ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၈


အပိုဒ်ငယ် ၇၈

၁၈၃၂ ခု၊ မတ် ၁ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ထိုနေ့တွင်၊ ပရောဖက်နှင့် အခြားခေါင်းဆောင်တို့သည် အသင်းတော်​အမှု​အရေးကို ဆွေးနွေး​ခြင်းငှာ စည်းဝေး​ခဲ့ကြ၏။ ဤ​ဗျာဒိတ်တော်သည် မူရင်း​အားဖြင့်၊ ပရောဖက်၊ ဆစ်ဒနီ​ရစ်ဂဒွန်နှင့် နီဝယ်လ်​ကေ​ဝှစ်တနီတို့အား မစ်ဆိုရီသို့​ခရီးသွားရန်​လည်းကောင်း၊ ဇိအုန်​တည်ထောင်ခြင်း​အတွက်နှင့် ဆင်းရဲသားတို့​အကျိုး​အတွက် ရန်ပုံငွေ​ထွက်စေသည့် ကြိုးပမ်းမှုတို့ကို ကြည့်ရှု​စီရင်မည့် စီးပွားရေး​လုပ်ငန်း​တစ်ခုကို ထူထောင်ခြင်း​အားဖြင့် အသင်းတော်၏​ကုန်သွယ်ရေးနှင့် ပုံနှိပ်​ထုတ်ဝေရေး​လုပ်ငန်းများကို ဖွဲ့စည်းရန်​လည်းကောင်း သွန်သင်၏။ စည်းလုံးညီညာ​စီးပွားရေးလုပ်ငန်းဟု ထင်ရှားသည့် ဤ​စီးပွားရေး​လုပ်ငန်းကို ၁၈၃၂ ခု ဧပြီလတွင် ဖွဲ့စည်း​ခဲ့ပြီး၊ ၁၈၃၄ ခုတွင် ဖျက်သိမ်းခဲ့၏ (အပိုဒ်ငယ် ၈၂ တွင်ကြည့်ပါ)။ ထိုလုပ်ငန်း​ကို ဖျက်သိမ်း၍ အနည်းငယ်​ကြာပြီးနောက်၊ ဂျိုးဇက်​စမစ်၏​လမ်းညွှန်မှုဖြင့် “ ကုန်သွယ်ရေးနှင့် ပုံနှိပ်​ထုတ်ဝေရေး​ထူထောင်မှု” ကို “ဆင်းရဲသားတို့​အတွက် ဘဏ္ဍာတိုက်​အရေး​ကိစ္စများ”ဟူသော စကားပိုဒ်ဖြင့် ဗျာဒိတ်တော်၌ အစားထိုး​ခဲ့၏၊ ထို့အတူ “စီးပွားရေး​လုပ်ငန်း” ကို “အသင်း”ဟူသော စကားလုံးဖြင့် အစားထိုး​ခဲ့၏။

၁–၄၊ သန့်ရှင်းသူတို့သည် ဘဏ္ဍာတိုက်​တစ်ခုကို ဖွဲ့စည်းပြီး တည်ထောင်​ရမည်။ ၅–၁၂၊ ဥစ္စာ​ပစ္စည်းများကို ဉာဏ်ပညာ​ရှိစွာ အသုံးပြုခြင်းသည် ကယ်တင်ခြင်းသို့ ဦးဆောင်၏။ ၁၃–၁၄၊ အသင်းတော်သည် လောကီ​တန်ခိုးတို့နှင့် လွတ်လပ်​ရမည်။ ၁၅–၁၆၊ မိက္ခေလ (အာဒံ)သည် သန့်ရှင်းတော်မူသော​ဘုရား (ခရစ်တော်) ၏​လမ်းညွှန်မှုဖြင့် အစေခံ၏။ ၁၇–၂၂၊ သစ္စာရှိသော သူတို့သည် မင်္ဂလာရှိကြ၏၊ အကြောင်းမူကား၊ သူတို့သည် ခပ်သိမ်းသော​အရာတို့ကို အမွေခံကြလိမ့််မည်။

ကိုယ်တော်ရှင်က ဂျိုးဇက်​စမစ်​အငယ်ကို ဟောပြော၍ မိန့်တော်မူ​လေသည်ကား၊ ငါ့ကို စေ့စေ့ နားထောင်လော့၊ သင်၏​ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူ​လေ၏၊ သင်တို့ကိုယ်သင်တို့ အတူတကွ​စည်းဝေးကြ​လေသူများ​တည်းဟူသော၊ ငါ့အသင်းတော်၏ ယဇ်ပုရောဟိတ်မင်း​အခွင့်သို့ ခန့်ထား​ခံရသူတို့။

ငါ့ရှေ့သို့ သင်တို့​ဆောင်ယူ​လာသည့် အရာထဲ၌ သင်တို့အဖို့ ကယ်တင်ခြင်း​ရှိနိုင်စေခြင်းငှာ သင်တို့၏ နားထဲသို့ ဉာဏ်ပညာ​စကားကို ဆိုမည့်သူ​တည်းဟူသော၊ အထက်မှ​နေ၍ သင်တို့ကို ခန့်ထားလေသော​သူ၏ သွန်သင်တော်မူခြင်းကို နားထောင်လော့၊ ကိုယ်တော်ရှင်​ဘုရားသခင် မိန့်တော်မူလေ၏။

အကြောင်းမူကား၊ သင်တို့ကို ငါအမှန်​ဆိုသည်မှာ၊ အချိန်​ကျရောက်လာ၏၊ နီးကပ်၍လည်း​လာပေပြီ။ ရှုဦးလော့၊ ကြည့်ဦးလော့၊ ဤနေရာနှင့် ဇိအုန်မြေ နှစ်ခုစလုံးတွင် ငါ့လူမျိုးတို့​အထဲမှ ဆင်းရဲသားများ​အတွက် ဘဏ္ဍာတိုက်​အရေး​ကိစ္စများကို အုပ်ချုပ်ခြင်းနှင့် တည်ထောင်ခြင်း၌ ငါ့လူမျိုးတို့၏ အဖွဲ့အစည်း​တစ်ခု ရှိဖို့လိုအပ်၏—

သင်တို့ ကတိကဝတ်​ပြုလေသည့် အမှုတော်ကို တိုးတက်စေရန်၊ လူသား၏ ကယ်တင်ခြင်းသို့၊ ထို့အတူ ကောင်းကင်ဘုံ၌​ရှိတော်မူသော​သင်တို့အဘ၏ ဘုန်းတော်သို့ ငါ့အသင်းတော်​အဖို့ အမြဲတမ်းနှင့် ထာဝရတည်မြဲသော တည်ထောင်ခြင်းနှင့် အစီအစဉ်​အတွက်​ဖြစ်၏။

သင်တို့သည် ကောင်းကင်​အရာ​ခံဝန်ချုပ်တို့၌ ညီမျှကြ​စေကြောင်း၊ ထိုမှတစ်ပါး၊ ကောင်းကင်​အရာတို့ကို ရရှိခြင်း​အတွက်၊ မြေကြီး​အရာတို့၌လည်း ညီမျှကြ​စေကြောင်း​ပေတည်း။

အကြောင်းမူကား၊ သင်တို့သည် မြေကြီး​အရာတို့၌ မညီမျှကြလျှင်၊ ကောင်းကင်​အရာတို့ကို ရရှိခြင်း၌ မညီမျှနိုင်ကြ။

ဆီလက်ရှယ်လ်လောက၌ သင်တို့အဖို့ နေရာ​တစ်နေရာကို ငါပေးစေကြောင်း သင်တို့​အလိုရှိကြလျှင်၊ သင်တို့ကို ငါ​မိန့်တော်မူ​လေသည့်​အရာများနှင့် သင်တို့​ထံမှ လိုအပ်သည့်​အရာများကို လုပ်ဆောင်ခြင်း​အားဖြင့် သင်တို့ကိုယ်​သင်တို့ ပြင်ဆင်ကြရမည်။

ယခုမူကား၊ ကိုယ်တော်ရှင်​အမှန်​မိန့်တော်မူ​သည်မှာ၊ ခပ်သိမ်းသော​အရာတို့ကို ဤအသင်း၌ အတူတကွ​ပေါင်းစည်းကြသူ​သင်တို့အားဖြင့် ငါ၏ဘုန်းတော်​ထင်ရှားစေခြင်းငှာ ပြုရန်လိုအပ်၏။

သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ငါ့ကျွန်​နီဝယ်လ်​ကေ​ဝှစ်တနီနှင့် ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်၊ ထို့အတူ ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်တို့အား ဇိအုန်ရှိ​သန့်ရှင်းသူတို့နှင့် တိုင်ပင်​စေလော့။

၁၀ သို့မဟုတ်လျှင်၊ စာတန်သည် သူတို့စိတ်နှလုံးကို သမ္မာတရားမှ ဝေးရာသို့ လှည့်ရန် ကြိုးစား​သဖြင့်၊ သူတို့သည် အလင်း​ကွယ်ရသူများ​ဖြစ်လာ​ကြပြီး သူတို့​အတွက် ပြင်ဆင်​ထားသည့် အရာများကို နားလည်ခြင်း​မရှိကြ။

၁၁ သို့ဖြစ်၍၊ ခံဝန်ချုပ်​တစ်ခု သို့မဟုတ် မချိုးဖောက်နိုင်သော ထာဝရ​တည်မြဲသည့် ပဋိညာဉ်​အားဖြင့် သင်တို့ကိုယ်​သင်တို့ ပြင်ဆင်ရန်နှင့် စီစဉ်ရန် ပညတ်တော်တစ်ခုကို သင်တို့အား ငါပေး၏။

၁၂ ချိုးဖောက်သော​သူသည် မိမိ​အမှုအရာနှင့် အသင်းတော်၌ ရပ်တည်မှုကို ဆုံးရှုံး​လိမ့်မည်၊ ရွေးနုတ်ခြင်း​နေ့ရက်​တိုင်အောင် စာတန်၏​ညှဉ်းပန်းနှိပ်စက်ခြင်း​သို့လည်း လွှဲအပ်​ခံရလိမ့်မည်။

၁၃ ရှုလော့၊ ဤအရာသည် သင်တို့ကို ငါပြင်ဆင်ရာ ပြင်ဆင်ခြင်း၊ ထို့အတူ အုတ်မြစ်၊ ထို့အတူ သင်တို့ကို ငါပေးသည့် ပုံသက်သေ​ဖြစ်၏၊ ထိုအရာ​အားဖြင့်၊ သင်တို့သည် ငါပေးသည့် ပညတ်တော်များကို ပြီးမြောက်နိုင်ကြ​ပေ၏။

၁၄ သင်တို့အပေါ်​သက်ရောက်မည့် အတိဒုက္ခ​ရှိသော်ငြားလည်း၊ ငါ၏​စောင့်ရှောက်ခြင်း​အားဖြင့်၊ အသင်းတော်ကို ဆီလက်ရှယ်လ်​လောက၏ အောက်အရပ်ရှိ ခပ်သိမ်းသောအခြား​သတ္တဝါများ​အထက်၌ လွတ်လပ်စွာ​ရပ်တည်နိုင်​စေခြင်းငှာ​ဖြစ်၏။

၁၅ သင်တို့​အတွက် ပြင်ဆင်​ထားသည့် သရဖူ​ထံသို့ သင်တို့​တက်လာနိုင်​ကြပြီး၊ နိုင်ငံ​များစွာ​အပေါ်​အုပ်စိုး​သူများ​ဖြစ်လာ​ရကြ​စေခြင်းငှာ၊ ကိုယ်တော်ရှင်​ဘုရားသခင်၊ ဇိအုန်၏ သန့်ရှင်း​တော်မူသော​ဘုရား မိန့်တော်မူ​လေ၏၊ သူသည် အာဒံ-ဩဒိ-အာမန်၏​အုတ်မြစ်များကို တည်ဆောက်​လေသူ၊

၁၆ မိက္ခေလကို သင်တို့၏ မင်းသား​အဖြစ်​ခန့်အပ်​ထားလေ၍၊ ထို့အတူ သူ့ခြေတို့ကို တည်ဆောက်၍၊ ထို့အတူ သူ့ကို အမြင့်၌​ထား၍၊ ထို့အတူ ကယ်တင်ခြင်း​သော့များကို အသက်​ကာလ​အစအဆုံး​မရှိသောသူ သန့်ရှင်း​တော်မူသော​ဘုရား၏ အကြံနှင့် လမ်းညွှန်ချက်​အားဖြင့် သူ့အား ပေးခဲ့​လေသူလည်းဖြစ်၏။

၁၇ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ သင်တို့သည် ကလေး​သူငယ်များ​ဖြစ်ကြ၏၊ အဘယ်မျှ​ကြီးစွာသော ကောင်းချီးမင်္ဂလာများ အဘလက်၌ ရှိသည်ကို​လည်းကောင်း၊ သင်တို့​အတွက်​ပြင်ဆင်​ထားသည်ကို​လည်းကောင်း သင်တို့​နားမလည်ကြသေး။

၁၈ သင်တို့သည် ယခုတွင်၊ ခပ်သိမ်းသော​အရာတို့ကို သည်းမခံနိုင်ကြ။ သို့သော်လည်း၊ ရွှင်လန်းကြလော့၊ အကြောင်းမူကား၊ ငါသည်​သင်တို့ကို ပို့ဆောင်​တော်မူမည်။ နိုင်ငံတော်သည် သင်တို့​အရာဖြစ်၏၊ ထိုနေရာရှိ​ကောင်းချီးမင်္ဂလာများ​သည်လည်း သင်တို့​အရာများ​ဖြစ်ကြ၏၊ ထာဝရ​ကာလ​စည်းစိမ်တို့​သည်လည်း သင်တို့​အရာများ ဖြစ်ကြ၏။

၁၉ ခပ်သိမ်းသော​အရာတို့ကို ကျေးဇူး​အလွန်​သိတတ်ခြင်းနှင့် လက်ခံသော​သူကို အသရေ​ထင်ရှား​စေမည်။ မြေကြီး​အရာတို့ကို ထိုသူအား၊ အဆ​တစ်ရာ၊ အမှန်​စင်စစ်၊ ထိုထက်​ပို၍ပင် ထပ်၍​ပေးတော်မူမည်။

၂၀ သို့ဖြစ်၍၊ သင်တို့ကို ငါ​မိန့်တော်မူ​လေသည့်​အရာတို့ကို ပြုကြလော့၊ သင်တို့ကို မခေါ်ဆောင်မီ ခပ်သိမ်းသော​အရာတို့ကို ပြင်ဆင်သူ​တည်းဟူသော သင်တို့၏​ရွေးနုတ်ရှင်၊ အမှန်စင်စစ် သားတော်​အာမန် မိန့်တော်မူ၏။

၂၁ အကြောင်းမူကား၊ သင်တို့သည် သားဦး၏​အသင်းတော်ဖြစ်၏၊ သူသည် သင်တို့ကို မိုးတိမ်ထဲမှာ ဆောင်ယူ​လိမ့်မည်၊ လူတိုင်းအား သူ့ဝေစုနှင့်သူ​ပေးအပ်​လိမ့်မည်။

၂၂ သစ္စာရှိပြီး၊ ဉာဏ်ပညာ​ရှိသော​တာဝန်ခံသည် ခပ်သိမ်းသော​အရာတို့ကို အမွေခံ​ရလိမ့်မည်။ အာမင်။