အပိုဒ်ငယ် ၈
၁၈၂၉ ခု၊ ဧပြီလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် အော်လီဗာကောင်ဒရီသို့ ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။ မော်မုန်ကျမ်းဘာသာပြန်ခြင်းတွင်၊ ပရောဖက်၏နှုတ်တိုက်ချပေးခြင်းကို လိုက်၍ရေးရာ၌ စာရေးသူအဖြစ် ဆက်၍ ထမ်းဆောင်လိုသော အော်လီဗာသည် ဘာသာပြန်ခြင်းဆုကျေးဇူးကို အပ်နှင်းခံရဖို့၊ အလိုရှိ၏။ ကိုယ်တော်ရှင်သည် ဤဗျာဒိတ်တော်ကို ပေးတော်မူခြင်းအားဖြင့် သူ၏ပတ္ထနာပြုခြင်းကို အဖြေပေးတော်မူခဲ့၏။
၁–၅၊ ဗျာဒိတ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဖြစ်လာ၏။ ၆–၁၂၊ ဘုရားသခင်၏နက်နဲသောအရာများအကြောင်းသိခြင်းနှင့် ရှေးမှတ်တမ်းများကို ဘာသာပြန်ဖို့ တန်ခိုးသည် ယုံကြည်ခြင်းအားဖြင့် ဖြစ်လာ၏။
၁ အော်လီဗာကောင်ဒရီ၊ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ့ဝိညာဉ်တော်၏ထင်ရှားစွာပြတော်မူခြင်းအားဖြင့် ဟောထားလေသည့် ငါ့ကျမ်းစာများ၏ထိုအစိတ်အပိုင်းများပါရှိရာ၊ ရှေးမှတ်တမ်းများဖြစ်သည့် မှတ်တမ်းဟောင်းများရှိ ရေးထွင်းထားခြင်းများအကြောင်းသိခြင်းကို သင်ရရှိလိမ့်မည်ဟု ယုံကြည်လျက်၊ ယုံကြည်ခြင်းဖြင့်၊ ရိုးသားသောစိတ်နှလုံးနှင့် သင်တောင်းဆိုသမျှအရာတို့အကြောင်းသိခြင်းကို သင်၏ဘုရားသခင်နှင့် ရွေးနုတ်ရှင်ဖြစ်တော်မူသည့် ကိုယ်တော်ရှင် အမှန်အသက်ရှင်တော်မူသည်အတိုင်း၊ ထိုကဲ့သို့ပင် သင်ဧကန်အမှန်ရရှိလိမ့်မည်။
၂ ထိုမှတစ်ပါး၊ ရှုလော့၊ သင့်အပေါ်ကျရောက်လာမည့်၊ သင့်စိတ်နှလုံး၌ ကိန်းဝပ်မည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါသည် သင့်စိတ်နှင့် သင့်စိတ်နှလုံး၌ ပြောပြတော်မူမည်။
၃ ယခုတွင်၊ ရှုလော့၊ ဤအရာသည် ဗျာဒိတ်တော်ဝိညာဉ်ဖြစ်၏။ ရှုလော့၊ ဤဝိညာဉ်အားဖြင့်၊ မောရှေသည် ဣသရေလအမျိုးသားတို့အား ဧဒုံပင်လယ်ကိုဖြတ်၍ ခြောက်သွေ့သောမြေပေါ်မှာ ဆောင်ခဲ့၏။
၄ ထို့ကြောင့်၊ ဤအရာသည် သင်၏ဆုကျေးဇူးဖြစ်၏။ ထိုအရာကို အသုံးပြုလော့။ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုအရာသည် သင့်ကို သင့်ရန်သူများ၏လက်ထဲမှ ကယ်လွှတ်လိမ့်မည်။ အသုံးမပြုလေလျှင်၊ သူတို့သည် သင့်ကို ကွပ်မျက်ပြီး၊ သင့်စိတ်ဝိညာဉ်ကို ပျက်စီးခြင်းသို့ ဆောင်ယူလိမ့်မည်။
၅ အို၊ ဤစကားများကို အောက်မေ့လော့၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းလော့။ သတိရလော့၊ ဤအရာသည် သင်၏ဆုကျေးဇူးဖြစ်၏။
၆ ယခုတွင်၊ ဤအရာသည် သင်၏ဆုကျေးဇူးအားလုံးမဟုတ်။ အကြောင်းမူကား၊ သင့်မှာ အာရုန်၏ဆုကျေးဇူးဖြစ်သည့် တခြားသောဆုကျေးဇူးရှိ၏။ ရှုလော့၊ ထိုအရာက သင့်အား များစွာသောအရာတို့ကို ပြောပြလေပြီ။
၇ ရှုလော့၊ ဘုရားသခင်၏တန်ခိုးတော်မှတစ်ပါး၊ ဤအာရုန်၏ဆုကျေးဇူးကို သင်နှင့်အတူရှိစေနိုင်သည့် အခြားသောတန်ခိုးမရှိ။
၈ ထို့ကြောင့်၊ ယုံမှားသံသယဖြစ်ခြင်းမရှိနှင့်။ အကြောင်းမူကား၊ ထိုအရာသည် ဘုရားသခင်ထံမှ ဆုကျေးဇူးဖြစ်၏။ ထိုအရာကို သင်၏လက်ထဲမှာ ကိုင်ထားလျက်၊ အံ့ဩဖွယ်ကောင်းသောအမှုများကို ပြုရမည်။ အဘယ်တန်ခိုးကမျှ၊ ထိုအရာကို သင့်လက်ထဲမှ နုတ်ယူနိုင်စွမ်းရှိလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ထိုအရာသည် ဘုရားသခင်၏အမှုတော်ဖြစ်၏။
၉ ထို့ကြောင့်၊ ထိုဆုကျေးဇူးအားဖြင့် သင့်ကိုပြောပြစေခြင်းငှာ ငါ့ထံသို့တောင်းသမျှကို သင့်အား ငါပေးတော်မူမည်။ ထိုအရာနှင့် စပ်လျဉ်းသည့်အသိဉာဏ်ကိုလည်း သင်ရရှိလိမ့်မည်။
၁၀ ယုံကြည်ခြင်းမရှိဘဲနှင့် အဘယ်အမှုကိုမျှ သင်မပြုနိုင်ကြောင်းကို သတိရလော့။ ထို့ကြောင့်၊ ယုံကြည်ခြင်းဖြင့်၊ တောင်းလော့။ ဤအရာတို့ကို မထီမဲ့မြင်ပြုခြင်းမရှိနှင့်။ သင်မတောင်းသင့်သည့်အရာကို မတောင်းနှင့်။
၁၁ သင်သည် ဘုရားသခင်၏နက်နဲသောအရာများကို သိနိုင်စေကြောင်း၊ ထို့အတူ၊ သင်သည် ဘာသာပြန်နိုင်ပြီး၊ သန့်ရှင်းမွန်မြတ်သည့်အရာများတည်းဟူသော ဝှက်ထားသည့် ထိုရှေးမှတ်တမ်းအပေါင်းမှ အသိဉာဏ်ကို ရရှိနိုင်စေကြောင်း တောင်းလော့။ သင်၏ယုံကြည်ခြင်းအတိုင်း သင့်၌ဖြစ်စေလိမ့်မည်။
၁၂ ရှုလော့၊ ဟောတော်မူလေသောသူမှာ ငါဖြစ်၏။ ငါသည် သင့်ကို ရှေးဦးစွာကတည်းက ဟောတော်မူသောသူလည်းဖြစ်၏။ အာမင်။