အပိုဒ်ငယ် ၉၃
၁၈၃၃ ခု၊ မေလ ၆ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။
၁–၅၊ သစ္စာရှိသောသူအပေါင်းတို့သည် ကိုယ်တော်ရှင်ကို မြင်ရလိမ့်မည်။ ၆–၁၈၊ ဘုရားသခင်၏ သားတော်သည် ခမည်းတော်၏ ဘုန်းတော်အပြည့်အစုံကို ရရှိသည့်တိုင်အောင် ကျေးဇူးတော်မှ ကျေးဇူးတော်ကို ထပ်၍ ရရှိမည်ဖြစ်ကြောင်း ယောဟန်က သက်သေခံ၏။ ၁၉–၂၀၊ ကျေးဇူးတော်မှ ကျေးဇူးတော်ကို ထပ်၍ ရရှိသည့် သစ္စာရှိသောသူတို့သည်လည်း သူ၏ ပြည့်စုံခြင်းကို ရရှိလိမ့်မည်။ ၂၁–၂၂၊ ခရစ်တော်အားဖြင့် ဖြစ်ဖွားသော သူတို့သည် သားဦး၏ အသင်းတော်မှ ဖြစ်ကြ၏။ ၂၃–၂၈၊ ခရစ်တော်သည် ခပ်သိမ်းသော သမ္မာတရား၏ ပြည့်စုံခြင်းကို ရရှိ၏၊ လူသားသည်လည်း နာခံခြင်းအားဖြင့် ထိုနည်းတူ ရရှိနိုင်၏။ ၂၉–၃၂၊ လူသားသည် ရှေးဦးစွာ၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃၃–၃၅၊ လောကဓာတ်တို့သည် ထာဝရဖြစ်၏၊ လူသားသည် ဝမ်းမြောက်ခြင်း အပြည့်အစုံကို ရှင်ပြန်ထမြောက်ခြင်း၌ ရရှိလိမ့်မည်။ ၃၆–၃၇၊ ဘုရားသခင်၏ ဘုန်းတော်သည် အသိဉာဏ်ဖြစ်၏။ ၃၈–၄၀၊ ကလေးများသည် ခရစ်တော်၏ ရွေးနုတ်ခြင်းကြောင့် ဘုရားသခင်ရှေ့၌ အပြစ်မရှိကြ။ ၄၁–၅၃၊ ဦးဆောင်သော ညီအစ်ကိုတို့သည် မိမိတို့မိသားစုများကို အစီအစဉ်တကျရှိစေရန် မိန့်မှာခံရ၏။
၁ ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ မိမိအပြစ်များကို စွန့်ပစ်၍၊ ငါ့ထံသို့လာသော၊ ထို့အတူ ငါ၏နာမတော်ကို ပတ္ထနာပြုသော၊ ထို့အတူ ငါ၏အသံကို နာခံသော၊ ထို့အတူ ငါ၏ ပညတ်တော်များကို စောင့်ထိန်းသောသူတိုင်းသည် ငါ၏မျက်နှာတော်ကို မြင်ရလိမ့်မည်၊ ငါ ရှိတော်မူကြောင်းကိုလည်း သိရလိမ့်မည်။
၂ ငါသည် လောကထဲသို့ ဝင်လာသူတိုင်းအား အလင်းကို ပေးသည့် မှန်သောအလင်းဖြစ်ကြောင်းကိုလည်း သိရလိမ့်မည်။
၃ ငါသည် ခမည်းတော်၌ ရှိပြီး၊ ခမည်းတော်သည် ငါ၌ ရှိတော်မူ၍၊ ခမည်းတော်နှင့်ငါသည် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်းကိုလည်း သိရလိမ့်မည်—
၄ သူ၏ပြည့်စုံခြင်းကို ငါ့အား ပေးတော်မူသောကြောင့် ခမည်းတော်သည် ငါ၌ရှိတော်မူ၏၊ ထို့အတူ ငါသည် လောကထဲ၌ ရှိတော်မူပြီး၊ ဇာတိကိုယ်ခန္ဓာကို ငါ၏တဲအဖြစ် ပြုတော်မူလျက်၊ လူသားတို့ကြား၌ နေထိုင်တော်မူသောကြောင့် သားတော်ဖြစ်တော်မူ၏။
၅ ငါသည် လောကထဲ၌ ရှိတော်မူလေပြီး ခမည်းတော်ပေးသည့်အရာကို လက်ခံ၏၊ သူ၏အမှုတော်တို့ကိုလည်း ရှင်းရှင်းလင်းလင်းထင်ရှားစွာပြ၏။
၆ ယောဟန်သည် ငါ၏ ဘုန်းတော် အပြည့်အစုံကို မြင်ပြီး သက်သေခံ၏။ ယောဟန်၏ မှတ်တမ်းအပြည့်အစုံကို နောင်ကာလ၌ ဖော်ပြတော်မူမည်။
၇ သူသက်သေခံ၍ဆိုသည်ကား၊ ငါသည် သူ၏ဘုန်းတော်ကို မြင်ရ၏၊ သူသည် ကမ္ဘာမတည်ရှိမီက ရှေးဦးစွာ၌ ရှိတော်မူလေ၏။
၈ ထို့ကြောင့်၊ ရှေးဦးစွာ၌ နှုတ်ကပတ်တော်ရှိ၏၊ အကြောင်းမူကား၊ သူသည် နှုတ်ကပတ်တော်ဖြစ်၏၊ ကယ်တင်ခြင်းတမန်တော်ပင်ဖြစ်၏—
၉ လောက၏အလင်းနှင့် ရွေးနုတ်ရှင်ဖြစ်၏။ လောကကို သူအားဖြင့် ဖန်ဆင်းထားသောကြောင့်၊ လောကထဲသို့ ကြွလာတော်မူသည့် သမ္မာတရားဝိညာဉ်တော်ဖြစ်၏၊ ထို့အတူ သူ့၌ လူသားတို့၏ အသက်နှင့် လူသားတို့၏ အလင်း ရှိတော်မူ၏။
၁၀ ကမ္ဘာတို့ကို သူအားဖြင့် ဖန်ဆင်းထား၏။ လူသားတို့ကို သူအားဖြင့် ဖန်ဆင်းထား၏။ ခပ်သိမ်းသောအရာတို့ကို သူအားဖြင့်၊ ထို့အတူ သူမှတစ်ဆင့်၊ ထို့အတူ သူ့ထံမှ ဖန်ဆင်းထား၏၊
၁၁ ငါ၊ ယောဟန်သည်၊ ကျေးဇူးတော်၊ သမ္မာတရားတို့နှင့် ပြည့်စုံသည့်၊ ခမည်းတော်ဖြစ်ဖွားစေသည့် တစ်ပါးတည်းသောသားတော်၊ အထူးသဖြင့် သမ္မာတရားဝိညာဉ်တော်ပင်ဖြစ်သည့် ဘုန်းတော်အဖြစ်၊ သူ၏ဘုန်းတော်ကို ငါမြင်ရကြောင်း သက်သေခံ၏၊ သူသည် ကြွလာတော်မူပြီး၊ ဇာတိကိုယ်ခန္ဓာ၌ နေထိုင်၏၊ ထို့အတူ ငါတို့၌ နေထိုင်၏။
၁၂ သူသည် ပထမဦးဆုံး၌ အပြည့်အစုံကို ရရှိခြင်းမရှိ၊ သို့ရာတွင် ကျေးဇူးတော်အပေါ် ကျေးဇူးတော်ကို ထပ်၍ရရှိကြောင်း ငါယောဟန်မြင်ရ၏။
၁၃ သူသည် ပထမဦးဆုံး၌ အပြည့်အစုံကို ရရှိခြင်းမရှိ၊ သို့ရာတွင် အပြည့်အစုံကို မရရှိမီအထိ ကျေးဇူးတော်မှ ကျေးဇူးတော်ကို ဆက်၍ရရှိ၏။
၁၄ သူသည် ပထမဦးဆုံး၌ အပြည့်အစုံကို ရရှိခြင်းမရှိသောကြောင့်၊ ထိုကဲ့သို့အားဖြင့်၊ သူ့ကို ဘုရားသခင်၏သားတော်ဟု ခေါ်ကြ၏။
၁၅ ငါ၊ ယောဟန်သည်၊ သက်သေခံ၏၊ ကြည့်ဦးလော့၊ ကောင်းကင်ပွင့်လေပြီ၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ချိုးငှက်အသွင်ဖြင့် သူ့အပေါ်သို့ ဆင်းသက်တော်မူ၏၊ ထို့အတူ သူ့အပေါ်မှာ ထိုင်တော်မူ၏၊ ထို့အတူ ကောင်းကင်ဘုံမှ အသံရောက်လာ၍ မိန့်တော်မူလေသည်ကား၊ ဤသူကား၊ ငါ၏ချစ်သားပေတည်း။
၁၆ သူသည် ခမည်းတော်၏ ဘုန်းတော် အပြည့်အစုံကို ရရှိကြောင်း၊ ငါ၊ ယောဟန် သက်သေခံ၏။
၁၇ သူသည် ကောင်းကင်နှင့် မြေကြီးနှစ်ခုစလုံးရှိ ခပ်သိမ်းသောတန်ခိုးကို ရရှိ၏၊ ခမည်းတော်၏ ဘုန်းတော်သည်လည်း သူနှင့်အတူ ရှိတော်မူ၏၊ အကြောင်းမူကား၊ သူ့၌ ရှိတော်မူ၏။
၁၈ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ သင်တို့သည် သစ္စာရှိကြလျှင် ယောဟန်၏ မှတ်တမ်းအပြည့်အစုံကို ရရှိကြလိမ့်မည်။
၁၉ သင်တို့သည် ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ လာနိုင်ကြ၊ ထို့အတူ ကာလအချိန်တန်သောအခါ သူ၏ပြည့်စုံခြင်းကို ရရှိနိုင်ကြစေမည့် အကြောင်း အဘယ်သို့ ကိုးကွယ်ရမည်ကို နားလည်ပြီးသိနိုင်ကြစေခြင်းငှာနှင့် အဘယ်အရာကို ကိုးကွယ်ရမည်ကို သိနိုင်ကြစေခြင်းငှာ ဤစကားများကို သင်တို့အား ငါပေး၏။
၂၀ အကြောင်းမူကား၊ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ သူ၏ပြည့်စုံခြင်းကို ရရှိကြလိမ့်မည်၊ ထို့အတူ ခမည်းတော်အားဖြင့် ငါဘုန်းထင်ရှားသကဲ့သို့ ငါအားဖြင့် ဘုန်းထင်ရှားကြလိမ့်မည်။ ထို့ကြောင့်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးတော်အပေါ် ကျေးဇူးတော်ကို ထပ်၍ ရရှိကြလိမ့်မည်။
၂၁ ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါသည် ရှေးဦးစွာ၌ ခမည်းတော်နှင့် အတူရှိတော်မူ၏၊ သားဦးလည်းဖြစ်တော်မူ၏။
၂၂ ငါအားဖြင့် ဖြစ်ဖွားစေသောသူအပေါင်းတို့သည် တူသော ဘုန်းတော်ကို ခံယူကြသူများဖြစ်ကြ၏၊ သားဦး၏အသင်းတော်လည်း ဖြစ်ကြ၏။
၂၃ သင်တို့သည်လည်း ရှေးဦးစွာ၌ ခမည်းတော်နှင့်အတူ ရှိကြ၏။ ဝိညာဉ်တော်၊ သမ္မာတရားဝိညာဉ်တော်ပင်ဖြစ်၏။
၂၄ သမ္မာတရားသည်ကား အမှုအရာတို့ အကြောင်းကို ၎င်းတို့ဖြစ်လျက်ရှိသည့် အတိုင်း၊ ထို့အတူ ၎င်းတို့ဖြစ်လေပြီးသည့် အတိုင်း၊ ထို့အတူ ၎င်းတို့ဖြစ်လေမည့် အတိုင်း သိခြင်းဖြစ်၏။
၂၅ ဤအရာထက်၊ ပို၍ သို့မဟုတ် လျော့၍ရှိသောအရာသည်ကား၊ ရှေးဦးစွာကတည်းက မုသားပြောသူဖြစ်သည့် ထိုဆိုးညစ်သောသူ၏ဝိညာဉ်ဖြစ်၏။
၂၆ သမ္မာတရားဝိညာဉ်သည် ဘုရားသခင်ထံမှ ဖြစ်၏။ ငါသည် သမ္မာတရားဝိညာဉ်ဖြစ်၏၊ ယောဟန်ကလည်း ငါ့အကြောင်းကို သက်သေခံ၍၊ ဆိုလေသည်ကား၊ သူသည် သမ္မာတရားအပြည့်အစုံကို၊ အမှန်စင်စစ်၊ ခပ်သိမ်းသောသမ္မာတရားကိုပင် ရရှိ၏။
၂၇ သူ၏ပညတ်တော်များကို မစောင့်ထိန်းလျှင် ပြည့်စုံခြင်းကို အဘယ်သူမျှမရရှိ။
၂၈ သူ၏ပညတ်တော်များကို စောင့်ထိန်းသောသူသည် သမ္မာတရားအားဖြင့် ဘုန်းထင်ရှားပြီး၊ ခပ်သိမ်းသောအရာတို့ကို သိသည်အထိ သမ္မာတရားနှင့် အလင်းကို ရရှိ၏။
၂၉ လူသားသည်လည်း ရှေးဦးစွာ၌ ဘုရားသခင်နှင့် အတူရှိ၏။ အသိဉာဏ်၊ သို့မဟုတ် သမ္မာတရားအလင်းကို ဖန်ဆင်း၍သို့မဟုတ်၊ ပြုလုပ်၍မထား၊ အမှန်စင်စစ် ဖြစ်လည်း မဖြစ်နိုင်။
၃၀ ခပ်သိမ်းသောသမ္မာတရားသည် ဘုရားသခင်နေရာချထားရာ ထိုဂြိုဟ်၌ မိမိကိုယ်တိုင်ပြုမူရန် လွတ်လပ်စွာရှိ၏၊ ခပ်သိမ်းသောအသိဉာဏ်သည်လည်း ထိုနည်းတူရှိ၏။ သို့မဟုတ်လျှင် ဖြစ်တည်ခြင်းမရှိ။
၃၁ ရှုလော့၊ သည်မှာ လူသား၏ ရွေးချယ်ပြုမူနိုင်ခွင့်ရှိ၏၊ ထို့အတူ သည်မှာ လူသား၏ပြစ်ဒဏ်ချမှတ်ခြင်းရှိ၏။ ရှေးဦးစွာကတည်းက သူတို့ကို ရှင်းရှင်းလင်းလင်း ထင်ရှားစွာပြထားသောကြောင့် သူတို့သည် ထိုအလင်းကို လက်ခံခြင်းမရှိကြ။
၃၂ မိမိစိတ်ဝိညာဉ်က ထိုအလင်းကို လက်ခံခြင်းမရှိသောသူတိုင်းသည် ပြစ်ဒဏ်ချမှတ်ခြင်းအောက်၌ ရှိ၏။
၃၃ အကြောင်းမူကား၊ လူသားသည် စိတ်ဝိညာဉ်ဖြစ်၏။ လောကဓာတ်တို့သည် ထာဝရဖြစ်၏၊ ခွဲ၍မရအောင် ဆက်သွယ်ထားသည့် စိတ်ဝိညာဉ်နှင့် လောကဓာတ်သည် ဝမ်းမြောက်ခြင်း အပြည့်အစုံကို ရရှိ၏။
၃၄ ကွဲသွားသောအခါ၊ လူသားသည် ဝမ်းမြောက်ခြင်းအပြည့်အစုံကို မရရှိနိုင်။
၃၅ လောကဓာတ်တို့သည် ဘုရားသခင်၏ တဲတော်ဖြစ်၏။ ထိုမှတစ်ပါး၊ လူသားသည် ဘုရားသခင်၏တဲတော်၊ ဗိမာန်တော်များပင် ဖြစ်၏။ အဘယ်ဗိမာန်တော်ဖြစ်စေ ညစ်ညူးလျှင် ဘုရားသခင်သည် ထိုဗိမာန်တော်ကို ဖျက်ဆီးတော်မူမည်။
၃၆ ဘုရားသခင်၏ဘုန်းတော်သည် အသိဉာဏ်ဖြစ်၏၊ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ အလင်းနှင့် သမ္မာတရားဖြစ်၏။
၃၇ အလင်းနှင့်သမ္မာတရားသည် ထိုမာရ်နတ်ကို စွန့်ပစ်၏။
၃၈ လူသားဝိညာဉ်တိုင်းသည် ရှေးဦးစွာ၌ အပြစ်မရှိ။ ဘုရားသခင်သည် လူသားကို ကျရှုံးခြင်းမှ ရွေးနုတ်တော်မူသဖြင့်၊ လူသားတို့သည် မိမိတို့၏ ကလေးငယ်အခြေအနေသို့ တစ်ဖန်ရောက်လာကြပြီး၊ ဘုရားသခင်ရှေ့၌ အပြစ်မရှိကြ။
၃၉ ထိုဆိုးညစ်သောသူသည် ရောက်လာပြီး၊ လူသားတို့ထံမှ အလင်းနှင့်သမ္မာတရားကို၊ မနာခံခြင်းအားဖြင့်၊ ထို့အတူ သူတို့ဘိုးဘေးတို့၏ နည်းဥပဒေသကြောင့် နုတ်ယူသွား၏။
၄၀ သို့ရာတွင်၊ သင်တို့၏သားသမီးများကို အလင်းနှင့် သမ္မာတရားဖြင့် ပြုစုပျိုးထောင်ကြရန် သင်တို့ကို ငါမိန့်မှာလေပြီ။
၄၁ သို့ရာတွင်၊ သင့်ကို ငါအမှန် ဆိုသည်ကား၊ ငါ့ကျွန်ဖရက်ဒရစ်ခ်ဂျီဝီလျံ၊ သင်သည် ဤပြစ်ဒဏ်ချမှတ်ခြင်းအောက်၌ ဆက်၍ရှိလေပြီ။
၄၂ သင်သည် သင်၏သားသမီးများကို ပညတ်တော်များအတိုင်း အလင်းနှင့်သမ္မာတရားကို မသွန်သင်လေခဲ့။ ထိုဆိုးညစ်သောသူသည်၊ ယခုအချိန်၌၊ သင့်အပေါ်မှာ အစိုးရလေပြီ၊ ဤအရာသည် သင့်ဆင်းရဲဒုက္ခများ၏အကြောင်းရင်းဖြစ်၏။
၄၃ ယခုမူကား၊ ပညတ်တော်ကို သင့်အား ငါပေး၏—သင်သည် ကယ်လွှတ်ခံရမည်ဆိုလျှင် သင်၏အိမ်ကို အစီအစဉ်တကျရှိစေရမည်၊ အကြောင်းမူကား၊ သင်၏ အိမ်ထဲ၌ မမှန်ကန်သော အရာ များစွာရှိပေ၏။
၄၄ ငါ့ကျွန်၊ ဆစ်ဒနီရစ်ဂဒွန်ကို ငါအမှန်ဆို၏၊ အချို့သောအရာတို့တွင် သူသည် မိမိသားသမီးများနှင့်စပ်လျဉ်း၍ ပညတ်တော်များကို မစောင့်ထိန်းလေပြီ။ ထို့ကြောင့်၊ ပထမဦးဆုံး သင်၏အိမ်ကို အစီအစဉ်တကျ ရှိစေလော့။
၄၅ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်ကို ငါအမှန်ဆိုသည်ကား၊ သို့မဟုတ် တစ်နည်းအားဖြင့်၊ ငါသည် သင်တို့ကို အဆွေခင်ပွန်းများဟု ခေါ်မည်၊ အကြောင်းမူကား၊ သင်တို့သည် ငါ၏အဆွေခင်ပွန်းများ ဖြစ်ကြ၏၊ သင်တို့သည်လည်း ငါနှင့်အတူ အမွေခံရာကို ရကြလိမ့်မည်—
၄၆ ငါသည် သင်တို့ကို လောကအတွက် ကျွန်များဟုခေါ်၏၊ သင်တို့သည် ငါ့အတွက် သူတို့၏ကျွန်များဖြစ်ကြ၏—
၄၇ ယခုမူကား၊ ငါ့ကျွန်ဂျိုးဇက်စမစ်အငယ်ကို ငါအမှန်ဆိုသည်မှာ—သင်သည် ပညတ်တော်များကို မစောင့်ထိန်းလေပြီ၊ ကိုယ်တော်ရှင်ရှေ့၌ ဆုံးမခံရရန်ရပ်ရမည်။
၄၈ သင်၏မိသားစုသည် နောင်တရပြီး၊ အချို့သောအရာတို့ကို စွန့်ပစ်ရမည်၊ သင်၏စကားများကို ပို၍အလေးအနက် ပမာဏပြုကြရမည်၊ သို့မဟုတ်လျှင် သူတို့နေရာမှ ဖယ်ရှားခံကြရမည်။
၄၉ တစ်ယောက်သောသူအား ငါဆိုသည့်အရာကို ခပ်သိမ်းသောသူတို့အား ငါဆို၏။ ထိုဆိုးညစ်သောသူက သင်တို့ကို အစိုးမရစေခြင်းငှာ၊ ထို့အတူ သင်တို့နေရာမှ သင်တို့ကို မဖယ်ရှားစေခြင်းငှာ အစဉ်အမြဲဆုတောင်းလော့။
၅၀ ငါ့အသင်းတော်၏ သင်းအုပ်တစ်ဦးဖြစ်သူ ငါ့ကျွန်နီဝယ်လ်ကေဝှစ်တနီသည်လည်း ဆုံးမခံရရန်၊ ထို့အတူ သူ့မိသားစုကို အစီအစဉ်တကျရှိစေရန်၊ ထို့အတူ သူတို့သည် အိမ်၌ ပိုပြီးလုံ့လဝီရိယရှိကြောင်းနှင့် ပါဝင်ကြကြောင်း၊ ထို့အတူ အစဉ်အမြဲဆုတောင်းကြကြောင်း သေချာစေရန် လိုအပ်၏၊ သို့မဟုတ်လျှင် သူတို့သည် မိမိတို့နေရာမှ ဖယ်ရှားခံရလိမ့်မည်။
၅၁ ယခုတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏ အဆွေခင်ပွန်းတို့၊ ငါ့ကျွန်ဆစ်ဒနီရစ်ဂဒွန်အား သူ့ခရီးကို သွားစေလော့၊ ထို့အတူ အလျင်အမြန်ပြုစေလော့၊ ဟောပြောခြင်းအခွင့်ကို သူ့အား ငါပေးမည့်အတိုင်း၊ ကိုယ်တော်ရှင်၏ မင်္ဂလာနှစ်၊ ကယ်တင်ခြင်း ဧဝံဂေလိတရားတော်ကိုလည်း ကြေညာစေလော့။ သင်တို့၏ယုံကြည်ခြင်းရှိသော တညီတညွတ်တည်း ဆုတောင်းခြင်းကြောင့် ငါသည် သူ့ကို ထောက်ခံမည်။
၅၂ ငါ့ကျွန်များဖြစ်သည့် ဂျိုးဇက်စမစ် အငယ်နှင့် ဖရက်ဒရစ်ခ်ဂျီဝီလျံတို့ကိုလည်း အလျင်အမြန်ပြုစေလော့၊ ယုံကြည်ခြင်းရှိသော ဆုတောင်းခြင်းအတိုင်းပင် သူတို့ကိုလည်း ပေးတော်မူမည်။ သင်တို့သည် ငါ၏စကားများကို စောင့်ထိန်းကြသမျှ ဤလောက၌ မရှုံးနိမ့်ရကြ၊ လာမည့်လောက၌လည်း မရှုံးနိမ့်ရကြ။
၅၃ ထို့အတူ၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ငါ၏ကျမ်းစာများကို ဘာသာပြန်ရန်၊ ထို့အတူ သမိုင်းအကြောင်း၊ ထို့အတူ နိုင်ငံများအကြောင်း၊ ထို့အတူ နိုင်ငံတော်များအကြောင်း၊ ထို့အတူ ဘုရားသခင်နှင့် လူတို့၏ဥပဒေများအကြောင်း အသိပညာကို ရရှိရန် အလျင်အမြန်ပြုရမည်မှာ ငါ၏အလိုတော်ဖြစ်၏၊ ခပ်သိမ်းသော ဤအရာတို့မှာ ဇိအုန်၏ ကယ်တင်ခြင်းအတွက်ပေတည်း။ အာမင်။