလျက် ရှိကြစေလော့။ သူတို့သည်လည်း ဤသို့ပြုကြသမျှ၊ ငါသည် အဆုံးတိုင်အောင်ပင် သူတို့နှင့်အတူ ရှိတော်မူမည်။
၁၂ ရှုလော့၊ ဤအရာသည်ကား သင်တို့နှင့်စပ်လျဉ်း၍ သင်တို့၏ ကိုယ်တော်ရှင်ဘုရားသခင်၏ အလိုတော်ဖြစ်၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။
၁၃ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်အမှန်မိန့်တော်မူသည်ကား၊ ငါ့ကျွန်အော်ဆန်ဟိုက်နှင့် ငါ့ကျွန်ဆင်မြူရယ်အိပ်ခ်ျစမစ်တို့အား အရှေ့ပိုင်းတိုင်ပြည်များထဲသို့ ခရီးသွားကြစေလော့၊ သူတို့ကို ငါမိန့်တော်မူလေသည့်အရာတို့ကိုလည်း ကြေညာကြစေလော့။ သူတို့သည် သစ္စာရှိကြသမျှ၊ ကြည့်ပါ၊ ငါသည် အဆုံးတိုင်အောင်ပင် သူတို့နှင့် အတူရှိတော်မူမည်။
၁၄ ထိုမှတစ်ဖန်၊ ငါ့ကျွန်လိုင်မန်ဂျွန်ဆင်၊ ထို့အတူ ငါ့ကျွန်အော်ဆန်ပရတ်တို့ကို ငါအမှန်ဆိုသည်ကား၊ သူတို့သည်လည်း အရှေ့ပိုင်းတိုင်းပြည်များထဲသို့ ခရီးသွားရကြမည်။ ရှုဦးလော့၊ ကြည့်ဦးလော့၊ ငါသည်လည်း အဆုံးတိုင်အောင်ပင် သူတို့နှင့်အတူရှိတော်မူ၏။
၁၅ ထိုမှတစ်ဖန်၊ ငါ့ကျွန်အာဆာဒေါ့၊ ထို့အတူ ငါ့ကျွန်ကလေ့ဗ်စ်ဝီလဆင်တို့ကို ငါဆိုသည်ကား၊ သူတို့သည်လည်း အနောက်ပိုင်းတိုင်းပြည်များထဲသို့ ခရီးသွားကြရမည်၊ သူတို့ကို ငါမိန့်တော်မူလေသည့်အတိုင်းပင် ငါ၏ဧဝံဂေလိတရားတော်ကို ကြေညာကြရမည်။
၁၆ သစ္စာရှိသောသူသည် ခပ်သိမ်းသောအရာတို့ကို အောင်နိုင်လိမ့်မည်၊ ထို့အတူ နောက်ဆုံးသောနေ့၌ ချီးမြှောက်ခံရလိမ့်မည်။
၁၇ ထိုမှတစ်ဖန်၊ ငါ့ကျွန်မေဂျာအန်အာရှလီ၊ ထို့အတူ ငါ့ကျွန်ဘားရစ်ဂ်တို့ကို ငါဆိုသည်ကား၊ သူတို့ကို တောင်ဘက်တိုင်းပြည်ထဲသို့ ခရီးသွားကြစေလော့။
၁၈ ထိုမှတစ်ပါး၊ ထိုသူအပေါင်းတို့ကို ငါမိန့်တော်မူလေသည့်အတိုင်း၊ တစ်အိမ်မှ တစ်အိမ်သို့၊ ထို့အတူ တစ်ရွာမှ တစ်ရွာသို့၊ ထို့အတူ တစ်မြို့မှ တစ်မြို့သို့ သွားလျက် ခရီးသွားကြစေလော့။
၁၉ သင်တို့ဝင်ရောက်ရာ အဘယ်အိမ်၌ မဆို၊ ထိုသူတို့က သင်တို့ကို လက်ခံလျှင်၊ သင်တို့၏ကောင်းချီးမင်္ဂလာကို ထိုအိမ်အပေါ်ပေးကြလော့။
၂၀ သင်တို့ဝင်ရောက်ရာ အဘယ်အိမ်၌မဆို၊ ထိုသူတို့သည် သင်တို့ကို လက်ခံခြင်းမရှိလျှင်၊ သင်တို့သည် ထိုအိမ်မှ လျင်မြန်စွာ ထွက်ခွာ၍၊ သူတို့တစ်ဖက်၌ သက်သေခံချက်အဖြစ်၊ သင်တို့ခြေမှ မြေမှုန့်ကို ခါလိုက်လော့။
၂၁ သင်တို့သည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းသာခြင်းတို့ဖြင့် ပြည့်ကြလိမ့်မည်။ တရားစီရင်တော်မူရာနေ့၌ သင်တို့သည် ထိုအိမ်အပေါ် တရားသူကြီးများဖြစ်၍ သူတို့ကို ပြစ်ဒဏ်ချမှတ်ကြမည်ကိုလည်း သိကြလော့။
၂၂ သာသနာပလူတို့အတွက်မူကား၊ တရားစီရင်တော်မူရာနေ့၌ ထိုအိမ်အတွက်ထက် သာ၍သည်းခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်၊ သင်တို့၏ခါးကို စည်း၍ သစ္စာရှိကြလော့၊ သင်တို့သည် ခပ်သိမ်းသောအရာတို့ကို အောင်နိုင်လိမ့်မည်၊ နောက်ဆုံးသောနေ့၌ ချီးမြှောက်ခံရလိမ့်မည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။
၂၃ ထိုမှတစ်ဖန်၊ သင်တို့ကို ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သင်တို့နှင့်စပ်လျဉ်း၍ သူ့အလိုတော်ကို သင်တို့သိနိုင်ကြစေကြောင်း သင်တို့အမည်ကို ပေးလေကြသူများတည်းဟူသော၊ အို ငါ့အသင်းတော်မှ အသင်အသင်းလူကြီးတို့—
၂၄ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဧဝံဂေလိတရားတော်ကို လောကသို့ ကြေညာစေခြင်းငှာ ခေါ်သွင်းခံရပြီး၊ လောကသို့ စေလွှတ်ခံရမည့်သူတို့၏ ထိုမိသားစုများကို ထောက်မရာ၌ ကူညီဖို့၊ ထို့အတူ ထိုမိသားစုများကို ထောက်မဖို့မှာလည်း အသင်းတော်၏တာဝန် ဖြစ်၏။
၂၅ သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့ညီအစ်ကိုများ မိမိတို့စိတ်နှလုံးကို ဖွင့်ဖို့ လိုလိုလားလားရှိကြသမျှ သင်တို့မိသားစုများအတွက် နေရာများ ရရှိနိုင်ကြစေကြောင်း ဤပညတ်တော်ကို ပေး၏။
၂၆ ထိုကဲ့သို့သောသူတို့အား၊ သူတို့မိသားစုများအတွက် နေရာများ၊ ထို့အတူ သူတို့အတွက် အသင်းတော်၏ အထောက်အမကို ရရှိနိုင်ကြစေလော့၊ အရှေ့အရပ်သို့ဖြစ်စေ အနောက်အရပ်သို့ဖြစ်စေ၊ မြောက်အရပ်သို့ဖြစ်စေ၊ တောင်အရပ်သို့ဖြစ်စေ၊ လောကထဲသို့ သွားဖို့ မပျက်ကွက်ကြစေနှင့်။
၂၇ တောင်းကြစေလော့၊ သူတို့ရကြလိမ့်မည်၊ ခေါက်ကြစေလော့ သူတို့အား ဖွင့်ပေးလိမ့်မည်၊ အဘယ်အရပ်သို့ သူတို့သွားရမည်ကိုလည်း အထက်မှ၊ နှစ်သိမ့်ရှင်အားဖြင့်ပင် ဖော်ပြတော်မူလိမ့်မည်။
၂၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ကိုယ့်မိသားစုကို ထောက်ပံ့ရသူတိုင်း ထောက်ပံ့စေလော့၊ ထိုသူသည် မိမိသရဖူကို အလျှင်းမဆုံးရှုံးရ။ ထိုသူကို အသင်းတော်၌ အလုပ်လုပ်စေလော့။
၂၉ လူတိုင်းကို ခပ်သိမ်းသောအရာတို့၌ လုံ့လဝီရိယ ရှိစေလော့။ ပျင်းရိသောသူသည် နောင်တမရ၊ မိမိအကျင့်များကို မပြုပြင်လျှင်၊ အသင်းတော်၌ နေရာမရ။
၃၀ သို့ဖြစ်၍၊ ငါ့ကျွန် ဆင်မီယွန်ကာတာနှင့် ငါ့ကျွန်အီမာဟဲရစ်တို့ကို အမှုတော်ဆောင်ခြင်း၌ စည်းလုံးကြစေလော့။
၃၁ ငါ့ကျွန်အယ်ဇရာသဲရာနှင့် ငါ့ကျွန်သောမတ်စ်ဘီမာ့ရှ်တို့ကိုလည်း စည်းလုံးကြစေလော့။
၃၂ ငါ့ကျွန်ဟီရမ်စမစ်နှင့် ငါ့ကျွန် ရေးနိုးကာဟွန်းတို့ကိုလည်း စည်းလုံးကြစေလော့။
၃၃ ငါ့ကျွန်ဒန်နီယယ်လ်စတန့်တန်နှင့် ငါ့ကျွန်ဆက်မိုးဝါဘန်ဆန်တို့ကိုလည်း စည်းလုံးကြစေလော့။
၃၄ ငါ့ကျွန်ဆီဗက်စတာစမစ်နှင့် ငါ့ကျွန်ဂစ္ဒီယွန်ကာတာတို့ကိုလည်း စည်းလုံးကြစေလော့။
၃၅ ငါ့ကျွန်ရပ်ဂယ်လ်စ်အိမ်းစ်နှင့် ငါ့ကျွန်စတီဖင်ဘာနက်တို့ကိုလည်း စည်းလုံးကြစေလော့။
၃၆ ငါ့ကျွန်မိကာဘီဝယ်လတန်နှင့် ငါ့ကျွန်အီဒင်စမစ်တို့ကိုလည်း စည်းလုံးကြစေလော့။ ထိုကဲ့သို့ပင်တည်း။ အာမင်။