ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၄


အပိုဒ်ငယ် ၉၄

၁၈၃၃ ခု၊ ဩဂုတ်လ ၂ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဟီရမ်စမစ်၊ ရေးနိုး​ကာဟွန်းနှင့် ယာရက်​ကာတာတို့သည် အသင်းတော် ဆောက်လုပ်ရေး အမှုဆောင်​အဖွဲ့ အဖြစ်​ခန့်အပ်​ခံရ၏။

၁–၉၊ ဥက္ကဋ္ဌ​အဖွဲ့၏​အမှု​အတွက် အိမ်​တစ်အိမ်ကို ဆောက်ခြင်းနှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင်က ပညတ်တော်ကို ပေး၏။ ၁၀–၁၂၊ ပုံနှိပ်တိုက်ကို တည်ဆောက်ရမည်။ ၁၃–၁၇၊ အမွေခံရာ​အချို့ကို ခန့်အပ်၏။

ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏ အဆွေခင်ပွန်းတို့၊ ဤ​ကာ့တ်လန်း​မြေတွင်၊ ငါ၏ အိမ်တော်၌​စ၍၊ ဇိအုန်​ပန္နက်မြို့ အစပြုခြင်းနှင့် အုတ်မြစ်​ချခြင်း အတွက် နေရာ​မှတ်ခြင်းနှင့် ပြင်ဆင်ခြင်း​အမှုကို သင်တို့​စတင်ကြရ​မည့်​အကြောင်း ပညတ်တော်ကို သင်တို့အား ငါ​ပေး၏။

ရှုဦးလော့၊ သင်တို့ကို ငါ​ပေးထား​လေသည့် ပုံစံ​အတိုင်း ထို​အမှုကို ဆောင်ရွက်​ရမည်။

တောင်ဘက်ရှိ ပထမ​အကွက်ကို ဗျာဒိတ်တော်များ ရရှိရာ၌ ဥက္ကဋ္ဌ​အဖွဲ့၏ အလုပ်​အတွက်၊ ထို့အတူ အသင်းတော်၊ နိုင်ငံတော်တို့နှင့် စပ်ဆိုင်သည့် ခပ်သိမ်းသော​အရာတို့နှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌ​အဖွဲ့၏ အမှုတော်ဆောင်ခြင်း အမှု​အတွက် ဥက္ကဋ္ဌ​အဖွဲ့အဖို့ အိမ်​တစ်အိမ် ဆောက်ခြင်း​အတွက် ငါ့ထံသို့ ဆက်ကပ်​စေလော့။

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ အတွင်း​ခန်း၌ အနံ ငါးဆယ့်​ငါးပေ၊ အလျား ခြောက်ဆယ့်​ငါးပေဖြင့် ဆောက်ရမည်။

နောင်ကာလ၌ သင်တို့ကို ငါ​ပေးတော်​မူမည့် ပုံစံ​အတိုင်း အောက်ခန်းနှင့် အထက်ခန်း​ရှိရမည်။

ယဇ်ပုရောဟိတ်​အသင်း​အတိုင်း၊ နောင်ကာလ၌ သင်တို့ကို ငါ​ပေးတော်မူမည့် ပုံစံ​အတိုင်း အုတ်မြစ်မှ​စ၍ ကိုယ်တော်ရှင်​ထံသို့ ဆက်ကပ်​ရမည်။

ဥက္ကဋ္ဌ​အဖွဲ့၏ အလုပ်​အတွက် ကိုယ်တော်ရှင်​ထံသို့ လုံးလုံး​ဆက်ကပ်​ရမည်။

သင်တို့သည် မစင်ကြယ်သော​အရာ တစ်စုံ​တစ်ခုကိုမျှ ထို​အိမ်​ထဲသို့ ဝင်လာ​စေရန် အခွင့်​မပေးရ။ ငါ၏​ဘုန်းတော်သည် ထို​နေရာ၌ ရှိလိမ့်မည်၊ ငါ၏​မျက်မှောက်တော်​သည်လည်း ထို​နေရာ၌ ရှိလိမ့်မည်။

သို့ရာတွင် ထို​အိမ်​ထဲသို့ မစင်ကြယ်သော​အရာ တစ်စုံ​တစ်ခု ဝင်လာလျှင် ငါ၏ ဘုန်းတော်သည် ထို​နေရာ၌ မရှိ​လတ္တံ့။ ငါ၏ မျက်မှောက်တော်​သည်လည်း ဝင်မလာ​လတ္တံ့။

၁၀ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ တောင်ဘက်ရှိ ဒုတိယ​အကွက်ကို ငါ၏ ကျမ်းစာတို့ကို ဘာသာပြန်​ထားသော​အရာများကို၊ ထို့အတူ သင်တို့ကို ငါ​မိန့်တော်မူမည့် အရာ​မှန်သမျှကို ပုံနှိပ်ခြင်း အမှု​အတွက်၊ ငါ့အဖို့ အိမ်တစ်လုံး ဆောက်ခြင်း​အတွက် ငါ့ထံသို့ ဆက်ကပ်​ရမည်။

၁၁ ၎င်းသည် အတွင်းခန်း၌ အနံ​ငါးဆယ့်​ငါးပေ၊ အလျား​ခြောက်ဆယ့်​ငါးပေ​ဖြစ်ရမည်။ ထို့အတူ အောက်ခန်းနှင့် အထက်ခန်း​ရှိရမည်။

၁၂ သင်တို့ကို ငါ​မိန့်တော်မူမည့် အရာ​မှန်သမျှတို့ကို ပုံနှိပ်ခြင်း အမှု​အတွက်၊ သန့်ရှင်း​စေရန်၊ မညစ်ညူး​စေရန် သင်တို့ကို ငါ​ပေးတော်​မူမည့် ခပ်သိမ်းသော​အရာတို့၌ ရှိသည့်​ပုံစံ​အတိုင်း ဤ​အိမ်တော်ကိုလည်း အုတ်မြစ်မှ​စ၍ ကိုယ်တော်ရှင်​ထံသို့ လုံးလုံး​ဆက်ကပ်​ရမည်။

၁၃ တတိယ​အကွက်၌ ငါ့ကျွန်​ဟီရမ်​စမစ်သည် သူ၏​အမွေခံရာကို ရရှိ​လိမ့်မည်။

၁၄ မြောက်ဘက်ရှိ​ပထမနှင့် ဒုတိယ​အကွက်တွင် ငါ့ကျွန်​ရေးနိုး​ကာဟွန်းနှင့် ယာရက်​ကာတာ​တို့သည် သူတို့​အမွေ​ခံရာကို ရရှိကြ​လိမ့်မည်။

၁၅ သင်တို့ကို ငါ၊ ကိုယ်တော်ရှင်၊ ဘုရားသခင်​ပေးတော်မူ​လေသည့် ပညတ်တော်​အတိုင်း အမှုဆောင်​အဖွဲ့​အဖြစ် သူတို့ကို ငါ​ခန့်အပ်​ထားလေသည့် အမှုကို သူတို့ ဆောင်ရွက်​နိုင်ကြ စေခြင်းငှာ ပေတည်း။

၁၆ ဤ​အိမ်နှစ်လုံးကို ၎င်းတို့နှင့် စပ်လျဉ်းသည့် ပညတ်တော်ကို သင်တို့အား ငါ​မပေးမီ မဆောက်ရ။

၁၇ ယခုမူကား၊ ငါသည် သင်တို့ကို ဤ​အချိန်တွင် မဖော်ပြတော့။ အာမင်။