ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၃


အပိုဒ်ငယ် ၉၃

၁၈၃၃ ခု၊ မေလ ၆ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။

၁–၅၊ သစ္စာ​ရှိသောသူ​အပေါင်းတို့သည် ကိုယ်တော်ရှင်ကို မြင်ရ​လိမ့်မည်။ ၆–၁၈၊ ဘုရားသခင်၏ သားတော်သည် ခမည်းတော်၏ ဘုန်းတော်​အပြည့်​အစုံကို ရရှိသည့်​တိုင်အောင် ကျေးဇူးတော်မှ ကျေးဇူးတော်ကို ထပ်၍ ရရှိမည်​ဖြစ်ကြောင်း ယောဟန်က သက်သေခံ၏။ ၁၉–၂၀၊ ကျေးဇူးတော်မှ ကျေးဇူးတော်ကို ထပ်၍ ရရှိသည့် သစ္စာ​ရှိသော​သူတို့သည်လည်း သူ၏ ပြည့်စုံခြင်းကို ရရှိ​လိမ့်မည်။ ၂၁–၂၂၊ ခရစ်တော်​အားဖြင့် ဖြစ်ဖွားသော သူတို့သည် သားဦး၏ အသင်းတော်မှ ဖြစ်ကြ၏။ ၂၃–၂၈၊ ခရစ်တော်သည် ခပ်သိမ်းသော သမ္မာတရား၏ ပြည့်စုံခြင်းကို ရရှိ၏၊ လူသားသည်လည်း နာခံခြင်း​အားဖြင့် ထိုနည်းတူ ရရှိနိုင်၏။ ၂၉–၃၂၊ လူသားသည် ရှေးဦးစွာ၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃၃–၃၅၊ လောကဓာတ်တို့သည် ထာဝရ​ဖြစ်၏၊ လူသားသည် ဝမ်းမြောက်ခြင်း အပြည့်အစုံကို ရှင်ပြန်​ထမြောက်ခြင်း၌ ရရှိ​လိမ့်မည်။ ၃၆–၃၇၊ ဘုရားသခင်၏ ဘုန်းတော်သည် အသိဉာဏ်​ဖြစ်၏။ ၃၈–၄၀၊ ကလေးများသည် ခရစ်တော်၏ ရွေးနုတ်​ခြင်းကြောင့် ဘုရားသခင်​ရှေ့၌ အပြစ်​မရှိကြ။ ၄၁–၅၃၊ ဦးဆောင်သော ညီအစ်ကိုတို့သည် မိမိတို့​မိသားစု​များကို အစီ​အစဉ်​တကျ​ရှိစေရန် မိန့်မှာ​ခံရ၏။

ကိုယ်တော်ရှင် အမှန်​မိန့်တော်မူသည်ကား၊ ဤသို့​အားဖြင့် အချိန်တန်​လာလတ္တံ့​သောအခါ၊ မိမိ​အပြစ်များကို စွန့်ပစ်၍၊ ငါ့ထံသို့​လာသော၊ ထို့အတူ ငါ၏​နာမတော်ကို ပတ္ထနာပြုသော၊ ထို့အတူ ငါ၏​အသံကို နာခံသော၊ ထို့အတူ ငါ၏ ပညတ်တော်များကို စောင့်ထိန်းသော​သူတိုင်းသည် ငါ၏​မျက်နှာတော်ကို မြင်ရ​လိမ့်မည်၊ ငါ ရှိတော်မူကြောင်း​ကိုလည်း သိရ​လိမ့်မည်။

ငါသည် လောက​ထဲသို့ ဝင်လာ​သူတိုင်းအား အလင်းကို ပေးသည့် မှန်သော​အလင်း​ဖြစ်ကြောင်းကိုလည်း သိရ​လိမ့်မည်။

ငါသည် ခမည်းတော်၌ ရှိပြီး၊ ခမည်းတော်သည် ငါ၌ ရှိတော်မူ၍၊ ခမည်းတော်နှင့်ငါသည် တစ်လုံး​တစ်ဝတည်း​ဖြစ်ကြောင်းကိုလည်း သိရလိမ့်မည်—

သူ၏​ပြည့်စုံခြင်းကို ငါ့အား ပေးတော်မူ​သောကြောင့် ခမည်းတော်သည် ငါ၌​ရှိတော်မူ၏၊ ထို့အတူ ငါသည် လောကထဲ၌ ရှိတော်မူပြီး၊ ဇာတိ​ကိုယ်ခန္ဓာကို ငါ၏​တဲ​အဖြစ် ပြုတော်​မူလျက်၊ လူသားတို့​ကြား၌ နေထိုင်တော်မူသောကြောင့် သားတော်​ဖြစ်တော်မူ၏။

ငါသည် လောက​ထဲ၌ ရှိတော်မူ​လေပြီး ခမည်းတော်​ပေးသည့်​အရာကို လက်ခံ၏၊ သူ၏​အမှုတော်တို့ကိုလည်း ရှင်းရှင်း​လင်းလင်း​ထင်ရှားစွာ​ပြ၏။

ယောဟန်သည် ငါ၏ ဘုန်းတော် အပြည့်​အစုံကို မြင်ပြီး သက်သေ​ခံ၏။ ယောဟန်၏ မှတ်တမ်း​အပြည့်​အစုံကို နောင်​ကာလ၌ ဖော်ပြတော်မူမည်။

သူ​သက်သေ​ခံ၍​ဆိုသည်ကား၊ ငါသည် သူ၏​ဘုန်းတော်ကို မြင်ရ၏၊ သူသည် ကမ္ဘာ​မတည်ရှိမီက ရှေးဦးစွာ၌ ရှိတော်မူ​လေ၏။

ထို့ကြောင့်၊ ရှေးဦးစွာ၌ နှုတ်ကပတ်တော်​ရှိ၏၊ အကြောင်း​မူကား၊ သူသည် နှုတ်ကပတ်တော်​ဖြစ်၏၊ ကယ်တင်ခြင်း​တမန်တော်ပင်​ဖြစ်၏—

လောက၏​အလင်းနှင့် ရွေးနုတ်ရှင်​ဖြစ်၏။ လောကကို သူအားဖြင့် ဖန်ဆင်းထား​သောကြောင့်၊ လောကထဲသို့ ကြွလာတော်မူသည့် သမ္မာ​တရား​ဝိညာဉ်တော်​ဖြစ်၏၊ ထို့အတူ သူ့၌ လူသားတို့၏ အသက်နှင့် လူသားတို့၏ အလင်း ရှိတော်မူ၏။

၁၀ ကမ္ဘာတို့ကို သူအားဖြင့် ဖန်ဆင်း​ထား၏။ လူသားတို့ကို သူအားဖြင့် ဖန်ဆင်း​ထား၏။ ခပ်သိမ်းသော​အရာတို့ကို သူအားဖြင့်၊ ထို့အတူ သူမှ​တစ်ဆင့်၊ ထို့အတူ သူ့​ထံမှ ဖန်ဆင်း​ထား၏၊

၁၁ ငါ၊ ယောဟန်သည်၊ ကျေးဇူးတော်၊ သမ္မာ​တရားတို့နှင့် ပြည့်စုံသည့်၊ ခမည်းတော်​ဖြစ်ဖွား​စေသည့် တစ်ပါး​တည်းသော​သားတော်၊ အထူး​သဖြင့် သမ္မာ​တရား​ဝိညာဉ်တော်ပင်​ဖြစ်သည့် ဘုန်းတော်​အဖြစ်၊ သူ၏​ဘုန်းတော်ကို ငါ​မြင်ရကြောင်း သက်သေခံ၏၊ သူသည် ကြွလာတော်​မူပြီး၊ ဇာတိ​ကိုယ်ခန္ဓာ၌ နေထိုင်၏၊ ထို့အတူ ငါတို့၌ နေထိုင်၏။

၁၂ သူသည် ပထမဦးဆုံး၌ အပြည့်​အစုံကို ရရှိခြင်း​မရှိ၊ သို့ရာတွင် ကျေးဇူးတော်​အပေါ် ကျေးဇူးတော်ကို ထပ်၍​ရရှိကြောင်း ငါ​ယောဟန်​မြင်ရ၏။

၁၃ သူသည် ပထမဦးဆုံး၌ အပြည့်​အစုံကို ရရှိခြင်း​မရှိ၊ သို့ရာတွင် အပြည့်​အစုံကို မရရှိမီ​အထိ ကျေးဇူးတော်မှ ကျေးဇူးတော်ကို ဆက်၍​ရရှိ၏။

၁၄ သူသည် ပထမဦးဆုံး၌ အပြည့်​အစုံကို ရရှိခြင်း​မရှိ​သောကြောင့်၊ ထိုကဲ့သို့​အားဖြင့်၊ သူ့ကို ဘုရားသခင်၏​သားတော်ဟု ခေါ်ကြ၏။

၁၅ ငါ၊ ယောဟန်သည်၊ သက်သေခံ၏၊ ကြည့်ဦးလော့၊ ကောင်းကင်​ပွင့်လေပြီ၊ သန့်ရှင်းသော​ဝိညာဉ်တော်သည်လည်း ချိုးငှက်​အသွင်ဖြင့် သူ့အပေါ်သို့ ဆင်းသက်​တော်မူ၏၊ ထို့အတူ သူ့အပေါ်မှာ ထိုင်တော်​မူ၏၊ ထို့အတူ ကောင်းကင်ဘုံမှ အသံ​ရောက်လာ၍ မိန့်တော်မူလေ​သည်ကား၊ ဤသူကား၊ ငါ၏​ချစ်သား​ပေတည်း။

၁၆ သူသည် ခမည်းတော်၏ ဘုန်းတော် အပြည့်​အစုံကို ရရှိကြောင်း၊ ငါ၊ ယောဟန် သက်သေ​ခံ၏။

၁၇ သူသည် ကောင်းကင်နှင့် မြေကြီး​နှစ်ခုစလုံးရှိ ခပ်သိမ်းသော​တန်ခိုးကို ရရှိ၏၊ ခမည်းတော်၏ ဘုန်းတော်သည်လည်း သူနှင့်​အတူ ရှိတော်မူ၏၊ အကြောင်း​မူကား၊ သူ့၌ ရှိတော်မူ၏။

၁၈ ဤသို့​အားဖြင့် အချိန်တန်​လာလတ္တံ့​သောအခါ၊ သင်တို့သည် သစ္စာ​ရှိကြလျှင် ယောဟန်၏ မှတ်တမ်း​အပြည့်​အစုံကို ရရှိကြ​လိမ့်မည်။

၁၉ သင်တို့သည် ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ လာနိုင်ကြ၊ ထို့အတူ ကာလ​အချိန်တန်​သောအခါ သူ၏​ပြည့်စုံခြင်းကို ရရှိ​နိုင်ကြ​စေမည့် အကြောင်း အဘယ်သို့ ကိုးကွယ်​ရမည်ကို နားလည်ပြီး​သိနိုင်ကြ​စေခြင်းငှာနှင့် အဘယ်​အရာကို ကိုးကွယ်​ရမည်ကို သိနိုင်ကြ​စေခြင်းငှာ ဤ​စကားများကို သင်တို့အား ငါပေး၏။

၂၀ အကြောင်း​မူကား၊ သင်တို့သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ သူ၏​ပြည့်စုံခြင်းကို ရရှိကြ​လိမ့်မည်၊ ထို့အတူ ခမည်းတော်​အားဖြင့် ငါ​ဘုန်းထင်ရှား​သကဲ့သို့ ငါ​အားဖြင့် ဘုန်းထင်ရှားကြ​လိမ့်မည်။ ထို့ကြောင့်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ သင်တို့သည် ကျေးဇူးတော်​အပေါ် ကျေးဇူးတော်ကို ထပ်၍ ရရှိကြ​လိမ့်မည်။

၂၁ ယခုမူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ငါသည် ရှေးဦးစွာ၌ ခမည်းတော်နှင့် အတူ​ရှိတော်မူ၏၊ သားဦးလည်း​ဖြစ်တော်မူ၏။

၂၂ ငါ​အားဖြင့် ဖြစ်ဖွားစေသောသူ​အပေါင်းတို့သည် တူသော ဘုန်းတော်ကို ခံယူကြ​သူများ​ဖြစ်ကြ၏၊ သားဦး၏​အသင်းတော်လည်း ဖြစ်ကြ၏။

၂၃ သင်တို့သည်လည်း ရှေးဦးစွာ၌ ခမည်းတော်နှင့်​အတူ ရှိကြ၏။ ဝိညာဉ်တော်၊ သမ္မာ​တရား​ဝိညာဉ်တော်ပင်​ဖြစ်၏။

၂၄ သမ္မာ​တရား​သည်ကား အမှု​အရာတို့ အကြောင်းကို ၎င်းတို့​ဖြစ်လျက်​ရှိသည့် အတိုင်း၊ ထို့အတူ ၎င်းတို့​ဖြစ်လေ​ပြီးသည့် အတိုင်း၊ ထို့အတူ ၎င်းတို့​ဖြစ်လေမည့် အတိုင်း သိခြင်း​ဖြစ်၏။

၂၅ ဤ​အရာထက်၊ ပို၍ သို့မဟုတ် လျော့၍​ရှိသော​အရာ​သည်ကား၊ ရှေးဦးစွာ​ကတည်းက မုသား​ပြောသူ​ဖြစ်သည့် ထို​ဆိုးညစ်သော​သူ၏​ဝိညာဉ်​ဖြစ်၏။

၂၆ သမ္မာ​တရား​ဝိညာဉ်သည် ဘုရားသခင်​ထံမှ ဖြစ်၏။ ငါသည် သမ္မာ​တရား​ဝိညာဉ်​ဖြစ်၏၊ ယောဟန်​ကလည်း ငါ့အကြောင်းကို သက်သေ​ခံ၍၊ ဆိုလေ​သည်ကား၊ သူသည် သမ္မာ​တရား​အပြည့်​အစုံကို၊ အမှန်​စင်စစ်၊ ခပ်သိမ်းသော​သမ္မာ​တရား​ကိုပင် ရရှိ၏။

၂၇ သူ၏​ပညတ်တော်​များကို မစောင့်ထိန်းလျှင် ပြည့်စုံခြင်းကို အဘယ်သူမျှ​မရရှိ။

၂၈ သူ၏​ပညတ်တော်​များကို စောင့်ထိန်းသော​သူသည် သမ္မာ​တရား​အားဖြင့် ဘုန်းထင်ရှားပြီး၊ ခပ်သိမ်းသော​အရာတို့ကို သိသည်​အထိ သမ္မာ​တရားနှင့် အလင်းကို ရရှိ၏။

၂၉ လူသားသည်လည်း ရှေးဦးစွာ၌ ဘုရားသခင်နှင့် အတူ​ရှိ၏။ အသိဉာဏ်၊ သို့မဟုတ် သမ္မာ​တရား​အလင်းကို ဖန်ဆင်း၍​သို့မဟုတ်၊ ပြုလုပ်၍​မထား၊ အမှန်​စင်စစ် ဖြစ်လည်း မဖြစ်နိုင်။

၃၀ ခပ်သိမ်းသော​သမ္မာ​တရားသည် ဘုရားသခင်​နေရာ​ချထားရာ ထိုဂြိုဟ်၌ မိမိ​ကိုယ်တိုင်​ပြုမူရန် လွတ်လပ်စွာရှိ၏၊ ခပ်သိမ်းသော​အသိဉာဏ်​သည်လည်း ထိုနည်းတူ​ရှိ၏။ သို့မဟုတ်လျှင် ဖြစ်တည်ခြင်း​မရှိ။

၃၁ ရှုလော့၊ သည်မှာ လူသား၏ ရွေးချယ်​ပြုမူ​နိုင်ခွင့်​ရှိ၏၊ ထို့အတူ သည်မှာ လူသား၏​ပြစ်ဒဏ်​ချမှတ်ခြင်း​ရှိ၏။ ရှေးဦးစွာ​ကတည်းက သူတို့ကို ရှင်းရှင်း​လင်းလင်း ထင်ရှားစွာပြ​ထားသောကြောင့် သူတို့သည် ထို​အလင်းကို လက်ခံခြင်း​မရှိကြ။

၃၂ မိမိ​စိတ်​ဝိညာဉ်က ထို​အလင်းကို လက်ခံခြင်း​မရှိသော​သူတိုင်းသည် ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌ ရှိ၏။

၃၃ အကြောင်း​မူကား၊ လူသားသည် စိတ်​ဝိညာဉ်​ဖြစ်၏။ လောကဓာတ်​တို့သည် ထာဝရ​ဖြစ်၏၊ ခွဲ၍​မရအောင် ဆက်သွယ်​ထားသည့် စိတ်ဝိညာဉ်နှင့် လောကဓာတ်သည် ဝမ်းမြောက်ခြင်း အပြည့်​အစုံကို ရရှိ၏။

၃၄ ကွဲသွားသော​အခါ၊ လူသားသည် ဝမ်းမြောက်ခြင်း​အပြည့်​အစုံကို မရရှိနိုင်။

၃၅ လောကဓာတ်တို့သည် ဘုရားသခင်၏ တဲတော်​ဖြစ်၏။ ထိုမှ​တစ်ပါး၊ လူသားသည် ဘုရားသခင်၏​တဲတော်၊ ဗိမာန်တော်များပင် ဖြစ်၏။ အဘယ်​ဗိမာန်တော်​ဖြစ်စေ ညစ်ညူးလျှင် ဘုရားသခင်သည် ထို​ဗိမာန်တော်ကို ဖျက်ဆီးတော်​မူမည်။

၃၆ ဘုရားသခင်၏​ဘုန်းတော်သည် အသိဉာဏ်​ဖြစ်၏၊ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ အလင်းနှင့် သမ္မာ​တရား​ဖြစ်၏။

၃၇ အလင်းနှင့်​သမ္မာ​တရားသည် ထို​မာရ်နတ်ကို စွန့်ပစ်၏။

၃၈ လူသား​ဝိညာဉ်တိုင်းသည် ရှေးဦးစွာ၌ အပြစ်​မရှိ။ ဘုရားသခင်သည် လူသားကို ကျရှုံးခြင်းမှ ရွေးနုတ်တော်​မူသဖြင့်၊ လူသားတို့သည် မိမိတို့၏ ကလေး​ငယ်​အခြေ​အနေသို့ တစ်ဖန်​ရောက်လာ​ကြပြီး၊ ဘုရားသခင်​ရှေ့၌ အပြစ်​မရှိကြ။

၃၉ ထို​ဆိုးညစ်သော​သူသည် ရောက်လာပြီး၊ လူသားတို့​ထံမှ အလင်းနှင့်​သမ္မာ​တရားကို၊ မနာခံခြင်း​အားဖြင့်၊ ထို့အတူ သူတို့​ဘိုးဘေး​တို့၏ နည်း​ဥပဒေသ​ကြောင့် နုတ်ယူ​သွား၏။

၄၀ သို့ရာတွင်၊ သင်တို့၏​သားသမီးများကို အလင်းနှင့် သမ္မာ​တရားဖြင့် ပြုစု​ပျိုးထောင်​ကြရန် သင်တို့ကို ငါ​မိန့်မှာ​လေပြီ။

၄၁ သို့ရာတွင်၊ သင့်ကို ငါ​အမှန် ဆိုသည်ကား၊ ငါ့ကျွန်​ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံ၊ သင်သည် ဤ​ပြစ်ဒဏ်​ချမှတ်ခြင်း​အောက်၌ ဆက်၍​ရှိလေပြီ။

၄၂ သင်သည် သင်၏​သားသမီးများကို ပညတ်တော်များ​အတိုင်း အလင်းနှင့်​သမ္မာ​တရားကို မသွန်သင်​လေခဲ့။ ထို​ဆိုးညစ်သော​သူသည်၊ ယခု​အချိန်၌၊ သင့်အပေါ်မှာ အစိုး​ရလေပြီ၊ ဤအရာသည် သင့်ဆင်းရဲ​ဒုက္ခများ၏​အကြောင်းရင်း​ဖြစ်၏။

၄၃ ယခု​မူကား၊ ပညတ်တော်ကို သင့်အား ငါ​ပေး၏—သင်သည် ကယ်လွှတ်​ခံရမည်​ဆိုလျှင် သင်၏​အိမ်ကို အစီ​အစဉ်​တကျ​ရှိစေ​ရမည်၊ အကြောင်း​မူကား၊ သင်၏ အိမ်ထဲ၌ မမှန်ကန်သော အရာ များစွာ​ရှိပေ၏။

၄၄ ငါ့ကျွန်၊ ဆစ်ဒနီ​ရစ်ဂဒွန်ကို ငါ​အမှန်​ဆို၏၊ အချို့သော​အရာတို့တွင် သူသည် မိမိ​သားသမီးများနှင့်​စပ်လျဉ်း၍ ပညတ်တော်များကို မစောင့်ထိန်း​လေပြီ။ ထို့ကြောင့်၊ ပထမဦးဆုံး သင်၏​အိမ်ကို အစီ​အစဉ်​တကျ ရှိစေလော့။

၄၅ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်ကို ငါ​အမှန်​ဆိုသည်ကား၊ သို့မဟုတ် တစ်နည်း​အားဖြင့်၊ ငါသည် သင်တို့ကို အဆွေ​ခင်ပွန်းများဟု ခေါ်မည်၊ အကြောင်း​မူကား၊ သင်တို့သည် ငါ၏​အဆွေ​ခင်ပွန်းများ ဖြစ်ကြ၏၊ သင်တို့သည်လည်း ငါနှင့်​အတူ အမွေခံ​ရာကို ရကြ​လိမ့်မည်—

၄၆ ငါသည် သင်တို့ကို လောက​အတွက် ကျွန်များဟု​ခေါ်၏၊ သင်တို့သည် ငါ့အတွက် သူတို့၏​ကျွန်များ​ဖြစ်ကြ၏—

၄၇ ယခု​မူကား၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်ကို ငါ​အမှန်​ဆိုသည်မှာ—သင်သည် ပညတ်တော်များကို မစောင့်ထိန်း​လေပြီ၊ ကိုယ်တော်ရှင်​ရှေ့၌ ဆုံးမ​ခံရရန်​ရပ်ရမည်။

၄၈ သင်၏​မိသားစုသည် နောင်တ​ရပြီး၊ အချို့သော​အရာတို့ကို စွန့်ပစ်​ရမည်၊ သင်၏​စကားများကို ပို၍​အလေး​အနက် ပမာဏပြုကြရ​မည်၊ သို့မဟုတ်လျှင် သူတို့​နေရာမှ ဖယ်ရှား​ခံကြရမည်။

၄၉ တစ်ယောက်သော​သူအား ငါ​ဆိုသည့်​အရာကို ခပ်သိမ်းသော​သူတို့အား ငါ​ဆို၏။ ထို​ဆိုးညစ်သော​သူက သင်တို့ကို အစိုး​မရ​စေခြင်းငှာ၊ ထို့အတူ သင်တို့​နေရာမှ သင်တို့ကို မဖယ်ရှား​စေခြင်းငှာ အစဉ်​အမြဲ​ဆုတောင်းလော့။

၅၀ ငါ့အသင်းတော်၏ သင်းအုပ်​တစ်ဦး​ဖြစ်သူ ငါ့ကျွန်​နီဝယ်လ်​ကေ​ဝှစ်တနီသည်လည်း ဆုံးမ​ခံရရန်၊ ထို့အတူ သူ့မိသားစုကို အစီ​အစဉ်​တကျ​ရှိစေရန်၊ ထို့အတူ သူတို့သည် အိမ်၌ ပိုပြီး​လုံ့လ​ဝီရိယ​ရှိကြောင်းနှင့် ပါဝင်​ကြကြောင်း၊ ထို့အတူ အစဉ်အမြဲဆုတောင်းကြကြောင်း သေချာ​စေရန် လိုအပ်၏၊ သို့မဟုတ်လျှင် သူတို့သည် မိမိတို့​နေရာမှ ဖယ်ရှား​ခံရ​လိမ့်မည်။

၅၁ ယခုတွင်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ငါ၏ အဆွေ​ခင်ပွန်းတို့၊ ငါ့ကျွန်​ဆစ်ဒနီရစ်ဂဒွန်အား သူ့ခရီးကို သွားစေလော့၊ ထို့အတူ အလျင်​အမြန်​ပြုစေလော့၊ ဟောပြောခြင်း​အခွင့်ကို သူ့အား ငါ​ပေးမည့်​အတိုင်း၊ ကိုယ်တော်ရှင်၏ မင်္ဂလာနှစ်၊ ကယ်တင်ခြင်း ဧဝံ​ဂေလိ​တရားတော်ကိုလည်း ကြေညာ​စေလော့။ သင်တို့​၏ယုံကြည်ခြင်းရှိသော တညီ​တညွတ်တည်း ဆုတောင်းခြင်းကြောင့် ငါသည် သူ့ကို ထောက်ခံမည်။

၅၂ ငါ့ကျွန်များ​ဖြစ်သည့် ဂျိုးဇက်​စမစ် အငယ်နှင့် ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံတို့ကိုလည်း အလျင်​အမြန်​ပြုစေလော့၊ ယုံကြည်ခြင်းရှိသော ဆုတောင်းခြင်း​အတိုင်းပင် သူတို့ကိုလည်း ပေးတော်မူမည်။ သင်တို့သည် ငါ၏​စကားများကို စောင့်ထိန်းကြ​သမျှ ဤလောက၌ မရှုံးနိမ့်ရကြ၊ လာမည့်​လောက၌လည်း မရှုံးနိမ့်​ရကြ။

၅၃ ထို့အတူ၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့သည် ငါ၏​ကျမ်းစာများကို ဘာသာပြန်ရန်၊ ထို့အတူ သမိုင်း​အကြောင်း၊ ထို့အတူ နိုင်ငံများ​အကြောင်း၊ ထို့အတူ နိုင်ငံတော်များ​အကြောင်း၊ ထို့အတူ ဘုရားသခင်နှင့် လူတို့၏​ဥပဒေများ​အကြောင်း အသိပညာကို ရရှိရန် အလျင်​အမြန်​ပြုရမည်မှာ ငါ၏​အလိုတော်​ဖြစ်၏၊ ခပ်သိမ်းသော ဤ​အရာတို့မှာ ဇိအုန်၏ ကယ်တင်ခြင်း​အတွက်​ပေတည်း။ အာမင်။