ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၇


အပိုဒ်ငယ် ၇၇

၁၈၃၂ ခု၊ မတ်လခန့်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဂျိုးဇက်​စမစ်၏ သမိုင်းက ဖော်ပြသည်မှာ ”ကျမ်းစာ​ဘာသာပြန်ခြင်းနှင့် ဆက်စပ်၍ ရှင်ယောဟန်၏ ဗျာဒိတ်တော်​အကြောင်း အောက်ပါ​ရှင်းပြချက်ကို ကျွန်ုပ်​လက်ခံ​ရရှိခဲ့၏။”

၁–၄၊ သားရဲတို့၌ ဝိညာဉ်များ ရှိကြပြီး ထာဝရ​ကြည်နူး​ပျော်ရွှင်ခြင်း၌ နေထိုင်ကြ​လိမ့်မည်။ ၅–၇၊ ဤ​မြေကြီးသည် ဇာတိ​ပကတိဖြစ်​တည်ခြင်း နှစ်ပေါင်း ၇,၀၀၀ ရှိ၏။ ၈–၁၀၊ အမျိုးမျိုးသော ကောင်းကင်​တမန်တို့သည် ဧဝံဂေလိ​တရားတော်ကို ပြန်လည်​ဆောင်ယူပြီး မြေကြီးပေါ်မှာ အမှုတော်​ဆောင်ကြ၏။ ၁၁၊ ၁၄၄,၀၀၀ သောသူတို့၏ တံဆိပ်ခတ်ခြင်း။ ၁၂–၁၄၊ ခရစ်တော်သည် နှစ်တစ်ထောင်​သတ္တမကာလ​အစတွင် ကြွလာတော်မူ​လိမ့်မည်။ ၁၅၊ ပရောဖက်နှစ်ပါးကို ယုဒပြည်သားများ​အဖို့ ပေါ်ထွန်းစေ​လိမ့်မည်။

မေး။ ယောဟန်​ဆိုသည့် ဗျာဒိတ်ကျမ်း အခန်းကြီး ၄၊ အခန်းငယ် ၆ ရှိ ဖန်​ပင်လယ်ကား အဘယ်သို့နည်း။ဖြေ။ ထိုအရာမှာ သန့်ရှင်း​စင်ကြယ်စေ​ထားသည့်၊ သေခြင်း​မရှိရာ၊ ထာဝရနေရာ မြေကြီး​ဖြစ်၏။

မေး။ ထို​အခန်းငယ်ရှိ ဆိုလေသည့် သားရဲ​လေးကောင်ကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ ၎င်းတို့မှာ ကောင်းကင်ဘုံ၊ ဘုရားသခင်၏ အတိသုခဘုံကို ဖွဲ့ဆို​သရုပ်ဖော်​ရာ၌ ဗျာဒိတ်ဟောသူ၊ ယောဟန်​အသုံးပြုသည့် လူသား၏၊ ထို့အတူ သားရဲတို့၏၊ ထို့အတူ တွားသွားသော​အရာတို့၏၊ ထို့အတူ မိုး​ကောင်းကင်​ငှက်တို့၏ ပျော်ရွှင်ခြင်းကို၊ ပုံဆောင်​ရှင်းပြချက်​ဖြစ်၏။ ထိုအရာမှာ ဝိညာဉ်​ပကတိ​အရာတို့၏ ဇာတိ​ပကတိ ပုံသဏ္ဌာန်​ဖြစ်၏။ ဇာတိ​ပကတိ​အရာတို့၏ ဝိညာဉ်​ပကတိ ပုံသဏ္ဌာန်လည်း​ဖြစ်၏။ လူသား​ဝိညာဉ်၏ ပုဂ္ဂိုလ်​ပုံသဏ္ဌာန်၊ သားရဲ​ဝိညာဉ်၏၊ ထို့အတူ ဘုရားသခင် ဖန်ဆင်း​တော်မူ​လေသည့် အခြားသော​သတ္တဝါတိုင်း၏ ကိုယ်​ပုံသဏ္ဌာန်လည်း ဖြစ်၏။

မေး။ သားရဲ​လေးကောင်တို့မှာ သားရဲ​တစ်မျိုးချင်း​ကိုသာ ကန့်သတ်၍၊ သို့မဟုတ် ၎င်းတို့သည် အတန်း​အစားများ သို့မဟုတ် အဆင့်​အတန်းများကို ပုံဆောင်​သလော။ဖြေ။ ၎င်းတို့မှာ ယောဟန်ကို ပြတော်မူ​လေသည့် စီရင်​ထားသည့် ဖန်ဆင်းရာ​နေရာ သို့မဟုတ် ဂြိုဟ်၌၊ သူတို့၏ ထာဝရ​ကြည်နူး​ပျော်ရွှင်ခြင်းနှင့် ပျော်မွေ့ရာ၌ သတ္တဝါတို့၏ ဂုဏ်​အသရေ အဆင့်​အတန်း​များကို ပုံဆောင်ရန်၊ သားရဲ​လေးမျိုးကိုသာ ကန့်သတ်​ထား၏။

မေး။ သားရဲ​တို့၌ ရှိသည့် မျက်စိနှင့်​အတောင်တို့ကို ကျွန်ုပ်တို့​အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ ၎င်းတို့၏​မျက်စိများသည် အလင်းနှင့် အသိပညာကို ပုံဆောင်၏၊ ဆိုလိုသည်မှာ၊ ၎င်းတို့သည် အသိပညာနှင့် ပြည့်ကြ၏။ ၎င်းတို့၏ အတောင်များမှာ၊ လှုပ်ရှားဖို့၊ ပြုမူဖို့၊ အစရှိသော​အရာတို့​အတွက် တန်ခိုးကို ပုံဆောင်၏။

မေး။ ယောဟန်ဆိုသည့် အသင်း​လူကြီး​နှစ်ဆယ့်​လေးဦးကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်​ရမည်နည်း။ဖြေ။ ယောဟန်​မြင်သည့် အသင်း​လူကြီးတို့မှာ၊ အမှုတော်​ဆောင်ခြင်း အလုပ်၌ သစ္စာ​ရှိခဲ့ကြ​လေပြီး၊ သေသော​သူများ၊ အသင်းတော်​ခုနစ်ပါး၏​အသင်းဝင်များ​ဖြစ်ပြီး၊ ထိုအချိန်၌ ဘုရားသခင်၏ အတိသုခဘုံ၌ ရှိကြလေ​သူများဟု ကျွန်ုပ်တို့​နားလည်ကြရမည်။

မေး။ ယောဟန်မြင်သည့် စာအုပ်​တည်းဟူသော၊ ကျောဘက်၌ တံဆိပ်​ခုနစ်ချက်​ခတ်သည့် စာအုပ်ကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ ဘုရားသခင်၏ ဖော်ပြတော်မူသည့် အလိုတော်၊ နက်နဲခြင်းနှင့် အမှုတော်များ​ပါဝင်သည်ဟု ကျွန်ုပ်တို့​နားလည်ကြရမည်။ မြေကြီး၏ နှစ်ပေါင်း​ခုနစ်ထောင် ဆက်၍ တည်ရှိရာ၊ သို့မဟုတ် ၎င်း၏ ဇာတိ​ပကတိ​ဖြစ်တည်ခြင်း ကာလ​အတွင်း၊ ၎င်းနှင့်​စပ်လျဉ်းသည့် သူ၏​စီမံ​အုပ်ချုပ်ခြင်း​အကြောင်း ဝှက်ထားသော​အရာများ ဖြစ်၏။

မေး။ ထိုစာအုပ်၌ တံဆိပ်​ခတ်​ထားသည့် တံဆိပ်​ခုနစ်​ခုကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ ပထမ​တံဆိပ်၌ ပထမ​အနှစ်​တစ်ထောင်၏​အမှုများ၊ ဒုတိယ​တံဆိပ်၌ ဒုတိယ​အနှစ်​တစ်ထောင် ပါဝင်ပြီး၊ စသည်ဖြင့် သတ္တမ​တံဆိပ်​အထိ ဖြစ်သည်ဟု ကျွန်ုပ်တို့ နားလည်ကြရမည်။

မေး။ ဗျာဒိတ်ကျမ်း​အခန်းကြီး ၇၊ အခန်းငယ် ၁ ၌ ဆိုလေသည့် ကောင်းကင်​တမန်​လေးပါးကို ကျွန်ုပ်တို့​အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ သူတို့သည် ဘုရားသခင်​ထံမှ စေလွှတ်သော ကောင်းကင်​တမန်​လေးပါး ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ကြရမည်။ အသက်ရှင်သော​အရာတို့ကို ကယ်တင်ရန်နှင့် ဖျက်ဆီးရန် မြေကြီး​လေးမျက်နှာ၌ ထိုသူတို့အား တန်ခိုးကို ပေးထား၏။ သူတို့သည်ကား၊ ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာ​စကားကို ပြောသူနှင့် လူမျိုး​မှန်သမျှတို့ထံ အပ်နှံရန် ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်​ရှိသည့်သူများ ဖြစ်၏။ မိုး​ကောင်းကင်ကို ပိတ်ရန်၊ အသက်​ရှင်ရာသို့ တံဆိပ်​ခတ်ရန်၊ သို့မဟုတ် မှောင်မိုက်ခြင်း​အရပ်များ​ထဲသို့ ပစ်ချရန် အခွင့်​ရှိသူများ​ဖြစ်ကြ၏။

မေး။ ဗျာဒိတ်ကျမ်း အခန်းကြီး ၇၊ အခန်းငယ် ၂ ရှိ၊ အရှေ့​အရပ်မှ တက်သွားသော ကောင်းကင်​တမန်ကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ အရှေ့​အရပ်မှ တက်သွားသော​ကောင်းကင်​တမန်မှာ ဣသရေလ​မျိုးနွယ်စု တစ်ဆယ့်​နှစ်စုသို့ အသက်​ရှင်တော်မူသော​ဘုရားသခင်၏ တံဆိပ်ကို ပေးထား​ခံရသူ​ဖြစ်ကြောင်း ကျွန်ုပ်တို့​နားလည်ကြရမည်။ သို့ဖြစ်၍၊ သူသည် ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်​ရှိသည့် ကောင်းကင်​တမန်​လေးပါးကို ဟစ်ကြွေး၍ ဆိုလေသည်ကား၊ ငါတို့​ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်​မခတ်မီ​တိုင်အောင်၊ မြေကြီး၊ ပင်လယ်၊ သစ်ပင်တို့ကို ညှဉ်းဆဲခြင်း​မပြုရ။ သင်တို့သည် လက်ခံနိုင်လျှင်၊ ဤအရာ​သည်ကား ဣသရေလ​မျိုးနွယ်စု တစ်ဆယ့်​နှစ်စုကို အတူ​တကွ​စုဝေးခြင်းငှာနှင့် ခပ်သိမ်းသော​အရာတို့ကို ပြန်လည်​ဆောင်ယူခြင်းငှာ လာမည့် ဧလိုင်ယ​ဖြစ်၏။

၁၀ မေး။ ဤအခန်းကြီးရှိ ဆိုလေသည့်​အရာများသည် အဘယ်​အချိန်၌ ပြီးမြောက်​လိမ့်မည်နည်း။ဖြေ။ ထိုအရာ​တို့သည် နှစ်​တစ်ထောင်​ဆဋ္ဌမ​ကာလ၊ သို့မဟုတ် ဆဋ္ဌမ​တံဆိပ်ကို ဖွင့်သော​အခါ ပြီးမြောက်​လိမ့်မည်။

၁၁ မေး။ ခပ်သိမ်းသော​ဣသရေလ​မျိုးနွယ်စု တစ်ဆယ့်​နှစ်စု​ထဲမှ တစ်သိန်း​လေးသောင်း​လေးထောင်တို့—မျိုးနွယ်စုတိုင်းမှ တစ်သောင်း​နှစ်ထောင်​တို့အား တံဆိပ်​ခတ်ခြင်းကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ တံဆိပ်​ခတ်​ခံရသော​သူများသည် ယဇ်ပုရောဟိတ်မင်းများ၊ ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ကို စီမံ​ဆောင်ရွက်​စေခြင်းငှာ ဘုရားသခင်၏ သန့်ရှင်းသော​အသင်းသို့ ခန့်ထား​ခံရသော​သူများ ဖြစ်ကြောင်း ကျွန်ုပ်တို့​နားလည်ကြရမည်။ အကြောင်း​မူကား၊ သူတို့သည် သားဦး၏ အသင်းတော်သို့ လာမည့်သူ​မှန်သမျှကို မြေကြီး​ပေါ်ရှိ ပြည်သားတို့​အပေါ် အစိုးရခြင်း ပေးထား​ခံရသည့် ကောင်းကင်​တမန်တို့​အားဖြင့် ဆောင်ယူ​စေခြင်းငှာ ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို ပြောသူနှင့် လူမျိုး​မှန်သမျှတို့​အထဲမှ ခန့်ထား​ခံရသော​သူများ​ဖြစ်ကြ၏။

၁၂ မေး။ ဗျာဒိတ်ကျမ်း အခန်းကြီး ၈ ၌ ဖော်ပြ​ထားသည့် တံပိုး​မှုတ်ခြင်းကို ကျွန်ုပ်တို့​အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ ကျွန်ုပ်တို့ နားလည်ကြရမည်မှာ၊ ဘုရားသခင်သည် ကမ္ဘာကို ခြောက်ရက်တွင်​ဖန်ဆင်း၏၊ သတ္တမ​နေ့တွင် သူ၏​အမှုတော်​ပြီးဆုံး၏၊ ထိုနေ့ကို သန့်ရှင်းစေ​တော်မူ၏၊ လူသားကို မြေမှုန့်မှ ဖန်ဆင်း​တော်မူ၏၊ ထိုကဲ့သို့ပင်၊ နှစ်​တစ်ထောင်​သတ္တမ​ကာလ​အစတွင် ကိုယ်တော်ရှင်​ဘုရားသခင်သည် မြေကြီးကို သန့်ရှင်း​စင်ကြယ်စေ​တော်မူ​လိမ့်မည်၊ ထို့အတူ၊ လူသား၏ ကယ်တင်ခြင်းကို ပြီးမြောက်စေ​လိမ့်မည်၊ ထို့အတူ ခပ်သိမ်းသော​အရာတို့ကို တရား​စီရင်​တော်မူ​လိမ့်မည်၊ ထို့အတူ ခပ်သိမ်းသော​အရာတို့ကို အဆုံး​တိုင်အောင် သူ​တံဆိပ်​ခတ်မည့်​အချိန်တွင်၊ သူ၏ တန်ခိုးတော်​အောက်၌ သူ​မထားသည့် အရာများ​မှတစ်ပါး၊ ခပ်သိမ်းသော​အရာတို့ကို ရွေးနုတ်​တော်မူ​လိမ့်မည်။ ကောင်းကင်​တမန် ခုနစ်ပါးတို့၏ တံပိုး​မှုတ်ခြင်းမှာ နှစ်​တစ်ထောင်​သတ္တမ​ကာလ​အစတွင် သူ၏​အမှုတော်ကို ပြင်ဆင်ခြင်းနှင့် ပြီးဆုံးခြင်း​ဖြစ်၏—သူ​ကြွလာတော်မူသည့်​အချိန်​မတိုင်မီ လမ်းကို​ပြင်ဆင်ခြင်း​ဖြစ်၏။

၁၃ မေး။ ဗျာဒိတ်ကျမ်း အခန်းကြီး ၉ ၌ ရေးထားသည့်​အရာများသည် အဘယ်​အချိန်၌ ပြီးမြောက်​မည်နည်း။ဖြေ။ ထိုအရာတို့သည် ခရစ်တော်​ကြွလာတော်မူခြင်း​မတိုင်မီ၊ သတ္တမ​တံဆိပ်ကို ဖွင့်သည့်​အချိန်တွင် ပြီးမြောက်​လိမ့်မည်။

၁၄ မေး။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၀ ၌ ဖော်ပြ​ထားသည့်​အတိုင်း ယောဟန်​စားသည့် စာအုပ်​ငယ်ကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ ထိုအရာမှာ ဣသရေလ​မျိုးနွယ်စုတို့ကို သူ​စုဝေးရန် သာသနာပြုခြင်းနှင့် ဘိသိက်မင်္ဂလာ​ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ကြရမည်။ ရှုလော့၊ ဤအရာမှာ၊ ရေးထား​လေသည့် အတိုင်း ခပ်သိမ်းသော​အရာတို့ကို လာ၍ ပြန်လည်​ဆောင်ယူမည့် ဧလိုင်ယ​ဖြစ်၏။

၁၅ မေး။ ဗျာဒိတ်ကျမ်း ဧကာ​ဒသမ​အခန်းကြီးရှိ၊ သက်သေ​နှစ်ယောက်ကို အဘယ်သို့ နားလည်ရ​မည်နည်း။ဖြေ။ ထိုသူတို့မှာ နောက်ဆုံးသော​ကာလ၊ ပြန်လည်​ဆောင်ယူသည့်​အချိန်၌၊ ယုဒပြည်သားများ​အဖို့၊ ထို့အတူ ယုဒလူတို့ စုဝေးပြီး၊ သူတို့​ဘိုးဘေးတို့၏​မြေ၌ ယေရုရှလင်မြို့ကို တည်ဆောက်​လေပြီးနောက် သူတို့ကို ပရောဖက်ပြု၍​ဟောစေခြင်းငှာ ပေါ်ထွန်း​စေမည့် ပရောဖက်​နှစ်ပါး​ဖြစ်၏။