ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈၄


အပိုဒ်ငယ် ၈၄

၁၈၃၂ ခု၊ စက်တင်ဘာ ၂၂ နှင့် ၂၃၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ စက်တင်ဘာလ​အတွင်းတွင် အသင်း​လူကြီးတို့သည် အရှေ့ပိုင်း​ပြည်နယ်များ၌ မိမိတို့​သာသနာပြုခြင်းမှ ပြန်လာရန်နှင့် မိမိတို့​အလုပ်​အကြောင်း သတင်းပို့ခြင်း​များကို ပြုလုပ်ရန် အစပြုခဲ့​ကြ၏။ ဤ​ဝမ်းမြောက်ရာ​အချိန်၌ သူတို့​အတူ​တကွ​ရှိစဉ်တွင်၊ အောက်ပါ​စကားကို လက်ခံ​ရရှိခဲ့၏။ ပရောဖက်သည် ထိုအရာကို ယဇ်ပုရောဟိတ်အခွင့်နှင့် စပ်လျဉ်းသည့်​ဗျာဒိတ်တော်ဟု ဖော်ပြခဲ့၏။

၁–၅၊ ယေရုရှလင်​မြို့သစ်နှင့် ဗိမာန်တော်ကို မစ်ဆိုရီ၌ တည်ဆောက်​လိမ့််မည်။ ၆–၁၇၊ မောရှေမှ အာဒံ​အထိ ယဇ်ပုရောဟိတ်အခွင့် အဆက်​အနွယ်ကို ပေးထား၏။ ၁၈–၂၅၊ သာ၍​ကြီးသော ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်​အကြောင်း​အသိပညာ​သော့ကို ကိုင်ဆောင်၏။ ၂၆–၃၂၊ သာ၍​ငယ်သော ယဇ်ပုရောဟိတ်အခွင့်သည် ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်းနှင့် ပြင်ဆင်ရာ ဧဝံဂေလိတရားတော်​သော့ကို ကိုင်ဆောင်၏။ ၃၃–၄၄၊ လူသားတို့သည် ယဇ်ပုရောဟိတ်အခွင့်နှင့်​စပ်လျဉ်းသည့် ကျိန်ဆိုခြင်းနှင့် ပဋိညာဉ်အားဖြင့် ထာဝရအသက်ကို ရရှိကြ၏။ ၄၅–၅၃၊ ခရစ်တော်၏ ဝိညာဉ်တော်သည် လူသားတို့ကို အလင်းသို့ ရောက်စေ၏၊ လောကသည်​အပြစ်သို့ ရောက်၏။ ၅၄–၆၁၊ သန့်ရှင်းသူတို့သည် မိမိတို့​လက်ခံ​ရရှိလေသည့် အရာများ​အကြောင်းကို သက်သေခံ​ကြရမည်။ ၆၂–၇၆၊ သူတို့သည် ဧဝံဂေလိတရားတော်ကို ဟောပြော​ရမည်၊ နိမိတ်လက္ခဏာများ ဖြစ်လိမ့်မည်။ ၇၇–၉၁၊ အသင်း​လူကြီးတို့သည် ငွေအိတ် သို့မဟုတ် လွယ်အိတ်​မပါဘဲ ထွက်သွား​ရမည်၊ ကိုယ်တော်ရှင်သည် သူတို့၏​လိုအပ်ချက်များကို ဂရုစိုက်​တော်မူ​လိမ့်မည်။ ၉၂–၉၇၊ ဧဝံဂေလိ​တရားတော်ကို ငြင်းပယ်သူတို့အား ကပ်ရောဂါဘေးများနှင့် ကျိန်ခြင်း​အမင်္ဂလာတို့က စောင့်နေ၏။ ၉၈–၁၀၂၊ ဇိအုန်​၏ ရွေးနုတ်ခြင်း​သီချင်းသစ်ကို ပေးထား၏။ ၁၀၃–၁၁၀၊ လူတိုင်းအား မိမိကိုယ်တိုင်၏ အမှုအရာကို ဆောင်ရွက်စေပြီး၊ မိမိကိုယ်တိုင်၏​အမှုတော်ဆောင်​တာဝန်၌ အလုပ်​လုပ်စေလော့။ ၁၁၁–၁၂၀၊ ကိုယ်တော်ရှင်၏ ကျွန်တို့သည် နောက်ဆုံးကာလ​လူဆိတ်ညံခြင်းစက်ဆုပ်ရွံရှာဖွယ်ကို ကြေညာ​ရမည်။

ယေရှုခရစ်တော်၏​ကျွန် ဂျိုးဇက်​စမစ်​အငယ်နှင့် အသင်းလူကြီး​ခြောက်ဦး၊ သူတို့​စိတ်နှလုံး​ပေါင်းစည်း၍၊ သူတို့​အသံကို အထက်သို့​တက်စေစဉ် ပေးတော်မူသည့် ဗျာဒိတ်တော်သည်ကား။

ထိုမှတစ်ပါး၊ မိမိလူမျိုးများသို့ ပြန်လည်​အပ်နှင်းခြင်း​အတွက်၊ သူ၏​ပရောဖက်တို့၏ နှုတ်​အားဖြင့် သူ​ဟောပြော​ခဲ့သည့်၊ ထို့အတူ ယေရုရှလင်​မြို့သစ်​ဖြစ်မည့် ဇိအုန်တောင်​ပေါ်၌ ရပ်ရန်​သူ၏ သန့်ရှင်းသူများ​စုဝေးခြင်း​အတွက် နောက်ဆုံးသော​ကာလ၌ တည်ထောင်သည့် သူ့အသင်းတော်နှင့် စပ်လျဉ်းသည့် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်လည်း​ဖြစ်၏။

ထိုမြို့ကို အစတွင် ဗိမာန်တော်​နေရာ၌ တည်ဆောက်​လိမ့်မည်၊ ထိုနေရာမှာ မစ်ဆိုရီပြည်နယ် အနောက်ဘက်​နယ်နိမိတ်၌ ကိုယ်တော်ရှင်၏​လက်ချောင်းတော်ဖြင့် ပေးအပ်ခဲ့သည့်​နေရာ​ဖြစ်ပြီး၊ ဂျိုးဇက်​စမစ်​အငယ်၏​လက်ဖြင့်၊ ထို့အတူ ကိုယ်တော်ရှင်​အလွန်​နှစ်သက်တော်မူသည့် အခြားသူတို့​အားဖြင့် ဆက်ကပ်ထား​ပေ၏။

ဤအရာသည် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်​အမှန်​ဖြစ်၏၊ ဤနေရာ၊ ဗိမာန်တော်​နေရာမှပင်​စ၍၊ သန့်ရှင်းသူတို့​စုဝေးခြင်း​အားဖြင့် ယေရုရှလင်မြို့ကို တည်ဆောက်​ရမည်၊ ထို​ဗိမာန်တော်ကို ဤမျိုးဆက်၌ ထူထောင်​လိမ့်မည်။

အကြောင်း​မူကား၊ ကိုယ်တော်ရှင်​အဖို့ အိမ်တော်ကို တည်ဆောက်​မပြီးမီ ဤမျိုးဆက်​အားလုံး ကွယ်လွန်သွား​လိမ့်မည်​မဟုတ်၊ အိမ်တော်ကို ပြည့်စေမည့် ကိုယ်တော်ရှင်၏​ဘုန်းတော်ပင်​ဖြစ်မည့် မိုးတိမ်သည်လည်း ထိုအိမ်ပေါ်မှာ တည်လိမ့်မည်။

မောရှေသည် ယောက္ခမ လက်မှ လက်ခံ​ရရှိခဲ့သည့် သန့်ရှင်းသော​ယဇ်ပုရောဟိတ်အခွင့်အရ၊ သူ၏သားများ​ဖြစ်ကြသည့်၊ ယေသယော၊

ယေသယောသည် ကာလက်၏​လက်မှ လက်ခံ​ရရှိ၏။

ကာလက်သည် ဧလိဟူ၏​လက်မှ လက်ခံ​ရရှိ၏။

ဧလိဟူသည် ယေရမိ၏​လက်မှ လက်ခံ​ရရှိ၏။

၁၀ ယေရမိသည် ဂဒ်၏​လက်မှ လက်ခံ​ရရှိ၏။

၁၁ ဂဒ်သည် ဧရှာယ၏​လက်မှ လက်ခံ​ရရှိ၏။

၁၂ ဧရှာယသည် ဘုရားသခင်၏​လက်မှ လက်ခံ​ရရှိ၏။

၁၃ ဧရှာယသည်လည်း အာဗြဟံ၏​လက်ထက်၌ အသက်ရှင်ပြီး၊ သူ့အားဖြင့် ကောင်းချီး​ခံစားရ၏—

၁၄ ယဇ်ပုရောဟိတ်အခွင့်ကို နောဧ​အထိပင်​ဖြစ်သည့် သူ့ဘိုးဘေးတို့၏​မျိုးရိုးမှ​တစ်ဆင့် လက်ခံရရှိသူ မေလခိဇေဒက်​ထံမှ ထိုအာဗြဟံ​လက်ခံရရှိ၏။

၁၅ နောဧမှ ဧနောက်​အထိ၊ သူတို့​ဘိုးဘေးတို့၏​မျိုးရိုးမှ​တစ်ဆင့် လက်ခံ​ရရှိကြ၏။

၁၆ ဧနောက်မှ အာဗေလ​အထိ လက်ခံ​ရရှိ၏၊ သူသည် မိမိအစ်ကို၏ လျှို့ဝှက်ကြံစည်မှုဖြင့် ကွပ်မျက်​ခံရသူ​ဖြစ်၏၊ ဘုရားသခင်၏ ပညတ်တော်များအားဖြင့်​လည်းကောင်း၊ ရှေ့ဦးစွာသော​လူ​ဖြစ်သည့် မိမိအဘ​အာဒံ၏​လက်ဖြင့်လည်းကောင်း ယဇ်ပုရောဟိတ်အခွင့်ကို လက်ခံရရှိသူ​ဖြစ်၏။

၁၇ ထို​ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏​အသင်းတော်၌ ခပ်သိမ်းသော​မျိုးဆက်တို့တွင် ဆက်၍​ရှိ၏၊ အချိန်​ကာလ​အစ​အဆုံး​မရှိဘဲ​ဖြစ်၏။

၁၈ ကိုယ်တော်ရှင်သည် ယဇ်ပုရောဟိတ်အခွင့်ကို အာရုန်နှင့် သူ၏​အမျိုးအနွယ်တို့​အပေါ် သူတို့၏​ခပ်သိမ်းသော မျိုးဆက်များ​တစ်လျှောက် တည်စေတော်မူ၏၊ ထိုယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏ အသန့်ရှင်းဆုံး​အသင်း​အတိုင်းဖြစ်သည့် ယဇ်ပုရောဟိတ်အခွင့်နှင့်​အတူ ဆက်၍ ကာလ​အစဉ်​အဆက်လည်း ဆက်၍​ရှိ၏။

၁၉ ဤ​သာ၍ကြီးသော ယဇ်ပုရောဟိတ်အခွင့်သည် ဧဝံဂေလိ​တရားတော်ကို စီမံ​ဆောက်ရွက်ပြီး၊ နိုင်ငံတော်၏​နက်နဲခြင်းသော့၊ ဘုရားသခင်​အကြောင်း​အသိပညာသော့ကိုပင် ကိုင်ဆောင်၏။

၂၀ ထို့ကြောင့်၊ ထိုဘိသိက်မင်္ဂလာတို့တွင်၊ ဘုရားဝတ်၌​မွေ့လျော်ခြင်းတန်ခိုးကို ထင်ရှားစွာပြ၏။

၂၁ ထို​ဘိသိက်မင်္ဂလာ၊ ထို့အတူ ယဇ်ပုရောဟိတ်အခွင့်​အာဏာ မရှိဘဲနှင့် ဘုရားဝတ်၌ မွေ့လျော်ခြင်း​တန်ခိုးကို ဇာတိ​ကိုယ်ခန္ဓာ၌​ရှိသော​လူသားတို့အား ထင်ရှားစွာမပြပေ။

၂၂ အကြောင်း​မူကား၊ ဤအရာ​မရှိဘဲ အဘယ်သူမျှ ဘုရားသခင်၏၊ အမှန်​စင်စစ် ခမည်းတော်၏ မျက်နှာကို မမြင်နိုင်၊ အသက်လည်း​မရှင်နိုင်။

၂၃ ယခုတွင်၊ ဤအရာကို မောရှေသည် ဣသရေလ​အမျိုးသားတို့အား တောရိုင်းထဲ၌ ရှင်းလင်းစွာ​သွန်သင်ပြီး၊ မိမိလူမျိုးတို့အား ဘုရားသခင်၏​မျက်နှာကို မြင်နိုင်ကြ​စေခြင်းငှာ သန့်ရှင်း​စင်ကြယ်​စေရန် လုံ့လ​ဝီရိယ​ထက်သန်စွာ ကြိုးစား၏။

၂၄ သို့ရာတွင်၊ သူတို့သည် မိမိတို့​စိတ်နှလုံးကို မာကျောစေ​ကြပြီး၊ မျက်မှောက်တော်၌ ကြံ့ကြံ့​မခံနိုင်ကြ။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် အမျက်ထွက်၏၊ အကြောင်းမူကား၊ သူတို့အား တောရိုင်း​ထဲ၌​ရှိစဉ် သူ၏​ချမ်းသာထဲသို့ မဝင်ရ​နိုင်ကြ​စေကြောင်း၊ သူတို့​တစ်ဖက်၌ အမျက်​ထွက်၏၊ ထို​ချမ်းသာသည် သူ၏​ဘုန်းတော်​အပြည့်​အစုံ​ဖြစ်၏။

၂၅ ထို့ကြောင့်၊ သူသည် မောရှေကို သူတို့​အလယ်မှ​လည်းကောင်း၊ သန့်ရှင်းသော ယဇ်ပုရောဟိတ်​အခွင့်ကို​လည်းကောင်း နုတ်ယူ​တော်မူ၏။

၂၆ သာ၍​ငယ်သော ယဇ်ပုရောဟိတ်​အခွင့်သည် ဆက်၍​ရှိ၏၊ ထို​ယဇ်ပုရောဟိတ်​အခွင့်သည် ကောင်းကင်တမန်များ​အမှုတော်ဆောင်ခြင်းနှင့် ပြင်ဆင်ရာ​ဧဝံဂေလိ​တရားတော်သော့ကို ကိုင်ဆောင်၏။

၂၇ ထို​ဧဝံဂေလိ​တရားတော်သည် နောင်တရခြင်းအကြောင်းနှင့် ဗတ္တိဇံအကြောင်း၊ ထို့အတူ အပြစ်များမှ လွှတ်ခြင်း၊ ထို့အတူ လောကီ​ဆိုင်ရာ​ပညတ်တော်များအကြောင်း ဧဝံဂေလိ​တရားတော် ဖြစ်၏။ ကိုယ်တော်ရှင် အမျက်​ထွက်၍၊ ဣသရေလ​အမျိုးသားတို့၌ အာရုန်​အမျိုးသားတို့နှင့်​အတူ ဆက်၍​ရှိစေသည့်၊ အမိ​ဝမ်းထဲ​ကပင် သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ပြည့်လျက်​ရှိသူ၊ ဘုရားသခင်​ပေါ်ထွန်း​စေသည့်သူ ယောဟန်​အထိ​ရှိသည့် ဧဝံဂေလိ​တရားတော်​ဖြစ်၏။

၂၈ အကြောင်း​မူကား၊ သူသည် ကလေး​ဘဝ​၌ ရှိနေစဉ်မှာပင် ဗတ္တိဇံကို ခံခဲ့​လေပြီး၊ ရှစ်ရက်သား အရွယ်၌ တန်ခိုးသို့ ဘုရားသခင်၏ ကောင်းကင်တမန်​အားဖြင့် ခန့်ထား​ခံရသည်မှာ ယုဒလူမျိုးတို့၏ နိုင်ငံကို အင်အားဖြင့်​သိမ်းယူခြင်းငှာ၊ ထို့အတူ မိမိ​လူမျိုးတို့၏ မျက်နှာ​ရှေ့၌ ကိုယ်တော်ရှင်၏ လမ်းကို ဖြောင့်စေ​ခြင်းငှာ၊ လက်တော်၌ ခပ်သိမ်းသော​တန်ခိုးကို ပေးထားရာ ကိုယ်တော်ရှင် ကြွလာတော်မူခြင်း အတွက် သူတို့ကို ပြင်ဆင်ခြင်းငှာ​ဖြစ်၏။

၂၉ ထိုမှ​တစ်ဖန်၊ အသင်း​လူကြီးနှင့် သင်းအုပ်၏​အမှုအရာတို့သည် ယဇ်ပုရောဟိတ်မင်း​အခွင့်က​ပိုင်သည့် လိုအပ်သော​တွဲဘက်​အရာများ ဖြစ်၏။

၃၀ ထိုမှ​တစ်ဖန်၊ ဆရာနှင့် သင်းထောက်၏​အမှုအရာတို့သည် သာ၍ငယ်သော ယဇ်ပုရောဟိတ်​အခွင့်က​ပိုင်သည့် လိုအပ်သော​တွဲဘက်​အရာများ​ဖြစ်၏၊ ထို​ယဇ်ပုရောဟိတ်​အခွင့်ကို အာရုန်နှင့် သူ၏​သားများ​အပေါ်​တည်စေတော်မူခဲ့၏။

၃၁ ထို့ကြောင့်၊ မောရှေ၏​သားများနှင့် စပ်လျဉ်း၍ ငါ​မိန့်တော်မူ​ခဲ့သည့်​အတိုင်း—အကြောင်း​မူကား၊ မောရှေ၏​သားများနှင့် အာရုန်၏​သားများ​သည်လည်း နှစ်သက်ဖွယ်သော ပူဇော်သက္ကာ​တစ်ခုနှင့် ယဇ်ကို ကိုယ်တော်ရှင်၏​အိမ်တော်၌ ပူဇော်ကြ​လိမ့်မည်၊ ထိုအိမ်တော်ကို ကိုယ်တော်ရှင်​အဖို့ ဤ​မျိုးဆက်၌၊ ငါ​စီရင်ခဲ့​လေသည့် ရည်စူး​ထားသော​နေရာမှာ တည်ဆောက်​လိမ့်မည်—

၃၂ မောရှေနှင့် အာရုန်တို့၏ သားများသည် ဇိအုန်တောင်ပေါ်ရှိ ကိုယ်တော်ရှင်၏​အိမ်တော်​ထဲမှာ၊ ကိုယ်တော်ရှင်၏​ဘုန်းတော်နှင့် ပြည့်ကြ​လိမ့်မည်၊ သင်တို့သည် သူတို့၏​သားများ​ဖြစ်ကြ၏။ ထို့အတူ ငါ​ခေါ်သွင်း​တော်မူ​လေပြီး၊ ငါ၏​အသင်းတော်ကို တည်ထောင်ရန်​စေလွှတ်ခဲ့​လေသူ များစွာတို့​သည်လည်း သူတို့၏​သားများ ဖြစ်ကြ၏။

၃၃ အကြောင်း​မူကား၊ ငါ​ပြောလေသည့် ဤ​ယဇ်ပုရောဟိတ်​အခွင့်​နှစ်ခုကို ရရှိခြင်းသို့ တိုင်အောင် သစ္စာ​ရှိပြီး၊ မိမိတို့၏​အမှုတော်ဆောင်​တာဝန်ကို တိုးမြှင့်​ဆောင်ရွက်သူ​မှန်သမျှသည် မိမိတို့​ကိုယ်ခန္ဓာများကို ပြန်၍​တည်ဆောက်ခြင်းသို့ တိုင်အောင် ဝိညာဉ်တော်​အားဖြင့် သန့်ရှင်း​စင်ကြယ်​စေကြ၏။

၃၄ ထိုသူတို့သည် မောရှေနှင့် အာရုန်တို့၏​သားများ၊ ထို့အတူ အာဗြဟံ၏​အမျိုး​အနွယ်များ၊ ထို့အတူ အသင်းတော်နှင့် နိုင်ငံတော်၊ ထို့အတူ ဘုရားသခင်​ရွေးကောက်​တော်မူသော​သူများ ဖြစ်လာ​ကြ၏။

၃၅ ထို့အတူ၊ ဤ​ယဇ်ပုရောဟိတ်​အခွင့်ကို လက်ခံသော​သူများသည် ငါ့ကို လက်ခံ​ကြသည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၃၆ အကြောင်း​မူကား၊ ငါ့ကျွန်တို့ကို လက်ခံသော​သူသည် ငါ့ကို လက်ခံ၏။

၃၇ ငါ့ကို လက်ခံသော​သူသည် ငါ့ခမည်းတော်ကို လက်ခံ၏။

၃၈ ငါ့ခမည်းတော်ကို လက်ခံသော​သူသည် ငါ့ခမည်းတော်၏​နိုင်ငံတော်ကို လက်ခံ၏။ ထို့ကြောင့်၊ ငါ့ခမည်းတော်၌ ရှိသော​အရာ​မှန်သမျှကို ထိုသူအား ပေးတော်မူ​လိမ့်မည်။

၃၉ ဤအရာသည် ယဇ်ပုရောဟိတ်​အခွင့်နှင့်ဆိုင်သည့် ကျိန်ဆိုခြင်းနှင့် ပဋိညာဉ်​အတိုင်း ဖြစ်၏။

၄၀ ထို့ကြောင့်၊ ယဇ်ပုရောဟိတ်​အခွင့်ကို လက်ခံ​ရရှိသူ​အပေါင်းတို့သည် ငါ့ခမည်းတော်၏ ဤ​ကျိန်ဆိုခြင်းနှင့် ပဋိညာဉ်ကို လက်ခံ​ရရှိ၏၊ ၎င်းတို့ကို မချိုးဖောက်နိုင်၊ ပယ်လည်း မပယ်ဖျောက်နိုင်။

၄၁ သို့ရာတွင်၊ ဤ​ပဋိညာဉ်ကို လက်ခံ​ရရှိပြီးနောက် ချိုးဖောက်ပြီး၊ လုံးဝ​စွန့်ပစ်သောသူ​မှန်သမျှသည် ဤလောက၌ အပြစ်များမှ ခွင့်လွှတ်ခြင်းကို မရရှိ၊ ကျရောက်​လာမည့်လောက​၌လည်း မရရှိ။

၄၂ သင်တို့​လက်ခံ​ရရှိ​လေသည့်၊ ဤနေ့မှာ​ရှိကြသော သင်တို့​အပေါ် ကောင်းကင်ဘုံမှ ငါကိုယ်တိုင်၏​အသံဖြင့် ငါ​ယခု​အတည်ပြုသည့် ဤ​ယဇ်ပုရောဟိတ်​အခွင့်သို့ လာခြင်း​မရှိသောသူ​အပေါင်းတို့သည် အမင်္ဂလာ​ရှိကြ၏။ ကောင်းကင်​ဗိုလ်ခြေများနှင့် ငါ၏​ကောင်းကင်တမန်တို့ကိုပင် သင်တို့နှင့် စပ်လျဉ်း၍ ငါ​တာဝန်​ပေးလေပြီ။

၄၃ ငါသည် သင်တို့​ကိုယ်တိုင်​အကြောင်း သတိပြုကြ​စေရန်၊ ထာဝရ​အသက်​အကြောင်း နှုတ်ကပတ်တော်ကို လုံ့လ​ဝီရိယ​ထက်သန်စွာ ပမာဏပြုကြ​စေရန် သင်တို့အား ပညတ်တော်ကို ယခု​ပေး၏။

၄၄ အကြောင်း​မူကား၊ သင်တို့သည် ဘုရားသခင်၏​နှုတ်မှ ထွက်သည့် နှုတ်ကပတ်တော်​မှန်သမျှ​အားဖြင့် အသက်ကို မွေးကြရမည်။

၄၅ အကြောင်း​မူကား၊ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်သည် သမ္မာ​တရား​ဖြစ်၏၊ သမ္မာ​တရား​ဖြစ်သော အရာ​မှန်သမျှသည် အလင်း​ဖြစ်၏၊ အလင်း​ဖြစ်သော အရာ​မှန်သမျှသည် ဝိညာဉ်တော်၊ ယေရှု​ခရစ်တော်၏ ဝိညာဉ်တော်ပင်​ဖြစ်၏။

၄၆ ဝိညာဉ်တော်သည် လောက​ထဲသို့ ဝင်လာသူ​တိုင်းအား အလင်းကို ပေးတော်မူ၏။ ဝိညာဉ်တော်၏ အသံကို စေ့စေ့နားထောင်သည့်​သူများ​တည်းဟူသော လောက​တစ်လျှောက်၌​ရှိသူတိုင်းကို ဝိညာဉ်တော်သည် အလင်းသို့ ရောက်စေ၏။

၄၇ ဝိညာဉ်တော်၏​အသံကို စေ့စေ့နားထောင်သည့်​သူတိုင်းသည် ဘုရားသခင်၊ အမှန်​စင်စစ် ခမည်းတော်​ထံသို့ လာ၏။

၄၈ ခမည်းတော်သည် ထိုသူအား မိမိ​ပြန်၍ တည်ဆောက်​လေပြီး သင်တို့​အပေါ် အတည်ပြု​ခဲ့သည့် ပဋိညာဉ်​အကြောင်းကို သွန်သင်ပေး​တော်မူ၏၊ ထို​ပဋိညာဉ်ကို သင်တို့​အတွက် သင်တို့​အပေါ် အတည်ပြု​ခဲ့၏၊ သင်တို့​အတွက်​သာလျှင်​မဟုတ် လောက​တစ်ခုလုံး အတွက်လည်း​ဖြစ်၏။

၄၉ လောက​တစ်ခုလုံးသည် အပြစ်သို့​ရောက်၏၊ ထို့အတူ အမှောင်ထု​အောက်၌​လည်းကောင်း၊ အပြစ်၏ ချုပ်နှောင်ခြင်း​အောက်၌​လည်းကောင်း ညည်းတွား​ကြ၏။

၅၀ သူတို့သည် ငါ့ထံသို့ လာခြင်း မရှိကြ​သောကြောင့်၊ ဤနည်း​အားဖြင့် သူတို့သည် အပြစ်၏​ချုပ်နှောင်ခြင်း​အောက်၌ ရှိကြကြောင်း သင်တို့​သိနိုင်ကြ​ပေ၏။

၅၁ အကြောင်း​မူကား၊ ငါ့ထံသို့ လာခြင်း​မရှိသူ​မှန်သမျှသည် အပြစ်၏​ချုပ်နှောင်ခြင်း​အောက်၌ ရှိကြ၏။

၅၂ ငါ၏ အသံကို လက်ခံခြင်း​မရှိသူ​မှန်သမျှသည် ငါ၏ အသံနှင့် အကျွမ်း​မဝင်၊ ငါ၏​လူလည်း​မဟုတ်။

၅၃ ဤနည်း​အားဖြင့်၊ သင်တို့သည် ဖြောင့်မတ်သော​သူများနှင့် ဆိုးညစ်သော​သူများကို ခွဲခြား၍​သိနိုင်​ကြ၏၊ လောက​တစ်ခုလုံး ယခုမှာပင် အပြစ်နှင့် အမှောင်ထု​အောက်၌ ညည်းတွားကြောင်း​ကိုလည်း သိနိုင်ကြ​ပေ၏။

၅၄ သင်တို့၏​စိတ်များသည်လည်း ကုန်လွန်ခဲ့ပြီးသောအချိန်များ၌ မယုံကြည်မှုကြောင့်၊ ထို့အတူ သင်တို့ လက်ခံ​ရရှိလေပြီးသည့်​အရာများကို သင်တို့​မထီမဲ့မြင် ပြုလေသောကြောင့်၊ မှောင်မိုက်​လာခဲ့ပြီး​လေပြီ—

၅၅ ထို​အချည်း​အနှီး​ဖြစ်ခြင်းနှင့် မယုံကြည်မှု​တို့သည် အသင်းတော်​တစ်ခုလုံးကို ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်သို့ ရောက်စေ​လေပြီ။

၅၆ ဤပြစ်ဒဏ်ချမှတ်ခြင်းသည် ဇိအုန်သားတို့အပေါ်၊ အကယ်စင်စစ်အားလုံး အပေါ် ကျရောက်၏။

၅၇ သူတို့သည်လည်း နောင်တရပြီး၊ ပဋိညာဉ်​တရားသစ်​တည်းဟူသော မော်မုန်ကျမ်းနှင့် သူတို့ကို ငါ​ပေးထား​တော်မူ​လေသည့် ယခင်​ပညတ်တော်များကို ပြောရုံသာ​မဟုတ်ဘဲ၊ ငါ​ရေးထား​လေသည့်​အတိုင်း လုပ်ဆောင်​ကြရန် သတိရ​ကြသည့် အချိန်​အထိ ဤ​ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌ ဆက်၍ ရှိကြ​လိမ့်မည်—

၅၈ သူတို့​ခမည်းတော်၏ နိုင်ငံတော်နှင့် ထိုက်တန်သည့်​အကျိုးကို သူတို့​ဖြစ်နိုင်ကြ​စေခြင်းငှာ ပေတည်း။ သို့မဟုတ်လျှင်၊ ဇိအုန်သားတို့​အပေါ် သွန်းလောင်းရန် ဘေးဒဏ်နှင့် တရား​စီရင်ခြင်း​ဆက်၍ ရှိပေ၏။

၅၉ အကြောင်း​မူကား၊ နိုင်ငံတော်သား​တို့သည် ငါ၏​သန့်ရှင်းသော​ပြည်ကို ညစ်ညူး​စေကြ​မည်လော။ မဟုတ်ပေဟု သင်တို့ကို ငါ​အမှန်​ဆို၏။

၆၀ ငါ၏​အသံ​တည်းဟူသော ငါ၏​နှုတ်ကပတ်တော်တို့ကို ကြားနာ​ကြသည့် သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ သင်တို့သည် ဤအရာတို့ကို လက်ခံ​ရရှိကြ​သမျှ မင်္ဂလာ​ရှိကြ၏။

၆၁ အကြောင်း​မူကား၊ ငါသည် ဤ​ပညတ်တော်နှင့်​အတူ သင်တို့ကို သင်တို့၏​အပြစ်များမှ ခွင့်လွှတ်​တော်မူမည်—​သင်တို့၏​စိတ်များ၌ လည်းကောင်း၊ တည်ကြည်​လေးနက်ခြင်းနှင့် ဆုတောင်းခြင်း​ဝိညာဉ်၌ လည်းကောင်း၊ သင်တို့ထံ ငါ​ပြောကြား​ထားသည့် အရာတို့​အကြောင်းကို လောက​တစ်ခုလုံးသို့ သက်သေခံခြင်း၌​လည်းကောင်း သင်တို့​ဆက်၍​မြဲမြံကြ​စေကြောင်း​ပင်တည်း။

၆၂ ထို့ကြောင့်၊ သင်တို့သည် လောကီ​နိုင်ငံ​အရပ်ရပ်သို့ သွားကြလော့။ သက်သေခံချက်ကို သင်တို့​ထံမှ​နေ၍၊ လောကီ​နိုင်ငံ​အရပ်ရပ်ရှိ လူသတ္တဝါတိုင်းထံ​သွားစေခြင်းငှာ၊ သင်တို့​မသွားနိုင်သည့် နေရာ​မှန်သမျှသို့ စေလွှတ်လော့။

၆၃ ငါ၏​တမန်တော်တို့ကို ငါဆိုသည့်​အတိုင်း၊ ထိုကဲ့သို့ပင် သင်တို့ကို ငါဆို၏၊ အကြောင်း​မူကား၊ သင်တို့သည် ငါ၏​တမန်တော်များ၊ ဘုရားသခင်၏​ယဇ်ပုရောဟိတ်မင်းများပင် ဖြစ်ကြ၏။ သင်တို့သည် ခမည်းတော်က ငါ့အား ပေးထားသော​သူများ ဖြစ်ကြ၏။ သင်တို့သည် ငါ၏​အဆွေ​ခင်ပွန်းများ ဖြစ်ကြ၏။

၆၄ ထို့ကြောင့်၊ ငါ၏​တမန်တော်တို့ကို ငါ​ဆိုသည့်​အတိုင်း၊ သင်တို့ကို ငါ​တစ်ဖန်​ဆို၏၊ သင်တို့၏​စကားများကို ယုံကြည်ပြီး၊ အပြစ်များမှ လွှတ်ခြင်း​အတွက် ရေဖြင့် ဗတ္တိဇံ ခံသောသူတိုင်းသည် သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိကြ​လိမ့်မည်။

၆၅ ယုံကြည်သော​သူတို့၌ ဤ​နိမိတ်​လက္ခဏာများ ဖြစ်လိမ့်မည်—

၆၆ ငါ့၏​နာမတော်​အားဖြင့် သူတို့သည် များစွာသော​အံ့ဩဖွယ်​အမှုတို့ကို ပြုကြ​လိမ့်မည်။

၆၇ ငါ၏​နာမတော်​အားဖြင့် သူတို့သည် နတ်ဆိုးတို့ကို နှင်ထုတ်​လိမ့်မည်။

၆၈ ငါ၏​နာမတော်​အားဖြင့် သူတို့သည် ဖျားနာ​သူများကို အနာကင်းစေကြ​လိမ့်မည်။

၆၉ ငါ၏​နာမတော်​အားဖြင့် သူတို့သည် မျက်စိကန်းသော​သူတို့၏ မျက်စိကို​ဖွင့်၍၊ နားပင်းသော​သူတို့ကို နားပင်းရာမှ လွတ်စေကြ​လိမ့်မည်။

၇၀ ဆွံ့အသော​သူတို့၏​လျှာသည် စကားပြော​လိမ့်မည်။

၇၁ တစ်စုံ​တစ်ယောက်က သူတို့ကို အဆိပ်ဖြင့်​စီရင်လျှင်၊ ဘေးဥပဒ်​မဖြစ်​လတ္တံ့။

၇၂ မြွေ၏​အဆိပ်သည် သူတို့ကို ထိခိုက်ရန် တန်ခိုး​မရှိ​လတ္တံ့။

၇၃ သို့ရာတွင်၊ ဤအရာတို့နှင့်​စပ်လျဉ်း၍ သူတို့ကိုယ်သူတို့ မဝါကြွားကြ​စေခြင်းငှာ၊ ၎င်းတို့ကို လောကရှေ့၌ မပြောကြ​စေခြင်းငှာ ပညတ်တော်​ကို သူတို့အား ငါပေး၏။ အကြောင်း​မူကား၊ သင်တို့၏ အကျိုး​အတွက်နှင့် ကယ်တင်ခြင်း​အတွက် ဤအရာတို့ကို သင်တို့အား ပေးထား၏။

၇၄ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ သင်တို့၏​စကားများကို မယုံကြည်သော၊ ထို့အတူ သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိ​နိုင်ခြင်းငှာ မိမိတို့​အပြစ်များမှ လွှတ်ခြင်း​အတွက် ငါ၏​နာမတော်၌ ရေထဲတွင် ဗတ္တိဇံကို မခံသော​သူတို့သည် အပြစ်​စီရင်ခြင်းကို ခံကြရလိမ့်မည်၊ ငါ့ခမည်းတော်နှင့်ငါ ရှိတော်မူသည့် ငါ့ခမည်းတော်၏​နိုင်ငံတော်​ထဲသို့လည်း မလာရ။

၇၅ ဤ​ဗျာဒိတ်တော်နှင့် ပညတ်တော်သည် လောက​တစ်ခုလုံး အပေါ်မှာ ယခု​အချိန်မှ စ၍ သက်ရောက်​ပေ၏။ ဧဝံဂေလိ​တရားတော်သည်လည်း လက်ခံ​မရရှိ​လေသည့်​သူအပေါင်းတို့ထံ ရောက်ပေ၏။

၇၆ သို့ရာတွင်၊ နိုင်ငံတော်ကို ပေးထား​ခံရ​လေသောသူ​အပေါင်းတို့ကို ငါ​အမှန်​ဆိုသည်ကား—​ထိုသူတို့ကို ယခင်​ဆိုးသော​အမှုများမှ နောင်တ​ရကြ​စေခြင်းငှာ၊ သင်တို့မှ ဟောပြော​ရမည်။ အကြောင်း​မူကား၊ သူတို့သည် မိမိတို့၏​မယုံကြည်သည့် ဆိုးသော​စိတ်နှလုံးတို့ကြောင့်၊ ထို့အတူ ဇိအုန်၌ သင်တို့၏​ညီအစ်ကိုတို့သည် သင်တို့ကို ငါစေလွှတ်သည့်​အချိန်၌ သင်တို့ကို ဆန့်ကျင်ပြီး ပုန်ကန်ခြင်းကြောင့် ဆုံးမ၍ အပြစ်တင်​ခံကြရမည်။

၇၇ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ငါ၏​အဆွေ​ခင်ပွန်းတို့၊ အကြောင်း​မူကား၊ ယခုမှ​စ၍၊ ငါသည် သင်တို့ကို အဆွေ​ခင်ပွန်းတို့ဟု ခေါ်မည်၊ ငါသည် သူတို့နှင့်​အတူ​ရှိ၍၊ ဧဝံဂေလိ​တရားတော်ကို ငါ၏​တန်ခိုးဖြင့် ဟောပြောရန် ခရီးသွားစဉ်​ကာလက ငါ၏​အဆွေ​ခင်ပွန်းများ​ကဲ့သို့ပင် သင်တို့​ဖြစ်လာကြ​စေခြင်းငှာ ဤ​ပညတ်တော်ကို သင်တို့အား ငါပေးရန် သင့်လျော်၏။

၇၈ အကြောင်း​မူကား၊ ငါသည် သူတို့အား ငွေအိတ် သို့မဟုတ်၊ လွယ်အိတ်နှင့် အင်္ကျီ​နှစ်ထည်​ရှိစေရန်​ကိုလည်း အခွင့်​ပေးခြင်း​မရှိ။

၇၉ ရှုလော့၊ ငါသည် သင်တို့အား လောကကို စမ်းသပ်ရန် စေလွှတ်၏၊ အလုပ်​လုပ်သော သူသည် အခကို ခံထိုက်​ပေ၏။

၈၀ နိုင်ငံတော်နှင့်​ယှဉ်သော ဤဧဝံဂေလိ​တရားတော်ကို သွား၍​ဟောပြောမည့်သူ၊ ခပ်သိမ်းသောအရာတို့၌ ဆက်၍ သစ္စာရှိရန် ပျက်ကွက်ခြင်း​မရှိမည့်သူ အဘယ်သူမဆို စိတ်၌ မမောပန်းရ၊ မှောင်မိုက်၍လည်း​မလာရ၊ ကိုယ်ခန္ဓာ၊ ခြေလက်၌​လည်းကောင်း၊ အရိုး​အဆစ်၌​လည်းကောင်း မမောပန်းရ။ ထိုသူ၏​ဦးခေါင်းမှ ဆံပင်​တစ်ပင်မျှ သတိ​မထားလိုက်မိဘဲ မြေသို့​မကျရ။ ထိုသူတို့သည် မမွတ်သိပ်ရ၊ ရေလည်း​မငတ်ရ။

၈၁ ထို့ကြောင့်၊ နက်ဖြန်နေ့​အဖို့ မစိုးရိမ်နှင့်၊ သင်တို့​အဘယ်သို့​စားရအံ့နည်း၊ သို့မဟုတ် သင်တို့ အဘယ်သို့​သောက်ရအံ့နည်း၊ သို့မဟုတ် သင်တို့ အဘယ်အရာနှင့် ဝတ်ဆင်ရအံ့နည်းဟု မစိုးရိမ်နှင့်။

၈၂ အကြောင်း​မူကား၊ တောနှင်းပင်တို့ အဘယ်သို့​အားဖြင့် အောင်မြင်သည်ကို ဆင်ခြင်​အောက်မေ့​ကြလော့။ ထိုအပင်တို့သည် အလုပ်လည်း​မလုပ်၊ ချည်​ဖြစ်စေခြင်းငှာ၊ မငင်​မဝင့်။ လောကီနိုင်ငံတို့သည် ၎င်းတို့​ဘုန်းအသရေ​အပေါင်းတို့ဖြင့်၊ ဤ​အပင်​တစ်ပင်မျှလောက် တင့်တယ်စွာ ဝတ်ဆင်​မထား။

၈၃ အကြောင်း​မူကား၊ ခပ်သိမ်းသော ဤအရာတို့ကို သင်တို့ အသုံး​လိုကြောင်း ကောင်းကင်ဘုံ၌ ရှိသည့် သင်တို့​အဘ သိတော်မူ၏။

၈၄ ထို့ကြောင့်၊ နက်ဖြန်နေ့ကို ၎င်းကိုယ်တိုင်၏​အမှုများ​အဖို့ စိုးရိမ်​ပါစေ။

၈၅ သင်တို့သည် အဘယ်သို့​ပြောရမည်ကို ကြိုတင်၍​မစိုးရိမ်နှင့်။ သို့ရာတွင်၊ အသက်နှင့် ယှဉ်သော​စကားကို သင်တို့၏​စိတ်ထဲ၌ အစဉ်​မပြတ် အမြတ်တနိုး​သိမ်းဆည်း​ထားကြလော့၊ လူတိုင်းအား ထိုဝေစုကို ခွဲပေးမည့် အချိန်၌ သင်တို့ကိုလည်း ပေးလိမ့်မည်။

၈၆ ထို့ကြောင့်၊ ဤပညတ်တော်သည် အသင်းတော်၌ အမှုတော်ဆောင်ခြင်းသို့ ဘုရားသခင်​ခေါ်သွင်း​တော်မူသည့် သူများ​တည်းဟူသော သစ္စာ​ရှိသူ​အပေါင်းတို့​အဖို့ ဖြစ်၍၊ နိုင်ငံတော်နှင့် ယှဉ်သော​ဤဧဝံဂေလိ​တရားတော်ကို ဟောပြောရန် ထွက်သွားသူ၊ သင်တို့​အထဲမှ အဘယ်သူ့ကိုမျှ၊ ဤ​အချိန်မှစ၍ ငွေအိတ် သို့မဟုတ် လွယ်အိတ်ကို မယူစေနှင့်။

၈၇ ရှုလော့၊ ငါသည် သင်တို့အား လောကီသားတို့ကို သူတို့၏ မတရားသော အကျင့်​အပေါင်းတို့နှင့် စပ်လျဉ်း၍ အပြစ်တင်​ဆုံးမ​စေခြင်းငှာ၊ ထို့အတူ ကျရောက်​လာမည့် တရား​စီရင်တော်မူခြင်း​အကြောင်းကို သွန်သင်​စေခြင်းငှာ စေလွှတ်​တော်မူ၏။

၈၈ သင်တို့ကို​လက်ခံသူ​မှန်သမျှနှင့် ငါသည်လည်း​ရှိတော်မူမည်၊ အကြောင်း​မူကား၊ ငါသည် သင်တို့​ရှေ့မှ ကြွတော်မူမည်။ ငါသည် သင်တို့၏​လက်ယာဘက်၌​လည်းကောင်း၊ လက်ဝဲဘက်၌​လည်းကောင်း ရှိတော်မူမည်၊ ငါ၏​ဝိညာဉ်တော်သည် သင်တို့​စိတ်နှလုံး၌ ရှိလိမ့်မည်၊ ငါ၏​ကောင်းကင်တမန်တို့သည်လည်း သင်တို့ကို မစ​ချီပင့်ကြ​ခြင်းငှာ သင်တို့​ပတ်ဝန်းကျင်၌ ရှိကြ​လိမ့်မည်။

၈၉ သင်တို့ကို လက်ခံသူ​မှန်သမျှသည် ငါ့ကို လက်ခံ၏။ ထိုကဲ့သို့သော​သူသည် သင်တို့ကို ကျွေးမွေး​လိမ့်မည်၊ ထို့အတူ သင်တို့ကို အဝတ်တန်ဆာ​ဆင်လိမ့်မည်၊ ထို့အတူ သင်တို့ကို ငွေ​ပေးလိမ့်မည်။

၉၀ သင်တို့ကို ကျွေးမွေးသောသူ၊ သို့မဟုတ် သင်တို့ကို အဝတ်တန်ဆာ​ဆင်သောသူ၊ သို့မဟုတ်၊ သင်တို့ကို ငွေပေးသောသူသည် မိမိ​အကျိုးကို အလျှင်း​မဆုံးရှုံးရ။

၉၁ ဤ​အမှုတို့ကို ပြုခြင်း​မရှိသောသူသည် ငါ၏​တပည့်တော်​မဟုတ်။ ဤနည်း​အားဖြင့် သင်တို့သည် ငါ၏​တပည့်တော်တို့ကို သိနိုင်ကြ​ပေ၏။

၉၂ သင်တို့ကို လက်ခံခြင်း​မရှိသောသူ​ထံမှ၊ သင်တို့​ကိုယ်တိုင်ချည်းသာ အဝေးသို့ ထွက်သွားလော့၊ သင်တို့​ခြေကို ရေနှင့်ပင်၊ အပူ​ဖြစ်စေ အအေး​ဖြစ်စေ စင်ကြယ်သော​ရေနှင့် သန့်စင်​စေလော့၊ ထိုအမှု​အကြောင်းကိုလည်း ကောင်းကင်ဘုံရှိ သင်တို့​အဘထံ​သက်သေခံ​ကြလော့၊ ထိုသူထံသို့ တစ်ဖန်​ပြန်သွားခြင်း​မပြုနှင့်။

၉၃ သင်တို့​ဝင်ရောက်ရာ ရွာ သို့မဟုတ် မြို့မှန်သမျှ၌၊ ထိုနည်းတူ​ပြုကြလော့။

၉၄ သို့သော်လည်း၊ လုံ့လ​ဝီရီယ​ထက်သန်စွာ​ရှာကြလော့၊ လျော့ရဲခြင်း​မရှိနှင့်။ သင်တို့ကို၊ သို့မဟုတ် သင်တို့၏​စကားများကို၊ သို့မဟုတ် ငါနှင့်​စပ်လျဉ်း၍ သင်တို့၏​သက်သေခံချက်ကို ငြင်းပယ်သည့် ထိုအိမ်၊ သို့မဟုတ် ထိုရွာ သို့မဟုတ် မြို့သည် အမင်္ဂလာ​ရှိ၏။

၉၅ သင်တို့ကို၊ သို့မဟုတ် သင်တို့၏​စကားများကို၊ သို့မဟုတ် ငါ့အကြောင်း သင်တို့၏ သက်သေခံချက်ကို ငြင်းပယ်သည့် ထိုအိမ်၊ သို့မဟုတ် ထိုရွာ သို့မဟုတ် မြို့သည် အမင်္ဂလာ​ရှိ၏ဟု ငါ​တစ်ဖန်​ဆို၏။

၉၆ အကြောင်း​မူကား၊ ငါ၊ အနန္တတန်ခိုးရှင်သည် ပြည်သားတို့ကို သူတို့၏​ဆိုးညစ်ခြင်း​အတွက်၊ ဒဏ်ခတ်ခြင်းငှာ ငါ၏​လက်များကို သူတို့​အပေါ် တင်တော်မူ​လေပြီ။

၉၇ ကပ်ရောဂါဘေးတို့သည် ပျံ့နှံ့​လိမ့်မည်၊ ဖြောင့်မတ်ခြင်းဖြင့် အလျင်​အမြန်ပြီး​စေမည့် ငါ၏​အမှုတော်ကို ငါ​ပြီးလေသည့်​အချိန်​မတိုင်မီ ၎င်းတို့ကို မြေကြီးမှ​မပယ်ရှား—

၉၈ ကျန်ကြွင်း​ကြသည့် အငယ်ဆုံးသော​သူမှ​စ၍၊ အကြီးဆုံးသောသူ​တိုင်အောင်ပင် ဖြစ်သည့် ခပ်သိမ်းသော​သူတို့ ငါ့ကို​သိရမည့်၊ ထို့အတူ ကိုယ်တော်ရှင်​အကြောင်းကို​သိခြင်း​ပညာဖြင့် ပြည့်ရမည့်၊ ထို့အတူ ကိုယ်တိုင်​မြင်ရမည့်၊ ထို့အတူ ကြွေးကြော်၍​တညီတညွတ်​တည်းသော​အသံဖြင့် ဤ​သီချင်းသစ်ကို​ဆိုရမည့်​အချိန်​မတိုင်မီ​အထိ​ပင်တည်း၊ ဆိုကြမည်ကား၊

၉၉ ကိုယ်တော်ရှင်သည် ဇိအုန်မြို့ကို ပြန်လည်​တည်ရှိစေ​တော်မူ​လေပြီ။ကိုယ်တော်ရှင်သည် မိမိလူမျိုး၊ ဣသရေလအမျိုးကို ရွေးနုတ်တော်မူလေပြီ၊ကျေးဇူးတော်အားဖြင့် ရွေးကောက်ခြင်း​အတိုင်းယုံကြည်ခြင်းကြောင့်​ဖြစ်စေသော ထိုရွေးကောက်ခြင်းသည်သူတို့ဘိုးဘေးတို့၏​ပဋိညာဉ်၊

၁၀၀ ကိုယ်တော်ရှင်သည် မိမိ​လူမျိုးကို ရွေးနုတ်​တော်မူ​လေပြီ။စာတန်လည်း ချည်နှောင်​ခံရ၍ အချိန်​မရှိတော့။ကိုယ်တော်ရှင်သည် ခပ်သိမ်းသော​အရာတို့ကို တစ်စု​တစ်ပေါင်းတည်း ဖြစ်စေ​တော်မူ​လေပြီ။ကိုယ်တော်ရှင်သည် ဇိအုန်မြို့ကို အထက်မှ ဆွဲချ​တော်မူ​လေပြီ။ကိုယ်တော်ရှင်သည် ဇိအုန်မြို့ကို အောက်မှ​ဆွဲတင်​တော်မူ​လေပြီ။

၁၀၁ မြေကြီးသည် သားဖွားခြင်း​ဝေဒနာကို ခံစား​လေပြီး မိမိ​ခွန်အားကို ထွက်စေပြီ။သမ္မာ​တရားကို သူ့ဝမ်း၌ တည်ဆောက်၏။ကောင်းကင်ဘုံ​သည်လည်း သူ့ကို ပြုံးလေပြီ။သူသည် မိမိ​ဘုရားသခင်၏​ဘုန်းတော်ကို ဝတ်ဆင်၏။အကြောင်း​မူကား သူသည် မိမိလူမျိုးတို့​အလယ်၌ ရပ်တော်မူ၏။

၁၀၂ ဘုန်းတော်၊ ဂုဏ်အသရေ၊ တန်ခိုးနှင့် အစွမ်းသတ္တိတို့သည်၊ငါတို့၏ ဘုရားသခင်ထံသို့ ရောက်ပါစေ၊ အကြောင်း​မူကား၊ သူသည် ကရုဏာနှင့် ပြည့်တော်မူ၏၊တရား​မျှတ​တော်မူခြင်း၊ ကျေးဇူးတော်၊ သမ္မာတရားနှင့် ငြိမ်းချမ်းခြင်း၊ကာလ​အစဉ်အဆက် အမြဲ​တည်ရှိ၏၊ အာမင်။

၁၀၃ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ ငါ၏ ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ကို ကြေညာရန် ထွက်သွားသည့် သူတိုင်းသည်၊ မိသားစုများ​ရှိပြီး၊ ဆုကျေးဇူး​အဖြစ် ငွေကို ရရှိသမျှ၊ ကိုယ်တော်ရှင်​လမ်းညွှန်​တော်မူသည့်​အတိုင်း ထိုငွေကို သူတို့ထံ ပို့ရန် သို့မဟုတ် သူတို့​အကျိုးအတွက် အသုံးပြုရန်​သင့်လျော်​ပေ၏၊ အကြောင်း​မူကား၊ ထိုကဲ့သို့​အားဖြင့်၊ ကောင်းမြတ်သည်ဟု ငါမှတ်ယူတော်မူ၏။

၁၀၄ မိသားစုများ​မရှိသော်လည်း ငွေကို ရရှိသောသူ​အပေါင်းတို့အား၊ ထိုငွေကို ဇိအုန်ရှိ​သင်းအုပ်​ထံသို့၊ သို့မဟုတ် အိုဟိုင်းရိုရှိ သင်းအုပ်​ထံသို့ ပို့စေလော့၊ ဗျာဒိတ်တော်များကို ဖော်ပြခြင်းနှင့်၊ ပုံနှိပ်ခြင်း​အတွက်၊ ထို့အတူ ဇိအုန်ကို တည်ဆောက်ခြင်း အတွက် ဆက်ကပ်​နိုင်စေ​ခြင်းငှာ ပေတည်း။

၁၀၅ တစ်စုံ​တစ်ဦးက သင်တို့​အထဲမှ တစ်စုံ​တစ်ဦးကို အင်္ကျီ၊ သို့မဟုတ် ဝတ်စုံကို ပေးလျှင်၊ အဟောင်းကို​ယူ၍ ဆင်းရဲသားတို့အား ပေးလော့၊ ရွှင်လန်း​ဝမ်းမြောက်လျက် သင်တို့လမ်း​သင်တို့ သွားလော့။

၁၀၆ သင်တို့၌ တစ်စုံ​တစ်ဦးသည် ဝိညာဉ်တော်၌ အားကြီးလျှင်၊ အားနည်းသော သူနှင့် အတူ သွားစေလော့၊ အလုံးစုံသော​သိမ်မွေ့အောက်ကျို့ခြင်း၌ တည်ဆောက်ရ​စေခြင်းငှာ၊ ထိုသူလည်း အားကြီး​လာစေ​ခြင်းငှာ​ပေတည်း။

၁၀၇ ထို့ကြောင့်၊ သာ၍​ငယ်သော ယဇ်ပုရောဟိတ်​အခွင့်သို့ ခန့်ထား​ခံရသောသူတို့ကို သင်တို့နှင့်​အတူ ခေါ်သွား​ကြလော့၊ ချိန်းဆိုမှုများ ပြုလုပ်ရန်၊ ထို့အတူ လမ်းကို​ပြင်ဆင်ရန်၊ ထို့အတူ သင်တို့​ကိုယ်တိုင် ဆောင်ရွက်​နိုင်စွမ်း​မရှိသည့် ချိန်းဆိုမှုများကို ဆောင်ရွက်ရန် သူတို့ကို သင်တို့ရှေ့၌ စေလွှတ်လော့။

၁၀၈ ရှုလော့၊ ဤအရာသည်ကား၊ ငါ၏​တမန်တော်များ၊ ရှေးကာလ၌၊ ငါ့အဖို့ ငါ၏​အသင်းတော်ကို တည်ထောင်ရာ​နည်းလမ်း​ဖြစ်၏။

၁၀၉ ထို့ကြောင့်၊ လူတိုင်းအား မိမိကိုယ်တိုင်၏ အမှုအရာကို ဆောင်ရွက်စေပြီး၊ မိမိကိုယ်တိုင်၏ အမှုတော်ဆောင်​တာဝန်၌ အလုပ်​လုပ်စေလော့၊ ဦးခေါင်းသည် ခြေကို အလိုမရှိဟု ခြေကို မဆို​စေနှင့်။ အကြောင်း​မူကား၊ ခြေမရှိဘဲနှင့် ကိုယ်ခန္ဓာသည် အဘယ်သို့​ရပ်နိုင်စွမ်း​မည်နည်း။

၁၁၀ အားလုံးကို အတူတကွ တည်ဆောက်​နိုင်ကြ​စေခြင်းငှာ၊ အဖွဲ့​အစည်းကို စုံလင်ခြင်း၌ ဆက်၍​ရှိနိုင်​စေခြင်းငှာ ကိုယ်ခန္ဓာသည် အစိတ်​အပိုင်းတိုင်းကို လိုအပ်၏။

၁၁၁ ရှုဦးလော့၊ ယဇ်ပုရောဟိတ်မင်းများ၊ ထို့အတူ အသင်း​လူကြီးများ၊ ထို့အတူ သာ၍ငယ်သော ယဇ်ပုရောဟိတ်များတို့သည် ခရီးသွားကြရမည်။ သို့ရာတွင်၊ အသင်းတော်ကို ကြည့်ရှု​စောင့်ရှောက်ရန်၊ အသင်းတော်​အဖို့ အမြဲ​အမှုတော်ဆောင်များ​အဖြစ် ရှိကြရန် သင်းထောက်များနှင့် ဆရာများကို ခန့်အပ်​ထားရမည်။

၁၁၂ သင်းအုပ်၊ နီဝယ်လ်​ကေ​ဝှစ်တနီသည်လည်း ကြွယ်ဝသော​သူများနှင့် မာနကြီးသော​သူတို့ကို နှိမ့်ချ​စေခြင်း​အားဖြင့်၊ ဆင်းရဲသားတို့အား သူတို့၏​လိုအပ်ချက်များကို စီမံ​ဆောင်ရွက်ရန် သူတို့ကို လိုက်ရှာလျက် ပတ်ဝန်းကျင်နှင့် အသင်းတော်​အားလုံးတို့၌ ခရီးသွား​ရမည်။

၁၁၃ တာဝန်ယူရန်နှင့် သူ၏​လောကီရေးရာ အမှု​အရေးကို သူ​လမ်းညွှန်သည့်​အတိုင်း ဆောင်ရွက်ရန် ကိုယ်စားလှယ်​တစ်ဦးကိုလည်း သူ​ခန့်ထား​ရမည်။

၁၁၄ သို့သော်လည်း၊ သင်းအုပ်ကို နယူးယောက်မြို့သို့၊ ထို့အတူ အော်လဘန်နီမြို့၊ ထို့အတူ ဘော်စတွန်မြို့များသို့ သွားစေ၍၊ ထိုမြို့များမှ လူတို့အား ဤ​အရာတို့ကို သူတို့​ငြင်းပယ်​ကြလျှင် သူတို့ကို စောင့်နေသည့် လူဆိတ်ညံခြင်း၊ ဖျက်သိမ်းခြင်းတို့နှင့်​စပ်လျဉ်း၍ ဧဝံဂေလိ​တရားတော်​အသံနှင့်၊ ကျယ်သော​အသံနှင့်၊ သတိပေး​စေလော့။

၁၁၅ အကြောင်း​မူကား၊ သူတို့သည် ဤ​အရာတို့ကို ငြင်းပယ်​ကြလျှင်၊ သူတို့ကို တရား​စီရင်​တော်မူရာ နာရီသည် နီး၍ သူတို့​နေအိမ်များသည် သူတို့၌ လူဆိတ်ညံပြီး ကျန်ရစ်​လိမ့်မည်။

၁၁၆ ငါ့အား ကိုးစား​စေလော့၊ သူသည် မရှုံးနိမ့်ရ။ သူ၏​ဦးခေါင်းမှ ဆံပင်​တစ်ပင်မျှ သတိ​မထားလိုက်မိဘဲ မြေသို့​မကျရ။

၁၁၇ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​ကျွန်များမှ ကျန်ကြွင်းသူတို့၊ သင်တို့၏​အခြေ​အနေ အခွင့်​ပေးသည့်​အတိုင်း၊ သင်တို့၏ အမှုတော်ဆောင်​တာဝန် အသီးသီးဖြင့်၊ ထူးမြတ်သော မြို့ကြီးများနှင့် ရွာများသို့၊ လောကကို သူတို့၏ မတရားသော၊ ဘုရားမဲ့နေသော အကျင့်​ခပ်သိမ်းတို့​အကြောင်း ဖြောင့်မတ်ခြင်းဖြင့် အပြစ်တင်​ဆုံးမလျက်၊ နောက်ဆုံးသော​ကာလ စက်ဆုပ်ရွံရှာဖွယ်​လူဆိတ်ညံခြင်းကို ရှင်းလင်းစွာနှင့် နားလည်နိုင်စွာ ရှင်းပြလျက် သင်တို့ ထွက်သွား​ကြလော့။

၁၁၈ အကြောင်း​မူကား၊ သင်တို့​အားဖြင့်၊ ကိုယ်တော်ရှင်​အနန္တတန်ခိုးရှင်​မိန့်တော်မူ​သည်ကား၊ ငါသည် သူတို့​နိုင်ငံများကို ခွဲမည်။ ငါသည် မြေကြီးကို လှုပ်စေရုံသာမက၊ ကြယ်စုံသည့် ကောင်းကင်တို့လည်း တုန်လိမ့်မည်။

၁၁၉ အကြောင်း​မူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ကောင်းကင်ဘုံ၏ တန်ခိုးတို့ကို ဖော်ပြခြင်းငှာ ငါ၏​လက်ကို ထုတ်တော်မူ​လေပြီ။ သင်တို့သည် ထိုအမှုကို ယခု​မမြင်နိုင်၊ ခဏကြာ​ပြီးမှ သင်တို့​မြင်ရ​လိမ့်မည်၊ ငါ​ရှိကြောင်းကို​လည်းကောင်း၊ ငါ​ကြွလာတော်မူပြီး ငါ၏​လူမျိုးတို့နှင့်​အတူ အုပ်စိုးတော်မူမည့်​အကြောင်းကို လည်းကောင်း သိကြရလိမ့်မည်။

၁၂၀ ငါသည် အာလဖနှင့်​ဩမေဃ၊ အစနှင့်အဆုံး​ဖြစ်၏။ အာမင်။