အပိုဒ်ငယ် ၇
၁၈၂၉ ခု၊ ဧပြီလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် အော်လီဗာကောင်ဒရီက ချစ်လှစွာသောတပည့်တော်ယောဟန်သည် ဇာတိကိုယ်ခန္ဓာအားဖြင့်နေထိုင်ခဲ့ခြင်း သို့မဟုတ် သေခဲ့လေခြင်းရှိမရှိနှင့်စပ်လျဉ်း၍ ဥရိမ်နှင့် သုမိမ်တို့အားဖြင့် မေးလျှောက်သောအခါ သူတို့အား ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် စာရေးသားရေပြားပေါ်မှာ ယောဟန်ပြုလုပ်ထားသည့် ဘာသာပြန်အမျိုးအစား မှတ်တမ်းဖြစ်ပြီး၊ သူကိုယ်တိုင်ဝှက်ထားခဲ့၏။
၁–၃၊ ချစ်လှစွာသောယောဟန်သည် ကိုယ်တော်ရှင်ကြွလာတော်မူသည့်တိုင်အောင် နေလိမ့်မည်။ ၄–၈၊ ပေတရု၊ ယာကုပ်နှင့် ယောဟန်သည် ဧဝံဂေလိတရားတော်သော့များကို ကိုင်ဆောင်၏။
၁ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူလေသည်ကား၊ ငါ၏ချစ်လှစွာသောယောဟန်၊ သင်သည် အဘယ်အရာကို အလိုရှိသနည်း။ အကြောင်းမူကား၊ သင်အလိုရှိသည့်အရာကို တောင်းလျှင်၊ ထိုအရာကို သင့်အား ငါပေးမည်။
၂ ငါကလည်း ကိုယ်တော်ရှင်၊ အကျွန်ုပ်အသက်ရှင်ပြီး၊ လူများကို ကိုယ်တော်ထံသို့ ဆောင်ယူနိုင်ခြင်းငှာ သေခြင်းကိုအောင်နိုင်သောတန်ခိုးကို အကျွန်ုပ်အား ပေးတော်မူပါဟု လျှောက်၏။
၃ ကိုယ်တော်ရှင်ကလည်း ငါ့ကို မိန့်တော်မူလေသည်မှာ၊ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်သည် ဤအရာကို အလိုရှိသောကြောင့်၊ ငါ၏ဘုန်းတော်ကိုဆောင်၍ ငါကြွလာတော်မူသည့်တိုင်အောင် သင်နေရမည်။ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကို ပြောသူနှင့် လူမျိုးတို့ရှေ့မှာ ပရောဖက်ပြု၍လည်း ဟောရမည်။
၄ ဤအကြောင်းရင်းကြောင့်၊ ကိုယ်တော်ရှင်က ပေတရုကို မိန့်တော်မူသည်ကား၊ ငါကြွလာတော်မူသည့်တိုင်အောင် သူ့ကို နေစေခြင်းငှာ ငါအလိုရှိလျှင်၊ သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ အကြောင်းမူကား၊ သူသည် လူတို့ကို ငါ့ထံသို့ ဆောင်ယူနိုင်ခြင်းငှာ ငါ့ထံတောင်းဆို၏။ သို့ရာတွင်၊ သင်သည် ငါ၏နိုင်ငံတော်သို့ အလျင်အမြန် လာလို၏။
၅ သင့်ကို ငါဆိုသည်ကား၊ ပေတရု၊ ဤအရာသည် ကောင်းမြတ်သောအလိုဆန္ဒဖြစ်၏။ သို့ရာတွင်၊ ငါ၏ချစ်လှစွာသောသူသည် နောက်ထပ်၍၊ သို့မဟုတ် လူသားတို့၌ သူယခင်က ဆောင်ရွက်လေပြီးသည်ထက် သာ၍ကြီးစွာသောအမှုကို ဆောင်ရွက်ဦးမည်ဟုလည်း အလိုရှိလေပြီ။
၆ ထိုမှတစ်ပါး၊ သူသည် သာ၍ကြီးစွာသောအမှုကို ခံယူလေပြီ။ ထို့ကြောင့်၊ ငါသည် သူ့ကို မီးလျှံကဲ့သို့ဖြစ်စေပြီး၊ အမှုတော်ဆောင်ကောင်းကင်တမန်ဖြစ်စေမည်။ မြေကြီးပေါ်မှာနေထိုင်ကြသူများတည်းဟူသော ကယ်တင်ခြင်းကို အမွေခံသူဖြစ်မည့်သူများအတွက် သူအမှုတော်ဆောင်လိမ့်မည်။
၇ ငါသည် သင့်ကို သူ့အတွက်နှင့် သင်၏ညီအစ်ကိုယာကုပ်အတွက် အမှုတော်ဆောင်စေမည်။ သင်တို့သုံးဦးကိုလည်း ငါကြွလာတော်မူသည့်တိုင်အောင် ဤအခွင့်ကိုလည်းကောင်း၊ ဤအမှုတော်ဆောင်ခြင်း၏သော့များကိုလည်းကောင်း ငါပေးမည်။
၈ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့နှစ်ဦးစလုံးသည် သင်တို့၏အလိုဆန္ဒများအတိုင်း ရရှိကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့နှစ်ဦးစလုံးသည် သင်တို့အလိုရှိလေသည့်အရာ၌ ဝမ်းမြောက်ကြ၏။