အပိုဒ်ငယ် ၈၄
၁၈၃၂ ခု၊ စက်တင်ဘာ ၂၂ နှင့် ၂၃၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ စက်တင်ဘာလအတွင်းတွင် အသင်းလူကြီးတို့သည် အရှေ့ပိုင်းပြည်နယ်များ၌ မိမိတို့သာသနာပြုခြင်းမှ ပြန်လာရန်နှင့် မိမိတို့အလုပ်အကြောင်း သတင်းပို့ခြင်းများကို ပြုလုပ်ရန် အစပြုခဲ့ကြ၏။ ဤဝမ်းမြောက်ရာအချိန်၌ သူတို့အတူတကွရှိစဉ်တွင်၊ အောက်ပါစကားကို လက်ခံရရှိခဲ့၏။ ပရောဖက်သည် ထိုအရာကို ယဇ်ပုရောဟိတ်အခွင့်နှင့် စပ်လျဉ်းသည့်ဗျာဒိတ်တော်ဟု ဖော်ပြခဲ့၏။
၁–၅၊ ယေရုရှလင်မြို့သစ်နှင့် ဗိမာန်တော်ကို မစ်ဆိုရီ၌ တည်ဆောက်လိမ့််မည်။ ၆–၁၇၊ မောရှေမှ အာဒံအထိ ယဇ်ပုရောဟိတ်အခွင့် အဆက်အနွယ်ကို ပေးထား၏။ ၁၈–၂၅၊ သာ၍ကြီးသော ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်အကြောင်းအသိပညာသော့ကို ကိုင်ဆောင်၏။ ၂၆–၃၂၊ သာ၍ငယ်သော ယဇ်ပုရောဟိတ်အခွင့်သည် ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်းနှင့် ပြင်ဆင်ရာ ဧဝံဂေလိတရားတော်သော့ကို ကိုင်ဆောင်၏။ ၃၃–၄၄၊ လူသားတို့သည် ယဇ်ပုရောဟိတ်အခွင့်နှင့်စပ်လျဉ်းသည့် ကျိန်ဆိုခြင်းနှင့် ပဋိညာဉ်အားဖြင့် ထာဝရအသက်ကို ရရှိကြ၏။ ၄၅–၅၃၊ ခရစ်တော်၏ ဝိညာဉ်တော်သည် လူသားတို့ကို အလင်းသို့ ရောက်စေ၏၊ လောကသည်အပြစ်သို့ ရောက်၏။ ၅၄–၆၁၊ သန့်ရှင်းသူတို့သည် မိမိတို့လက်ခံရရှိလေသည့် အရာများအကြောင်းကို သက်သေခံကြရမည်။ ၆၂–၇၆၊ သူတို့သည် ဧဝံဂေလိတရားတော်ကို ဟောပြောရမည်၊ နိမိတ်လက္ခဏာများ ဖြစ်လိမ့်မည်။ ၇၇–၉၁၊ အသင်းလူကြီးတို့သည် ငွေအိတ် သို့မဟုတ် လွယ်အိတ်မပါဘဲ ထွက်သွားရမည်၊ ကိုယ်တော်ရှင်သည် သူတို့၏လိုအပ်ချက်များကို ဂရုစိုက်တော်မူလိမ့်မည်။ ၉၂–၉၇၊ ဧဝံဂေလိတရားတော်ကို ငြင်းပယ်သူတို့အား ကပ်ရောဂါဘေးများနှင့် ကျိန်ခြင်းအမင်္ဂလာတို့က စောင့်နေ၏။ ၉၈–၁၀၂၊ ဇိအုန်၏ ရွေးနုတ်ခြင်းသီချင်းသစ်ကို ပေးထား၏။ ၁၀၃–၁၁၀၊ လူတိုင်းအား မိမိကိုယ်တိုင်၏ အမှုအရာကို ဆောင်ရွက်စေပြီး၊ မိမိကိုယ်တိုင်၏အမှုတော်ဆောင်တာဝန်၌ အလုပ်လုပ်စေလော့။ ၁၁၁–၁၂၀၊ ကိုယ်တော်ရှင်၏ ကျွန်တို့သည် နောက်ဆုံးကာလလူဆိတ်ညံခြင်းစက်ဆုပ်ရွံရှာဖွယ်ကို ကြေညာရမည်။
၁ ယေရှုခရစ်တော်၏ကျွန် ဂျိုးဇက်စမစ်အငယ်နှင့် အသင်းလူကြီးခြောက်ဦး၊ သူတို့စိတ်နှလုံးပေါင်းစည်း၍၊ သူတို့အသံကို အထက်သို့တက်စေစဉ် ပေးတော်မူသည့် ဗျာဒိတ်တော်သည်ကား။
၂ ထိုမှတစ်ပါး၊ မိမိလူမျိုးများသို့ ပြန်လည်အပ်နှင်းခြင်းအတွက်၊ သူ၏ပရောဖက်တို့၏ နှုတ်အားဖြင့် သူဟောပြောခဲ့သည့်၊ ထို့အတူ ယေရုရှလင်မြို့သစ်ဖြစ်မည့် ဇိအုန်တောင်ပေါ်၌ ရပ်ရန်သူ၏ သန့်ရှင်းသူများစုဝေးခြင်းအတွက် နောက်ဆုံးသောကာလ၌ တည်ထောင်သည့် သူ့အသင်းတော်နှင့် စပ်လျဉ်းသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်လည်းဖြစ်၏။
၃ ထိုမြို့ကို အစတွင် ဗိမာန်တော်နေရာ၌ တည်ဆောက်လိမ့်မည်၊ ထိုနေရာမှာ မစ်ဆိုရီပြည်နယ် အနောက်ဘက်နယ်နိမိတ်၌ ကိုယ်တော်ရှင်၏လက်ချောင်းတော်ဖြင့် ပေးအပ်ခဲ့သည့်နေရာဖြစ်ပြီး၊ ဂျိုးဇက်စမစ်အငယ်၏လက်ဖြင့်၊ ထို့အတူ ကိုယ်တော်ရှင်အလွန်နှစ်သက်တော်မူသည့် အခြားသူတို့အားဖြင့် ဆက်ကပ်ထားပေ၏။
၄ ဤအရာသည် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်အမှန်ဖြစ်၏၊ ဤနေရာ၊ ဗိမာန်တော်နေရာမှပင်စ၍၊ သန့်ရှင်းသူတို့စုဝေးခြင်းအားဖြင့် ယေရုရှလင်မြို့ကို တည်ဆောက်ရမည်၊ ထိုဗိမာန်တော်ကို ဤမျိုးဆက်၌ ထူထောင်လိမ့်မည်။
၅ အကြောင်းမူကား၊ ကိုယ်တော်ရှင်အဖို့ အိမ်တော်ကို တည်ဆောက်မပြီးမီ ဤမျိုးဆက်အားလုံး ကွယ်လွန်သွားလိမ့်မည်မဟုတ်၊ အိမ်တော်ကို ပြည့်စေမည့် ကိုယ်တော်ရှင်၏ဘုန်းတော်ပင်ဖြစ်မည့် မိုးတိမ်သည်လည်း ထိုအိမ်ပေါ်မှာ တည်လိမ့်မည်။
၆ မောရှေသည် ယောက္ခမ လက်မှ လက်ခံရရှိခဲ့သည့် သန့်ရှင်းသောယဇ်ပုရောဟိတ်အခွင့်အရ၊ သူ၏သားများဖြစ်ကြသည့်၊ ယေသယော၊
၇ ယေသယောသည် ကာလက်၏လက်မှ လက်ခံရရှိ၏။
၈ ကာလက်သည် ဧလိဟူ၏လက်မှ လက်ခံရရှိ၏။
၉ ဧလိဟူသည် ယေရမိ၏လက်မှ လက်ခံရရှိ၏။
၁၀ ယေရမိသည် ဂဒ်၏လက်မှ လက်ခံရရှိ၏။
၁၁ ဂဒ်သည် ဧရှာယ၏လက်မှ လက်ခံရရှိ၏။
၁၂ ဧရှာယသည် ဘုရားသခင်၏လက်မှ လက်ခံရရှိ၏။
၁၃ ဧရှာယသည်လည်း အာဗြဟံ၏လက်ထက်၌ အသက်ရှင်ပြီး၊ သူ့အားဖြင့် ကောင်းချီးခံစားရ၏—
၁၄ ယဇ်ပုရောဟိတ်အခွင့်ကို နောဧအထိပင်ဖြစ်သည့် သူ့ဘိုးဘေးတို့၏မျိုးရိုးမှတစ်ဆင့် လက်ခံရရှိသူ မေလခိဇေဒက်ထံမှ ထိုအာဗြဟံလက်ခံရရှိ၏။
၁၅ နောဧမှ ဧနောက်အထိ၊ သူတို့ဘိုးဘေးတို့၏မျိုးရိုးမှတစ်ဆင့် လက်ခံရရှိကြ၏။
၁၆ ဧနောက်မှ အာဗေလအထိ လက်ခံရရှိ၏၊ သူသည် မိမိအစ်ကို၏ လျှို့ဝှက်ကြံစည်မှုဖြင့် ကွပ်မျက်ခံရသူဖြစ်၏၊ ဘုရားသခင်၏ ပညတ်တော်များအားဖြင့်လည်းကောင်း၊ ရှေ့ဦးစွာသောလူဖြစ်သည့် မိမိအဘအာဒံ၏လက်ဖြင့်လည်းကောင်း ယဇ်ပုရောဟိတ်အခွင့်ကို လက်ခံရရှိသူဖြစ်၏။
၁၇ ထိုယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏အသင်းတော်၌ ခပ်သိမ်းသောမျိုးဆက်တို့တွင် ဆက်၍ရှိ၏၊ အချိန်ကာလအစအဆုံးမရှိဘဲဖြစ်၏။
၁၈ ကိုယ်တော်ရှင်သည် ယဇ်ပုရောဟိတ်အခွင့်ကို အာရုန်နှင့် သူ၏အမျိုးအနွယ်တို့အပေါ် သူတို့၏ခပ်သိမ်းသော မျိုးဆက်များတစ်လျှောက် တည်စေတော်မူ၏၊ ထိုယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏ အသန့်ရှင်းဆုံးအသင်းအတိုင်းဖြစ်သည့် ယဇ်ပုရောဟိတ်အခွင့်နှင့်အတူ ဆက်၍ ကာလအစဉ်အဆက်လည်း ဆက်၍ရှိ၏။
၁၉ ဤသာ၍ကြီးသော ယဇ်ပုရောဟိတ်အခွင့်သည် ဧဝံဂေလိတရားတော်ကို စီမံဆောက်ရွက်ပြီး၊ နိုင်ငံတော်၏နက်နဲခြင်းသော့၊ ဘုရားသခင်အကြောင်းအသိပညာသော့ကိုပင် ကိုင်ဆောင်၏။
၂၀ ထို့ကြောင့်၊ ထိုဘိသိက်မင်္ဂလာတို့တွင်၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတန်ခိုးကို ထင်ရှားစွာပြ၏။
၂၁ ထိုဘိသိက်မင်္ဂလာ၊ ထို့အတူ ယဇ်ပုရောဟိတ်အခွင့်အာဏာ မရှိဘဲနှင့် ဘုရားဝတ်၌ မွေ့လျော်ခြင်းတန်ခိုးကို ဇာတိကိုယ်ခန္ဓာ၌ရှိသောလူသားတို့အား ထင်ရှားစွာမပြပေ။
၂၂ အကြောင်းမူကား၊ ဤအရာမရှိဘဲ အဘယ်သူမျှ ဘုရားသခင်၏၊ အမှန်စင်စစ် ခမည်းတော်၏ မျက်နှာကို မမြင်နိုင်၊ အသက်လည်းမရှင်နိုင်။
၂၃ ယခုတွင်၊ ဤအရာကို မောရှေသည် ဣသရေလအမျိုးသားတို့အား တောရိုင်းထဲ၌ ရှင်းလင်းစွာသွန်သင်ပြီး၊ မိမိလူမျိုးတို့အား ဘုရားသခင်၏မျက်နှာကို မြင်နိုင်ကြစေခြင်းငှာ သန့်ရှင်းစင်ကြယ်စေရန် လုံ့လဝီရိယထက်သန်စွာ ကြိုးစား၏။
၂၄ သို့ရာတွင်၊ သူတို့သည် မိမိတို့စိတ်နှလုံးကို မာကျောစေကြပြီး၊ မျက်မှောက်တော်၌ ကြံ့ကြံ့မခံနိုင်ကြ။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် အမျက်ထွက်၏၊ အကြောင်းမူကား၊ သူတို့အား တောရိုင်းထဲ၌ရှိစဉ် သူ၏ချမ်းသာထဲသို့ မဝင်ရနိုင်ကြစေကြောင်း၊ သူတို့တစ်ဖက်၌ အမျက်ထွက်၏၊ ထိုချမ်းသာသည် သူ၏ဘုန်းတော်အပြည့်အစုံဖြစ်၏။
၂၅ ထို့ကြောင့်၊ သူသည် မောရှေကို သူတို့အလယ်မှလည်းကောင်း၊ သန့်ရှင်းသော ယဇ်ပုရောဟိတ်အခွင့်ကိုလည်းကောင်း နုတ်ယူတော်မူ၏။
၂၆ သာ၍ငယ်သော ယဇ်ပုရောဟိတ်အခွင့်သည် ဆက်၍ရှိ၏၊ ထိုယဇ်ပုရောဟိတ်အခွင့်သည် ကောင်းကင်တမန်များအမှုတော်ဆောင်ခြင်းနှင့် ပြင်ဆင်ရာဧဝံဂေလိတရားတော်သော့ကို ကိုင်ဆောင်၏။
၂၇ ထိုဧဝံဂေလိတရားတော်သည် နောင်တရခြင်းအကြောင်းနှင့် ဗတ္တိဇံအကြောင်း၊ ထို့အတူ အပြစ်များမှ လွှတ်ခြင်း၊ ထို့အတူ လောကီဆိုင်ရာပညတ်တော်များအကြောင်း ဧဝံဂေလိတရားတော် ဖြစ်၏။ ကိုယ်တော်ရှင် အမျက်ထွက်၍၊ ဣသရေလအမျိုးသားတို့၌ အာရုန်အမျိုးသားတို့နှင့်အတူ ဆက်၍ရှိစေသည့်၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်လျက်ရှိသူ၊ ဘုရားသခင်ပေါ်ထွန်းစေသည့်သူ ယောဟန်အထိရှိသည့် ဧဝံဂေလိတရားတော်ဖြစ်၏။
၂၈ အကြောင်းမူကား၊ သူသည် ကလေးဘဝ၌ ရှိနေစဉ်မှာပင် ဗတ္တိဇံကို ခံခဲ့လေပြီး၊ ရှစ်ရက်သား အရွယ်၌ တန်ခိုးသို့ ဘုရားသခင်၏ ကောင်းကင်တမန်အားဖြင့် ခန့်ထားခံရသည်မှာ ယုဒလူမျိုးတို့၏ နိုင်ငံကို အင်အားဖြင့်သိမ်းယူခြင်းငှာ၊ ထို့အတူ မိမိလူမျိုးတို့၏ မျက်နှာရှေ့၌ ကိုယ်တော်ရှင်၏ လမ်းကို ဖြောင့်စေခြင်းငှာ၊ လက်တော်၌ ခပ်သိမ်းသောတန်ခိုးကို ပေးထားရာ ကိုယ်တော်ရှင် ကြွလာတော်မူခြင်း အတွက် သူတို့ကို ပြင်ဆင်ခြင်းငှာဖြစ်၏။
၂၉ ထိုမှတစ်ဖန်၊ အသင်းလူကြီးနှင့် သင်းအုပ်၏အမှုအရာတို့သည် ယဇ်ပုရောဟိတ်မင်းအခွင့်ကပိုင်သည့် လိုအပ်သောတွဲဘက်အရာများ ဖြစ်၏။
၃၀ ထိုမှတစ်ဖန်၊ ဆရာနှင့် သင်းထောက်၏အမှုအရာတို့သည် သာ၍ငယ်သော ယဇ်ပုရောဟိတ်အခွင့်ကပိုင်သည့် လိုအပ်သောတွဲဘက်အရာများဖြစ်၏၊ ထိုယဇ်ပုရောဟိတ်အခွင့်ကို အာရုန်နှင့် သူ၏သားများအပေါ်တည်စေတော်မူခဲ့၏။
၃၁ ထို့ကြောင့်၊ မောရှေ၏သားများနှင့် စပ်လျဉ်း၍ ငါမိန့်တော်မူခဲ့သည့်အတိုင်း—အကြောင်းမူကား၊ မောရှေ၏သားများနှင့် အာရုန်၏သားများသည်လည်း နှစ်သက်ဖွယ်သော ပူဇော်သက္ကာတစ်ခုနှင့် ယဇ်ကို ကိုယ်တော်ရှင်၏အိမ်တော်၌ ပူဇော်ကြလိမ့်မည်၊ ထိုအိမ်တော်ကို ကိုယ်တော်ရှင်အဖို့ ဤမျိုးဆက်၌၊ ငါစီရင်ခဲ့လေသည့် ရည်စူးထားသောနေရာမှာ တည်ဆောက်လိမ့်မည်—
၃၂ မောရှေနှင့် အာရုန်တို့၏ သားများသည် ဇိအုန်တောင်ပေါ်ရှိ ကိုယ်တော်ရှင်၏အိမ်တော်ထဲမှာ၊ ကိုယ်တော်ရှင်၏ဘုန်းတော်နှင့် ပြည့်ကြလိမ့်မည်၊ သင်တို့သည် သူတို့၏သားများဖြစ်ကြ၏။ ထို့အတူ ငါခေါ်သွင်းတော်မူလေပြီး၊ ငါ၏အသင်းတော်ကို တည်ထောင်ရန်စေလွှတ်ခဲ့လေသူ များစွာတို့သည်လည်း သူတို့၏သားများ ဖြစ်ကြ၏။
၃၃ အကြောင်းမူကား၊ ငါပြောလေသည့် ဤယဇ်ပုရောဟိတ်အခွင့်နှစ်ခုကို ရရှိခြင်းသို့ တိုင်အောင် သစ္စာရှိပြီး၊ မိမိတို့၏အမှုတော်ဆောင်တာဝန်ကို တိုးမြှင့်ဆောင်ရွက်သူမှန်သမျှသည် မိမိတို့ကိုယ်ခန္ဓာများကို ပြန်၍တည်ဆောက်ခြင်းသို့ တိုင်အောင် ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစင်ကြယ်စေကြ၏။
၃၄ ထိုသူတို့သည် မောရှေနှင့် အာရုန်တို့၏သားများ၊ ထို့အတူ အာဗြဟံ၏အမျိုးအနွယ်များ၊ ထို့အတူ အသင်းတော်နှင့် နိုင်ငံတော်၊ ထို့အတူ ဘုရားသခင်ရွေးကောက်တော်မူသောသူများ ဖြစ်လာကြ၏။
၃၅ ထို့အတူ၊ ဤယဇ်ပုရောဟိတ်အခွင့်ကို လက်ခံသောသူများသည် ငါ့ကို လက်ခံကြသည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၃၆ အကြောင်းမူကား၊ ငါ့ကျွန်တို့ကို လက်ခံသောသူသည် ငါ့ကို လက်ခံ၏။
၃၇ ငါ့ကို လက်ခံသောသူသည် ငါ့ခမည်းတော်ကို လက်ခံ၏။
၃၈ ငါ့ခမည်းတော်ကို လက်ခံသောသူသည် ငါ့ခမည်းတော်၏နိုင်ငံတော်ကို လက်ခံ၏။ ထို့ကြောင့်၊ ငါ့ခမည်းတော်၌ ရှိသောအရာမှန်သမျှကို ထိုသူအား ပေးတော်မူလိမ့်မည်။
၃၉ ဤအရာသည် ယဇ်ပုရောဟိတ်အခွင့်နှင့်ဆိုင်သည့် ကျိန်ဆိုခြင်းနှင့် ပဋိညာဉ်အတိုင်း ဖြစ်၏။
၄၀ ထို့ကြောင့်၊ ယဇ်ပုရောဟိတ်အခွင့်ကို လက်ခံရရှိသူအပေါင်းတို့သည် ငါ့ခမည်းတော်၏ ဤကျိန်ဆိုခြင်းနှင့် ပဋိညာဉ်ကို လက်ခံရရှိ၏၊ ၎င်းတို့ကို မချိုးဖောက်နိုင်၊ ပယ်လည်း မပယ်ဖျောက်နိုင်။
၄၁ သို့ရာတွင်၊ ဤပဋိညာဉ်ကို လက်ခံရရှိပြီးနောက် ချိုးဖောက်ပြီး၊ လုံးဝစွန့်ပစ်သောသူမှန်သမျှသည် ဤလောက၌ အပြစ်များမှ ခွင့်လွှတ်ခြင်းကို မရရှိ၊ ကျရောက်လာမည့်လောက၌လည်း မရရှိ။
၄၂ သင်တို့လက်ခံရရှိလေသည့်၊ ဤနေ့မှာရှိကြသော သင်တို့အပေါ် ကောင်းကင်ဘုံမှ ငါကိုယ်တိုင်၏အသံဖြင့် ငါယခုအတည်ပြုသည့် ဤယဇ်ပုရောဟိတ်အခွင့်သို့ လာခြင်းမရှိသောသူအပေါင်းတို့သည် အမင်္ဂလာရှိကြ၏။ ကောင်းကင်ဗိုလ်ခြေများနှင့် ငါ၏ကောင်းကင်တမန်တို့ကိုပင် သင်တို့နှင့် စပ်လျဉ်း၍ ငါတာဝန်ပေးလေပြီ။
၄၃ ငါသည် သင်တို့ကိုယ်တိုင်အကြောင်း သတိပြုကြစေရန်၊ ထာဝရအသက်အကြောင်း နှုတ်ကပတ်တော်ကို လုံ့လဝီရိယထက်သန်စွာ ပမာဏပြုကြစေရန် သင်တို့အား ပညတ်တော်ကို ယခုပေး၏။
၄၄ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏နှုတ်မှ ထွက်သည့် နှုတ်ကပတ်တော်မှန်သမျှအားဖြင့် အသက်ကို မွေးကြရမည်။
၄၅ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်၏၊ သမ္မာတရားဖြစ်သော အရာမှန်သမျှသည် အလင်းဖြစ်၏၊ အလင်းဖြစ်သော အရာမှန်သမျှသည် ဝိညာဉ်တော်၊ ယေရှုခရစ်တော်၏ ဝိညာဉ်တော်ပင်ဖြစ်၏။
၄၆ ဝိညာဉ်တော်သည် လောကထဲသို့ ဝင်လာသူတိုင်းအား အလင်းကို ပေးတော်မူ၏။ ဝိညာဉ်တော်၏ အသံကို စေ့စေ့နားထောင်သည့်သူများတည်းဟူသော လောကတစ်လျှောက်၌ရှိသူတိုင်းကို ဝိညာဉ်တော်သည် အလင်းသို့ ရောက်စေ၏။
၄၇ ဝိညာဉ်တော်၏အသံကို စေ့စေ့နားထောင်သည့်သူတိုင်းသည် ဘုရားသခင်၊ အမှန်စင်စစ် ခမည်းတော်ထံသို့ လာ၏။
၄၈ ခမည်းတော်သည် ထိုသူအား မိမိပြန်၍ တည်ဆောက်လေပြီး သင်တို့အပေါ် အတည်ပြုခဲ့သည့် ပဋိညာဉ်အကြောင်းကို သွန်သင်ပေးတော်မူ၏၊ ထိုပဋိညာဉ်ကို သင်တို့အတွက် သင်တို့အပေါ် အတည်ပြုခဲ့၏၊ သင်တို့အတွက်သာလျှင်မဟုတ် လောကတစ်ခုလုံး အတွက်လည်းဖြစ်၏။
၄၉ လောကတစ်ခုလုံးသည် အပြစ်သို့ရောက်၏၊ ထို့အတူ အမှောင်ထုအောက်၌လည်းကောင်း၊ အပြစ်၏ ချုပ်နှောင်ခြင်းအောက်၌လည်းကောင်း ညည်းတွားကြ၏။
၅၀ သူတို့သည် ငါ့ထံသို့ လာခြင်း မရှိကြသောကြောင့်၊ ဤနည်းအားဖြင့် သူတို့သည် အပြစ်၏ချုပ်နှောင်ခြင်းအောက်၌ ရှိကြကြောင်း သင်တို့သိနိုင်ကြပေ၏။
၅၁ အကြောင်းမူကား၊ ငါ့ထံသို့ လာခြင်းမရှိသူမှန်သမျှသည် အပြစ်၏ချုပ်နှောင်ခြင်းအောက်၌ ရှိကြ၏။
၅၂ ငါ၏ အသံကို လက်ခံခြင်းမရှိသူမှန်သမျှသည် ငါ၏ အသံနှင့် အကျွမ်းမဝင်၊ ငါ၏လူလည်းမဟုတ်။
၅၃ ဤနည်းအားဖြင့်၊ သင်တို့သည် ဖြောင့်မတ်သောသူများနှင့် ဆိုးညစ်သောသူများကို ခွဲခြား၍သိနိုင်ကြ၏၊ လောကတစ်ခုလုံး ယခုမှာပင် အပြစ်နှင့် အမှောင်ထုအောက်၌ ညည်းတွားကြောင်းကိုလည်း သိနိုင်ကြပေ၏။
၅၄ သင်တို့၏စိတ်များသည်လည်း ကုန်လွန်ခဲ့ပြီးသောအချိန်များ၌ မယုံကြည်မှုကြောင့်၊ ထို့အတူ သင်တို့ လက်ခံရရှိလေပြီးသည့်အရာများကို သင်တို့မထီမဲ့မြင် ပြုလေသောကြောင့်၊ မှောင်မိုက်လာခဲ့ပြီးလေပြီ—
၅၅ ထိုအချည်းအနှီးဖြစ်ခြင်းနှင့် မယုံကြည်မှုတို့သည် အသင်းတော်တစ်ခုလုံးကို ပြစ်ဒဏ်ချမှတ်ခြင်းအောက်သို့ ရောက်စေလေပြီ။
၅၆ ဤပြစ်ဒဏ်ချမှတ်ခြင်းသည် ဇိအုန်သားတို့အပေါ်၊ အကယ်စင်စစ်အားလုံး အပေါ် ကျရောက်၏။
၅၇ သူတို့သည်လည်း နောင်တရပြီး၊ ပဋိညာဉ်တရားသစ်တည်းဟူသော မော်မုန်ကျမ်းနှင့် သူတို့ကို ငါပေးထားတော်မူလေသည့် ယခင်ပညတ်တော်များကို ပြောရုံသာမဟုတ်ဘဲ၊ ငါရေးထားလေသည့်အတိုင်း လုပ်ဆောင်ကြရန် သတိရကြသည့် အချိန်အထိ ဤပြစ်ဒဏ်ချမှတ်ခြင်းအောက်၌ ဆက်၍ ရှိကြလိမ့်မည်—
၅၈ သူတို့ခမည်းတော်၏ နိုင်ငံတော်နှင့် ထိုက်တန်သည့်အကျိုးကို သူတို့ဖြစ်နိုင်ကြစေခြင်းငှာ ပေတည်း။ သို့မဟုတ်လျှင်၊ ဇိအုန်သားတို့အပေါ် သွန်းလောင်းရန် ဘေးဒဏ်နှင့် တရားစီရင်ခြင်းဆက်၍ ရှိပေ၏။
၅၉ အကြောင်းမူကား၊ နိုင်ငံတော်သားတို့သည် ငါ၏သန့်ရှင်းသောပြည်ကို ညစ်ညူးစေကြမည်လော။ မဟုတ်ပေဟု သင်တို့ကို ငါအမှန်ဆို၏။
၆၀ ငါ၏အသံတည်းဟူသော ငါ၏နှုတ်ကပတ်တော်တို့ကို ကြားနာကြသည့် သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် ဤအရာတို့ကို လက်ခံရရှိကြသမျှ မင်္ဂလာရှိကြ၏။
၆၁ အကြောင်းမူကား၊ ငါသည် ဤပညတ်တော်နှင့်အတူ သင်တို့ကို သင်တို့၏အပြစ်များမှ ခွင့်လွှတ်တော်မူမည်—သင်တို့၏စိတ်များ၌ လည်းကောင်း၊ တည်ကြည်လေးနက်ခြင်းနှင့် ဆုတောင်းခြင်းဝိညာဉ်၌ လည်းကောင်း၊ သင်တို့ထံ ငါပြောကြားထားသည့် အရာတို့အကြောင်းကို လောကတစ်ခုလုံးသို့ သက်သေခံခြင်း၌လည်းကောင်း သင်တို့ဆက်၍မြဲမြံကြစေကြောင်းပင်တည်း။
၆၂ ထို့ကြောင့်၊ သင်တို့သည် လောကီနိုင်ငံအရပ်ရပ်သို့ သွားကြလော့။ သက်သေခံချက်ကို သင်တို့ထံမှနေ၍၊ လောကီနိုင်ငံအရပ်ရပ်ရှိ လူသတ္တဝါတိုင်းထံသွားစေခြင်းငှာ၊ သင်တို့မသွားနိုင်သည့် နေရာမှန်သမျှသို့ စေလွှတ်လော့။
၆၃ ငါ၏တမန်တော်တို့ကို ငါဆိုသည့်အတိုင်း၊ ထိုကဲ့သို့ပင် သင်တို့ကို ငါဆို၏၊ အကြောင်းမူကား၊ သင်တို့သည် ငါ၏တမန်တော်များ၊ ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းများပင် ဖြစ်ကြ၏။ သင်တို့သည် ခမည်းတော်က ငါ့အား ပေးထားသောသူများ ဖြစ်ကြ၏။ သင်တို့သည် ငါ၏အဆွေခင်ပွန်းများ ဖြစ်ကြ၏။
၆၄ ထို့ကြောင့်၊ ငါ၏တမန်တော်တို့ကို ငါဆိုသည့်အတိုင်း၊ သင်တို့ကို ငါတစ်ဖန်ဆို၏၊ သင်တို့၏စကားများကို ယုံကြည်ပြီး၊ အပြစ်များမှ လွှတ်ခြင်းအတွက် ရေဖြင့် ဗတ္တိဇံ ခံသောသူတိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြလိမ့်မည်။
၆၅ ယုံကြည်သောသူတို့၌ ဤနိမိတ်လက္ခဏာများ ဖြစ်လိမ့်မည်—
၆၆ ငါ့၏နာမတော်အားဖြင့် သူတို့သည် များစွာသောအံ့ဩဖွယ်အမှုတို့ကို ပြုကြလိမ့်မည်။
၆၇ ငါ၏နာမတော်အားဖြင့် သူတို့သည် နတ်ဆိုးတို့ကို နှင်ထုတ်လိမ့်မည်။
၆၈ ငါ၏နာမတော်အားဖြင့် သူတို့သည် ဖျားနာသူများကို အနာကင်းစေကြလိမ့်မည်။
၆၉ ငါ၏နာမတော်အားဖြင့် သူတို့သည် မျက်စိကန်းသောသူတို့၏ မျက်စိကိုဖွင့်၍၊ နားပင်းသောသူတို့ကို နားပင်းရာမှ လွတ်စေကြလိမ့်မည်။
၇၀ ဆွံ့အသောသူတို့၏လျှာသည် စကားပြောလိမ့်မည်။
၇၁ တစ်စုံတစ်ယောက်က သူတို့ကို အဆိပ်ဖြင့်စီရင်လျှင်၊ ဘေးဥပဒ်မဖြစ်လတ္တံ့။
၇၂ မြွေ၏အဆိပ်သည် သူတို့ကို ထိခိုက်ရန် တန်ခိုးမရှိလတ္တံ့။
၇၃ သို့ရာတွင်၊ ဤအရာတို့နှင့်စပ်လျဉ်း၍ သူတို့ကိုယ်သူတို့ မဝါကြွားကြစေခြင်းငှာ၊ ၎င်းတို့ကို လောကရှေ့၌ မပြောကြစေခြင်းငှာ ပညတ်တော်ကို သူတို့အား ငါပေး၏။ အကြောင်းမူကား၊ သင်တို့၏ အကျိုးအတွက်နှင့် ကယ်တင်ခြင်းအတွက် ဤအရာတို့ကို သင်တို့အား ပေးထား၏။
၇၄ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့၏စကားများကို မယုံကြည်သော၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိနိုင်ခြင်းငှာ မိမိတို့အပြစ်များမှ လွှတ်ခြင်းအတွက် ငါ၏နာမတော်၌ ရေထဲတွင် ဗတ္တိဇံကို မခံသောသူတို့သည် အပြစ်စီရင်ခြင်းကို ခံကြရလိမ့်မည်၊ ငါ့ခမည်းတော်နှင့်ငါ ရှိတော်မူသည့် ငါ့ခမည်းတော်၏နိုင်ငံတော်ထဲသို့လည်း မလာရ။
၇၅ ဤဗျာဒိတ်တော်နှင့် ပညတ်တော်သည် လောကတစ်ခုလုံး အပေါ်မှာ ယခုအချိန်မှ စ၍ သက်ရောက်ပေ၏။ ဧဝံဂေလိတရားတော်သည်လည်း လက်ခံမရရှိလေသည့်သူအပေါင်းတို့ထံ ရောက်ပေ၏။
၇၆ သို့ရာတွင်၊ နိုင်ငံတော်ကို ပေးထားခံရလေသောသူအပေါင်းတို့ကို ငါအမှန်ဆိုသည်ကား—ထိုသူတို့ကို ယခင်ဆိုးသောအမှုများမှ နောင်တရကြစေခြင်းငှာ၊ သင်တို့မှ ဟောပြောရမည်။ အကြောင်းမူကား၊ သူတို့သည် မိမိတို့၏မယုံကြည်သည့် ဆိုးသောစိတ်နှလုံးတို့ကြောင့်၊ ထို့အတူ ဇိအုန်၌ သင်တို့၏ညီအစ်ကိုတို့သည် သင်တို့ကို ငါစေလွှတ်သည့်အချိန်၌ သင်တို့ကို ဆန့်ကျင်ပြီး ပုန်ကန်ခြင်းကြောင့် ဆုံးမ၍ အပြစ်တင်ခံကြရမည်။
၇၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏အဆွေခင်ပွန်းတို့၊ အကြောင်းမူကား၊ ယခုမှစ၍၊ ငါသည် သင်တို့ကို အဆွေခင်ပွန်းတို့ဟု ခေါ်မည်၊ ငါသည် သူတို့နှင့်အတူရှိ၍၊ ဧဝံဂေလိတရားတော်ကို ငါ၏တန်ခိုးဖြင့် ဟောပြောရန် ခရီးသွားစဉ်ကာလက ငါ၏အဆွေခင်ပွန်းများကဲ့သို့ပင် သင်တို့ဖြစ်လာကြစေခြင်းငှာ ဤပညတ်တော်ကို သင်တို့အား ငါပေးရန် သင့်လျော်၏။
၇၈ အကြောင်းမူကား၊ ငါသည် သူတို့အား ငွေအိတ် သို့မဟုတ်၊ လွယ်အိတ်နှင့် အင်္ကျီနှစ်ထည်ရှိစေရန်ကိုလည်း အခွင့်ပေးခြင်းမရှိ။
၇၉ ရှုလော့၊ ငါသည် သင်တို့အား လောကကို စမ်းသပ်ရန် စေလွှတ်၏၊ အလုပ်လုပ်သော သူသည် အခကို ခံထိုက်ပေ၏။
၈၀ နိုင်ငံတော်နှင့်ယှဉ်သော ဤဧဝံဂေလိတရားတော်ကို သွား၍ဟောပြောမည့်သူ၊ ခပ်သိမ်းသောအရာတို့၌ ဆက်၍ သစ္စာရှိရန် ပျက်ကွက်ခြင်းမရှိမည့်သူ အဘယ်သူမဆို စိတ်၌ မမောပန်းရ၊ မှောင်မိုက်၍လည်းမလာရ၊ ကိုယ်ခန္ဓာ၊ ခြေလက်၌လည်းကောင်း၊ အရိုးအဆစ်၌လည်းကောင်း မမောပန်းရ။ ထိုသူ၏ဦးခေါင်းမှ ဆံပင်တစ်ပင်မျှ သတိမထားလိုက်မိဘဲ မြေသို့မကျရ။ ထိုသူတို့သည် မမွတ်သိပ်ရ၊ ရေလည်းမငတ်ရ။
၈၁ ထို့ကြောင့်၊ နက်ဖြန်နေ့အဖို့ မစိုးရိမ်နှင့်၊ သင်တို့အဘယ်သို့စားရအံ့နည်း၊ သို့မဟုတ် သင်တို့ အဘယ်သို့သောက်ရအံ့နည်း၊ သို့မဟုတ် သင်တို့ အဘယ်အရာနှင့် ဝတ်ဆင်ရအံ့နည်းဟု မစိုးရိမ်နှင့်။
၈၂ အကြောင်းမူကား၊ တောနှင်းပင်တို့ အဘယ်သို့အားဖြင့် အောင်မြင်သည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ၊ မငင်မဝင့်။ လောကီနိုင်ငံတို့သည် ၎င်းတို့ဘုန်းအသရေအပေါင်းတို့ဖြင့်၊ ဤအပင်တစ်ပင်မျှလောက် တင့်တယ်စွာ ဝတ်ဆင်မထား။
၈၃ အကြောင်းမူကား၊ ခပ်သိမ်းသော ဤအရာတို့ကို သင်တို့ အသုံးလိုကြောင်း ကောင်းကင်ဘုံ၌ ရှိသည့် သင်တို့အဘ သိတော်မူ၏။
၈၄ ထို့ကြောင့်၊ နက်ဖြန်နေ့ကို ၎င်းကိုယ်တိုင်၏အမှုများအဖို့ စိုးရိမ်ပါစေ။
၈၅ သင်တို့သည် အဘယ်သို့ပြောရမည်ကို ကြိုတင်၍မစိုးရိမ်နှင့်။ သို့ရာတွင်၊ အသက်နှင့် ယှဉ်သောစကားကို သင်တို့၏စိတ်ထဲ၌ အစဉ်မပြတ် အမြတ်တနိုးသိမ်းဆည်းထားကြလော့၊ လူတိုင်းအား ထိုဝေစုကို ခွဲပေးမည့် အချိန်၌ သင်တို့ကိုလည်း ပေးလိမ့်မည်။
၈၆ ထို့ကြောင့်၊ ဤပညတ်တော်သည် အသင်းတော်၌ အမှုတော်ဆောင်ခြင်းသို့ ဘုရားသခင်ခေါ်သွင်းတော်မူသည့် သူများတည်းဟူသော သစ္စာရှိသူအပေါင်းတို့အဖို့ ဖြစ်၍၊ နိုင်ငံတော်နှင့် ယှဉ်သောဤဧဝံဂေလိတရားတော်ကို ဟောပြောရန် ထွက်သွားသူ၊ သင်တို့အထဲမှ အဘယ်သူ့ကိုမျှ၊ ဤအချိန်မှစ၍ ငွေအိတ် သို့မဟုတ် လွယ်အိတ်ကို မယူစေနှင့်။
၈၇ ရှုလော့၊ ငါသည် သင်တို့အား လောကီသားတို့ကို သူတို့၏ မတရားသော အကျင့်အပေါင်းတို့နှင့် စပ်လျဉ်း၍ အပြစ်တင်ဆုံးမစေခြင်းငှာ၊ ထို့အတူ ကျရောက်လာမည့် တရားစီရင်တော်မူခြင်းအကြောင်းကို သွန်သင်စေခြင်းငှာ စေလွှတ်တော်မူ၏။
၈၈ သင်တို့ကိုလက်ခံသူမှန်သမျှနှင့် ငါသည်လည်းရှိတော်မူမည်၊ အကြောင်းမူကား၊ ငါသည် သင်တို့ရှေ့မှ ကြွတော်မူမည်။ ငါသည် သင်တို့၏လက်ယာဘက်၌လည်းကောင်း၊ လက်ဝဲဘက်၌လည်းကောင်း ရှိတော်မူမည်၊ ငါ၏ဝိညာဉ်တော်သည် သင်တို့စိတ်နှလုံး၌ ရှိလိမ့်မည်၊ ငါ၏ကောင်းကင်တမန်တို့သည်လည်း သင်တို့ကို မစချီပင့်ကြခြင်းငှာ သင်တို့ပတ်ဝန်းကျင်၌ ရှိကြလိမ့်မည်။
၈၉ သင်တို့ကို လက်ခံသူမှန်သမျှသည် ငါ့ကို လက်ခံ၏။ ထိုကဲ့သို့သောသူသည် သင်တို့ကို ကျွေးမွေးလိမ့်မည်၊ ထို့အတူ သင်တို့ကို အဝတ်တန်ဆာဆင်လိမ့်မည်၊ ထို့အတူ သင်တို့ကို ငွေပေးလိမ့်မည်။
၉၀ သင်တို့ကို ကျွေးမွေးသောသူ၊ သို့မဟုတ် သင်တို့ကို အဝတ်တန်ဆာဆင်သောသူ၊ သို့မဟုတ်၊ သင်တို့ကို ငွေပေးသောသူသည် မိမိအကျိုးကို အလျှင်းမဆုံးရှုံးရ။
၉၁ ဤအမှုတို့ကို ပြုခြင်းမရှိသောသူသည် ငါ၏တပည့်တော်မဟုတ်။ ဤနည်းအားဖြင့် သင်တို့သည် ငါ၏တပည့်တော်တို့ကို သိနိုင်ကြပေ၏။
၉၂ သင်တို့ကို လက်ခံခြင်းမရှိသောသူထံမှ၊ သင်တို့ကိုယ်တိုင်ချည်းသာ အဝေးသို့ ထွက်သွားလော့၊ သင်တို့ခြေကို ရေနှင့်ပင်၊ အပူဖြစ်စေ အအေးဖြစ်စေ စင်ကြယ်သောရေနှင့် သန့်စင်စေလော့၊ ထိုအမှုအကြောင်းကိုလည်း ကောင်းကင်ဘုံရှိ သင်တို့အဘထံသက်သေခံကြလော့၊ ထိုသူထံသို့ တစ်ဖန်ပြန်သွားခြင်းမပြုနှင့်။
၉၃ သင်တို့ဝင်ရောက်ရာ ရွာ သို့မဟုတ် မြို့မှန်သမျှ၌၊ ထိုနည်းတူပြုကြလော့။
၉၄ သို့သော်လည်း၊ လုံ့လဝီရီယထက်သန်စွာရှာကြလော့၊ လျော့ရဲခြင်းမရှိနှင့်။ သင်တို့ကို၊ သို့မဟုတ် သင်တို့၏စကားများကို၊ သို့မဟုတ် ငါနှင့်စပ်လျဉ်း၍ သင်တို့၏သက်သေခံချက်ကို ငြင်းပယ်သည့် ထိုအိမ်၊ သို့မဟုတ် ထိုရွာ သို့မဟုတ် မြို့သည် အမင်္ဂလာရှိ၏။
၉၅ သင်တို့ကို၊ သို့မဟုတ် သင်တို့၏စကားများကို၊ သို့မဟုတ် ငါ့အကြောင်း သင်တို့၏ သက်သေခံချက်ကို ငြင်းပယ်သည့် ထိုအိမ်၊ သို့မဟုတ် ထိုရွာ သို့မဟုတ် မြို့သည် အမင်္ဂလာရှိ၏ဟု ငါတစ်ဖန်ဆို၏။
၉၆ အကြောင်းမူကား၊ ငါ၊ အနန္တတန်ခိုးရှင်သည် ပြည်သားတို့ကို သူတို့၏ဆိုးညစ်ခြင်းအတွက်၊ ဒဏ်ခတ်ခြင်းငှာ ငါ၏လက်များကို သူတို့အပေါ် တင်တော်မူလေပြီ။
၉၇ ကပ်ရောဂါဘေးတို့သည် ပျံ့နှံ့လိမ့်မည်၊ ဖြောင့်မတ်ခြင်းဖြင့် အလျင်အမြန်ပြီးစေမည့် ငါ၏အမှုတော်ကို ငါပြီးလေသည့်အချိန်မတိုင်မီ ၎င်းတို့ကို မြေကြီးမှမပယ်ရှား—
၉၈ ကျန်ကြွင်းကြသည့် အငယ်ဆုံးသောသူမှစ၍၊ အကြီးဆုံးသောသူတိုင်အောင်ပင် ဖြစ်သည့် ခပ်သိမ်းသောသူတို့ ငါ့ကိုသိရမည့်၊ ထို့အတူ ကိုယ်တော်ရှင်အကြောင်းကိုသိခြင်းပညာဖြင့် ပြည့်ရမည့်၊ ထို့အတူ ကိုယ်တိုင်မြင်ရမည့်၊ ထို့အတူ ကြွေးကြော်၍တညီတညွတ်တည်းသောအသံဖြင့် ဤသီချင်းသစ်ကိုဆိုရမည့်အချိန်မတိုင်မီအထိပင်တည်း၊ ဆိုကြမည်ကား၊
၉၉ ကိုယ်တော်ရှင်သည် ဇိအုန်မြို့ကို ပြန်လည်တည်ရှိစေတော်မူလေပြီ။ကိုယ်တော်ရှင်သည် မိမိလူမျိုး၊ ဣသရေလအမျိုးကို ရွေးနုတ်တော်မူလေပြီ၊ကျေးဇူးတော်အားဖြင့် ရွေးကောက်ခြင်းအတိုင်းယုံကြည်ခြင်းကြောင့်ဖြစ်စေသော ထိုရွေးကောက်ခြင်းသည်သူတို့ဘိုးဘေးတို့၏ပဋိညာဉ်၊
၁၀၀ ကိုယ်တော်ရှင်သည် မိမိလူမျိုးကို ရွေးနုတ်တော်မူလေပြီ။စာတန်လည်း ချည်နှောင်ခံရ၍ အချိန်မရှိတော့။ကိုယ်တော်ရှင်သည် ခပ်သိမ်းသောအရာတို့ကို တစ်စုတစ်ပေါင်းတည်း ဖြစ်စေတော်မူလေပြီ။ကိုယ်တော်ရှင်သည် ဇိအုန်မြို့ကို အထက်မှ ဆွဲချတော်မူလေပြီ။ကိုယ်တော်ရှင်သည် ဇိအုန်မြို့ကို အောက်မှဆွဲတင်တော်မူလေပြီ။
၁၀၁ မြေကြီးသည် သားဖွားခြင်းဝေဒနာကို ခံစားလေပြီး မိမိခွန်အားကို ထွက်စေပြီ။သမ္မာတရားကို သူ့ဝမ်း၌ တည်ဆောက်၏။ကောင်းကင်ဘုံသည်လည်း သူ့ကို ပြုံးလေပြီ။သူသည် မိမိဘုရားသခင်၏ဘုန်းတော်ကို ဝတ်ဆင်၏။အကြောင်းမူကား သူသည် မိမိလူမျိုးတို့အလယ်၌ ရပ်တော်မူ၏။
၁၀၂ ဘုန်းတော်၊ ဂုဏ်အသရေ၊ တန်ခိုးနှင့် အစွမ်းသတ္တိတို့သည်၊ငါတို့၏ ဘုရားသခင်ထံသို့ ရောက်ပါစေ၊ အကြောင်းမူကား၊ သူသည် ကရုဏာနှင့် ပြည့်တော်မူ၏၊တရားမျှတတော်မူခြင်း၊ ကျေးဇူးတော်၊ သမ္မာတရားနှင့် ငြိမ်းချမ်းခြင်း၊ကာလအစဉ်အဆက် အမြဲတည်ရှိ၏၊ အာမင်။
၁၀၃ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ၏ ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်ကို ကြေညာရန် ထွက်သွားသည့် သူတိုင်းသည်၊ မိသားစုများရှိပြီး၊ ဆုကျေးဇူးအဖြစ် ငွေကို ရရှိသမျှ၊ ကိုယ်တော်ရှင်လမ်းညွှန်တော်မူသည့်အတိုင်း ထိုငွေကို သူတို့ထံ ပို့ရန် သို့မဟုတ် သူတို့အကျိုးအတွက် အသုံးပြုရန်သင့်လျော်ပေ၏၊ အကြောင်းမူကား၊ ထိုကဲ့သို့အားဖြင့်၊ ကောင်းမြတ်သည်ဟု ငါမှတ်ယူတော်မူ၏။
၁၀၄ မိသားစုများမရှိသော်လည်း ငွေကို ရရှိသောသူအပေါင်းတို့အား၊ ထိုငွေကို ဇိအုန်ရှိသင်းအုပ်ထံသို့၊ သို့မဟုတ် အိုဟိုင်းရိုရှိ သင်းအုပ်ထံသို့ ပို့စေလော့၊ ဗျာဒိတ်တော်များကို ဖော်ပြခြင်းနှင့်၊ ပုံနှိပ်ခြင်းအတွက်၊ ထို့အတူ ဇိအုန်ကို တည်ဆောက်ခြင်း အတွက် ဆက်ကပ်နိုင်စေခြင်းငှာ ပေတည်း။
၁၀၅ တစ်စုံတစ်ဦးက သင်တို့အထဲမှ တစ်စုံတစ်ဦးကို အင်္ကျီ၊ သို့မဟုတ် ဝတ်စုံကို ပေးလျှင်၊ အဟောင်းကိုယူ၍ ဆင်းရဲသားတို့အား ပေးလော့၊ ရွှင်လန်းဝမ်းမြောက်လျက် သင်တို့လမ်းသင်တို့ သွားလော့။
၁၀၆ သင်တို့၌ တစ်စုံတစ်ဦးသည် ဝိညာဉ်တော်၌ အားကြီးလျှင်၊ အားနည်းသော သူနှင့် အတူ သွားစေလော့၊ အလုံးစုံသောသိမ်မွေ့အောက်ကျို့ခြင်း၌ တည်ဆောက်ရစေခြင်းငှာ၊ ထိုသူလည်း အားကြီးလာစေခြင်းငှာပေတည်း။
၁၀၇ ထို့ကြောင့်၊ သာ၍ငယ်သော ယဇ်ပုရောဟိတ်အခွင့်သို့ ခန့်ထားခံရသောသူတို့ကို သင်တို့နှင့်အတူ ခေါ်သွားကြလော့၊ ချိန်းဆိုမှုများ ပြုလုပ်ရန်၊ ထို့အတူ လမ်းကိုပြင်ဆင်ရန်၊ ထို့အတူ သင်တို့ကိုယ်တိုင် ဆောင်ရွက်နိုင်စွမ်းမရှိသည့် ချိန်းဆိုမှုများကို ဆောင်ရွက်ရန် သူတို့ကို သင်တို့ရှေ့၌ စေလွှတ်လော့။
၁၀၈ ရှုလော့၊ ဤအရာသည်ကား၊ ငါ၏တမန်တော်များ၊ ရှေးကာလ၌၊ ငါ့အဖို့ ငါ၏အသင်းတော်ကို တည်ထောင်ရာနည်းလမ်းဖြစ်၏။
၁၀၉ ထို့ကြောင့်၊ လူတိုင်းအား မိမိကိုယ်တိုင်၏ အမှုအရာကို ဆောင်ရွက်စေပြီး၊ မိမိကိုယ်တိုင်၏ အမှုတော်ဆောင်တာဝန်၌ အလုပ်လုပ်စေလော့၊ ဦးခေါင်းသည် ခြေကို အလိုမရှိဟု ခြေကို မဆိုစေနှင့်။ အကြောင်းမူကား၊ ခြေမရှိဘဲနှင့် ကိုယ်ခန္ဓာသည် အဘယ်သို့ရပ်နိုင်စွမ်းမည်နည်း။
၁၁၀ အားလုံးကို အတူတကွ တည်ဆောက်နိုင်ကြစေခြင်းငှာ၊ အဖွဲ့အစည်းကို စုံလင်ခြင်း၌ ဆက်၍ရှိနိုင်စေခြင်းငှာ ကိုယ်ခန္ဓာသည် အစိတ်အပိုင်းတိုင်းကို လိုအပ်၏။
၁၁၁ ရှုဦးလော့၊ ယဇ်ပုရောဟိတ်မင်းများ၊ ထို့အတူ အသင်းလူကြီးများ၊ ထို့အတူ သာ၍ငယ်သော ယဇ်ပုရောဟိတ်များတို့သည် ခရီးသွားကြရမည်။ သို့ရာတွင်၊ အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်ရန်၊ အသင်းတော်အဖို့ အမြဲအမှုတော်ဆောင်များအဖြစ် ရှိကြရန် သင်းထောက်များနှင့် ဆရာများကို ခန့်အပ်ထားရမည်။
၁၁၂ သင်းအုပ်၊ နီဝယ်လ်ကေဝှစ်တနီသည်လည်း ကြွယ်ဝသောသူများနှင့် မာနကြီးသောသူတို့ကို နှိမ့်ချစေခြင်းအားဖြင့်၊ ဆင်းရဲသားတို့အား သူတို့၏လိုအပ်ချက်များကို စီမံဆောင်ရွက်ရန် သူတို့ကို လိုက်ရှာလျက် ပတ်ဝန်းကျင်နှင့် အသင်းတော်အားလုံးတို့၌ ခရီးသွားရမည်။
၁၁၃ တာဝန်ယူရန်နှင့် သူ၏လောကီရေးရာ အမှုအရေးကို သူလမ်းညွှန်သည့်အတိုင်း ဆောင်ရွက်ရန် ကိုယ်စားလှယ်တစ်ဦးကိုလည်း သူခန့်ထားရမည်။
၁၁၄ သို့သော်လည်း၊ သင်းအုပ်ကို နယူးယောက်မြို့သို့၊ ထို့အတူ အော်လဘန်နီမြို့၊ ထို့အတူ ဘော်စတွန်မြို့များသို့ သွားစေ၍၊ ထိုမြို့များမှ လူတို့အား ဤအရာတို့ကို သူတို့ငြင်းပယ်ကြလျှင် သူတို့ကို စောင့်နေသည့် လူဆိတ်ညံခြင်း၊ ဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ဧဝံဂေလိတရားတော်အသံနှင့်၊ ကျယ်သောအသံနှင့်၊ သတိပေးစေလော့။
၁၁၅ အကြောင်းမူကား၊ သူတို့သည် ဤအရာတို့ကို ငြင်းပယ်ကြလျှင်၊ သူတို့ကို တရားစီရင်တော်မူရာ နာရီသည် နီး၍ သူတို့နေအိမ်များသည် သူတို့၌ လူဆိတ်ညံပြီး ကျန်ရစ်လိမ့်မည်။
၁၁၆ ငါ့အား ကိုးစားစေလော့၊ သူသည် မရှုံးနိမ့်ရ။ သူ၏ဦးခေါင်းမှ ဆံပင်တစ်ပင်မျှ သတိမထားလိုက်မိဘဲ မြေသို့မကျရ။
၁၁၇ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၏ကျွန်များမှ ကျန်ကြွင်းသူတို့၊ သင်တို့၏အခြေအနေ အခွင့်ပေးသည့်အတိုင်း၊ သင်တို့၏ အမှုတော်ဆောင်တာဝန် အသီးသီးဖြင့်၊ ထူးမြတ်သော မြို့ကြီးများနှင့် ရွာများသို့၊ လောကကို သူတို့၏ မတရားသော၊ ဘုရားမဲ့နေသော အကျင့်ခပ်သိမ်းတို့အကြောင်း ဖြောင့်မတ်ခြင်းဖြင့် အပြစ်တင်ဆုံးမလျက်၊ နောက်ဆုံးသောကာလ စက်ဆုပ်ရွံရှာဖွယ်လူဆိတ်ညံခြင်းကို ရှင်းလင်းစွာနှင့် နားလည်နိုင်စွာ ရှင်းပြလျက် သင်တို့ ထွက်သွားကြလော့။
၁၁၈ အကြောင်းမူကား၊ သင်တို့အားဖြင့်၊ ကိုယ်တော်ရှင်အနန္တတန်ခိုးရှင်မိန့်တော်မူသည်ကား၊ ငါသည် သူတို့နိုင်ငံများကို ခွဲမည်။ ငါသည် မြေကြီးကို လှုပ်စေရုံသာမက၊ ကြယ်စုံသည့် ကောင်းကင်တို့လည်း တုန်လိမ့်မည်။
၁၁၉ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် ကောင်းကင်ဘုံ၏ တန်ခိုးတို့ကို ဖော်ပြခြင်းငှာ ငါ၏လက်ကို ထုတ်တော်မူလေပြီ။ သင်တို့သည် ထိုအမှုကို ယခုမမြင်နိုင်၊ ခဏကြာပြီးမှ သင်တို့မြင်ရလိမ့်မည်၊ ငါရှိကြောင်းကိုလည်းကောင်း၊ ငါကြွလာတော်မူပြီး ငါ၏လူမျိုးတို့နှင့်အတူ အုပ်စိုးတော်မူမည့်အကြောင်းကို လည်းကောင်း သိကြရလိမ့်မည်။
၁၂၀ ငါသည် အာလဖနှင့်ဩမေဃ၊ အစနှင့်အဆုံးဖြစ်၏။ အာမင်။