ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၀


အပိုဒ်ငယ် ၉၀

၁၈၃၃ ခု၊ မတ်လ ၈ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် ပထမ​ဥက္ကဋ္ဌ​အဖွဲ့​တည်ထောင်ခြင်း၌ ထပ်၍​တိုးလာသော​အဆင့် တစ်ခု​ဖြစ်၏ (အပိုဒ်ငယ် ၈၁ ၏​ခေါင်းစဉ်တွင် ကြည့်ပါ)။ ၎င်း၏​အကျိုးဆက်​အဖြစ်၊ ဖော်ပြပါ တိုင်ပင်ဖက်တို့ကို ၁၈၃၃ ခု၊ မတ်လ ၁၈ တွင် ခန့်ထား​ခဲ့၏။

၁–၅၊ နိုင်ငံတော်​သော့များကို ဂျိုးဇက်​စမစ်သို့ အပ်နှံပြီး၊ သူမှ​တစ်ဆင့် အသင်းတော်သို့ အပ်နှံ၏။ ၆–၇၊ ဆစ်ဒနီ​ရစ်ဂဒွန်နှင့် ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံတို့သည် ပထမ​ဥက္ကဋ္ဌ​အဖွဲ့၌ အစေခံကြရမည်။ ၈–၁၁၊ ဧဝံဂေလိ​တရားတော်ကို ဣသရေလပြည်သားများသို့၊ တပါး​အမျိုးသားများသို့၊ ထို့အတူ ယုဒ​လူမျိုးများသို့ ဟောပြော​ရမည်၊ လူတိုင်းသည် ၎င်းကို မိမိ​နှုတ်စကားဖြင့် ကြားကြရမည်။ ၁၂–၁၈၊ ဂျိုးဇက်​စမစ်နှင့် သူ၏​တိုင်ပင်ဖက်တို့သည် အသင်းတော်ကို အစီ​အစဉ်​တကျ ဖွဲ့စည်း​ရမည်။ ၁၉–၃၇၊ အမျိုးမျိုးသော​သူတို့သည် ဖြောင့်မတ်စွာ​ကျင့်ရန်နှင့် သူ၏​နိုင်ငံတော်၌ အစေခံ​ကြရန် ကိုယ်တော်ရှင်​အားဖြင့် သွန်သင်​ခံရ၏။

ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ သင့်ကို ငါ​အမှန်၊ အမှန်​ဆိုသည်မှာ ငါ့သား၊ သင်၏ အသနားခံခြင်း​အတိုင်း၊ သင်၏​အပြစ်များကို ခွင့်လွှတ်ပြီ၊ အကြောင်း​မူကား၊ သင်၏​ဆုတောင်းခြင်းများနှင့် သင့်ညီအစ်ကို​တို့၏ ဆုတောင်းခြင်းများသည် ငါ၏​နားသို့ တက်လာကြ​လေပြီ။

ထို့ကြောင့်၊ သင်သည် ယခုမှ​စ၍ သင့်ထံသို့ ပေးထားသည့် နိုင်ငံတော်​သော့များကို ပိုင်ဆိုင်သူ​အဖြစ် ကောင်းချီး​ခံစား​ရ၏။ ထို​နိုင်ငံတော်သည် နောက်ဆုံး​အကြိမ်​အဖြစ် ထွက်ပေါ်​လာ၏။

သင့်ကို ငါ​အမှန်​ဆိုသည်ကား လောက၌ သင်​ရှိနေစဉ်၊ နိုင်ငံတော်​သော့များကို သင့်ထံမှ အဘယ်တော့မျှ မနုတ်ယူ​လတ္တံ့၊ လာမည့်​လောက၌လည်း မနုတ်ယူ​လတ္တံ့။

သို့သော်လည်း၊ သင်အားဖြင့် ဗျာဒိတ်တော်များကို တခြား​တစ်ဦးသို့၊ အထူး​သဖြင့်၊ အသင်းတော်သို့ပင် ပေးတော်မူ​လိမ့်မည်။

ဘုရားသခင်၏ ဗျာဒိတ်တော်များ ရရှိသူ​တို့အား၊ ထို​အရာတို့ကို သူတို့ အဘယ်သို့ မှတ်ယူ​ရမည်ကို သတိပြု​စေလော့၊ ထို​အရာ​တို့အား သာမည​အရာဟု မှတ်ယူ​မခံရ​စေခြင်းငှာ၊ ထိုကဲ့သို့​အားဖြင့် သူတို့​ကိုလည်း ပြစ်ဒဏ်​ချမှတ်ခြင်း အောက်သို့ ဆောင်ခြင်းကို မခံရ​စေခြင်းငှာ၊ ထို့အတူ မုန်တိုင်း​ကျ၍၊ လေလာပြီး၊ မိုးရွာ၍ သူတို့​အိမ်ကို တိုက်သည်​ရှိသော် ခလုတ်တိုက်၍ လဲကျခြင်း မရှိကြ​စေခြင်းငှာ​ပေတည်း။

ထိုမှ​တစ်ဖန်၊ သင်၏​ညီအစ်ကို ဆစ်ဒနီ​ရစ်ဂဒွန်နှင့် ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံတို့ကို ငါ​အမှန်​ဆိုသည်ကား၊ သူတို့၏​အပြစ်များ​ကိုလည်း​ခွင့်လွှတ်ပြီ၊ သူတို့သည် သင်နှင့်​အညီ​အမျှ​မှတ်ယူ​ခံရကြ​သည်မှာ ဤ​နောက်ဆုံး နိုင်ငံတော်​သော့များကို ကိုင်ဆောင်​ရာ၌၊

ထို့အတူ သင်၏ စီမံ​ဆောင်ရွက်ခြင်း​အားဖြင့်၊ ဖွဲ့စည်းရန် ငါ​မိန့်တော်မူ​လေသည့် ပရောဖက်တို့၏ ကျောင်းသော့များကို ကိုင်ဆောင်ရာ၌လည်း ပါဝင်၏။

ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ဇိအုန်၏၊ ထို့အတူ ယုံကြည်မည့်သူ မှန်သမျှ​တည်းဟူသော ဣသရေလ​ပြည်သားတို့၏၊ ထို့အတူ တပါးအမျိုးသားတို့၏ ကယ်တင်ခြင်း​အတွက် မိမိတို့ အမှုတော်​ဆောင်ခြင်း၌ စုံလင်​နိုင်ကြ​စေကြောင်း၊

သင်၏​စီမံ​ဆောင်ရွက်ခြင်း​အားဖြင့်၊ နှုတ်ကပတ်တော်ကို သူတို့​ရရှိ​နိုင်ကြ​စေကြောင်း၊ ထို့အတူ သူတို့၏​စီမံ​ဆောင်ရွက်ခြင်း​အားဖြင့်၊ နှုတ်ကပတ်တော်သည် မြေကြီးစွန်း​တိုင်အောင်၊ ပထမတွင် တပါး​အမျိုးသားတို့ထံ ထွက်သွား​နိုင်စေကြောင်း​ပေတည်း၊ ထို့နောက်တွင်၊ ရှုလော့၊ ကြည့်ဦးလော့၊ သူတို့သည် ယုဒ​လူမျိုးတို့ထံ လှည့်လိမ့်မည်။

၁၀ ထို့နောက်တွင်၊ ကိုယ်တော်ရှင်၏ လက်ရုံးတော်က ပြည်သားတို့အား၊ သာသနာပလူ ပြည်သားတို့အား၊ ယောသပ်​အမျိုးသားတို့အား သူတို့၏​ကယ်တင်ခြင်း ဧဝံဂေ​လိတရားတော်ကို နားသွင်းခြင်း၌ တန်ခိုးတော်ဖြင့် ဖော်ပြ​တော်မူမည့်​ကာလ ကျရောက်​လာ၏။

၁၁ အကြောင်း​မူကား၊ အချိန်တန်​လာလတ္တံ့​သောအခါ၊ ထိုကာလ၌၊ လူတိုင်းသည် ဤ​အခွင့်သို့ ခန့်ထား ခံရသူများ​တည်းဟူသော၊ ယေရှု​ခရစ်တော်၏​ဗျာဒိတ်တော်​အတွက် နှစ်သိမ့်ရှင်၏ စီမံ​ဆောင်ရွက်ခြင်း​အားဖြင့် သွန်းလောင်း​ခံရသူများမှ တစ်ဆင့် ဧဝံဂေလိ​တရားတော် အပြည့်​အစုံကို မိမိ​နှုတ်စကားဖြင့်၊ ထို့အတူ မိမိ​ဘာသာစကားဖြင့် ကြားရ​လိမ့်မည်။

၁၂ ယခုမူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ငါသည် သင်တို့အမှုတော်ဆောင်ခြင်းနှင့် ဥက္ကဋ္ဌ​အဖွဲ့၌ ဆက်၍​ရှိရမည့်​အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။

၁၃ သင်တို့သည် ပရောဖက်တို့၏​ဘာသာပြန်ခြင်း​ပြီးဆုံး​လေလျှင်၊ ထို​အချိန်မှ​စ၍ အသင်းတော်နှင့် ကျောင်း၏​အမှုတို့ကို ဦးစီး​ကြရမည်။

၁၄ အချိန်နှင့်​အမျှ၊ နှစ်သိမ့်ရှင်​အားဖြင့် ထင်ရှားစွာ​ပြတော်မူမည်​ဖြစ်၍၊ နိုင်ငံတော်၏ နက်နဲသော အရာတို့ကို ဖွင့်ပြရန် ဗျာဒိတ်တော်များကို ရရှိ​လိမ့်မည်။

၁၅ အသင်းတော်တို့ကို အစီ​အစဉ်​တကျ​ရှိစေလော့၊ လေ့လာလျက်၊ သင်ယူလျက် ကောင်းမြတ်သော စာအုပ်​မှန်သမျှနှင့်၊ ထို့အတူ ဘာသာစကား၊ နှုတ်စကား၊ လူမျိုးတို့နှင့် အကျွမ်းဝင်​လာကြ​စေလော့။

၁၆ ဤ​အသင်းတော်နှင့် နိုင်ငံတော်၏ အမှု​အမျိုးမျိုး၌ တိုင်ပင်ရန်နှင့် အစီ​အစဉ်​တကျ ရှိစေရန်မှာ သင်တို့​အသက်တာ​တစ်ခုလုံးရှိ သင်တို့၏​အမှု​အရေးနှင့် သာသနာပြုခြင်း ဖြစ်လိမ့်မည်။

၁၇ မရှက်ကြောက်ကြနှင့်၊ အရှက်လည်း​မရကြနှင့်။ သို့ရာတွင်၊ သင်တို့၏ ခပ်သိမ်းသော စိတ်မြင့်ခြင်းနှင့် မာနတို့၌ ဆုံးမ​ခံကြလော့၊ အကြောင်း​မူကား၊ ထို​အမှုသည် သင်တို့၏ စိတ်ဝိညာဉ် အပေါ်၌ ထောင်ချောက်ကို ဖြစ်စေ၏။

၁၈ သင်တို့၏​အိမ်များကို အစီ​အစဉ်​တကျ ရှိစေလော့။ ပျင်းရိခြင်းနှင့် မသန့်ရှင်းခြင်း​တို့ကို သင်တို့​ထံမှ ဝေးစေလော့။

၁၉ ယခုတွင်၊ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ သင်၏​တိုင်ပင်ဖက်နှင့် စာရေးသူ၊ အထူး​သဖြင့် ဖရက်ဒရစ်ခ်ဂျီဝီလျံ၏ မိသားစု​အတွက် ထောက်ပံ့​ထားသည့်​နေရာ​တစ်ခုကို ဖြစ်နိုင်​သမျှ လျင်မြန်စွာ ရှိစေလော့။

၂၀ ငါ၏​အသက်​ကြီးသော​ကျွန်၊ ဂျိုးဇက်​စမစ်​အကြီးကို သူ၏​မိသားစုနှင့်​အတူ သူ​ယခု​နေသည့်​နေရာ၌ ဆက်၍​နေစေလော့။ ကိုယ်တော်ရှင်၏​နှုတ်မှ မခိုင်းမီ​အထိ ၎င်းကို မရောင်း​စေနှင့်။

၂၁ ငါ၏​တိုင်ပင်ဖက်၊ အထူး​သဖြင့် ဆစ်ဒနီ​ရစ်ဂဒွန်​ကိုလည်း သူ ယခု​နေထိုင်သည့် နေရာ၌ ကိုယ်တော်ရှင်၏​နှုတ်မှ ခိုင်းသည်​အထိ၊ ဆက်၍​နေစေလော့။

၂၂ သင်းအုပ်ကိုလည်း ကိုယ်စားလှယ်​တစ်ဦးကို ရရှိရန် လုံ့လ​ဝီရိယ​ထက်သန်စွာ ရှာစေလော့၊ ထိုသူမှာလည်း ကြွယ်ဝသူ​တစ်ဦး—ဘုရားသခင်၏​လူ၊ ထို့အတူ အားကြီးသော ယုံကြည်ခြင်း​ရှိသူ​တစ်ဦး ဖြစ်စေလော့—

၂၃ ထိုကဲ့သို့​အားဖြင့်၊ သူသည် အကြွေးတိုင်းကို ဆပ်ရန်​စွမ်းဆောင်​နိုင်စေ​ခြင်းငှာ၊ ကိုယ်တော်ရှင်၏​ဘဏ္ဍာတိုက်ကို လူတို့​မျက်စိ​ရှေ့၌ နာမည်ပျက်ခြင်းသို့ မရောက်ရ စေခြင်းငှာ​ပေတည်း။

၂၄ လုံ့လ​ဝီရိယ ထက်သန်စွာ​ရှာကြလော့၊ အစဉ်​အမြဲ​ဆုတောင်း​ကြလော့၊ ထို့အတူ ယုံကြည်​ကြလော့၊ သင်တို့သည် ဖြောင့်မတ်စွာ​ကျင့်လျက် သင်တို့​အချင်းချင်း​ပဋိညာဉ်​ပြုသည့် ပဋိညာဉ်ကို သတိရလျှင်၊ ခပ်သိမ်းသော​အရာတို့သည် သင်တို့​ကောင်းကျိုး​အတွက် အတူ​တကွ​ဖြစ်လိမ့်မည်။

၂၅ သင်တို့၏​မိသားစု​များကို၊ အထူး​သဖြင့် ငါ၏​အသက်​ကြီးသော​ကျွန် ဂျိုးဇက်​စမစ်​အကြီး၏ မိသားစုကို သင်တို့​မိသားစုနှင့် မဆိုင်သော​သူများနှင့် ဆက်စပ်​ရာ၌ သေးငယ်​စေလော့။

၂၆ ငါ၏​အမှုတော်ကို ဖြစ်ပေါ်​စေရန် သင်တို့​အတွက် ထောက်ပံ့သော ထိုအရာတို့ကို သင်တို့ထံမှ နုတ်ယူ​မသွား​စေခြင်းငှာနှင့် မထိုက်တန်သော​သူတို့အား မပေး​စေခြင်းငှာ​ပေတည်း—

၂၇ ထိုကဲ့သို့​အားဖြင့်၊ သင်တို့ကို ငါ​မိန့်မှာ​လေသည့် ထို​အရာတို့ကို ပြီးမြောက်ခြင်း၌ သင်တို့​ဆီးတား​ခံရ​လိမ့်မည်။

၂၈ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​ကျွန်မ ဗီရန်နာ​ဂျက် သူ့​အသုံး​စရိတ်ကို ပေးဖို့ ငွေကို ရရှိရန်၊ ထို့အတူ ဇိအုန်ပြည်သို့ တက်သွား​ရမည်မှာ ငါ၏​အလိုတော်​ဖြစ်၏။

၂၉ ကျန်ကြွင်းသော​ငွေကို ငါ့ထံသို့ ဆက်ကပ်​နိုင်ပေ၏၊ သူမသည်လည်း ငါ၏ ကာလ အချိန်​တန်သော​အခါ၌ အကျိုး​ကျေးဇူးကို ခံရ​လိမ့်မည်။

၃၀ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သူမသည် ဇိအုန်ပြည်သို့ တက်သွားပြီး၊ အမွေခံရာကို သင်းအုပ်၏​လက်မှ ရရှိ​ရမည်မှာ ငါ့အမြင်၌ သင့်လျော်​ပေ၏။

၃၁ သူမသည် သစ္စာ​ရှိသမျှ ငြိမ်းချမ်းစွာ နေရာချ​နိုင်စေ​ခြင်းငှာ၊ ထို​အချိန်မှ​စ၍၊ သူမ၏ အသက်တာ၌ မပျင်းရိ​နိုင်စေ​ခြင်းငှာ ပေတည်း။

၃၂ ရှုဦးလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့သည် ဤပညတ်တော်ကို ရေးရမည်၊ ငါ၏ ကာလ အချိန်တန်​သောအခါ၌ ဇိအုန်ကို ဦးစီးရန် သင်တို့ကိုလည်း ငါ​ခေါ်သွင်း​တော်မူ​လေကြောင်း ဇိအုန်ရှိ သင်တို့​ညီအစ်ကို​တို့အား၊ ချစ်သော​နှုတ်ဆက်ခြင်းဖြင့် ဆိုရမည်။

၃၃ ထို့ကြောင့်၊ ဤအမှုနှင့်​စပ်လျဉ်း၍၊ ငါ့အား ငြီးငွေ့​စေခြင်းကို သူတို့​ရပ်တန့်ကြ​စေလော့။

၃၄ ရှုလော့၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ဇိအုန်ရှိ​သင်တို့၏ ညီအစ်ကို​တို့သည် နောင်တ​ရစ​ပြုကြပြီ၊ ကောင်းကင်​တမန်​တို့ကလည်း သူတို့နှင့်​စပ်လျဉ်း၍ ရွှင်လန်း​ဝမ်းမြောက်​ကြ၏။

၃၅ သို့သော်လည်း၊ ငါသည် များစွာသော​အရာ​တို့ကို အလွန်​မနှစ်သက်။ ထို့အတူ ငါသည် ငါ့ကျွန်​ဝီလျံ​အီး​မက်လီလင်ကို အလွန်​မနှစ်သက်၊ ငါ့ကျွန်​ဆစ်ဒနီ​ဂီလ်ဗာ့​ကိုလည်း အလွန်​မနှစ်သက်။ ထို့အတူ သင်းအုပ်လည်း​ပါဝင်၏၊ အခြားသော​သူတို့​သည်လည်း နောင်တ​ရစရာ များစွာ​ရှိကြ၏။

၃၆ သို့ရာတွင်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၊ ကိုယ်တော်ရှင်သည် ဇိအုန်ကို ရန်တွေ့မည်၊ သူ၏ ခွန်အား​ကြီးသော​သူတို့ကို တောင်းပန်မည်၊ သူ​အောင်နိုင်ပြီး ငါ့ရှေ့၌ သန့်ရှင်းသည့်​အချိန်​အထိ သူ့ကို ဆုံးမ​တော်မူမည်။

၃၇ အကြောင်း​မူကား၊ သူသည် မိမိ​နေရာမှ ဖယ်ရှား​မခံရ​လတ္တံ့။ ငါ၊ ကိုယ်တော်ရှင် ထိုသို့ မိန့်တော်မူ​လေပြီ။ အာမင်။