အပိုဒ်ငယ် ၉၀
၁၈၃၃ ခု၊ မတ်လ ၈ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် ပထမဥက္ကဋ္ဌအဖွဲ့တည်ထောင်ခြင်း၌ ထပ်၍တိုးလာသောအဆင့် တစ်ခုဖြစ်၏ (အပိုဒ်ငယ် ၈၁ ၏ခေါင်းစဉ်တွင် ကြည့်ပါ)။ ၎င်း၏အကျိုးဆက်အဖြစ်၊ ဖော်ပြပါ တိုင်ပင်ဖက်တို့ကို ၁၈၃၃ ခု၊ မတ်လ ၁၈ တွင် ခန့်ထားခဲ့၏။
၁–၅၊ နိုင်ငံတော်သော့များကို ဂျိုးဇက်စမစ်သို့ အပ်နှံပြီး၊ သူမှတစ်ဆင့် အသင်းတော်သို့ အပ်နှံ၏။ ၆–၇၊ ဆစ်ဒနီရစ်ဂဒွန်နှင့် ဖရက်ဒရစ်ခ်ဂျီဝီလျံတို့သည် ပထမဥက္ကဋ္ဌအဖွဲ့၌ အစေခံကြရမည်။ ၈–၁၁၊ ဧဝံဂေလိတရားတော်ကို ဣသရေလပြည်သားများသို့၊ တပါးအမျိုးသားများသို့၊ ထို့အတူ ယုဒလူမျိုးများသို့ ဟောပြောရမည်၊ လူတိုင်းသည် ၎င်းကို မိမိနှုတ်စကားဖြင့် ကြားကြရမည်။ ၁၂–၁၈၊ ဂျိုးဇက်စမစ်နှင့် သူ၏တိုင်ပင်ဖက်တို့သည် အသင်းတော်ကို အစီအစဉ်တကျ ဖွဲ့စည်းရမည်။ ၁၉–၃၇၊ အမျိုးမျိုးသောသူတို့သည် ဖြောင့်မတ်စွာကျင့်ရန်နှင့် သူ၏နိုင်ငံတော်၌ အစေခံကြရန် ကိုယ်တော်ရှင်အားဖြင့် သွန်သင်ခံရ၏။
၁ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်မှာ ငါ့သား၊ သင်၏ အသနားခံခြင်းအတိုင်း၊ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ၊ အကြောင်းမူကား၊ သင်၏ဆုတောင်းခြင်းများနှင့် သင့်ညီအစ်ကိုတို့၏ ဆုတောင်းခြင်းများသည် ငါ၏နားသို့ တက်လာကြလေပြီ။
၂ ထို့ကြောင့်၊ သင်သည် ယခုမှစ၍ သင့်ထံသို့ ပေးထားသည့် နိုင်ငံတော်သော့များကို ပိုင်ဆိုင်သူအဖြစ် ကောင်းချီးခံစားရ၏။ ထိုနိုင်ငံတော်သည် နောက်ဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာ၏။
၃ သင့်ကို ငါအမှန်ဆိုသည်ကား လောက၌ သင်ရှိနေစဉ်၊ နိုင်ငံတော်သော့များကို သင့်ထံမှ အဘယ်တော့မျှ မနုတ်ယူလတ္တံ့၊ လာမည့်လောက၌လည်း မနုတ်ယူလတ္တံ့။
၄ သို့သော်လည်း၊ သင်အားဖြင့် ဗျာဒိတ်တော်များကို တခြားတစ်ဦးသို့၊ အထူးသဖြင့်၊ အသင်းတော်သို့ပင် ပေးတော်မူလိမ့်မည်။
၅ ဘုရားသခင်၏ ဗျာဒိတ်တော်များ ရရှိသူတို့အား၊ ထိုအရာတို့ကို သူတို့ အဘယ်သို့ မှတ်ယူရမည်ကို သတိပြုစေလော့၊ ထိုအရာတို့အား သာမညအရာဟု မှတ်ယူမခံရစေခြင်းငှာ၊ ထိုကဲ့သို့အားဖြင့် သူတို့ကိုလည်း ပြစ်ဒဏ်ချမှတ်ခြင်း အောက်သို့ ဆောင်ခြင်းကို မခံရစေခြင်းငှာ၊ ထို့အတူ မုန်တိုင်းကျ၍၊ လေလာပြီး၊ မိုးရွာ၍ သူတို့အိမ်ကို တိုက်သည်ရှိသော် ခလုတ်တိုက်၍ လဲကျခြင်း မရှိကြစေခြင်းငှာပေတည်း။
၆ ထိုမှတစ်ဖန်၊ သင်၏ညီအစ်ကို ဆစ်ဒနီရစ်ဂဒွန်နှင့် ဖရက်ဒရစ်ခ်ဂျီဝီလျံတို့ကို ငါအမှန်ဆိုသည်ကား၊ သူတို့၏အပြစ်များကိုလည်းခွင့်လွှတ်ပြီ၊ သူတို့သည် သင်နှင့်အညီအမျှမှတ်ယူခံရကြသည်မှာ ဤနောက်ဆုံး နိုင်ငံတော်သော့များကို ကိုင်ဆောင်ရာ၌၊
၇ ထို့အတူ သင်၏ စီမံဆောင်ရွက်ခြင်းအားဖြင့်၊ ဖွဲ့စည်းရန် ငါမိန့်တော်မူလေသည့် ပရောဖက်တို့၏ ကျောင်းသော့များကို ကိုင်ဆောင်ရာ၌လည်း ပါဝင်၏။
၈ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ဇိအုန်၏၊ ထို့အတူ ယုံကြည်မည့်သူ မှန်သမျှတည်းဟူသော ဣသရေလပြည်သားတို့၏၊ ထို့အတူ တပါးအမျိုးသားတို့၏ ကယ်တင်ခြင်းအတွက် မိမိတို့ အမှုတော်ဆောင်ခြင်း၌ စုံလင်နိုင်ကြစေကြောင်း၊
၉ သင်၏စီမံဆောင်ရွက်ခြင်းအားဖြင့်၊ နှုတ်ကပတ်တော်ကို သူတို့ရရှိနိုင်ကြစေကြောင်း၊ ထို့အတူ သူတို့၏စီမံဆောင်ရွက်ခြင်းအားဖြင့်၊ နှုတ်ကပတ်တော်သည် မြေကြီးစွန်းတိုင်အောင်၊ ပထမတွင် တပါးအမျိုးသားတို့ထံ ထွက်သွားနိုင်စေကြောင်းပေတည်း၊ ထို့နောက်တွင်၊ ရှုလော့၊ ကြည့်ဦးလော့၊ သူတို့သည် ယုဒလူမျိုးတို့ထံ လှည့်လိမ့်မည်။
၁၀ ထို့နောက်တွင်၊ ကိုယ်တော်ရှင်၏ လက်ရုံးတော်က ပြည်သားတို့အား၊ သာသနာပလူ ပြည်သားတို့အား၊ ယောသပ်အမျိုးသားတို့အား သူတို့၏ကယ်တင်ခြင်း ဧဝံဂေလိတရားတော်ကို နားသွင်းခြင်း၌ တန်ခိုးတော်ဖြင့် ဖော်ပြတော်မူမည့်ကာလ ကျရောက်လာ၏။
၁၁ အကြောင်းမူကား၊ အချိန်တန်လာလတ္တံ့သောအခါ၊ ထိုကာလ၌၊ လူတိုင်းသည် ဤအခွင့်သို့ ခန့်ထား ခံရသူများတည်းဟူသော၊ ယေရှုခရစ်တော်၏ဗျာဒိတ်တော်အတွက် နှစ်သိမ့်ရှင်၏ စီမံဆောင်ရွက်ခြင်းအားဖြင့် သွန်းလောင်းခံရသူများမှ တစ်ဆင့် ဧဝံဂေလိတရားတော် အပြည့်အစုံကို မိမိနှုတ်စကားဖြင့်၊ ထို့အတူ မိမိဘာသာစကားဖြင့် ကြားရလိမ့်မည်။
၁၂ ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါသည် သင်တို့အမှုတော်ဆောင်ခြင်းနှင့် ဥက္ကဋ္ဌအဖွဲ့၌ ဆက်၍ရှိရမည့်အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။
၁၃ သင်တို့သည် ပရောဖက်တို့၏ဘာသာပြန်ခြင်းပြီးဆုံးလေလျှင်၊ ထိုအချိန်မှစ၍ အသင်းတော်နှင့် ကျောင်း၏အမှုတို့ကို ဦးစီးကြရမည်။
၁၄ အချိန်နှင့်အမျှ၊ နှစ်သိမ့်ရှင်အားဖြင့် ထင်ရှားစွာပြတော်မူမည်ဖြစ်၍၊ နိုင်ငံတော်၏ နက်နဲသော အရာတို့ကို ဖွင့်ပြရန် ဗျာဒိတ်တော်များကို ရရှိလိမ့်မည်။
၁၅ အသင်းတော်တို့ကို အစီအစဉ်တကျရှိစေလော့၊ လေ့လာလျက်၊ သင်ယူလျက် ကောင်းမြတ်သော စာအုပ်မှန်သမျှနှင့်၊ ထို့အတူ ဘာသာစကား၊ နှုတ်စကား၊ လူမျိုးတို့နှင့် အကျွမ်းဝင်လာကြစေလော့။
၁၆ ဤအသင်းတော်နှင့် နိုင်ငံတော်၏ အမှုအမျိုးမျိုး၌ တိုင်ပင်ရန်နှင့် အစီအစဉ်တကျ ရှိစေရန်မှာ သင်တို့အသက်တာတစ်ခုလုံးရှိ သင်တို့၏အမှုအရေးနှင့် သာသနာပြုခြင်း ဖြစ်လိမ့်မည်။
၁၇ မရှက်ကြောက်ကြနှင့်၊ အရှက်လည်းမရကြနှင့်။ သို့ရာတွင်၊ သင်တို့၏ ခပ်သိမ်းသော စိတ်မြင့်ခြင်းနှင့် မာနတို့၌ ဆုံးမခံကြလော့၊ အကြောင်းမူကား၊ ထိုအမှုသည် သင်တို့၏ စိတ်ဝိညာဉ် အပေါ်၌ ထောင်ချောက်ကို ဖြစ်စေ၏။
၁၈ သင်တို့၏အိမ်များကို အစီအစဉ်တကျ ရှိစေလော့။ ပျင်းရိခြင်းနှင့် မသန့်ရှင်းခြင်းတို့ကို သင်တို့ထံမှ ဝေးစေလော့။
၁၉ ယခုတွင်၊ သင့်ကို ငါအမှန်ဆိုသည်ကား၊ သင်၏တိုင်ပင်ဖက်နှင့် စာရေးသူ၊ အထူးသဖြင့် ဖရက်ဒရစ်ခ်ဂျီဝီလျံ၏ မိသားစုအတွက် ထောက်ပံ့ထားသည့်နေရာတစ်ခုကို ဖြစ်နိုင်သမျှ လျင်မြန်စွာ ရှိစေလော့။
၂၀ ငါ၏အသက်ကြီးသောကျွန်၊ ဂျိုးဇက်စမစ်အကြီးကို သူ၏မိသားစုနှင့်အတူ သူယခုနေသည့်နေရာ၌ ဆက်၍နေစေလော့။ ကိုယ်တော်ရှင်၏နှုတ်မှ မခိုင်းမီအထိ ၎င်းကို မရောင်းစေနှင့်။
၂၁ ငါ၏တိုင်ပင်ဖက်၊ အထူးသဖြင့် ဆစ်ဒနီရစ်ဂဒွန်ကိုလည်း သူ ယခုနေထိုင်သည့် နေရာ၌ ကိုယ်တော်ရှင်၏နှုတ်မှ ခိုင်းသည်အထိ၊ ဆက်၍နေစေလော့။
၂၂ သင်းအုပ်ကိုလည်း ကိုယ်စားလှယ်တစ်ဦးကို ရရှိရန် လုံ့လဝီရိယထက်သန်စွာ ရှာစေလော့၊ ထိုသူမှာလည်း ကြွယ်ဝသူတစ်ဦး—ဘုရားသခင်၏လူ၊ ထို့အတူ အားကြီးသော ယုံကြည်ခြင်းရှိသူတစ်ဦး ဖြစ်စေလော့—
၂၃ ထိုကဲ့သို့အားဖြင့်၊ သူသည် အကြွေးတိုင်းကို ဆပ်ရန်စွမ်းဆောင်နိုင်စေခြင်းငှာ၊ ကိုယ်တော်ရှင်၏ဘဏ္ဍာတိုက်ကို လူတို့မျက်စိရှေ့၌ နာမည်ပျက်ခြင်းသို့ မရောက်ရ စေခြင်းငှာပေတည်း။
၂၄ လုံ့လဝီရိယ ထက်သန်စွာရှာကြလော့၊ အစဉ်အမြဲဆုတောင်းကြလော့၊ ထို့အတူ ယုံကြည်ကြလော့၊ သင်တို့သည် ဖြောင့်မတ်စွာကျင့်လျက် သင်တို့အချင်းချင်းပဋိညာဉ်ပြုသည့် ပဋိညာဉ်ကို သတိရလျှင်၊ ခပ်သိမ်းသောအရာတို့သည် သင်တို့ကောင်းကျိုးအတွက် အတူတကွဖြစ်လိမ့်မည်။
၂၅ သင်တို့၏မိသားစုများကို၊ အထူးသဖြင့် ငါ၏အသက်ကြီးသောကျွန် ဂျိုးဇက်စမစ်အကြီး၏ မိသားစုကို သင်တို့မိသားစုနှင့် မဆိုင်သောသူများနှင့် ဆက်စပ်ရာ၌ သေးငယ်စေလော့။
၂၆ ငါ၏အမှုတော်ကို ဖြစ်ပေါ်စေရန် သင်တို့အတွက် ထောက်ပံ့သော ထိုအရာတို့ကို သင်တို့ထံမှ နုတ်ယူမသွားစေခြင်းငှာနှင့် မထိုက်တန်သောသူတို့အား မပေးစေခြင်းငှာပေတည်း—
၂၇ ထိုကဲ့သို့အားဖြင့်၊ သင်တို့ကို ငါမိန့်မှာလေသည့် ထိုအရာတို့ကို ပြီးမြောက်ခြင်း၌ သင်တို့ဆီးတားခံရလိမ့်မည်။
၂၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၏ကျွန်မ ဗီရန်နာဂျက် သူ့အသုံးစရိတ်ကို ပေးဖို့ ငွေကို ရရှိရန်၊ ထို့အတူ ဇိအုန်ပြည်သို့ တက်သွားရမည်မှာ ငါ၏အလိုတော်ဖြစ်၏။
၂၉ ကျန်ကြွင်းသောငွေကို ငါ့ထံသို့ ဆက်ကပ်နိုင်ပေ၏၊ သူမသည်လည်း ငါ၏ ကာလ အချိန်တန်သောအခါ၌ အကျိုးကျေးဇူးကို ခံရလိမ့်မည်။
၃၀ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သူမသည် ဇိအုန်ပြည်သို့ တက်သွားပြီး၊ အမွေခံရာကို သင်းအုပ်၏လက်မှ ရရှိရမည်မှာ ငါ့အမြင်၌ သင့်လျော်ပေ၏။
၃၁ သူမသည် သစ္စာရှိသမျှ ငြိမ်းချမ်းစွာ နေရာချနိုင်စေခြင်းငှာ၊ ထိုအချိန်မှစ၍၊ သူမ၏ အသက်တာ၌ မပျင်းရိနိုင်စေခြင်းငှာ ပေတည်း။
၃၂ ရှုဦးလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤပညတ်တော်ကို ရေးရမည်၊ ငါ၏ ကာလ အချိန်တန်သောအခါ၌ ဇိအုန်ကို ဦးစီးရန် သင်တို့ကိုလည်း ငါခေါ်သွင်းတော်မူလေကြောင်း ဇိအုန်ရှိ သင်တို့ညီအစ်ကိုတို့အား၊ ချစ်သောနှုတ်ဆက်ခြင်းဖြင့် ဆိုရမည်။
၃၃ ထို့ကြောင့်၊ ဤအမှုနှင့်စပ်လျဉ်း၍၊ ငါ့အား ငြီးငွေ့စေခြင်းကို သူတို့ရပ်တန့်ကြစေလော့။
၃၄ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဇိအုန်ရှိသင်တို့၏ ညီအစ်ကိုတို့သည် နောင်တရစပြုကြပြီ၊ ကောင်းကင်တမန်တို့ကလည်း သူတို့နှင့်စပ်လျဉ်း၍ ရွှင်လန်းဝမ်းမြောက်ကြ၏။
၃၅ သို့သော်လည်း၊ ငါသည် များစွာသောအရာတို့ကို အလွန်မနှစ်သက်။ ထို့အတူ ငါသည် ငါ့ကျွန်ဝီလျံအီးမက်လီလင်ကို အလွန်မနှစ်သက်၊ ငါ့ကျွန်ဆစ်ဒနီဂီလ်ဗာ့ကိုလည်း အလွန်မနှစ်သက်။ ထို့အတူ သင်းအုပ်လည်းပါဝင်၏၊ အခြားသောသူတို့သည်လည်း နောင်တရစရာ များစွာရှိကြ၏။
၃၆ သို့ရာတွင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၊ ကိုယ်တော်ရှင်သည် ဇိအုန်ကို ရန်တွေ့မည်၊ သူ၏ ခွန်အားကြီးသောသူတို့ကို တောင်းပန်မည်၊ သူအောင်နိုင်ပြီး ငါ့ရှေ့၌ သန့်ရှင်းသည့်အချိန်အထိ သူ့ကို ဆုံးမတော်မူမည်။
၃၇ အကြောင်းမူကား၊ သူသည် မိမိနေရာမှ ဖယ်ရှားမခံရလတ္တံ့။ ငါ၊ ကိုယ်တော်ရှင် ထိုသို့ မိန့်တော်မူလေပြီ။ အာမင်။