အပိုဒ်ငယ် ၇၈
၁၈၃၂ ခု၊ မတ် ၁ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ထိုနေ့တွင်၊ ပရောဖက်နှင့် အခြားခေါင်းဆောင်တို့သည် အသင်းတော်အမှုအရေးကို ဆွေးနွေးခြင်းငှာ စည်းဝေးခဲ့ကြ၏။ ဤဗျာဒိတ်တော်သည် မူရင်းအားဖြင့်၊ ပရောဖက်၊ ဆစ်ဒနီရစ်ဂဒွန်နှင့် နီဝယ်လ်ကေဝှစ်တနီတို့အား မစ်ဆိုရီသို့ခရီးသွားရန်လည်းကောင်း၊ ဇိအုန်တည်ထောင်ခြင်းအတွက်နှင့် ဆင်းရဲသားတို့အကျိုးအတွက် ရန်ပုံငွေထွက်စေသည့် ကြိုးပမ်းမှုတို့ကို ကြည့်ရှုစီရင်မည့် စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်ခြင်းအားဖြင့် အသင်းတော်၏ကုန်သွယ်ရေးနှင့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို ဖွဲ့စည်းရန်လည်းကောင်း သွန်သင်၏။ စည်းလုံးညီညာစီးပွားရေးလုပ်ငန်းဟု ထင်ရှားသည့် ဤစီးပွားရေးလုပ်ငန်းကို ၁၈၃၂ ခု ဧပြီလတွင် ဖွဲ့စည်းခဲ့ပြီး၊ ၁၈၃၄ ခုတွင် ဖျက်သိမ်းခဲ့၏ (အပိုဒ်ငယ် ၈၂ တွင်ကြည့်ပါ)။ ထိုလုပ်ငန်းကို ဖျက်သိမ်း၍ အနည်းငယ်ကြာပြီးနောက်၊ ဂျိုးဇက်စမစ်၏လမ်းညွှန်မှုဖြင့် “ ကုန်သွယ်ရေးနှင့် ပုံနှိပ်ထုတ်ဝေရေးထူထောင်မှု” ကို “ဆင်းရဲသားတို့အတွက် ဘဏ္ဍာတိုက်အရေးကိစ္စများ”ဟူသော စကားပိုဒ်ဖြင့် ဗျာဒိတ်တော်၌ အစားထိုးခဲ့၏၊ ထို့အတူ “စီးပွားရေးလုပ်ငန်း” ကို “အသင်း”ဟူသော စကားလုံးဖြင့် အစားထိုးခဲ့၏။
၁–၄၊ သန့်ရှင်းသူတို့သည် ဘဏ္ဍာတိုက်တစ်ခုကို ဖွဲ့စည်းပြီး တည်ထောင်ရမည်။ ၅–၁၂၊ ဥစ္စာပစ္စည်းများကို ဉာဏ်ပညာရှိစွာ အသုံးပြုခြင်းသည် ကယ်တင်ခြင်းသို့ ဦးဆောင်၏။ ၁၃–၁၄၊ အသင်းတော်သည် လောကီတန်ခိုးတို့နှင့် လွတ်လပ်ရမည်။ ၁၅–၁၆၊ မိက္ခေလ (အာဒံ)သည် သန့်ရှင်းတော်မူသောဘုရား (ခရစ်တော်) ၏လမ်းညွှန်မှုဖြင့် အစေခံ၏။ ၁၇–၂၂၊ သစ္စာရှိသော သူတို့သည် မင်္ဂလာရှိကြ၏၊ အကြောင်းမူကား၊ သူတို့သည် ခပ်သိမ်းသောအရာတို့ကို အမွေခံကြလိမ့််မည်။
၁ ကိုယ်တော်ရှင်က ဂျိုးဇက်စမစ်အငယ်ကို ဟောပြော၍ မိန့်တော်မူလေသည်ကား၊ ငါ့ကို စေ့စေ့ နားထောင်လော့၊ သင်၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်တော်မူလေ၏၊ သင်တို့ကိုယ်သင်တို့ အတူတကွစည်းဝေးကြလေသူများတည်းဟူသော၊ ငါ့အသင်းတော်၏ ယဇ်ပုရောဟိတ်မင်းအခွင့်သို့ ခန့်ထားခံရသူတို့။
၂ ငါ့ရှေ့သို့ သင်တို့ဆောင်ယူလာသည့် အရာထဲ၌ သင်တို့အဖို့ ကယ်တင်ခြင်းရှိနိုင်စေခြင်းငှာ သင်တို့၏ နားထဲသို့ ဉာဏ်ပညာစကားကို ဆိုမည့်သူတည်းဟူသော၊ အထက်မှနေ၍ သင်တို့ကို ခန့်ထားလေသောသူ၏ သွန်သင်တော်မူခြင်းကို နားထောင်လော့၊ ကိုယ်တော်ရှင်ဘုရားသခင် မိန့်တော်မူလေ၏။
၃ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ အချိန်ကျရောက်လာ၏၊ နီးကပ်၍လည်းလာပေပြီ။ ရှုဦးလော့၊ ကြည့်ဦးလော့၊ ဤနေရာနှင့် ဇိအုန်မြေ နှစ်ခုစလုံးတွင် ငါ့လူမျိုးတို့အထဲမှ ဆင်းရဲသားများအတွက် ဘဏ္ဍာတိုက်အရေးကိစ္စများကို အုပ်ချုပ်ခြင်းနှင့် တည်ထောင်ခြင်း၌ ငါ့လူမျိုးတို့၏ အဖွဲ့အစည်းတစ်ခု ရှိဖို့လိုအပ်၏—
၄ သင်တို့ ကတိကဝတ်ပြုလေသည့် အမှုတော်ကို တိုးတက်စေရန်၊ လူသား၏ ကယ်တင်ခြင်းသို့၊ ထို့အတူ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘ၏ ဘုန်းတော်သို့ ငါ့အသင်းတော်အဖို့ အမြဲတမ်းနှင့် ထာဝရတည်မြဲသော တည်ထောင်ခြင်းနှင့် အစီအစဉ်အတွက်ဖြစ်၏။
၅ သင်တို့သည် ကောင်းကင်အရာခံဝန်ချုပ်တို့၌ ညီမျှကြစေကြောင်း၊ ထိုမှတစ်ပါး၊ ကောင်းကင်အရာတို့ကို ရရှိခြင်းအတွက်၊ မြေကြီးအရာတို့၌လည်း ညီမျှကြစေကြောင်းပေတည်း။
၆ အကြောင်းမူကား၊ သင်တို့သည် မြေကြီးအရာတို့၌ မညီမျှကြလျှင်၊ ကောင်းကင်အရာတို့ကို ရရှိခြင်း၌ မညီမျှနိုင်ကြ။
၇ ဆီလက်ရှယ်လ်လောက၌ သင်တို့အဖို့ နေရာတစ်နေရာကို ငါပေးစေကြောင်း သင်တို့အလိုရှိကြလျှင်၊ သင်တို့ကို ငါမိန့်တော်မူလေသည့်အရာများနှင့် သင်တို့ထံမှ လိုအပ်သည့်အရာများကို လုပ်ဆောင်ခြင်းအားဖြင့် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ကြရမည်။
၈ ယခုမူကား၊ ကိုယ်တော်ရှင်အမှန်မိန့်တော်မူသည်မှာ၊ ခပ်သိမ်းသောအရာတို့ကို ဤအသင်း၌ အတူတကွပေါင်းစည်းကြသူသင်တို့အားဖြင့် ငါ၏ဘုန်းတော်ထင်ရှားစေခြင်းငှာ ပြုရန်လိုအပ်၏။
၉ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ငါ့ကျွန်နီဝယ်လ်ကေဝှစ်တနီနှင့် ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်၊ ထို့အတူ ငါ့ကျွန်ဆစ်ဒနီရစ်ဂဒွန်တို့အား ဇိအုန်ရှိသန့်ရှင်းသူတို့နှင့် တိုင်ပင်စေလော့။
၁၀ သို့မဟုတ်လျှင်၊ စာတန်သည် သူတို့စိတ်နှလုံးကို သမ္မာတရားမှ ဝေးရာသို့ လှည့်ရန် ကြိုးစားသဖြင့်၊ သူတို့သည် အလင်းကွယ်ရသူများဖြစ်လာကြပြီး သူတို့အတွက် ပြင်ဆင်ထားသည့် အရာများကို နားလည်ခြင်းမရှိကြ။
၁၁ သို့ဖြစ်၍၊ ခံဝန်ချုပ်တစ်ခု သို့မဟုတ် မချိုးဖောက်နိုင်သော ထာဝရတည်မြဲသည့် ပဋိညာဉ်အားဖြင့် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ရန်နှင့် စီစဉ်ရန် ပညတ်တော်တစ်ခုကို သင်တို့အား ငါပေး၏။
၁၂ ချိုးဖောက်သောသူသည် မိမိအမှုအရာနှင့် အသင်းတော်၌ ရပ်တည်မှုကို ဆုံးရှုံးလိမ့်မည်၊ ရွေးနုတ်ခြင်းနေ့ရက်တိုင်အောင် စာတန်၏ညှဉ်းပန်းနှိပ်စက်ခြင်းသို့လည်း လွှဲအပ်ခံရလိမ့်မည်။
၁၃ ရှုလော့၊ ဤအရာသည် သင်တို့ကို ငါပြင်ဆင်ရာ ပြင်ဆင်ခြင်း၊ ထို့အတူ အုတ်မြစ်၊ ထို့အတူ သင်တို့ကို ငါပေးသည့် ပုံသက်သေဖြစ်၏၊ ထိုအရာအားဖြင့်၊ သင်တို့သည် ငါပေးသည့် ပညတ်တော်များကို ပြီးမြောက်နိုင်ကြပေ၏။
၁၄ သင်တို့အပေါ်သက်ရောက်မည့် အတိဒုက္ခရှိသော်ငြားလည်း၊ ငါ၏စောင့်ရှောက်ခြင်းအားဖြင့်၊ အသင်းတော်ကို ဆီလက်ရှယ်လ်လောက၏ အောက်အရပ်ရှိ ခပ်သိမ်းသောအခြားသတ္တဝါများအထက်၌ လွတ်လပ်စွာရပ်တည်နိုင်စေခြင်းငှာဖြစ်၏။
၁၅ သင်တို့အတွက် ပြင်ဆင်ထားသည့် သရဖူထံသို့ သင်တို့တက်လာနိုင်ကြပြီး၊ နိုင်ငံများစွာအပေါ်အုပ်စိုးသူများဖြစ်လာရကြစေခြင်းငှာ၊ ကိုယ်တော်ရှင်ဘုရားသခင်၊ ဇိအုန်၏ သန့်ရှင်းတော်မူသောဘုရား မိန့်တော်မူလေ၏၊ သူသည် အာဒံ-ဩဒိ-အာမန်၏အုတ်မြစ်များကို တည်ဆောက်လေသူ၊
၁၆ မိက္ခေလကို သင်တို့၏ မင်းသားအဖြစ်ခန့်အပ်ထားလေ၍၊ ထို့အတူ သူ့ခြေတို့ကို တည်ဆောက်၍၊ ထို့အတူ သူ့ကို အမြင့်၌ထား၍၊ ထို့အတူ ကယ်တင်ခြင်းသော့များကို အသက်ကာလအစအဆုံးမရှိသောသူ သန့်ရှင်းတော်မူသောဘုရား၏ အကြံနှင့် လမ်းညွှန်ချက်အားဖြင့် သူ့အား ပေးခဲ့လေသူလည်းဖြစ်၏။
၁၇ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် ကလေးသူငယ်များဖြစ်ကြ၏၊ အဘယ်မျှကြီးစွာသော ကောင်းချီးမင်္ဂလာများ အဘလက်၌ ရှိသည်ကိုလည်းကောင်း၊ သင်တို့အတွက်ပြင်ဆင်ထားသည်ကိုလည်းကောင်း သင်တို့နားမလည်ကြသေး။
၁၈ သင်တို့သည် ယခုတွင်၊ ခပ်သိမ်းသောအရာတို့ကို သည်းမခံနိုင်ကြ။ သို့သော်လည်း၊ ရွှင်လန်းကြလော့၊ အကြောင်းမူကား၊ ငါသည်သင်တို့ကို ပို့ဆောင်တော်မူမည်။ နိုင်ငံတော်သည် သင်တို့အရာဖြစ်၏၊ ထိုနေရာရှိကောင်းချီးမင်္ဂလာများသည်လည်း သင်တို့အရာများဖြစ်ကြ၏၊ ထာဝရကာလစည်းစိမ်တို့သည်လည်း သင်တို့အရာများ ဖြစ်ကြ၏။
၁၉ ခပ်သိမ်းသောအရာတို့ကို ကျေးဇူးအလွန်သိတတ်ခြင်းနှင့် လက်ခံသောသူကို အသရေထင်ရှားစေမည်။ မြေကြီးအရာတို့ကို ထိုသူအား၊ အဆတစ်ရာ၊ အမှန်စင်စစ်၊ ထိုထက်ပို၍ပင် ထပ်၍ပေးတော်မူမည်။
၂၀ သို့ဖြစ်၍၊ သင်တို့ကို ငါမိန့်တော်မူလေသည့်အရာတို့ကို ပြုကြလော့၊ သင်တို့ကို မခေါ်ဆောင်မီ ခပ်သိမ်းသောအရာတို့ကို ပြင်ဆင်သူတည်းဟူသော သင်တို့၏ရွေးနုတ်ရှင်၊ အမှန်စင်စစ် သားတော်အာမန် မိန့်တော်မူ၏။
၂၁ အကြောင်းမူကား၊ သင်တို့သည် သားဦး၏အသင်းတော်ဖြစ်၏၊ သူသည် သင်တို့ကို မိုးတိမ်ထဲမှာ ဆောင်ယူလိမ့်မည်၊ လူတိုင်းအား သူ့ဝေစုနှင့်သူပေးအပ်လိမ့်မည်။
၂၂ သစ္စာရှိပြီး၊ ဉာဏ်ပညာရှိသောတာဝန်ခံသည် ခပ်သိမ်းသောအရာတို့ကို အမွေခံရလိမ့်မည်။ အာမင်။