ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈၈


အပိုဒ်ငယ် ၈၈

၁၈၃၂ ခု၊ ဒီဇင်ဘာ ၂၇နှင့် ၂၈ ရက်၊ ထို့အတူ ၁၈၃၃ ခု၊ ဇန္နဝါရီ ၃ ရက် ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် ထိုဗျာဒိတ်တော်ကို “ အတိသုခဘုံ​အပင်မှ​ခူးသည့် ‘သံလွင်ရွက်’၊ ကျွန်ုပ်တို့​အဖို့ ကိုယ်တော်ရှင်၏​ငြိမ်းချမ်းခြင်း သတင်း​စကား” ဟု ဖော်ပြခဲ့၏။” ဇိအုန်​တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ကိုယ်တော်ရှင်၏​အလိုတော်ကို ကျွန်ုပ်တို့ထံ ဖော်ပြ​တော်မူရန် တစ်ဦးချင်းနှင့် အသံထွက်၍ သူ့ထံသို့” ယဇ်ပုရောဟိတ်မင်းများ ညီလာခံ​တစ်ခု၌ ဆုတောင်းပြီးနောက် ဗျာဒိတ်တော်ကို ပေးခဲ့၏။

၁–၅၊ သစ္စာရှိသော​သန့်ရှင်းသူတို့သည် ထာဝရ​အသက်၏​ကတိဖြစ်သည့် ထို​နှစ်သိမ့်ရှင်ကို လက်ခံ​ကြ၏။ ၆–၁၃၊ ခပ်သိမ်းသော​အရာတို့ကို ခရစ်တော်၏​အလင်းဖြင့် ထိန်းချုပ်ပြီး အုပ်ချုပ်၏။ ၁၄–၁၆၊ ရှင်ပြန်​ထမြောက်ခြင်းသည် ရွေးနုတ်ခြင်း​အားဖြင့် ဖြစ်လာ၏။ ၁၇–၃၁၊ ဆီလက်ရှယ်လ်၊ ထီရက်စ်ထရီရယ်လ်နှင့် ထီလက်စ်ရှယ်လ်​ဥပဒများကို နာခံခြင်းသည် လူသားတို့ကို သက်ဆိုင်ရာ နိုင်ငံတော်​အသီးသီးနှင့် ဘုန်း​အသရေ​အတွက် ပြင်ဆင်၏။ ၃၂–၃၅၊ အပြစ်၌ နေထိုင်​လိုသူ​တို့သည် ဆက်၍​ညစ်ညမ်းလျက်​ရှိကြ၏။ ၃၆–၄၁၊ နိုင်ငံတော်​အားလုံးကို ဥပဒေဖြင့်​အုပ်ချုပ်၏။ ၄၂–၄၅၊ ဘုရားသခင်သည် ခပ်သိမ်းသော​အရာတို့​အဖို့ ဥပဒေ​တစ်ခုကို ပေးထား၏။ ၄၆–၅၀၊ လူသားသည် ဘုရားသခင်ကိုပင် နားလည်​လိမ့်မည်။ ၅၁–၆၁၊ မိမိကျွန်တို့ကို လယ်ကွင်း​ထဲသို့​စေလွှတ်ပြီး၊ တစ်ယောက်ပြီး​တစ်ယောက် အကြည့်​အရှု​သွားသောသူ​အကြောင်း ပုံဆောင်စကား။ ၆၂–၇၃၊ ကိုယ်တော်ရှင်​ထံသို့ ချဉ်းကပ်လော့၊ သင်တို့သည် သူ၏​မျက်နှာတော်ကို မြင်ရ​လိမ့်မည်။ ၇၄–၈၀၊ သင်တို့ကိုယ်သင်တို့ သန့်ရှင်း​စင်ကြယ်စေ​ကြပြီး၊ နိုင်ငံတော်​အကြောင်း​ဩဝါဒများကို တစ်ယောက်ကို​တစ်ယောက် သွန်သင်​ပေးကြလော့။ ၈၁–၈၅၊ သတိပေး​ခံရလေပြီးသော​သူတိုင်းသည် ကိုယ်နှင့်​စပ်ဆိုင်သောသူကို သတိပေး​ရမည်။ ၈၆–၉၄၊ နိမိတ်လက္ခဏာများ၊ လောကဓာတ်​အုံကြွခြင်း၊ ကိုယ်တော်ရှင်​ကြွလာတော်မူခြင်း​အတွက် ကောင်းကင်တမန်များ လမ်းကို ပြင်ဆင်၏။ ၉၅–၁၀၂၊ ကောင်းကင်တမန်တို့၏​တံပိုးတို့က သေသူတို့ကို အစဉ်​အတိုင်း​ခေါ်၏။ ၁၀၃–၁၁၆၊ ကောင်းကင်တမန်တို့၏​တံပိုးတို့က ဧဝံဂေလိ​တရားတော်​ပြန်လည်​ဆောင်ယူခြင်း၊ ဗာဗုလုန်​ကျဆုံးခြင်းနှင့် ကြီးမြတ်​တော်မူသော​ဘုရားသခင်၏​တိုက်ပွဲများကို ကြေညာ၏။ ၁၁၇–၁၂၆၊ သင်ယူခြင်းကို အားထုတ်လော့၊ ဘုရားသခင်၏​အိမ်တော် (ဗိမာန်တော်တစ်ခု) ကို တည်ဆောက်လော့၊ သင်တို့ကိုယ်သင်တို့ မေတ္တာ​အနှောင်​အဖွဲ့ဖြင့် ဝတ်ဆင်လော့။ ၁၂၇–၁၄၁၊ ခြေဆေးခြင်း​ဘိသိက်​မင်္ဂလာ​အပါအဝင်၊ ပရောဖက်တို့၏​ကျောင်းစနစ်ကို ရှင်းပြ၏။

သင်တို့နှင့်​စပ်လျဉ်းသည့် ကိုယ်တော်ရှင်၏​အလိုတော်ကို လက်ခံရန် သင်တို့ကိုယ်​သင်တို့ အတူ​တကွ​စည်းဝေးကြ​လေသည့် သင်တို့ကို သူ​အမှန်​မိန့်တော်မူ​သည်ကား၊

ရှုလော့၊ ဤအမှုသည် သင်တို့၏ ကိုယ်တော်ရှင်ကို နှစ်သက်စေ၏၊ ကောင်းကင်တမန်တို့ကလည်း သင်တို့နှင့်​စပ်လျဉ်း၍ ရွှင်လန်း​ဝမ်းမြောက်​ကြ၏။ သင်တို့၏ ဆုတောင်းခြင်း​အလှူသည် ကိုယ်တော်ရှင်​ဆာဘုတ်၏ နားသို့ တက်လာ​လေပြီး၊ သန့်ရှင်း​စင်ကြယ်​စေထားသော သူတို့၏၊ အမှန်စင်စစ်၊ ဆီလက်ရှယ်လ်​လောကသားတို့၏ အမည်များ စာအုပ်၌ မှတ်တမ်းတင်​ထား၏။

သို့ဖြစ်၍၊ ငါသည် ယခုတွင်၊ သင်တို့ထံသို့၊ အမှန်​စင်စစ် ငါ၏​အဆွေခင်ပွန်းတို့ ထံသို့ တခြားသော​နှစ်သိမ့်ရှင်ကို စေလွှတ်​တော်မူ၏၊ အထူးသဖြင့်၊ ကတိတော်နှင့်​ယှဉ်သော သန့်ရှင်းသော​ဝိညာဉ်တော်ကို သင်တို့​စိတ်နှလုံး၌​တည်နိုင်​စေခြင်းငှာ​ပင်တည်း။ ထို​အခြားသော နှစ်သိမ့်ရှင်သည် ယောဟန်၏​သက်သေခံချက်၌ မှတ်တမ်းတင်​ထားသည့် အတိုင်း ငါ၏​တပည့်တော်တို့ထံ ငါ​ကတိ​ပေးထားသည့်​အရာနှင့် အတူတူပင်​ဖြစ်၏။

ဤ​နှစ်သိမ့်ရှင်သည် သင်တို့ကို ငါပေးသည့်​ထာဝရအသက်၏​ကတိတော်၊ ဆီလက်ရှယ်လ်နိုင်ငံတော်၏ ဘုန်းအသရေပင် ဖြစ်၏။

ထို​ဘုန်းအသရေသည် သားဦး၏​အသင်းတော်၏၊ အထူးသဖြင့် ခပ်သိမ်းသောသူတို့၏ အသန့်ရှင်းဆုံး ဘုရားသခင်၏​ဘုန်းအသရေ​ဖြစ်ပြီး၊ သားတော်​ယေရှုခရစ်တော်​အားဖြင့် ရရှိကြ၏—

သူသည် အထက်သို့ တက်သွား​တော်မူ၏၊ ထိုကဲ့သို့ပင် အောက်​အရပ်​ခပ်သိမ်းသော​အရာတို့ ဆီသို့လည်း ဆင်းသက်​တော်မူ၏၊ ထိုကဲ့သို့​အားဖြင့်၊ သူသည် ခပ်သိမ်းသော​အရာတို့ကို နားလည်၍၊ ခပ်သိမ်းသော​အရာတို့၌​လည်းကောင်း၊ ခပ်သိမ်းသောအရာတို့​အားဖြင့်​လည်းကောင်း သမ္မာ​တရား​အလင်း အဖြစ်​ရှိနိုင်​စေခြင်းငှာ​ပေတည်း။

ထို​သမ္မာ​တရားသည် တောက်ပ၏။ ဤအရာသည် ခရစ်တော်၏​အလင်း ဖြစ်၏။ သူ၏​တန်ခိုး​သည်လည်း နေသို့၊ ထို့အတူ နေ၏​အလင်းသို့၊ ထို့အတူ ၎င်း၏​တန်ခိုးသို့ ရောက်၏၊ ထို​တန်ခိုး​အားဖြင့် ၎င်းကို ဖန်ဆင်းထား​ပေ၏။

သူ၏​တန်ခိုးသည်လည်း လသို့၊ ထို့အတူ လ၏​အလင်းသို့၊ ထို့အတူ ၎င်း၏​တန်ခိုးသို့ ရောက်၏၊ ထို​တန်ခိုး​အားဖြင့် ၎င်းကို ဖန်ဆင်းထား​ပေ၏။

ကြယ်တို့၏​အလင်းသို့၊ ထို့တူ ၎င်းတို့၏​တန်ခိုးသို့လည်း ရောက်၏၊ ထိုတန်ခိုး​အားဖြင့် ၎င်းတို့ကို ဖန်ဆင်းထား​ပေ၏။

၁၀ မြေကြီးသို့၊ ထို့အတူ ၎င်း၏​တန်ခိုးသို့၊ အမှန်​စင်စစ်၊ သင်တို့​ရပ်ရာ​မြေကြီးသို့ ရောက်၏။

၁၁ တောက်ပသည့်​အလင်း၊ သင်တို့ကို အလင်းပေးသည့် ထိုအလင်းသည် သင်တို့​မျက်စိများကို အလင်းသို့​ရောက်စေသည့် သူ​အားဖြင့် ပေးသည့် အလင်း​ဖြစ်၏၊ ထိုအရာသည် သင်တို့၏ နားလည်ခြင်းကို ရှင်သန်​စေသည့် အလင်းနှင့် တူသော​အလင်း​ဖြစ်၏။

၁၂ ထို​အလင်းသည် အတိုင်းမသိ​ကျယ်သော​နေရာကို ပြည့်စေရန် ဘုရားသခင်၏ မျက်မှောက်တော်မှ ထွက်လာ၏—

၁၃ ခပ်သိမ်းသော​အရာတို့၌ ရှိသည့်​အလင်းသည် ခပ်သိမ်းသော​အရာတို့အား အသက်ကို ပေးသည့် အလင်း၊ ခပ်သိမ်းသော​အရာတို့ အုပ်ချုပ်ခံရရာ​ဥပဒေ၊ အထူးသဖြင့်၊ မိမိပလ္လင်တော်​ပေါ်မှာ​ထိုင်သည့် ဘုရားသခင်၊ ထာဝရကာလ၏ ရင်၌ရှိသူ၊ ခပ်သိမ်းသော​အရာတို့၏ အလယ်၌ ရှိသောသူ၏ တန်ခိုးတော်ပင်​ဖြစ်၏။

၁၄ ယခုတွင်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့​အတွက် ပြုထားသည့် ရွေးနုတ်ခြင်းသည် သေသူတို့မှ ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်ပေါ်​စေ၏။

၁၅ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် လူသား၏ ဝိညာဉ်ဖြစ်၏။

၁၆ သေသူတို့မှ ရှင်ပြန်​ထမြောက်ခြင်းသည် ဝိညာဉ်၏​ရွေးနုတ်ခြင်း​ဖြစ်၏။

၁၇ ဝိညာဉ်၏ ရွေးနုတ်ခြင်းသည် ခပ်သိမ်းသော​အရာတို့ကို ရှင်သန်​စေသောသူ​အားဖြင့် ဖြစ်လေပြီး၊ မြေကြီး၌ ရှိသည့် ဆင်းရဲသားတို့နှင့် သိမ်မွေ့အောက်ကျို့သော​သူတို့သည် သူ၏​ရင်၌ စီရင်​ခံကြရ၏။

၁၈ ထို့ကြောင့်၊ ခပ်သိမ်းသော​မတရားမှုမှ သန့်ရှင်း​စင်ကြယ်​စေရန် လိုအပ်၏၊ ဆီလက်ရှယ်လ်​ဘုန်းအသရေ​အတွက် ပြင်ဆင်​ထားနိုင်​စေခြင်းငှာ​ပေတည်း။

၁၉ အကြောင်းမူကား၊ ၎င်း၏​ဖန်ဆင်းခြင်း​ရည်ရွယ်ချက်ကို ပြီးပြည့်စုံ​စေလေပြီ၊ ဘုန်းအသရေနှင့်၊ အမှန်​စင်စစ်၊ ခမည်းတော်​ဘုရားသခင်၏​မျက်မှောက်တော်နှင့် ချီးမြှင့်​ခံရ​လိမ့်မည်၊

၂၀ ဆီလက်ရှယ်လ်​နိုင်ငံတော်၌ ရှိသောသူတို့ မြေကြီးကို ကာလ​အစဉ်​အဆက်​အမြဲ ပိုင်ဆိုင်​နိုင်ကြ​စေခြင်းငှာ​ပေတည်း။ အကြောင်းမူကား၊ ဤ​ရည်ရွယ်ချက်​အတွက် ဖန်ဆင်းထား​လေပြီး၊ ဤ​ရည်ရွယ်ချက်​အတွက် သူတို့ကို သန့်ရှင်း​စင်ကြယ်​စေ၏။

၂၁ သင်တို့ကို ငါ​ပေးထား​လေသည့် ဥပဒေ၊ ခရစ်တော်၏ ဥပဒေ​အားဖြင့် သန့်ရှင်း စင်ကြယ်စေ​ထားခြင်း မရှိသော​သူများသည် တခြားသော​နိုင်ငံတော်​ဖြစ်သည့် ထီရက်စ်​ထရီရယ်လ်​နိုင်ငံတော် သို့မဟုတ် ထီလက်စ်ရှယ်လ်​နိုင်ငံတော်ကိုပင် အမွေခံကြရမည်။

၂၂ အကြောင်း​မူကား၊ ဆီလက်ရှယ်လ်​နိုင်ငံတော်၏ ဥပဒေကို နာခံရန် မတတ်နိုင်သော​သူသည် ဆီလက်ရှယ်လ်​ဘုန်းအသရေ၌ မတည်တံ့နိုင်။

၂၃ ထီရက်စ်ထရီရယ်လ်​နိုင်ငံတော်၏ ဥပဒေကို နာခံရန် မတတ်​နိုင်သော​သူသည်လည်း ထီရက်စ်ထရီရယ်လ် ဘုန်းအသရေ၌ မတည်တံ့နိုင်။

၂၄ ထီလက်စ်ရှယ်လ်​နိုင်ငံတော်၏ ဥပဒေကို နာခံရန် မတတ်​နိုင်သော​သူသည်လည်း ထီလက်စ်ရှယ်လ် ဘုန်းအသရေ၌ မတည်တံ့နိုင်။ ထို့ကြောင့်၊ ဘုန်းအသရေ​နိုင်ငံတော်နှင့် မထိုက်တန်။ ထို့ကြောင့်၊ ဘုန်းအသရေ​နိုင်ငံတော်မဟုတ်သည့် နိုင်ငံတော်၌ နေထိုင်ရမည်။

၂၅ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ မြေကြီးသည် ဆီလက်ရှယ်လ်​နိုင်ငံတော်၏ ဥပဒေကို နာခံရမည်၊ အကြောင်းမူကား၊ ၎င်း၏ ဖန်ဆင်းခြင်း​ရည်ရွယ်ချက်ကို ပြီးပြည့်စုံ​စေလေပြီ၊ ဥပဒေကို လွန်ကျူးခြင်းမရှိ—

၂၆ သို့ဖြစ်၍၊ ၎င်းကို သန့်ရှင်း​စင်ကြယ်စေ​လိမ့်မည်။ ထိုမှတစ်ပါး၊ သေလိမ့်မည် ဖြစ်သော်ငြားလည်း တစ်ဖန်​ရှင်သန်​လိမ့်မည်၊ ရှင်သန်ရာ​တန်ခိုးဖြင့် တည်တံ့​လိမ့်မည်၊ ဖြောင့်မတ်သောသူတို့က ၎င်းကို အမွေခံကြ​လိမ့်မည်။

၂၇ သူတို့သည် သေကြ​သော်ငြားလည်း၊ ဝိညာဉ်​ပကတိ​ကိုယ်ခန္ဓာ​အဖြစ် တစ်ဖန် ထမြောက်ကြ​လိမ့်မည်။

၂၈ ဆီလက်ရှယ်လ်​စိတ်ဝိညာဉ်​ရှိသော​သူတို့သည် ပကတိ​ကိုယ်ခန္ဓာ​ဖြစ်လေသည့် ကိုယ်ခန္ဓာနှင့်​တူသော ကိုယ်ခန္ဓာကို ရရှိ​လိမ့်မည်။ အမှန်​စင်စစ်၊ သင်တို့သည် သင်တို့၏ ကိုယ်ခန္ဓာများကို ရရှိ​လိမ့်မည်၊ သင်တို့၏​ဘုန်းအသရေသည်လည်း သင်တို့၏​ကိုယ်ခန္ဓာများကို ရှင်သန်စေသည့် ဘုန်းအသရေ​ဖြစ်လိမ့်မည်။

၂၉ ဆီလက်ရှယ်လ်​ဘုန်းအသရေ၏ တစ်စိတ်​တစ်ပိုင်း​အားဖြင့် ရှင်သန်ရသော​သင်တို့သည် ထို့နောက်တွင်၊ တူသော​အရာကို၊ ပြည့်စုံခြင်း​ကဲ့သို့ပင် ရရှိ​လိမ့်မည်။

၃၀ ထီရက်စ်ထရီရယ်လ်​ဘုန်းအသရေ၏ တစ်စိတ်​တစ်ပိုင်း​အားဖြင့် ရှင်သန်​ရသော သူတို့သည်လည်း ထို့နောက်တွင်၊ တူသော​အရာကို၊ ပြည့်စုံခြင်း​ကဲ့သို့ပင် ရရှိ​လိမ့်မည်။

၃၁ ထီလက်စ်ရှယ်လ်​ဘုန်းအသရေ၏ တစ်စိတ်​တစ်ပိုင်း​အားဖြင့် ရှင်သန်ရသော သူတို့သည်လည်း ထို့နောက်တွင်၊ တူသော​အရာကို၊ ပြည့်စုံခြင်း​ကဲ့သို့ပင် ရရှိ​လိမ့်မည်။

၃၂ ဆက်၍​ကျန်ရှိသော​သူတို့သည်လည်း ရှင်သန်ရ​လိမ့်မည်။ သို့သော်လည်း၊ သူတို့သည် ရရှိ​နိုင်ခဲ့​လေမည့်​အရာနှင့် ပျော်မွေ့ရန် လိုလို​လားလား​မရှိကြ​သောကြောင့်၊ ရရှိရန် လိုလို​လားလား​ရှိသည့်​အရာနှင့် ပျော်မွေ့ရန် မိမိတို့​နေရာသို့ တစ်ဖန်​ပြန်လာကြ​လိမ့်မည်။

၃၃ အကြောင်း​မူကား၊ လူသည် မိမိအား ဆုကျေးဇူး​ပေးသော်လည်း ထို​ဆုကျေးဇူးကို လက်ခံခြင်း​မရှိလျှင် အဘယ်​အကျိုး​ရှိသနည်း။ ရှုလော့၊ ထိုသူသည် မိမိအား ပေးသည့် အရာ၌ ရွှင်လန်း​ဝမ်းမြောက်ခြင်း မရှိ၊ ဆုကျေးဇူးကို ပေးသောသူ၌လည်း ရွှန်လန်း​ဝမ်းမြောက်ခြင်း​မရှိ။

၃၄ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ဥပဒေဖြင့် အုပ်ချုပ်​ခံရသော​အရာသည် ဥပဒေဖြင့် ထိန်းသိမ်း​စောင့်ရှောက်​ခံရပြီး၊ တူသော​အရာဖြင့်ပင် စုံလင်စေပြီး၊ သန့်ရှင်း​စင်ကြယ်စေ​ရ၏။

၃၅ ဥပဒေကို ချိုးဖောက်သော၊ ဥပဒေကို မနာခံသော၊ သို့ရာတွင် မိမိကိုယ်တိုင်​အတွက် ဥပဒေ​ဖြစ်လာ​စေရန် ကြိုးစားသော၊ အပြစ်၌ နေထိုင်​လိုသော၊ အပြစ်၌ လုံးဝ​နေထိုင်သော​သူကို ဥပဒေ​အားဖြင့်​သော်လည်းကောင်း၊ ကရုဏာ​အားဖြင့် သော်လည်းကောင်း၊ တရား​မျှတခြင်း​အားဖြင့် သော်လည်းကောင်း၊ တရား​စီရင်ခြင်း​အားဖြင့်​သော်လည်းကောင်း သန့်ရှင်း​စင်ကြယ်​စေခြင်း​မရှိနိုင်။ ထို့ကြောင့်၊ သူတို့သည် ဆက်၍​ညစ်ညမ်းလျက်​ရှိကြ၏။

၃၆ ခပ်သိမ်းသော​နိုင်ငံတော်တို့၌ ပေးထားသော ဥပဒေ​ရှိ၏။

၃၇ နိုင်ငံတော်​များစွာ​ရှိ၏။ အကြောင်း​မူကား၊ နိုင်ငံတော်​မရှိသည့်​နေရာ​မရှိ။ နေရာ​မရှိသည့်​နိုင်ငံတော်လည်း​မရှိ။ သာ၍​ကြီးသော သို့မဟုတ် သာ၍​ငယ်သော​နိုင်ငံတော်​မရှိ။

၃၈ နိုင်ငံတော်တိုင်းသို့ ဥပဒေကို ပေးထား၏။ ထို့အတူ၊ ဥပဒေတိုင်း၌ ကန့်သတ်ချက်​အချို့နှင့် ပြဌာန်းချက်များလည်း ရှိ၏။

၃၉ ထို​ပြဌာန်းချက်များကို လိုက်နာခြင်း​မရှိသောသူ​အပေါင်းသည် အပြစ်​မကင်း​စေရ။

၄၀ အကြောင်း​မူကား၊ အသိဉာဏ်သည် အသိဉာဏ်၌ စွဲမြဲ၏။ ဉာဏ်ပညာက ဉာဏ်ပညာကို လက်ခံ၏။ သမ္မာ​တရားက သမ္မာတရားကို လှိုက်လှိုက်​လှဲလှဲ​လက်ခံ၏။ ကိုယ်ကျင့်​သီလက ကိုယ်ကျင့်သီလကို ချစ်၏။ အလင်းသည် အလင်း၌ စွဲမြဲ၏။ ကရုဏာက ကရုဏာကို သနားပြီး မိမိလူတို့​အပေါ်​သက်ရောက်၏။ တရားမှုသည် မိမိလမ်းကြောင်းကို ဆက်၍​သွားပြီး၊ မိမိလူတို့​အပေါ် သက်ရောက်၏။ ပလ္လင်​ပေါ်မှာ​ထိုင်ပြီး၊ ခပ်သိမ်းသော​အရာတို့ကို စီရင်သည့်​သူ၏​မျက်နှာရှေ့၌ တရား​စီရင်ခြင်း​သွား၏။

၄၁ သူသည် ခပ်သိမ်းသောအရာတို့ကို နားလည်၏၊ ထို့အတူ ခပ်သိမ်းသောအရာတို့သည် သူ့ရှေ့၌​ရှိ၏၊ ထို့အတူ ခပ်သိမ်းသော​အရာတို့သည် သူ့ပတ်ဝန်းကျင်၌ ရှိ၏။ ထို့အတူ သူသည် ခပ်သိမ်းသော​အရာတို့ အထက်၌၊ ထို့အတူ ခပ်သိမ်းသော​အရာတို့​အထဲ၌၊ ထို့အတူ ခပ်သိမ်းသော​အရာတို့ တစ်လျှောက်၌၊ ထို့အတူ ခပ်သိမ်းသော​အရာတို့​ပတ်ဝန်းကျင်၌ ရှိ၏။ ထို့အတူ ခပ်သိမ်းသော​အရာတို့သည် သူ့အားဖြင့်၊ ထို့အတူ သူ့ထံမှ၊ အမှန်​စင်စစ် ဘုရားသခင်​ထံမှ​နေ၍ ကာလ​အစဉ်​အဆက် အမြဲ​ဖြစ်လေ၏။

၄၂ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သူသည် ခပ်သိမ်းသော​အရာတို့​အဖို့ ဥပဒေ​တစ်ခုကို ပေးထား၏၊ ၎င်းအားဖြင့် မိမိတို့​အချိန်များ၊ မိမိတို့​ရာသီများ​အတိုင်း ရွေ့လျား​ကြ၏။

၄၃ ၎င်းတို့၏​လမ်းကြောင်းများ၊ ကောင်းကင်နှင့်​မြေကြီး၏​လမ်းကြောင်းများ အတည်​တကျ​ဖြစ်ရာတွင် မြေကြီးနှင့် ခပ်သိမ်းသော​ဂြိုဟ်များ ပါဝင်၏။

၄၄ ၎င်းတို့သည် မိမိတို့​အချိန်များ​အတိုင်း၊ မိမိတို့​ရာသီများ​အတိုင်း၊ မိမိတို့​မိနစ်များ​အတိုင်း၊ မိမိတို့​နာရီများ​အတိုင်း၊ မိမိတို့​နေ့များ​အတိုင်း၊ မိမိတို့​သီတင်းပတ်များ​အတိုင်း၊ မိမိတို့​လများ​အတိုင်း၊ မိမိတို့​နှစ်များ​အတိုင်း တစ်ခုနှင့်​တစ်ခု အလင်းကို ပေးကြ၏—ခပ်သိမ်းသော​ဤ​အရာတို့မှာ ဘုရားသခင်​အနေဖြင့် တစ်နှစ်​ဖြစ်၏၊ လူသား​အနေဖြင့်​မဟုတ်။

၄၅ ဘုရားသခင်၏ တန်ခိုးတော်​အလယ်၌၊ မြေကြီးသည် မိမိ​အတောင်​များဖြင့် လည်၏၊ နေသည် နေ့၌ မိမိ​အလင်းကို​ပေး၏၊ လသည်လည်း ည၌ မိမိ​အလင်းကို ပေး၏၊ ကြယ်တို့သည်လည်း မိမိတို့​ဘုန်းအသရေ၌ မိမိတို့​အတောင်များဖြင့် လည်​စဉ်တွင် မိမိတို့​အလင်းကို ပေးကြ၏။

၄၆ ရှုလော့၊ သင်တို့​နားလည်​နိုင်ကြ​စေခြင်းငှာ ဤ​နိုင်ငံတော်တို့ကို အဘယ်​အရာနှင့် ငါ​နှိုင်းယှဉ်​ပြရ​မည်နည်း။

၄၇ ရှုလော့၊ ခပ်သိမ်းသော​ဤ​အရာတို့သည် နိုင်ငံတော်များ​ဖြစ်ကြ၏၊ ဤ​အရာတို့​အထဲမှ တစ်စုံ​တစ်ခု သို့မဟုတ် အနည်းငယ်ကို မြင်ရသူ အဘယ်သူ​မဆို ဘုရားသခင်သည် သူ့အာနုဘော်နှင့် တန်ခိုးတော်ဖြင့် ရွေ့လျား​တော်မူလျက်​ရှိကြောင်းကို မြင်ရ​လေပြီ။

၄၈ သင်တို့ကို ငါဆိုသည်ကား၊ သူ့ကို မြင်လေပြီ။ သို့သော်လည်း၊ မိမိ​လူမျိုးတို့​ဆီသို့ လာသောသူသည် လက်ခံခြင်းကို မရ။

၄၉ အလင်းသည် မှောင်မိုက်၌ တောက်ပသော်လည်း မှောင်မိုက်သည် ၎င်းကို နားလည်ခြင်း​မရှိ၊ အမှန်​စင်စစ် ဘုရားသခင်ကို သင်တို့​နားလည်ပြီး၊ သူ့၌​လည်းကောင်း၊ သူ့အားဖြင့်​လည်းကောင်း ရှင်သန်​စေလျက်​ရှိသည့်နေ့ ကျရောက်​လာလိမ့်မည်။

၅၀ ထို့နောက်တွင်၊ သင်တို့သည် ငါ့ကို မြင်ရ​လေကြောင်း၊ ငါ ဖြစ်တော်မူကြောင်း၊ ငါသည် သင်တို့၌ ရှိသည့် မှန်သော​အလင်း ဖြစ်တော်မူကြောင်း၊ ထို့အတူ သင်တို့သည် ငါ၌ ရှိကြ​လေကြောင်း သိကြ​လိမ့်မည်။ သို့မဟုတ်လျှင်၊ သင်တို့​မကြွယ်ဝ​နိုင်ခဲ့ကြ။

၅၁ ရှုလော့၊ ငါသည် ဤ​နိုင်ငံတော်တို့ကို လယ်ကွင်း​ရှိသောသူ​တစ်ဦးနှင့် နှိုင်းယှဉ်​ပြမည်၊ ထိုသူသည် မိမိကျွန်များကို လယ်ကွင်း​ထဲ၌ တူးဆွကြ​စေရန် လယ်ကွင်းထဲသို့ စေလွှတ်၏။

၅၂ ထိုသူက ပထမဦးဆုံးလူကို ဆိုလေသည်ကား၊ သင်သည် လယ်ကွင်း​ထဲသို့ သွား၍ အလုပ်​လုပ်လော့၊ ပထမဦးဆုံး​နာရီတွင် ငါသည် သင့်ထံသို့ လာမည်၊ သင်သည်လည်း ငါ၏​မျက်နှာထား ဝမ်းမြောက်ခြင်းကို မြင်ရ​လိမ့်မည်။

၅၃ ထိုသူက ဒုတိယလူကို ဆိုလေသည်ကား၊ သင်သည်လည်း လယ်ကွင်း​ထဲသို့​သွားလော့၊ ဒုတိယ​နာရီတွင် ငါသည် သင့်ထံသို့ ငါ၏​မျက်နှာထား​ဝမ်းမြောက်ခြင်းနှင့်​အတူ အကြည့်​အရှု​လာမည်။

၅၄ တတိယလူကိုလည်း ဆိုလေ​သည်ကား၊ ငါသည် သင့်ကို အကြည့်​အရှု​လာမည်။

၅၅ စတုတ္ထလူကို​လည်းကောင်း၊ ထိုနည်းတူ တစ်ဆယ့်​နှစ်ယောက်​မြောက်သောသူ​အထိ ဆိုလေ၏။

၅၆ လယ်ကွင်း​ပိုင်ရှင်သည် ပထမဦးဆုံးလူ​ထံသို့ ပထမ​နာရီတွင်​သွား၍၊ ထိုနာရီ​တစ်ချိန်လုံး ထိုသူနှင့်​အတူ​နေထိုင်​သဖြင့် ထိုသူသည် မိမိသခင်၏​မျက်နှာထား​အလင်းကြောင့် ဝမ်းသာရ​လေ၏။

၅၇ ထို့နောက်တွင်၊ သူသည် ဒုတိယလူကိုလည်း အကြည့်​အရှု​သွားနိုင်ခြင်းငှာ ပထမဦးဆုံးသူ​ထံမှ ထွက်ခွာ၏၊ ထို့အတူ တတိယလူ၊ ထို့အတူ စတုတ္ထလူ၊ ထိုနည်းတူ တစ်ဆယ့်​နှစ်ယောက် မြောက်သောသူ​အထိ သွားလေ၏။

၅၈ ထိုကဲ့သို့​အားဖြင့် သူတို့အားလုံးသည်၊ လူတိုင်း မိမိ​နာရီ၌၊ ထို့အတူ မိမိ​အချိန်၌၊ ထို့အတူ မိမိ​ရာသီ၌ မိမိတို့​သခင်၏​မျက်နှာထား​အလင်းကို ရရှိကြသည်ကား—

၅၉ ပထမဦးဆုံးမှ​စ၍၊ ထိုနည်းတူ နောက်ဆုံး​အထိ၊ ထို့အတူ နောက်ဆုံးမှ ပထမဦးဆုံး​အထိ၊ ထို့အတူ ပထမဦးဆုံးမှ နောက်ဆုံး​အထိ ဖြစ်လေသတည်း။

၆၀ လူတိုင်း မိမိ​အစဉ်​အလိုက်၊ မိမိ​နာရီ​ပြီးဆုံးသည်​အထိ၊ မိမိ​သခင်​မိန့်မှာ​လေသည့်​အတိုင်းပင်၊ မိမိ၌ မိမိ​သခင်​ဘုန်း​ထင်ရှား​နိုင်စေခြင်းငှာ၊ ထို့အတူ မိမိ​သခင်၌ မိမိ​ဘုန်း​ထင်ရှား​နိုင်စေခြင်းငှာ၊ သူတို့အားလုံး ဘုန်း​ထင်ရှား​နိုင်ကြ​စေခြင်းငှာ ရှိကြ​လေ၏။

၆၁ ထို့ကြောင့်၊ ဤ​ပုံဆောင်စကားဖြင့်၊ ငါသည် ဤ​ခပ်သိမ်းသော​နိုင်ငံတော်တို့ကို၊ ထိုနေရာ၌ နေထိုင်​ကြသော​သူတို့ကို နှိုင်းယှဉ်ပြမည်—နိုင်ငံတော်တိုင်းကို မိမိ​နာရီ​အတိုင်း၊ ထို့အတူ မိမိ​အချိန်​အတိုင်း၊ ထို့အတူ မိမိ​ရာသီ​အတိုင်း၊ ဘုရားသခင် ပြုထား​လေသည့် စီရင်ချက်​အတိုင်းပင် အကြည့်​အရှု​ကြွတော်မူမည်။

၆၂ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​အဆွေခင်ပွန်းတို့၊ ဤစကားတို့ကို သင်တို့​စိတ်နှလုံး၌ မှတ်ကျုံး၍ စဉ်းစား​ဆင်ခြင်ကြ​စေရန် သင်တို့နှင့်​အတူ၊ ငါ​အနီး၌​ရှိစဉ် သင်တို့ ငါ့ကို ပတ္ထနာပြု​ရကြမည့်​အကြောင်း သင်တို့ကို ငါပေးသည့် ဤ​ပညတ်တော်နှင့်​အတူ ချန်ထားခဲ့၏—

၆၃ ငါ့ထံသို့ ချဉ်းကပ်​ကြလော့၊ ငါသည်လည်း သင်တို့ထံသို့ ချဉ်းကပ်​တော်မူမည်။ ငါ့ကို လုံ့လ​ဝီရိယ​ထက်သန်စွာ ရှာကြလော့၊ သင်တို့သည် ငါ့ကို တွေ့ကြ​လိမ့်မည်။ တောင်းကြလော့၊ သင်တို့​ရကြလိမ့်မည်။ ခေါက်ကြလော့၊ သင်တို့အား ဖွင့်ပေး​လိမ့်မည်။

၆၄ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ သင်တို့​တောင်းမည့်​အရာ၊ သင်တို့​အတွက် သင့်လျော်သည့်​အရာ မှန်သမျှကို သင်တို့အား ပေးတော်မူ​လိမ့်မည်။

၆၅ သင်တို့သည် သင်တို့​အတွက် မသင့်လျော်သည့်​အရာ​တစ်စုံ​တစ်ခုကို တောင်းကြလျှင်၊ ထိုအရာသည် သင်တို့၏ ပြစ်ဒဏ်​ချမှတ်ခြင်းသို့ ရောက်လိမ့်မည်။

၆၆ ရှုလော့၊ သင်တို့​ကြားသည့် အရာသည် တောရိုင်း​ထဲ၌ ဟစ်ကြော်သည့် အသံ​ကဲ့သို့သော​အရာ ဖြစ်၏—သူ့ကို သင်တို့​မမြင်နိုင်ကြ​သောကြောင့်၊ တောရိုင်းထဲ၌ဟု ဆို၏—ငါ၏​အသံသည် ဝိညာဉ်တော်​ဖြစ်သောကြောင့်၊ ငါ၏​အသံဟု​ဆို၏။ ငါ၏​ဝိညာဉ်တော်သည် သမ္မာ​တရား​ဖြစ်၏။ သမ္မာ​တရားသည် တည်တံ့ပြီး အဆုံး​မရှိ။ သင်တို့​အထဲ၌ ထို​တရား​ရှိလျှင်၊ ထို​တရား​တိုးပွား​လိမ့်မည်။

၆၇ သင်၏​မျက်စိသည် ငါ၏​ဘုန်းတော် ထင်ရှားဖို့​ကိုသာ စူးစိုက်လျှင်၊ သင်၏ တစ်ကိုယ်လုံးသည် အလင်းနှင့်​ပြည့်လိမ့်မည်၊ သင့်အထဲ၌ မှောင်မိုက်ခြင်းလည်း​မရှိ​လတ္တံ့။ အလင်းနှင့်​ပြည့်သည့် ထို​ကိုယ်ခန္ဓာသည် ခပ်သိမ်းသော​အရာတို့ကို နားလည်၏။

၆၈ ထို့ကြောင့်၊ သင်တို့ကိုယ်​သင်တို့ သန့်ရှင်း​စင်ကြယ်စေ​ကြလော့၊ သင်တို့​စိတ်သည် ဘုရားသခင်​အဖို့ စူးစိုက်လာ လိမ့်မည်၊ သူ့ကို သင်တို့​မြင်ကြရမည့်​နေ့များသည်လည်း ကျရောက်​လာလိမ့်မည်။ အကြောင်း​မူကား၊ သူသည် သူ၏​မျက်နှာကို သင်တို့အား ဖွင့်ပြလိမ့်မည်၊ ထို​အမှုသည်လည်း သူ၏​အချိန်​ကာလ၌၊ သူ၏​နည်း​အတိုင်း၊ သူ၏ အလိုတော်​အတိုင်း ဖြစ်လိမ့်မည်။

၆၉ သင်တို့ထံ ငါ​ပြုတော်မူ​လေသည့် ကြီးမြတ်သော နောက်ဆုံး​ကတိတော်ကို သတိရ​ကြလော့။ သင်တို့၏ ပျင်းရိသော​အတွေးများနှင့် သင်တို့၏​လွန်ကဲသော​ရယ်မောခြင်းတို့ကို သင်တို့ထံမှ ဝေးရာသို့ ပစ်လိုက်​ကြလော့။

၇၀ သင်တို့ တည်းခို​နေကြလော့၊ ဤနေရာ၌ သင်တို့ တည်းခို​နေကြလော့၊ ဤ​နောက်ဆုံး​နိုင်ငံတော်၌ ပထမဦးဆုံး အလုပ်​လုပ်ကြသော​သူတို့ကိုပင် ဓမ္မ​အစည်းအဝေးကိုလည်း ခေါ်ကြလော့။

၇၁ ခရီးသွားခြင်း၌ သူတို့​သတိပေး​လေသော​သူများ​ကိုလည်း ကိုယ်တော်ရှင်အား ပတ္ထနာပြုကြ​စေလော့၊ ကာလ​အနည်းငယ်​မျှသာ သူတို့​ရရှိ​လေသည့် သတိ​ပေးခြင်း​ကိုလည်း သူတို့​စိတ်နှလုံး၌ မှတ်ကျုံး၍​စဉ်းစား​ဆင်ခြင်ကြ​စေလော့။

၇၂ ရှုလော့၊ ကြည့်ဦးလော့၊ ငါသည် သင်တို့၏​သိုးစုများကို ဂရုစိုက်​တော်မူမည်၊ အသင်း​လူကြီးတို့​ကိုလည်း ပေါ်ထွန်း​စေပြီး ၎င်းတို့ထံ စေလွှတ်​တော်မူမည်။

၇၃ ရှုလော့၊ ငါသည် ငါ၏​အမှုတော်ကို သူ့အချိန်​ရောက်လျှင် နှိုးဆော်​တော်မူမည်။

၇၄ ဤ​နောက်ဆုံး​နိုင်ငံတော်၌ ပထမဦးဆုံး​အလုပ်​လုပ်ကြသူများ​တည်းဟူသော သင်တို့အား သင်တို့ကိုယ်​သင်တို့ အတူ​တကွ​စည်းဝေး​စေကြရန်၊ ထို့အတူ သင်တို့ကိုယ်​သင်တို့ စီစဉ်​စေကြရန်၊ ထို့အတူ သင်တို့ကိုယ်​သင်တို့ ပြင်ဆင်​စေကြရန်၊ ထို့အတူ သင်တို့ကိုယ်​သင်တို့ သန့်ရှင်း​စင်ကြယ်​စေကြ၊ ထိုမှ​တစ်ပါး သင်တို့​စိတ်နှလုံးကို စင်ကြယ်​စေကြရန်၊ ထို့အတူ ငါ့ရှေ့၌ သင်တို့​လက်များနှင့် ခြေများကို သန့်စင်​စေကြရန် ပညတ်တော်ကို ငါပေး၏။ ငါသည် သင်တို့အား သန့်ရှင်း​စေနိုင်​တော်မူ​ခြင်းငှာ​ပေတည်း။

၇၅ သင်တို့သည် ဤ​ဆိုးညစ်သော​မျိုးဆက်၏ အသွေးနှင့် ကင်းလွတ်ကြောင်း၊ သင်တို့၏​အဘ၊ ထို့အတူ သင်တို့၏​ဘုရားသခင်၊ ထို့အတူ ငါ၏​ဘုရားသခင်​ထံသို့ ငါ​သက်သေခံ​နိုင်ခြင်းငှာ၊ သင်တို့ထံ​ငါ​ပြုတော်မူ​လေသည့် ဤ​ကတိတော်၊ ဤ​ကြီးမြတ်သော​နောက်ဆုံး​ကတိတော်ကို ငါ​အလိုရှိ​တော်မူ​သည့်အခါ ပြီးပြည့်စုံ​နိုင်စေ​ခြင်းငှာ​ပေတည်း။

၇၆ ထို့အတူ၊ ငါသည် သင်တို့ယခု​အချိန်မှ​စ၍ ဆုတောင်းခြင်းနှင့် အစာ​ရှောင်ခြင်းတို့၌ ဆက်၍​ရှိနေကြရမည့်​အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။

၇၇ ငါသည် သင်တို့ နိုင်ငံတော်၏​ဩဝါဒကို တစ်ယောက်ကို​တစ်ယောက် သွန်သင်​ပေးကြရမည့် အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။

၇၈ သင်တို့သည် လုံ့လ​ဝီရိယ​ထက်သန်စွာ သွန်သင်​ကြလော့၊ ငါ၏​ကျေးဇူးတော်သည် သင်တို့နှင့် အတူ​ရှိလိမ့်မည်၊ သင်တို့သည် သဘော​တရား၌၊ အခြေခံဩဝါဒ၌၊ ဩဝါဒ၌၊ ဧဝံဂေလိ​တရားတော်​ဥပဒေ၌၊ သင်တို့​နားလည်ရန် သင့်လျော်သည့်​အရာများ တည်းဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သည့် ခပ်သိမ်းသောအရာတို့၌ ပို၍​စုံလင်စွာ သွန်သင်ခံကြရ နိုင်စေ​ခြင်းငှာ​ပေတည်း။

၇၉ ကောင်းကင်နှင့် မြေကြီး​နှစ်ခုစလုံး၌၊ ထို့အတူ မြေကြီး​အောက်၌ ရှိသော​အရာများ၊ ဖြစ်လေ​ပြီးသော​အရာများ၊ ဖြစ်လျက်​ရှိသော​အရာများ၊ မကြာမြင့်မီ​ဖြစ်လာ​ရမည့်​အရာများ၊ ကိုယ့်နိုင်ငံ၌ ရှိသော​အရာများ၊ တခြား​နိုင်ငံ၌ ရှိသော​အရာများ၊ ပြည်သားတို့၏​စစ်တိုက်ခြင်းများနှင့် ရှုပ်ထွေးခြင်းများ၊ ပြည်ပေါ်၌ ရှိသည့် တရား​စီရင်​တော်မူခြင်းများ​အကြောင်း၊ ထို့အတူ နိုင်ငံများနှင့် နိုင်ငံတော်များ အကြောင်း သိခြင်းလည်းပါဝင်၏—

၈၀ သင်တို့ကို ငါ​ခေါ်သွင်း​တော်မူ​လေရာ အမှုတော်ဆောင်​တာဝန်၊ ထို့အတူ သင်တို့ကို ငါ​အခွင့်​အရာ​ပေးတော်မူ​လေရာ သာသနာ​ပြုခြင်းကို တိုးမြှင့်​ဆောင်ရွက်ရန် သင်တို့ကို ငါ​တစ်ဖန်​စေလွှတ်မည့်​အချိန်၌ သင်တို့​ပြင်ဆင်​ပြီးသား​ရှိနိုင်ကြ​စေခြင်းငှာ​ပေတည်း။

၈၁ ရှုလော့၊ လူမျိုးတို့အား သက်သေခံရန်နှင့် သတိပေးရန် သင်တို့ကို ငါ​စေလွှတ်၏၊ သတိပေး ခံရ​လေပြီးသော​သူတိုင်းသည်လည်း ကိုယ်နှင့်​စပ်ဆိုင်သော​သူကို သတိပေးရန် လိုအပ်၏။

၈၂ ထို့ကြောင့်၊ သူတို့သည် အကြောင်း​ပြချက်​မရှိဘဲ ကျန်ရစ်​ကြ၏၊ သူတို့၏​အပြစ်​များသည် သူတို့​ဦးခေါင်း​ပေါ်မှာ ရှိကြ၏။

၈၃ ငါ့ကို ရှေးဦးစွာ​ရှာသော​သူသည် ငါ့ကို တွေ့လိမ့်မည်၊ စွန့်ပစ်​မခံရ​လတ္တံ့။

၈၄ ထို့ကြောင့်၊ သင်တို့ တည်းခို​နေကြလော့၊ လုံ့လ​ဝီရိယ​ထက်သန်စွာ အလုပ်​လုပ်ကြလော့၊ တပါး​အမျိုးသားတို့၌ နောက်ဆုံး​အကြိမ်​အဖြစ် ထွက်သွားရန်၊ ကိုယ်တော်ရှင်၏​နှုတ်တော်မှ​ပေးမည့် အမည်​မှန်သမျှ​တည်းဟူသော သင်တို့သည် ဥပဒေကို ထုပ်၍ သက်သေခံချက်ကို တံဆိပ်ခတ်ရန်၊ ထို့အတူ ကျရောက်​လာမည့် တရား​စီရင်ခြင်း​နာရီ​အတွက် သန့်ရှင်းသူတို့အား ပြင်ဆင်ရန်​ဖြစ်သည့် သင်တို့၏ အမှုတော်ဆောင်ခြင်း၌ စုံလင်​နိုင်ကြ​စေခြင်းငှာ​ပေတည်း။

၈၅ သူတို့စိတ်ဝိညာဉ်များ ဘုရားသခင်၏​အမျက်တော်၊ ဤလောက၌​လည်းကောင်း ကျရောက်​လာမည့်​လောက၌ လည်းကောင်း ဆိုးညစ်သော​သူတို့ကို စောင့်နေသည့် စက်ဆုပ်​ရွံရှာဖွယ် လူဆိတ်ညံခြင်းမှ လွတ်မြောက်​နိုင်ကြ​စေခြင်းငှာ​ပေတည်း။ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ပထမဦးဆုံး​အသင်း​လူကြီးများ မဟုတ်သော​သူတို့အား ကိုယ်တော်ရှင်၏​နှုတ်တော်မှ သူတို့ကို ခေါ်သည့်​အချိန်ထိ စပျစ်​ဥယျာဉ်ထဲ၌ ဆက်၍​နေစေလော့၊ အကြောင်း​မူကား၊ သူတို့၏​အချိန်သည် မကျရောက်​လာသေး။ သူတို့၏​အဝတ်တန်ဆာများသည် ဤမျိုးဆက်၏​အသွေးနှင့် မကင်းလွတ်။

၈၆ သင်တို့ကို လွတ်လပ်စေသော လွတ်လပ်ခြင်း၌ နေထိုင်​ကြလော့၊ သင်တို့ကိုယ်​သင်တို့ အပြစ်၌ ငြိတွယ်ခြင်း​မရှိစေနှင့်၊ သို့ရာတွင် ကိုယ်တော်ရှင်​ကြွလာတော်မူသည့်​အချိန်​အထိ သင်တို့​လက်များကို သန့်ရှင်း​စေကြလော့။

၈၇ အကြောင်း​မူကား၊ ယခု​အချိန်မှ​စ၍ များစွာသော​နေ့များ​မကြာမီ မြေကြီးသည် တုန်လျက် ယစ်မူးသောသူ​ကဲ့သို့ တလူးလည်လည်​ရှိလိမ့်မည်။ နေသည်လည်း မိမိ​မျက်နှာကို ကွယ်ထား​လိမ့်မည်၊ အလင်းကို​ပေးဖို့လည်း ငြင်းလိမ့်မည်။ လသည်လည်း အသွေးနှင့် လွှမ်းထား​လိမ့်မည်။ ကြယ်တို့သည်လည်း အလွန်​အမျက်ထွက်​လာကြ​လိမ့်မည်၊ သင်္ဘော​သဖန်းပင်မှ သင်္ဘော​သဖန်းသီး​ကြွေကျ​သကဲ့သို့ ခုန်ချကြ​လိမ့်မည်။

၈၈ သင်တို့၏​သက်သေခံချက်​နောက်တွင်၊ အမျက်နှင့် ဒေါသ လူမျိုးတို့​အပေါ် ကျရောက်​လိမ့်မည်။

၈၉ အကြောင်း​မူကား၊ သင်တို့၏ သက်သေခံချက်​နောက်တွင်၊ မြေကြီး​လှုပ်ခြင်း၏ သက်သေခံချက် ကျရောက်​လာလိမ့်မည်၊ ထိုအမှုက အလယ်၌ ညည်းတွားသံများကို ဖြစ်စေ​လိမ့်မည်၊ လူတို့သည်လည်း မြေကြီးပေါ်သို့​လဲကျပြီး ရပ်ရန် မတတ်နိုင်ဘဲ ရှိလိမ့်မည်။

၉၀ မိုးချုန်းခြင်းတို့​အသံ၏၊ ထို့အတူ လျှပ်စီးလက်ခြင်းတို့​အသံ၏၊ ထို့အတူ မိုးသက်​မုန်တိုင်းတို့​အသံ၏၊ ထို့အတူ မိမိတို့​အဆီး​အကာ​တို့ကို ကျော်တက်လျက်​ရှိသည့် ပင်လယ်​လှိုင်းတံပိုးတို့​အသံ၏ သက်သေခံချက် ကျရောက်​လာလိမ့်မည်။

၉၁ ခပ်သိမ်းသော​အရာတို့သည် ပုံကန်ခြင်း၌ ရှိလိမ့်မည်။ လူသားတို့၏ စိတ်နှလုံးသည် ထိုအရာတို့၌ ဧကန်​အမှန်စိတ်ပျက်ကြ​လိမ့်မည်။ အကြောင်း​မူကား၊ ကြောက်ခြင်းသည် ခပ်သိမ်းသောလူမျိုးတို့​အပေါ် ကျရောက်​လာလိမ့်မည်။

၉၂ ကောင်းကင်​တမန်တို့သည်လည်း ကောင်းကင်​အလယ်ကို ဖြတ်၍​ပျံကြလိမ့်မည်၊ ကျယ်သော​အသံနှင့် ဟစ်ကြွေးလျက်၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်လျက် မြွက်ဆိုကြ​သည်ကား၊ သင်တို့​ပြင်ဆင်​ကြလော့၊ သင်တို့​ပြင်ဆင်​ကြလော့၊ အို မြေကြီး​ပေါ်မှာ နေထိုင်​သူတို့။ အကြောင်း​မူကား၊ ငါတို့​ဘုရားသခင်၏​တရား​စီရင်​တော်မူခြင်း ကျရောက်​လာပြီ။ ရှုလော့၊ ကြည့်ဦးလော့၊ မင်္ဂလာဆောင်​လုလင် လာပြီ။ သူ့ကို တွေ့ရန် သင်တို့ထွက်သွား​ကြလော့။

၉၃ ချက်ချင်းပင် ကောင်းကင်၌ ကြီးစွာသော​နိမိတ်လက္ခဏာ ပေါ်ထွက်​လာလိမ့်မည်၊ လူမျိုး​အပေါင်းတို့သည်လည်း ထိုအရာကို အတူ​တကွ​မြင်ကြရ​လိမ့်မည်။

၉၄ တခြားသော​ကောင်းကင်​တမန်ကလည်း မိမိ​တံပိုးကို မှုတ်၍ ဆိုလေ​သည်ကား၊ ထို​အသင်းတော်ကြီး၊ စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့၏​အမိ၊ မိမိ​မတရားသော​မေထုန်ကြောင့် ရောက်စေသည့် အမျက်တော်​တည်းဟူသော​စပျစ်ရည်ကို လူမျိုး​အပေါင်းတို့အား​သောက်စေသည့်သူ၊ ဘုရားသခင်၏​သန့်ရှင်း​သူများကို ညှဉ်းဆဲသူ၊ သူတို့၏​အသွေးကို သွန်းလောင်းသူ—များစွာသောရေတို့ပေါ်၌၊ ထို့အတူ ပင်လယ်တစ်ဖက် တစ်ကျွန်း​တစ်နိုင်ငံတို့​အပေါ်၌ ထိုင်သူ—ရှုလော့၊ သူမသည် မြေကြီး၌ ရှိသည့် ပေါင်းပင်​ဖြစ်၏။ သူမကို အထုံးလိုက် စည်းနှောင်​ထား၏။ သူမ၏​ကြိုးတို့ကို ခိုင်မာ​စေပြီ။ အဘယ်သူမျှ ၎င်းတို့ကို မဖြေလွှတ်နိုင်။ ထို့ကြောင့်၊ သူမသည် လောင်မြိုက်​ခံရဖို့ အဆင်သင့်​ဖြစ်လေပြီ။ ထိုတမန်သည်လည်း မိမိ​တံပိုးကို ကြာကြာနှင့်​ကျယ်ကျယ်​မှုတ်လိမ့်မည်၊ လူမျိုး​အပေါင်းတို့သည်လည်း ကြားရ​လိမ့်မည်။

၉၅ ကောင်းကင်၌ နာရီဝက်​ကြာအောင် တိတ်ဆိတ်ခြင်း ရှိလိမ့်မည်။ ထို့နောက်​ချက်ချင်းတွင်၊ စာလိပ်ကို လိပ်ပြီးနောက် ဖွင့်ပြ​သကဲ့သို့ ကောင်းကင်​ကန့်လန့်ကာကို ဖွင့်ပြ​လိမ့်မည်၊ ကိုယ်တော်ရှင်၏ မျက်နှာကိုလည်း ဖော်ပြ​တော်မူ​လိမ့်မည်။

၉၆ မြေကြီး​ပေါ်ရှိ သန့်ရှင်းသူတို့၊ အသက်​ရှင်ကြသည့် ထိုသူတို့ကို ရှင်သန်​စေလိမ့်မည်၊ သူနှင့်​တွေ့ရ​စေခြင်းငှာ ချီဆောင်​တော်မူခြင်း​ကိုလည်း ခံကြရလိမ့်မည်။

၉၇ မိမိတို့​သင်္ချိုင်းတွင်းများ၌ အိပ်ပျော်ကြ​လေသော​သူတို့သည် ထွက်လာကြ​လိမ့်မည်၊ အကြောင်း​မူကား၊ သူတို့၏​သင်္ချိုင်းတွင်းများ ပွင့်လိမ့်မည်။ သူတို့သည်လည်း ကောင်းကင်​တိုင်တို့​အလယ်၌ သူနှင့်​တွေ့ရ​စေခြင်းငှာ ချီဆောင်​တော်မူခြင်းကို ခံကြရ​လိမ့်မည်—

၉၈ သူတို့သည်ကား၊ ခရစ်တော်၏​လူများ၊ အဦးသီးများ၊ သူနှင့်​အတူ ပထမဦးဆုံး ဆင်းသက်​လာကြမည့်​သူများ၊ မြေကြီး​ပေါ်၌​လည်းကောင်း၊ မိမိတို့​သင်္ချိုင်း​တွင်းများ​ထဲ၌​လည်းကောင်း ရှိကြ​သူများ၊ သူနှင့်​တွေ့ရ​စေခြင်းငှာ ပထမဦးဆုံး ချီဆောင်​တော်မူ​ခြင်းကို ခံရကြ​သူများ​ပေတည်း။ ဤ​ခပ်သိမ်းသော အရာတို့သည် ဘုရားသခင့်​ကောင်းကင်​တမန်၏ တံပိုး​မှုတ်သော​အသံ​အားဖြင့် ဖြစ်လိမ့်မည်။

၉၉ ဤ​အရာတို့​နောက်တွင်၊ တခြားသော​ကောင်းကင်တမန်က တံပိုး​မှုတ်လိမ့်မည်၊ ၎င်းသည် ဒုတိယ​တံပိုး​ဖြစ်၏။ ထို့နောက်တွင်၊ ခရစ်တော်​ကြွလာတော်မူ​သောအခါ၌ သူ၏​လူများ​ဖြစ်သော​သူတို့၏ ရွေးနုတ်ခြင်း ဖြစ်လာ​လိမ့်မည်။ ထိုသူတို့သည်ကား၊ ဧဝံဂေလိ​တရားတော်ကို ရရှိ​နိုင်ကြ​စေခြင်းငှာ၊ ထို့အတူ ဇာတိ​ကိုယ်ခန္ဓာ၌ လူသားတို့​အတိုင်း တရား​စီရင်​ခံကြရ​နိုင်စေ​ခြင်းငှာ သူတို့​အတွက်​ပြင်ဆင်​ထားသည့် ထို​ထောင်​ထဲ၌ မိမိတို့​ဝေစုကို ရရှိကြ​လေသော​သူများ ဖြစ်ကြ၏။

၁၀၀ ထိုမှ​တစ်ဖန်၊ တခြားသော​တံပိုးကို မှုတ်လိမ့်မည်၊ ၎င်းသည် တတိယ​တံပိုးဖြစ်၏။ ထို့နောက်တွင်၊ တရား​စီရင်​ခံကြရမည့်၊ ထို့အတူ ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌ တွေ့ရ​ကြမည့်​သူတို့၏ ဝိညာဉ်များ လာကြ၏။

၁၀၁ ဤ​သူတို့​သည်ကား သေသူ​တို့မှ ကျန်ကြွင်းသော​သူများ ဖြစ်ကြ၏။ သူတို့သည် အနှစ်​တစ်ထောင်​မကုန်မီ တစ်ဖန်​အသက်​မရှင်​ရကြ၊ ကမ္ဘာ​မကုန်ဆုံး​မီလည်း တစ်ဖန် အသက်​မရှင်​ရကြ။

၁၀၂ တခြားသော​တံပိုးကိုလည်း မှုတ်လိမ့်မည်၊ ၎င်းသည် စတုတ္ထ​တံပိုးဖြစ်၏၊ ဆိုလေမည်ကား၊ အဆုံးပင်​ဖြစ်သည့် ထို​ကြီးစွာသောနောက်ဆုံး​နေ့​အထိ ဆက်၍​ညစ်ညမ်းလျက်​ရှိကြ​ဦးမည့် ကျန်ကြွင်း​ကြသော​သူများ​ကြား၌ ရှိသော​သူများကို တွေ့ကြရ၏။

၁၀၃ တခြားသော​တံပိုးကို မှုတ်လိမ့်မည်၊ ၎င်းသည် ပဉ္စမ​တံပိုး​ဖြစ်၏၊ ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ကို အပ်နှံသည့် ပဉ္စမ​ကောင်းကင်​တမန်​ဖြစ်၏—ခပ်သိမ်းသော​ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို ပြောသူနှင့် လူမျိုးတို့ထံ ကောင်းကင် အလယ်ကို ဖြတ်၍ ပျံလျက်ရှိ၏။

၁၀၄ ဤ​အရာသည်ကား၊ ကောင်းကင်နှင့်​မြေကြီး​နှစ်ခု​စလုံး၌ ရှိကြသည့် ခပ်သိမ်းသော​လူတို့ထံ၊ ထို့အတူ မြေကြီး​အောက်၌ ရှိကြသော​သူတို့ထံ ဆိုလေသည့် သူ၏ တံပိုးသံ​ဖြစ်လိမ့်မည်—အကြောင်း​မူကား၊ ဘုရားသခင်ကို ကြောက်ကြလော့၊ ပလ္လင်​ပေါ်၌ ကာလ​အစဉ်​အဆက်​အမြဲ ထိုင်သူကို ချီးမွမ်း​ကြလော့၊ သူ၏ တရား​စီရင်​တော်မူရာ နာရီ ကျရောက်​လာပြီ ဟူသော တံပိုးသံကို ကြားရ​သောအခါ နားတိုင်း ကြားလိမ့်မည်၊ ထို့အတူ ဒူးတိုင်း​ထောက်လိမ့်မည်၊ ထို့အတူ နှုတ်တိုင်း ဝန်ခံ​လိမ့်မည်။

၁၀၅ ထိုမှ​တစ်ဖန်၊ တခြားသော​ကောင်းကင်​တမန်သည် မိမိ​တံပိုးကို မှုတ်လိမ့်မည်၊ ၎င်းသည် ဆဋ္ဌမ​ကောင်းကင်​တမန်​ဖြစ်၏၊ ဆိုလေ​သည်ကား၊ မိမိ​မတရားသော​မေထုန်ကြောင့် ရောက်စေသည့်​အမျက်တော်​တည်းဟူသော စပျစ်ရည်ကို လူမျိုး​အပေါင်း​တို့အား သောက်စေသည့် သူမသည် ကျလေပြီ​တကား။ သူမသည် ကျလေပြီ​တကား၊ ကျလေပြီတကား။

၁၀၆ ထိုမှ​တစ်ဖန်၊ တခြားသော​ကောင်းကင်​တမန်သည် မိမိ​တံပိုးကို မှုတ်လိမ့်မည်၊ ၎င်းသည် သတ္တမ​ကောင်းကင်​တမန်​ဖြစ်၏၊ ဆိုလေ​သည်ကား၊ ပြီးဆုံးပြီ၊ ပြီးဆုံးပြီ။ ဘုရားသခင်၏ သိုးသငယ်သည် အောင်နိုင်၍၊ စပျစ်သီး​နယ်ရာ​ကျင်းကို၊ အနန္တ​တန်ခိုးရှင်​ဘုရားသခင်၏ အမျက်တော်​ပြင်းထန်ခြင်း စပျစ်သီး​နယ်ရာ​ကျင်းကိုပင် တစ်ယောက်တည်း နင်းနယ်​လေပြီ။

၁၀၇ ထို့နောက်တွင်၊ ကောင်းကင်တမန်တို့သည် သူ့တန်ခိုးတော်​ဘုန်းအသရေနှင့် ချီးမြှင့်​ခံရ​လိမ့်မည်၊ သန့်ရှင်းသူ​တို့သည်လည်း ဘုန်းအသရေနှင့် ပြည့်လိမ့်မည်၊ သူတို့​အမွေခံရာကို ရရှိ​လိမ့်မည်၊ သူနှင့် တူညီ​စေလိမ့်မည်။

၁၀၈ ထို့နောက်တွင် ပထမ​ကောင်းကင်​တမန်သည် မိမိ​တံပိုးကို အသက်​ရှင်သူ​အပေါင်းတို့၏​နား၌ မှုတ်၍၊ လူသားတို့၏ လျှို့ဝှက်သော အမှုများ၊ ထို့အတူ ပထမ​နှစ်တစ်ထောင်၌ ဘုရားသခင်၏ ကြီးစွာသော အမှုများကို ဖော်ပြ​လိမ့်မည်။

၁၀၉ ထို့နောက်တွင် ဒုတိယ​ကောင်းကင်​တမန်သည် မိမိ​တံပိုးကို မှုတ်၍၊ လူသားတို့၏ လျှို့ဝှက်သော အမှုများ၊ ထို့အတူ သူတို့​စိတ်နှလုံး၏​အတွေးများနှင့် အကြံ​အစည်များ၊ ထို့အတူ ဒုတိယ​နှစ်တစ်ထောင်၌ ဘုရားသခင်၏ ကြီးစွာသော အမှုများကို ဖော်ပြ​လိမ့်မည်—

၁၁၀ ထိုနည်း​တူစွာပင်၊ သတ္တမ​ကောင်းကင်​တမန်​အထိ မိမိ​တံပိုးကို မှုတ်လိမ့်မည်။ သူသည် ပင်လယ်​ပေါ်မှာ၊ ကုန်းမြေ​ပေါ်မှာ ရပ်လိမ့်မည်၊ အချိန်ရှိတော့လိမ့်မည် မဟုတ်ကြောင်း ပလ္လင်​ပေါ်မှာ​ထိုင်သည့်သူ၏ နာမတော်​အားဖြင့် ကျိန်ဆို​လိမ့်မည်။ စာတန်၊ ထိုရှေးမြွေဟောင်း၊ နတ်ဆိုးဟု အခေါ်​ခံရသူ​သည်လည်း ချည်နှောင်​ခံရ​လိမ့်မည်၊ နှစ်တစ်ထောင် ကြာအောင်​မလွတ်ရ။

၁၁၁ ထို့နောက်တွင်၊ သူ၏​တပ်များကို အတူ​တကွ​စုစည်း နိုင်စေ​ခြင်းငှာ သူ့ကို ကာလအနည်းငယ်မျှသာ လွှတ်ပေး​လိမ့်မည်။

၁၁၂ မိက္ခေလ၊ သတ္တမ​ကောင်းကင်​တမန်၊ အထူး​သဖြင့် ကောင်းကင်​တမန်မင်းသည် မိမိတပ်များ၊ အထူး​သဖြင့် ကောင်းကင်​ဗိုလ်ခြေတို့ကို အတူ​တကွ စုစည်း​လိမ့်မည်။

၁၁၃ နတ်ဆိုးသည်လည်း မိမိ​တပ်များ၊ အထူး​သဖြင့် ငရဲ​ဗိုလ်ခြေတို့ကို​စုစည်း​လိမ့်မည်၊ ထို့နောက် မိက္ခေလနှင့် သူ၏​တပ်များကို စစ်တိုက်​လိမ့်မည်။

၁၁၄ ထို့နောက်တွင် ကြီးမြတ်​တော်မူသော​ဘုရားသခင်၏ တိုက်ပွဲ ဖြစ်လိမ့်မည်။ နတ်ဆိုးနှင့် သူ၏ တပ်များသည် သူတို့​နေရာသို့ ပစ်ချ​ခံရ​သဖြင့်၊ သန့်ရှင်း​သူတို့​အပေါ် အဘယ်​နည်းနှင့်မျှ အစိုး​မရ​ကြတော့။

၁၁၅ အကြောင်း​မူကား၊ မိက္ခေလသည် သူတို့၏​တိုက်ပွဲများကို တိုက်လိမ့်မည်၊ ပလ္လင်​ပေါ်မှာ​ထိုင်သောသူ၊ အထူး​သဖြင့် သိုးသငယ်၏​ပလ္လင်ကို ရှာသည့်​သူကို အနိုင်ရ​လိမ့်မည်။

၁၁၆ ဤ​အရာသည် ဘုရားသခင်၏၊ ထို့အတူ သန့်ရှင်း​စင်ကြယ်သူ​တို့၏ ဘုန်း​အသရေ​ဖြစ်၏။ သူတို့သည် သေခြင်းကို အဘယ်​တော့မျှ နောက်ထပ်​မတွေ့ရ​ကြတော့။

၁၁၇ ထို့ကြောင့်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​အဆွေ​ခင်ပွန်းတို့၊ ငါ​မိန့်တော်မူ​လေသည့် အတိုင်း သင်တို့၏ ဓမ္မ​အစည်း​အဝေးကို ခေါ်ကြလော့။

၁၁၈ အားလုံး ယုံကြည်ခြင်း ရှိကြသည် မဟုတ်​သောကြောင့်၊ ဉာဏ်ပညာ​စကားတို့ကို သင်တို့ လုံ့လ​ဝီရိယ​ထက်သန်စွာ​ရှာပြီး၊ တစ်ယောက်ကို တစ်ယောက် သွန်သင်​ပေးကြလော့။ ထိုမှ​တစ်ပါး၊ အကောင်းဆုံး​စာအုပ်များမှ ဉာဏ်ပညာ​စကားတို့ကို သင်တို့​ရှာကြလော့။ သင်ယူခြင်းကို အမှန်​စင်စစ်၊ လေ့လာခြင်း​အားဖြင့်၊ ထို့အတူ ယုံကြည်ခြင်း​အားဖြင့်လည်း အားထုတ်​ကြလော့။

၁၁၉ သင်တို့ကိုယ်​သင်တို့ စီစဉ်​ကြလော့။ လိုသော​အရာ​မှန်သမျှကို ပြင်ဆင်​ကြလော့။ အိမ်​တစ်အိမ်၊ အထူး​သဖြင့် ဆုတောင်းခြင်းအိမ်၊ အစာ​ရှောင်ခြင်း​အိမ်၊ ယုံကြည်ခြင်း​အိမ်၊ သင်ယူခြင်း​အိမ်၊ ဘုန်း​အသရေ​အိမ်၊ အစီ​အစဉ်​တကျ​ရှိသော​အိမ်၊ ဘုရားသခင်၏ အိမ်တော်ကို တည်ဆောက်​ကြလော့။

၁၂၀ သင်တို့​ဝင်လာခြင်းသည် ကိုယ်တော်ရှင်၏​နာမတော်​အားဖြင့် ဖြစ်နိုင်​စေခြင်းငှာ၊ သင်တို့​ထွက်သွားခြင်းသည် ကိုယ်တော်ရှင်၏​နာမတော်​အားဖြင့် ဖြစ်နိုင်​စေခြင်းငှာ၊ အမြင့်ဆုံးသော​ဘုရား​ထံသို့ လက်ကို​မြှောက်လျက် သင်တို့၏ခပ်သိမ်းသော နှုတ်ဆက်ခြင်း​တို့သည် ကိုယ်တော်ရှင်၏​နာမတော်​အားဖြင့် ဖြစ်နိုင်​စေခြင်းငှာ​ပေတည်း။

၁၂၁ ထို့ကြောင့်၊ သင်တို့၏ ပေါ့ပျက်သော​စကား​အပေါင်းတို့မှ၊ ရယ်မောခြင်း​အပေါင်းတို့မှ၊ သင်တို့၏ တပ်မက်သော အလို​ဆန္ဒ​အပေါင်းတို့မှ၊ သင်တို့၏​မာနနှင့် စိတ်​ပေါ့ပျက်ခြင်း​အပေါင်းတို့မှ၊ ထို့အတူ သင်တို့၏ ဆိုးညစ်သော​အကျင့်​အပေါင်းတို့မှ ရပ်တန့်​ကြလော့။

၁၂၂ သင်တို့၌ ဆရာ​တစ်ယောက်ကို ခန့်အပ်​ကြလော့၊ ခပ်သိမ်းသော​သူတို့ကို တစ်ကြိမ်တည်း စကား​မပြော​စေဘဲ၊ တစ်ကြိမ်တွင် တစ်ယောက်​ပြောစေပြီး၊ ခပ်သိမ်းသော​သူတို့အား ထိုသူ၏ စကားတို့ကို နားထောင်ကြ​စေလော့၊ ခပ်သိမ်းသော​သူတို့ ပြောပြီး​လေသော​အခါ၊ ခပ်သိမ်းသော​သူတို့သည် ခပ်သိမ်းသော​သူတို့​အားဖြင့် တည်ဆောက်ရ​စေကြောင်း၊ ထို့အတူ လူတိုင်း ညီမျှသော အထူး​အခွင့်အရေးကို ရနိုင်ကြ​စေကြောင်း​ပေတည်း။

၁၂၃ တစ်ယောက်ကို​တစ်ယောက် ချစ်ကြလော့။ လောဘ​လွန်ကျူးခြင်းမှ ရပ်တန့်​ကြလော့။ ဧဝံဂေလိ​တရားတော်က လိုအပ်သည့်​အတိုင်း တစ်ယောက်ကို တစ်ယောက်​မျှ၍​ပေးရန် သင်ယူ​ကြလော့။

၁၂၄ ပျင်းရိ​ခြင်းမှ ရပ်တန့်လော့။ မစင်ကြယ်​ခြင်းမှ ရပ်တန့်လော့။ အချင်းချင်း အမှား​ရှာခြင်းမှ ရပ်တန့်လော့။ လိုအပ်သည်ထက် ပို၍​ကြာရှည်စွာ​အိပ်ခြင်းမှ ရပ်တန့်လော့။ ကိုယ့်အိပ်ရာသို့ စောစော​ဝင်လော့၊ သင်တို့​မမောပန်း​နိုင်ကြ​စေကြောင်း​ပေတည်း။ စောစော​ထလော့၊ သင်တို့၏​ကိုယ်ခန္ဓာနှင့်​စိတ် ဖျတ်လတ်​သန်စွမ်း​နိုင်စေကြောင်း​ပေတည်း။

၁၂၅ ခပ်သိမ်းသော​အရာတို့ထက်၊ စုံလင်ခြင်းနှင့် ငြိမ်းချမ်းခြင်း​အနှောင်​အဖွဲ့ဖြစ်သည့် တဘက်နှင့်​ကဲ့သို့ သင်တို့ကိုယ်​သင်တို့ မေတ္တာ​အနှောင်အဖွဲ့နှင့် ဝတ်ဆင်​လော့။

၁၂၆ သင်တို့သည် အား​မလျော့​နိုင်ကြ​စေခြင်းငှာ ငါ​ကြွရောက်​လာတော်မူ​သည်အထိ အစဉ်​အမြဲ​ဆုတောင်း​ကြလော့။ ရှုလော့၊ ကြည့်ဦးလော့၊ ငါသည် လျင်မြန်စွာ ကြွရောက်​လာတော်မူမည်၊ သင်တို့ကို ငါ့ထံသို့ လက်ခံ​တော်မူမည်။ အာမင်။

၁၂၇ ထိုမှ​တစ်ဖန်၊ သူတို့​အတွက်၊ အထူး​သဖြင့် အသင်းတော်၏ အရာရှိ​အားလုံး၊ သို့မဟုတ် တစ်နည်း​အားဖြင့်၊ ယဇ်ပုရောဟိတ်မင်းမှ​စ၍၊ သင်းထောက်များ​အထိပင်​ဖြစ်သည့် အသင်းတော်၌ အမှုတော်ဆောင်​ခြင်းသို့ ခေါ်သွင်း​ခံရ​သူများ​အတွက် လိုအပ်သော​အရာ​မှန်သမျှကို သွန်သင်ခြင်း​အတွက် တည်ဆောက်​ထားသည့် ပရောဖက်တို့၏ကျောင်း​ဥက္ကဋ္ဌ​အဖွဲ့ အတွက် ပြင်ဆင်​ထားသည့် အိမ်၏​အစီ​အစဉ်မှာ—

၁၂၈ ဤ​အရာသည် ကျောင်း​ဥက္ကဋ္ဌ​အဖွဲ့​အိမ်၏ အစီ​အစဉ်​ဖြစ်လိမ့်မည်။ ဥက္ကဋ္ဌ၊ သို့မဟုတ် ဆရာ​အဖြစ် ခန့်အပ်​ထား​ခံရ​သူသည် သူ့အတွက် ပြင်ဆင်​ထားမည့်​အိမ်ရှိ၊ သူ့နေရာ၌ နေရမည်။

၁၂၉ ထို့ကြောင့်၊ သူ၏​စကားများကို အိမ်တော်​ထဲမှာ​ရှိသည့် ပရိတ်သတ်မှ ကျယ်လောင်စွာ မဟုတ်သော်လည်း၊ ဂရုစိုက်၍ ပြတ်သားစွာ​ကြားနိုင်သည့်​နေရာ တည်းဟူသော ဘုရားသခင်၏​အိမ်တော်၌ သူသည် ပထမ​ဦးဆုံးသောသူ​ဖြစ်လိမ့်မည်။

၁၃၀ သူသည် ဘုရားသခင်၏ အိမ်တော်​ထဲသို့ ဝင်ရောက်​လာသော​အခါ၊ အိမ်တော်​ထဲ၌ ပထမ​ဦးဆုံးသောသူ​ဖြစ်၍—​ရှုလော့၊ သူသည် ပုံသက်သေ​တစ်ခု​ဖြစ်နိုင်​စေကြောင်း ဤ​အမှုသည် တင့်တယ်​ပေ၏—

၁၃၁ ထာဝရ​တည်မြဲသော​ပဋိညာဉ််၏ လက္ခဏာ​သက်သေ သို့မဟုတ် သတိရခြင်း​အဖြစ် ထိုသူအား ဘုရားသခင်​ရှေ့၌ ဒူးထောက်၍ ဆုတောင်းခြင်းဖြင့် သူ့ကိုယ်ကို ပူဇော်​စေလော့။

၁၃၂ သူ့နောက်မှ တစ်စုံ​တစ်ယောက် ဝင်ရောက်​လာသော​အခါ၊ ထို​ဆရာကို ထစေပြီး၊ ကောင်းကင်သို့ လက်ကို​တည့်တည့်​မြှောက်လျက်၊ ထိုမှ​တစ်ပါး၊ မိမိ​ညီအစ်ကို သို့မဟုတ် ညီအစ်ကို​တို့ကို ဤ​စကားတို့နှင့် နှုတ်ဆက်​စေလော့။

၁၃၃ သင်သည် ညီအစ်ကို တစ်ဦး သို့မဟုတ် ညီအစ်ကိုများ ဖြစ်လေ​သလော။ ငါသည် သင့်ကို ကိုယ်တော်ရှင် ယေရှု​ခရစ်တော်၏ နာမတော်​အားဖြင့်​လည်းကောင်း၊ ချစ်ခြင်း​အနှောင်​အဖွဲ့တို့၌ ဘုရားသခင်၏​ကျေးဇူးတော်​အားဖြင့် သင်၏​အဆွေ​ခင်ပွန်းနှင့် ညီအစ်ကို​ဖြစ်ရ​စေခြင်းငှာ၊ အပြစ်​တင်ခွင့်နှင့် ကင်းလျက် ဘုရားသခင်၏ ခပ်သိမ်းသော​ပညတ်တော်​တို့ကို ကျေးဇူးတော်​ချီးမွမ်းခြင်းဖြင့် ကာလ​အစဉ်​အဆက် အမြဲ လိုက်လျှောက်​ခြင်းငှာ၊ စွဲမြဲသော၊ မတိမ်းယိမ်းသော၊ ထို့အတူ မပြောင်းလဲ​တတ်သော သန္နိဋ္ဌာန်ဖြင့် မိဿဟာယ​ဖွဲ့ရန် သင့်ကို လက်ခံရာ ပဋိညာဉ်​ဖြစ်သည့် ထာဝရ​တည်မြဲသော ပဋိညာဉ်၏ လက္ခဏာ​သက်သေ သို့မဟုတ် သတိရခြင်းဖြင့် လည်းကောင်း နှုတ်ဆက်​ပါ၏။ အာမင်။

၁၃၄ ဤ​နှုတ်ဆက်ခြင်းနှင့် မထိုက်တန်ကြောင်း တွေ့ရသူကို သင်တို့၌ နေရာ​မရ​စေနှင့်။ အကြောင်း​မူကား၊ သင်တို့သည် ငါ၏​အိမ်တော်ကို ထိုသူ​အားဖြင့် ညစ်ညူး​စေဖို့ အခွင့်​မပေးနှင့်။

၁၃၅ ဝင်ရောက်​လာသော​သူသည်၊ ငါ့ရှေ့၌ သစ္စာ​ရှိ၍၊ ညီအစ်ကို​တစ်ဦး၊ သို့မဟုတ် သူတို့သည် ညီအစ်ကိုများ​ဖြစ်ကြလျှင်၊ ဥက္ကဋ္ဌ သို့မဟုတ် ဆရာကို ကောင်းကင်သို့ လက်ကို​မြှောက်လျက်၊ ဤ​တူသော​ဆုတောင်းခြင်းနှင့် ပဋိညာဉ်၊ သို့မဟုတ် တူသော​လက္ခဏာ​သက်သေဖြင့် အာမင်ဟု​ဆို၍ နှုတ်ဆက်​ရမည်။

၁၃၆ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ဤ​အရာသည် ဘုရားသခင်၏​အိမ်တော်၌၊ ပရောဖက်တို့၏​ကျောင်း၌ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ခြင်း​အတွက် သင်တို့​အဖို့ ပုံသက်သေ​တစ်ခု ဖြစ်၏။

၁၃၇ သင်တို့သည် ဤ​အမှုကို ဆုတောင်းခြင်းနှင့် ကျေးဇူးတော်​ချီးမွမ်းခြင်း​တို့ဖြင့် ပြုရန်​ခေါ်သွင်း ခံကြရ၏၊ ကိုယ်တော်ရှင်၏ အိမ်တော်​ထဲ၌၊ ပရောဖက်တို့၏​ကျောင်းထဲ၌ သင်တို့​ပြုသမျှသော အရာ​တို့တွင် ဝိညာဉ်တော်က ဟောပြောခြင်း​အခွင့်ကို​ပေးစဉ် သင်တို့၏ တည်ဆောက်ခြင်း​အဖို့ ဝတ်ပြုရာ​နေရာ​တစ်ခု၊ သန့်ရှင်းသော​ဝိညာဉ်တော်၏ တဲတော်​တစ်ခု ဖြစ်လာ​နိုင်စေ​ခြင်းငှာ​ပေတည်း။

၁၃၈ ဤ​မျိုးဆက်၏​အသွေးနှင့် ကင်း​လွတ်သူ​မှတစ်ပါး၊ သင်တို့၌ အဘယ်သူ့ကိုမျှ ဤ​ကျောင်း​ထဲသို့ လက်မခံရ။

၁၃၉ ထိုသူကို ခြေဆေးခြင်း​ဘိသိက်​မင်္ဂလာ​အားဖြင့် လက်ခံ​ရမည်၊ အကြောင်း​မူကား၊ ဤ​ရည်ရွယ်ချက်​ကြောင့် ခြေဆေးခြင်း​ဘိသိက်​မင်္ဂလာကို တည်ထောင်​ထားလေ၏။

၁၄၀ ထိုမှ​တစ်ဖန်၊ ခြေဆေးခြင်း​ဘိသိက်​မင်္ဂလာကို ဥက္ကဋ္ဌ၊ သို့မဟုတ် အသင်းတော်၏ ဦးစီး​အသင်း​လူကြီး အားဖြင့် စီမံ​ဆောင်ရွက်​ရမည်။

၁၄၁ ဆုတောင်းခြင်းနှင့် အစပြု​ရမည်။ မုန့်နှင့် စပျစ်ရည်ကို သုံးဆောင်​ပြီးနောက်၊ ထိုသူသည် ငါနှင့် စပ်လျဉ်း၍ ယောဟန်၏ သက်သေခံချက် အခန်းကြီး​တစ်ဆယ့်သုံးတွင် ဖော်ပြ​ထားသည့် ပုံစံ​အတိုင်း မိမိကိုယ်ကို စည်းရမည်။ အာမင်။