ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈၅


အပိုဒ်ငယ် ၈၅

၁၈၃၂ ခု၊ နိုဝင်ဘာ ၂၇၊ ကာ့တ်လန်း​အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤအပိုဒ်ငယ်သည် အင်ဒီပန်းဒင့်၊ မစ်ဆိုရီ၌ နေထိုင်သည့် ဝီလျံ​ဒဗလျူ​ဖဲလပ်စ်ထံသို့ ပရောဖက်၏​စာမှ ကောက်နုတ်ချက်​ဖြစ်၏။ ဇိအုန်သို့ ရွှေ့ပြောင်းခဲ့​လေသော်လည်း မိမိတို့​ဥစ္စာ​ပစ္စည်းများကို ဆက်ကပ်ရန်​ပညတ်တော်ကို လိုက်​မလျှောက်ကြ၊ ထို့ကြောင့် အသင်းတော်၌ တည်ထောင်​ထားသော စနစ်​အတိုင်း မိမိတို့​အမွေခံရာကို မရရှိခဲ့​လေသည့် သန့်ရှင်းသူတို့​အကြောင်း မေးခွန်းများကို ထိုဗျာဒိတ်တော်က ဖြေကြား၏။

၁–၅၊ ဇိအုန်၌ အမွေခံရာတို့ကို ဆက်ကပ်ခြင်း​အားဖြင့် လက်ခံ​ရရှိရမည်။ ၆–၁၂၊ တန်ခိုး​ခွန်အား​ကြီးသောသူ တစ်ဦးက သန့်ရှင်းသူ​တို့အား ဇိအုန်၌ သူတို့၏ အမွေခံရာကို ပေး​လိမ့်မည်။

ကိုယ်တော်ရှင်​ခန့်အပ်ထား​လေသည့် သူ့စာရေး၏ တာဝန်မှာ၊ သမိုင်း​တစ်ခု၊ ဇိအုန်၌ ဖြစ်ပျက်သည့် ခပ်သိမ်းသော​အရာတို့​အကြောင်း၊ ထို့အတူ ဥစ္စာ​ပစ္စည်း​ဆက်ကပ်သူများ၊ အမွေခံရာကို သင်းအုပ်​ထံမှ တရားဝင်​လက်ခံ​ရရှိသူ​ခပ်သိမ်းတို့​အကြောင်း အသင်းတော် အထွေထွေ​မှတ်တမ်း​တစ်ခုကို ရေးရန်​ဖြစ်၏။

သူတို့၏​ဘဝ​နေထိုင်ပုံ၊ သူတို့၏ ယုံကြည်ခြင်း၊ ထို့အတူ သူတို့၏ အကျင့်များ​အကြောင်းလည်း ပါဝင်၏။ မိမိတို့​အမွေခံရာကို ရရှိပြီးနောက် ဖောက်ပြန်​သင်းကွဲသော ဖောက်ပြန်​သင်းကွဲသူတို့​အကြောင်းလည်း ပါဝင်၏။

ဒဏ်စီရင်ခြင်းနှင့် လောင်မြိုက်ခြင်း​ကာလ​အတွက် ဘုရားသခင်က မိမိ​လူမျိုးတို့ကို ပြင်ဆင်​စေရန် သူတို့အား ဆယ်ဖို့​တစ်ဖို့ကို သူ​ခွဲနိုင်​ခြင်းငှာ သူ​ပေးထား​လေသည့် ဥပဒေအတိုင်း ဆက်ကပ်ကြ​ခြင်းအားဖြင့် မိမိတို့ အမွေခံရာကို ရရှိခြင်း မရှိသော​သူတို့အား သူတို့၏​အမည်များကို ဘုရားသခင်၏​လူမျိုးတို့နှင့်​အတူ အမည်​စာရင်း​သွင်းခြင်းသည် ဘုရားသခင်၏​အလိုတော်နှင့် ပညတ်တော်တို့နှင့် ဆန့်ကျင်ရာ​ရောက်၏။

သူတို့၏ ဆွေစဉ်​မျိုးဆက်​စာရင်းကိုလည်း မရေးရ၊ သို့မဟုတ် တွေ့ရှိ​နိုင်ရာ မှတ်တမ်းများ​ထဲမှ အဘယ်​တစ်ခု၌မျှ သို့မဟုတ် အသင်းတော်သမိုင်း၌ မရှိစေရ။

သူတို့၏​အမည်များကို လည်းကောင်း၊ သူတို့​ဘိုးဘေးတို့၏​အမည်များကို လည်းကောင်း၊ သားမြေးတို့၏​အမည်များကို​လည်းကောင်း ဘုရားသခင်၏​ပညတ်တရားကျမ်း၌ ရေးထားသည်ကို မတွေ့စေရဟု ကောင်းကင်ဗိုလ်ခြေ​ကိုယ်တော်ရှင် မိန့်တော်မူ၏။

ထိုမှတစ်ပါး၊ ခပ်သိမ်းသော​အရာတို့ကို ဖြတ်၍ ထိုးဖောက်ပြီး အသံသေးနှင့် တိုးတိုး​ပြောသည့်၊ ထို့အတူ ထင်ရှားစွာ​ပြစဉ်၌ ငါ၏​အရိုးတို့ကို အကြိမ်ကြိမ်​ထိုးဖောက်၍ တုန်လှုပ်​စေသည့် ဖြည်းညှင်းသော​အသံက ဆိုလေသည်ကား၊

ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့​သောအခါ၊ ငါ၊ ကိုယ်တော်ရှင်​ဘုရားသခင်သည်၊ တန်ခိုးတော်​ရာဇလှံတံကို လက်ထဲ၌ ကိုင်ထားသည့်၊ အဝတ်​တန်ဆာ​အဖြစ် အလင်းကို ဝတ်ထားသည့်၊ တန်ခိုး​ခွန်အား​ကြီးသောသူ​တစ်ဦးကို စေလွှတ်​တော်မူမည်၊ ထိုသူ၏​နှုတ်မှ နှုတ်ကပတ်တော်၊ ထာဝရ​နှုတ်ကပတ်တော်ကို ဟောပြော​လိမ့်မည်။ ထိုမှတစ်ပါး၊ သူ၏​ဝမ်းသည် သမ္မာ​တရား​စမ်းရေတွင်း ဖြစ်လိမ့်မည်၊ ဘုရားသခင်၏ အိမ်တော်ကို အစီ​အစဉ်​တကျရှိစေ​ခြင်းငှာ၊ ထို့အတူ ဘုရားသခင်၏​ပညတ်တရား​ကျမ်း၌ အမည်​စာရင်း​သွင်းထား၍၊ အမည်​တွေ့ရသော သန့်ရှင်းသူတို့၏၊ ထို့အတူ အမည်​တွေ့ရသော​သူတို့​ဘိုးဘေးတို့၏၊ ထို့အတူ သူတို့​သားမြေးတို့၏ အမွေခံရာ​တို့ကို စာရေး​တံမဲဖြင့် စီစဉ်​စေခြင်းငှာ​ပေတည်း။

သို့ရာတွင်၊ ဘုရားသခင်​ခေါ်သွင်း​တော်မူပြီး ခန့်အပ်ထား​ခံရသည့် ထိုလူ၊ ဘုရားသခင်၏​သေတ္တာကို မြဲမြံ​စေရန် မိမိ​လက်ကို ထုတ်သော​သူသည် အရောင်​တောက်သည့် မိုးကြိုးသွား​ထိမှန်​ခံရသော သစ်ပင်​ကဲ့သို့ သေခြင်း​မြားတံ​အားဖြင့် လဲကျ​လိမ့်မည်။

အောက်မေ့​ဖွယ်ရာ​စာအုပ်၌ ရေးထား​သည်ကို မတွေ့ရသောသူ​အပေါင်း​တို့သည် ထိုကာလ၌ မည်သည့်​အမွေခံရာ​ကိုမျှ မတွေ့ရ​လတ္တံ့၊ သူတို့၏​ဝေစုသည်ကား မယုံကြည်သူတို့ကြား၌ ခန့်အပ်​ထားခံရခြင်း​ဖြစ်လိမ့်မည်၊ ထိုအရပ်၌ မြည်တမ်းခြင်းနှင့် အံသွား​ခဲကြိတ်ခြင်းတို့​ရှိ၏။

၁၀ ဤအရာတို့ကို ငါသည် ကိုယ်​အလို​အလျောက်​ပြောခြင်း​မဟုတ်။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် မြွက်ဆို​တော်မူ​လေသည့်​အတိုင်း၊ ပြီးပြည့်​စုံစေ​တော်မူ​လိမ့်မည်။

၁၁ ပညတ်တရား​ကျမ်း၌ အမည်များ​ရေးထား​သည်ကို​မတွေ့ရသော​သူများ၊ သို့မဟုတ် ဖောက်ပြန်​သင်းကွဲ​သွားလေရာ၊ သို့မဟုတ် အသင်းတော်မှ ပယ်ရှင်း​ခံထားခံရ​လေရာ၌ တွေ့ရသော​သူများ​ဖြစ်သည့် ယဇ်ပုရောဟိတ်မင်း​အခွင့်​ကိုင်ဆောင်​ထားသူများသည် သာ၍​ငယ်သော​ယဇ်ပုရောဟိတ်​အခွင့်​ကိုင်ဆောင်​ထားသူများ၊ သို့မဟုတ် အသင်းသားများ နည်းတူ ထိုနေ့၌ အမြင့်ဆုံးသော​ဘုရား၏​သန့်ရှင်းသူတို့​ကြား၌ အမွေခံရာကို မတွေ့ရကြ​လတ္တံ့။

၁၂ ထို့ကြောင့်၊ ယဇ်ပုရောဟိတ်၏​သားမြေးတို့​ဆီကို ကဲ့သို့ပင် ထိုသူတို့ထံ​ဖြစ်ရလိမ့်မည်၊ ဧဇရမှတ်စာ ဒုတိယ​အခန်းကြီး၊ အခန်းငယ် ခြောက်ဆယ့်​တစ်နှင့် နှစ်တို့၌ မှတ်တမ်းတင်​ထားသည့်​အတိုင်း တွေ့ရ​လိမ့်မည်။