အပိုဒ်ငယ် ၈၃
၁၈၃၂ ခု၊ ဧပြီ ၃၀၊ အင်ဒီပန်းဒင့်၊ မစ်ဆိုရီ၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် သူ၏ညီအစ်ကိုတို့နှင့် တိုင်ပင်စဉ်တွင် ဤဗျာဒိတ်တော်ကို လက်ခံရရှိခဲ့၏။
၁–၄၊ မိန်းမများနှင့်ကလေးများသည် မိမိတို့အထောက်အမအတွက် မိမိတို့ခင်ပွန်းများနှင့် အဘများအပေါ် တောင်းဆိုခွင့်ရှိကြ၏။ ၅–၆၊ မုဆိုးမများနှင့် မိဘမဲ့သူငယ်တို့သည် မိမိတို့အထောက်အမအတွက် အသင်းတော်အပေါ် တောင်းဆိုခွင့် ရှိကြ၏။
၁ မိမိတို့ခင်ပွန်းများနှင့် အဘများကို ဆုံးရှုံးခဲ့လေသူများတည်းဟူသော အသင်းတော်နှင့် ဆိုင်သောသူများဖြစ်သည့် မိန်းမများ၊ ကလေးများနှင့်စပ်လျဉ်း၍ ကိုယ်တော်ရှင်သည် အသင်းတော်၏ဥပဒေများသို့ ထပ်လောင်း၍ အမှန်မိန့်တော်မူသည်ကား၊
၂ မိန်းမများသည် မိမိတို့၏ထိန်းသိမ်းခြင်းအတွက်၊ မိမိတို့ခင်ပွန်းများ ဆောင်ယူခံရချိန်အထိ၊ မိမိတို့ခင်ပွန်းများနှင့်စပ်လျဉ်း၍ တောင်းဆိုခွင့်ရှိကြ၏။ သူတို့သည် လွန်ကျူးသောသူများအဖြစ် မတွေ့ရလျှင်၊ အသင်းတော်၌ မိဿဟာယဖွဲ့ခွင့်ရှိလိမ့်မည်။
၃ သူတို့သည် သစ္စာမရှိလျှင်၊ အသင်းတော်၌ မိဿဟာယဖွဲ့ခွင့် ရှိလိမ့်မည်မဟုတ်။ သို့သော်လည်း၊ သူတို့သည် ပြည်၏ဥပဒေများအတိုင်း မိမိတို့နေထိုင်ရာတို့၌ ဆက်၍နေနိုင်ကြ၏။
၄ ခပ်သိမ်းသောကလေးများသည် အရွယ်မရောက်မချင်း၊ မိမိတို့ထိန်းသိမ်းခြင်းအတွက် မိမိတို့မိဘများအပေါ် တောင်းဆိုခွင့်ရှိကြ၏။
၅ ထို့နောက်တွင်၊ သူတို့သည် အသင်းတော်အပေါ် တောင်းဆိုခွင့်ရှိကြ၏၊ သို့မဟုတ် တစ်နည်းအားဖြင့် မိမိတို့မိဘများက မိမိတို့ကို အမွေခံရာများ မပေးလေလျှင်၊ ကိုယ်တော်ရှင်၏ ဘဏ္ဍာတိုက်အပေါ် တောင်းဆိုခွင့်ရှိကြ၏။
၆ အသင်းတော်ဆက်ကပ်ခြင်းတို့အားဖြင့်၊ ဘဏ္ဍာတိုက်ကို ထိန်းသိမ်းထားရမည်။ ဆင်းရဲသားများကို ကဲ့သို့ပင်၊ မုဆိုးမများနှင့် မိဘမဲ့သူငယ်များကို ထောက်ပံ့လိမ့်မည်။ အာမင်။