ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၅


အပိုဒ်ငယ် ၇၅

၁၈၃၂ ခု၊ ဇန္နဝါရီ ၂၅၊ အမ်းဟက်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤအပိုဒ်ငယ်တွင် တစ်နေ့တည်း၌ ပေးတော်မူ​ခဲ့သည့် ကွဲပြားသော ဗျာဒိတ်တော်​နှစ်ခု (ပထမ အခန်းငယ် ၁ မှ ၂၂ အထိနှင့် ဒုတိယ အခန်းငယ် ၂၃ မှ ၃၆ အထိ) ဖွဲ့စည်း​ပါဝင်၏။ ထိုအချိန်မှာ ဂျိုးဇက်​စမစ် ယဇ်ပုရောဟိတ်မင်း​အခွင့်​ဥက္ကဋ္ဌ​အဖြစ် ထောက်မ ခံရသည့် ညီလာခံ​အချိန် ဖြစ်လေ၏။ အချို့သော အသင်းလူကြီးများသည် မိမိတို့၏ လက်ရှိ​တာဝန်များ အကြောင်းကို သင်ယူလိုကြ၏။ ဤဗျာဒိတ်တော်များ ရောက်လာ၏။

၁–၅၊ ဧဝံဂေလိ​တရားတော်ကို ဟောပြောသည့် သစ္စာရှိသော​အသင်း​လူကြီးတို့သည် ထာဝရ​အသက်ကို ရလိမ့်မည်။ ၆–၁၂၊ ခပ်သိမ်းသော​အရာတို့ကို သွန်သင်သည့် နှစ်သိမ့်ရှင်ကို လက်ခံ​ရရှိဖို့ ဆုတောင်း​ကြလော့။ ၁၃–၂၂၊ အသင်း​လူကြီးတို့သည် မိမိတို့​သတင်း​စကားကို ငြင်းပယ်​ကြသော သူတို့ကို တရား​စီရင်​လိမ့်မည်။ ၂၃–၃၆၊ သာသနာပြုတို့၏ မိသားစု​များသည် အသင်းတော်မှ အကူအညီကို လက်ခံ​ရရှိ​ကြရမည်။

သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်မှာ၊ ငါ့ဝိညာဉ်တော်၏​အသံဖြင့်ပင်၊ အာလဖနှင့် ဩမေဃပင်​ဖြစ်သည့်၊ သင်တို့၏​ကိုယ်တော်ရှင်နှင့် သင်တို့၏​ဘုရားသခင်​တည်းဟူသော​ငါ ဟောပြော​သည်ကား—

စေ့စေ့နားထောင်​ကြလော့၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို ကြေညာရန်၊ ထို့အတူ ငါ့စပျစ်​ဥယျာဉ်ကို သုတ်သင်ဖို့ ထွက်သွားရန် သင်တို့​အမည်များကို ပေးလေကြသူ အသင်တို့။

ရှုလော့၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ငါ၏​အလိုတော်မှာ၊ သင်တို့​ထွက်သွားပြီး တည်းခို​မနေရ၊ ပျင်းလည်း​မပျင်းရိရ၊ သို့ရာတွင် သင်တို့၏​အစွမ်း​သတ္တိ​ရှိသမျှဖြင့် အလုပ်​လုပ်ကြလော့။

သင်တို့​အသံကို တံပိုးသံ​ကဲ့သို့ မြှင့်လျက်၊ သင်တို့ကို ငါ​ပေးတော်မူ​လေသည့် ဗျာဒိတ်တော်များနှင့် ပညတ်တော်များ​အတိုင်း သမ္မာ​တရားကို ကြေညာလျက်​ရှိကြလော့။

ထိုကဲ့သို့​အားဖြင့်၊ သင်တို့သည် သစ္စာ​ရှိကြလျှင်၊ များစွာသော ကောက်လှိုင်းတို့ကို ထမ်းရွက်ရ၊ ထို့အတူ ဂုဏ်​အသရေဖြင့်​လည်းကောင်း၊ ဘုန်းတော်ဖြင့်​လည်းကောင်း၊ သေခြင်း​မရှိရာဖြင့်​လည်းကောင်း၊ ထာဝရ​အသက်ဖြင့်​လည်းကောင်း ချီးမြှင့်​ခံကြရ​လိမ့်မည်။

ထို့ကြောင့်၊ ငါ့ကျွန်​ဝီလျံ​အီး​မက်​လီလင်ကို ငါ​အမှန်​ဆိုသည်ကား၊ အရှေ့ပိုင်း​တိုင်းပြည်များသို့ သွားဖို့ သူ့ကို ငါ​ပေးသည့် အခွင့်​အရာကို ငါ​ပယ်ဖျက်၏။

ငါသည် သူ့အား အခွင့်​အရာ​အသစ်နှင့် ပညတ်တော်​အသစ်ကို ပေး၏၊ သူ့စိတ်နှလုံး၏ ညည်းညူ​အပြစ်တင်ခြင်းကြောင့် ထိုပညတ်တွင် ငါသည် သူ့ကို ဆုံးမ​တော်မူ၏။

သူ​အပြစ်ပြု၏။ သို့သော်လည်း၊ ငါသည် သူ့ကို အပြစ်​လွှတ်ပြီး တောင်ဘက်​တိုင်းပြည်များ​ထဲသို့ သင်​သွားလော့ဟု သူ့ကို တစ်ဖန်​မြွက်ဆို၏။

ငါ့ကျွန် လု​ဂျွန်ဆင်ကို သူနှင့်​အတူ သွားစေလော့၊ သူတို့ကို ငါ​မိန့်မှာ​လေသည့်​အရာတို့ကို ကြေညာကြ​စေလော့—

၁၀ သူတို့​အတွက် သင့်လျော်သော​အရာ​မှန်သမျှကို သွန်သင်​တော်မူမည့် နှစ်သိမ့်ရှင်ကို လက်ခံ​ရရှိ​စေဖို့ ကိုယ်တော်ရှင်၏ နာမတော်ကို ပတ္ထနာပြုလျက် ရှိကြ​စေလော့—

၁၁ သူတို့​အားလျော့ခြင်း​မရှိရ​စေကြောင်း အစဉ်​အမြဲ​ဆုတောင်းလျက် ရှိကြ​စေလော့။ သူတို့သည်လည်း ဤသို့​ပြုကြ​သမျှ၊ ငါသည် အဆုံး​တိုင်အောင်ပင် သူတို့နှင့်​အတူ ရှိတော်မူမည်။

၁၂ ရှုလော့၊ ဤအရာ​သည်ကား သင်တို့နှင့်​စပ်လျဉ်း၍ သင်တို့၏ ကိုယ်တော်ရှင်​ဘုရားသခင်၏ အလိုတော်​ဖြစ်၏။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၁၃ ထိုမှ​တစ်ဖန်၊ ကိုယ်တော်ရှင်​အမှန်​မိန့်တော်မူ​သည်ကား၊ ငါ့ကျွန်​အော်ဆန်ဟိုက်နှင့် ငါ့ကျွန်​ဆင်မြူရယ်​အိပ်ခ်ျ​စမစ်တို့အား အရှေ့ပိုင်း​တိုင်ပြည်များ​ထဲသို့ ခရီးသွား​ကြစေလော့၊ သူတို့ကို ငါ​မိန့်တော်မူ​လေသည့်​အရာတို့ကိုလည်း ကြေညာကြ​စေလော့။ သူတို့သည် သစ္စာ​ရှိကြ​သမျှ၊ ကြည့်ပါ၊ ငါသည် အဆုံး​တိုင်အောင်ပင် သူတို့နှင့် အတူ​ရှိတော်မူမည်။

၁၄ ထိုမှ​တစ်ဖန်၊ ငါ့ကျွန်​လိုင်မန်​ဂျွန်ဆင်၊ ထို့အတူ ငါ့ကျွန်​အော်ဆန်​ပရတ်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သူတို့သည်လည်း အရှေ့ပိုင်း​တိုင်းပြည်များ​ထဲသို့ ခရီးသွား​ရကြမည်။ ရှုဦးလော့၊ ကြည့်ဦးလော့၊ ငါသည်လည်း အဆုံး​တိုင်အောင်ပင် သူတို့နှင့်အတူရှိတော်မူ၏။

၁၅ ထိုမှ​တစ်ဖန်၊ ငါ့ကျွန်​အာဆာ​ဒေါ့၊ ထို့အတူ ငါ့ကျွန်ကလေ့ဗ်စ်ဝီလဆင်​တို့ကို ငါ​ဆိုသည်ကား၊ သူတို့သည်လည်း အနောက်ပိုင်း​တိုင်းပြည်များ​ထဲသို့ ခရီးသွား​ကြရမည်၊ သူတို့ကို ငါ​မိန့်တော်မူ​လေသည့်​အတိုင်းပင် ငါ၏​ဧဝံဂေလိ​တရားတော်ကို ကြေညာ​ကြရမည်။

၁၆ သစ္စာ​ရှိသောသူသည် ခပ်သိမ်းသော​အရာတို့ကို အောင်နိုင်​လိမ့်မည်၊ ထို့အတူ နောက်ဆုံးသော​နေ့၌ ချီးမြှောက်​ခံရ​လိမ့်မည်။

၁၇ ထိုမှ​တစ်ဖန်၊ ငါ့ကျွန်​မေဂျာ​အန်​အာရှလီ၊ ထို့အတူ ငါ့ကျွန်​ဘားရစ်ဂ်တို့ကို ငါ​ဆိုသည်ကား၊ သူတို့ကို တောင်ဘက်​တိုင်းပြည်​ထဲသို့ ခရီးသွားကြ​စေလော့။

၁၈ ထိုမှ​တစ်ပါး၊ ထိုသူ​အပေါင်းတို့ကို ငါ​မိန့်တော်မူ​လေသည့်​အတိုင်း၊ တစ်အိမ်မှ တစ်အိမ်သို့၊ ထို့အတူ တစ်ရွာမှ တစ်ရွာသို့၊ ထို့အတူ တစ်မြို့မှ တစ်မြို့သို့ သွားလျက် ခရီး​သွားကြ​စေလော့။

၁၉ သင်တို့​ဝင်ရောက်ရာ အဘယ်​အိမ်၌ မဆို၊ ထိုသူတို့က သင်တို့ကို လက်ခံလျှင်၊ သင်တို့၏​ကောင်းချီးမင်္ဂလာကို ထိုအိမ်​အပေါ်​ပေးကြလော့။

၂၀ သင်တို့​ဝင်ရောက်ရာ အဘယ်​အိမ်၌​မဆို၊ ထိုသူတို့သည် သင်တို့ကို လက်ခံခြင်း​မရှိလျှင်၊ သင်တို့သည် ထိုအိမ်မှ လျင်မြန်စွာ ထွက်ခွာ၍၊ သူတို့​တစ်ဖက်၌ သက်သေခံချက်​အဖြစ်၊ သင်တို့​ခြေမှ မြေမှုန့်ကို ခါလိုက်လော့။

၂၁ သင်တို့သည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းသာခြင်းတို့ဖြင့် ပြည့်ကြ​လိမ့်မည်။ တရား​စီရင်​တော်မူရာ​နေ့၌ သင်တို့သည် ထိုအိမ်​အပေါ် တရားသူကြီးများ​ဖြစ်၍ သူတို့ကို ပြစ်ဒဏ်​ချမှတ်​ကြမည်​ကိုလည်း သိကြလော့။

၂၂ သာသနာပ​လူတို့​အတွက်​မူကား၊ တရား​စီရင်​တော်မူရာ​နေ့၌ ထိုအိမ်​အတွက်ထက် သာ၍​သည်းခံ​နိုင်ဖွယ် ဖြစ်ပေ​လိမ့်မည်။ ထို့ကြောင့်၊ သင်တို့၏​ခါးကို စည်း၍ သစ္စာ​ရှိကြလော့၊ သင်တို့သည် ခပ်သိမ်းသော​အရာတို့ကို အောင်နိုင်​လိမ့်မည်၊ နောက်ဆုံးသော​နေ့၌ ချီးမြှောက်​ခံရ​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။

၂၃ ထိုမှ​တစ်ဖန်၊ သင်တို့ကို ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ သင်တို့နှင့်​စပ်လျဉ်း၍ သူ့အလိုတော်ကို သင်တို့​သိနိုင်ကြ​စေကြောင်း သင်တို့​အမည်ကို ပေးလေကြ​သူများ​တည်းဟူသော၊ အို ငါ့အသင်းတော်မှ အသင်​အသင်း​လူကြီးတို့—

၂၄ ရှုလော့၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ဧဝံဂေလိ​တရားတော်ကို လောကသို့ ကြေညာ​စေခြင်းငှာ ခေါ်သွင်း​ခံရပြီး၊ လောကသို့ စေလွှတ်​ခံရမည့်​သူတို့၏ ထို​မိသားစုများကို ထောက်မ​ရာ၌ ကူညီဖို့၊ ထို့အတူ ထိုမိသားစုများကို ထောက်မဖို့​မှာလည်း အသင်းတော်၏​တာဝန် ဖြစ်၏။

၂၅ သို့ဖြစ်၍၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သင်တို့​ညီအစ်ကိုများ မိမိတို့​စိတ်နှလုံးကို ဖွင့်ဖို့ လိုလို​လားလား​ရှိကြ​သမျှ သင်တို့​မိသားစုများ​အတွက် နေရာများ ရရှိ​နိုင်ကြ​စေကြောင်း ဤပညတ်တော်ကို ပေး၏။

၂၆ ထိုကဲ့သို့သော​သူတို့အား၊ သူတို့​မိသားစုများ​အတွက် နေရာများ၊ ထို့အတူ သူတို့​အတွက် အသင်းတော်၏ အထောက်အမကို ရရှိ​နိုင်ကြ​စေလော့၊ အရှေ့​အရပ်သို့​ဖြစ်စေ အနောက်​အရပ်သို့​ဖြစ်စေ၊ မြောက်​အရပ်သို့​ဖြစ်စေ၊ တောင်​အရပ်သို့​ဖြစ်စေ၊ လောက​ထဲသို့ သွားဖို့ မပျက်ကွက်ကြ​စေနှင့်။

၂၇ တောင်းကြ​စေလော့၊ သူတို့​ရကြ​လိမ့်မည်၊ ခေါက်ကြ​စေလော့ သူတို့အား ဖွင့်ပေး​လိမ့်မည်၊ အဘယ်​အရပ်သို့ သူတို့​သွားရမည်ကိုလည်း အထက်မှ၊ နှစ်သိမ့်ရှင်​အားဖြင့်ပင် ဖော်ပြ​တော်မူ​လိမ့်မည်။

၂၈ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ကိုယ့်မိသားစုကို ထောက်ပံ့ရသူတိုင်း ထောက်ပံ့​စေလော့၊ ထိုသူသည် မိမိ​သရဖူကို အလျှင်း​မဆုံးရှုံးရ။ ထိုသူကို အသင်းတော်၌ အလုပ်​လုပ်စေလော့။

၂၉ လူတိုင်းကို ခပ်သိမ်းသော​အရာတို့၌ လုံ့လ​ဝီရိယ ရှိစေလော့။ ပျင်းရိသော​သူသည် နောင်တမရ၊ မိမိ​အကျင့်များကို မပြုပြင်လျှင်၊ အသင်းတော်၌ နေရာ​မရ။

၃၀ သို့ဖြစ်၍၊ ငါ့ကျွန် ဆင်မီယွန်​ကာတာနှင့် ငါ့ကျွန်​အီမာ​ဟဲရစ်တို့ကို အမှုတော်ဆောင်ခြင်း၌ စည်းလုံးကြ​စေလော့။

၃၁ ငါ့ကျွန်​အယ်ဇရာ​သဲရာနှင့် ငါ့ကျွန်​သောမတ်စ်​ဘီ​မာ့ရှ်တို့ကိုလည်း စည်းလုံးကြ​စေလော့။

၃၂ ငါ့ကျွန်​ဟီရမ်​စမစ်နှင့် ငါ့ကျွန် ရေးနိုး​ကာဟွန်းတို့ကိုလည်း စည်းလုံးကြ​စေလော့။

၃၃ ငါ့ကျွန်​ဒန်နီယယ်လ်​စတန့်တန်နှင့် ငါ့ကျွန်​ဆက်မိုးဝါ​ဘန်ဆန်တို့ကိုလည်း စည်းလုံးကြ​စေလော့။

၃၄ ငါ့ကျွန်​ဆီဗက်စတာ​စမစ်နှင့် ငါ့ကျွန်​ဂစ္ဒီယွန်ကာတာတို့ကိုလည်း စည်းလုံးကြ​စေလော့။

၃၅ ငါ့ကျွန်​ရပ်ဂယ်လ်စ်​အိမ်းစ်နှင့် ငါ့ကျွန်​စတီဖင်​ဘာနက်တို့ကိုလည်း စည်းလုံးကြ​စေလော့။

၃၆ ငါ့ကျွန်​မိကာ​ဘီ​ဝယ်လတန်နှင့် ငါ့ကျွန်​အီဒင်​စမစ်တို့ကိုလည်း စည်းလုံးကြ​စေလော့။ ထိုကဲ့သို့​ပင်တည်း။ အာမင်။