အပိုဒ်ငယ် ၉၅
၁၈၃၃ ခု၊ ဇွန်လ ၁ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် ကိုးကွယ်ခြင်းနှင့် သွန်သင်ခြင်း အတွက် အိမ်တော်၊ ကိုယ်တော်ရှင်၏ အိမ်တော်ကို တည်ဆောက်ရန် မြင့်မြတ်သော လမ်းညွှန်ချက်၏ အဆက်ဖြစ်၏ (အပိုဒ်ငယ် ၈၈း၁၁၉–၁၃၆ တွင် ကြည့်ပါ)။
၁–၆၊ သန့်ရှင်းသူတို့သည် ကိုယ်တော်ရှင်၏ အိမ်တော်ကို တည်ဆောက်ရန်ပျက်ကွက်ခြင်း အတွက် ဆုံးမခံကြရ၏။ ၇–၁၀၊ ကိုယ်တော်ရှင်သည် သူ၏အိမ်တော်ကို သူ၏လူမျိုးတို့အား အထက်မှတန်ခိုးဖြင့် အပ်နှင်းရန် အသုံးပြုလိုတော်မူ၏။ ၁၁–၁၇၊ အိမ်တော်ကို ကိုးကွယ်ရာ နေရာအဖြစ်နှင့် တမန်တော်တို့၏ ကျောင်းအတွက် ဆက်ကပ်ရမည်။
၁ ငါချစ်သည့် သင်တို့ကို ကိုယ်တော်ရှင်အမှန် မိန့်တော်မူသည်ကား၊ ငါချစ်သည့်သူတို့ကို သူတို့အပြစ်များ ခွင့်လွှတ်ခံရစေခြင်းငှာလည်း ငါဆုံးမတော်မူ၏၊ အကြောင်းမူကား၊ ငါသည် ဆုံးမခြင်းအားဖြင့် ခပ်သိမ်းသောအရာတို့၌ သွေးဆောင်ဖြားယောင်းခြင်းမှ သူတို့၏လွတ်မြောက်ခြင်းအတွက် နည်းလမ်းကို ပြင်ဆင်ပေးတော်မူ၏—
၂ သို့ဖြစ်၍၊ သင်တို့သည် ဆုံးမခံကြရမည်၊ ငါ၏မျက်နှာတော်ရှေ့၌ ဆုံးမခံရရန် ရပ်ကြရမည်။
၃ အကြောင်းမူကား၊ သင်တို့သည် ငါ၏အိမ်တော် တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ခပ်သိမ်းသောအရာတို့၌ သင်တို့ကို ငါပေးသည့် ကြီးမြတ်သောပညတ်တော်ကို မဆင်ခြင်ကြ လေသဖြင့် ငါ့ကို ဆန့်ကျင်၍ အလွန်လေးလံသောအပြစ်ကို ပြုကြလေပြီ။
၄ ငါ၏ထူးခြားသောအမှုတော်ကို ဖြစ်ပေါ်နိုင်စေခြင်းငှာ၊ ငါ၏ဝိညာဉ်တော်ကို ခပ်သိမ်းသော လူတို့ အပေါ် သွန်းလောင်းနိုင်ခြင်းငှာ ငါ၏တမန်တော်တို့အား ငါ၏စပျစ်ဥယျာဉ်ကို နောက်ဆုံးအကြိမ်အဖြစ် သုတ်သင်ရန် ပြင်ဆင်သည့် ငါစီစဉ်ရာ ပြင်ဆင်ခြင်းအတွက်ဖြစ်၏—
၅ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါခေါ်သွင်းတော်မူလေပြီး၊ သင်တို့၌ ခန့်ထားခံရသူများစွာရှိသော်လည်း သူတို့အထဲမှ အနည်းငယ်သာ ရွေးကောက်ခံရ၏။
၆ ရွေးကောက်မခံရလေသောသူတို့သည် မွန်းတည့်ချိန်တွင် မှောင်မိုက်၌ လျှောက်ကြသဖြင့်၊ အလွန်လေးလံသောအပြစ်ကို ပြုကြလေပြီ။
၇ ဤအကြောင်းရင်းကြောင့်၊ ငါသည် သင်တို့အား ပညတ်တော်ကိုပေးသည်မှာ သင်တို့၏ အစာရှောင်ခြင်းနှင့် သင်တို့၏ ငိုကြွေးမြည်တမ်းခြင်းတို့သည် ပထမဦးဆုံးနေ့၊ အစနှင့်အဆုံးတို့၏ ဖန်ဆင်းရှင်ဟု အနက်ရသည့် ကိုယ်တော်ရှင်ဆာဘုတ်၏နားသို့ တက်လာနိုင်ကြစေခြင်းငှာ သင်တို့၏ ဓမ္မအစည်းအဝေးကို သင်တို့ခေါ်ကြရမည့် အကြောင်းပေတည်း။
၈ ထိုမှတစ်ပါး၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါသည် သင်တို့အိမ်တော်တစ်ခုကို တည်ဆောက်ရမည့်အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏၊ ထိုအိမ်ထဲ၌ ငါသည် အထက်မှတန်ခိုးဖြင့် ရွေးကောက်လေသည့် သူတို့ကို အပ်နှင်းရန် စီစဉ်တော်မူ၏။
၉ အကြောင်းမူကား၊ ဤအရာသည် ခမည်းတော်ထံမှ သင်တို့ထံသို့ ကတိတော်ဖြစ်၏။ ထို့ကြောင့်၊ ယေရုရှလင်ရှိ ငါ၏တမန်တော်များကဲ့သို့ပင် နေထိုင်ကြရန် သင်တို့ကို ငါမိန့်မှာ၏။
၁၀ သို့သော်လည်း၊ ငါ၏ကျွန်တို့သည် အလွန်လေးလံသော အပြစ်ကို ပြုကြ၏။ ပရောဖက်တို့၏ ကျောင်း၌ ငြင်းခုံခြင်းတိုးပွားလာ၏။ ထိုအရာမှာ ငါ့အဖို့ အလွန်လေးလံ၏၊ သင်တို့၏ကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ ထို့ကြောင့် သူတို့ကို ဆုံးမခံရကြစေခြင်းငှာ နှင်ထုတ်၏။
၁၁ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ အိမ်တော်တစ်ခုကို သင်တို့တည်ဆောက်ကြရမည်မှာ ငါ၏အလိုတော်ဖြစ်၏။ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ ထိုအိမ်တော်ကို တည်ဆောက်ရန် တန်ခိုးကို ရကြလိမ့်မည်။
၁၂ သင်တို့သည် ငါ၏ ပညတ်တော်များကို စောင့်ထိန်းခြင်းမရှိကြလျှင်၊ ခမည်းတော်၏ ချစ်ခြင်းသည် သင်တို့နှင့်အတူ ဆက်၍မရှိလတ္တံ့၊ ထို့ကြောင့် သင်တို့သည် မှောင်မိုက်၌ လျှောက်ကြလိမ့်မည်။
၁၃ ယခုတွင် ဤအရာမှာ ဉာဏ်ပညာ၊ ထို့အတူ ကိုယ်တော်ရှင်၏ စိတ်ဖြစ်၏—အိမ်တော်ကို တည်ဆောက်စေလော့၊ လောကနည်းလမ်းအတိုင်း မဖြစ်စေနှင့်၊ အကြောင်းမူကား၊ သင်တို့သည် လောကနည်းလမ်းအတိုင်း နေရမည်ဟု သင်တို့အား ငါပေးခြင်းမရှိ။
၁၄ ထို့ကြောင့်၊ ဤအခွင့်သို့ သင်တို့ ခန့်အပ်ပြီး ခန့်ထားမည့်သူများ တည်းဟူသော၊ သင်တို့အထဲမှ သုံးဦးကို ငါပြတော်မူမည့်နည်းလမ်းအတိုင်း တည်ဆောက်စေလော့။
၁၅ ထိုအိမ်တော်အရွယ်မှာ အတွင်းခန်း၌ အနံ ငါးဆယ့်ငါးပေဖြစ်ရမည်၊ အလျားကို ခြောက်ဆယ့်ငါးပေရှိစေလော့။
၁၆ အတွင်းခန်းအောက်ထပ်ကို သင်တို့၏ ပွဲတော်ပူဇော်သက္ကာအတွက်၊ ထို့အတူ သင်တို့၏ဟောပြောခြင်း၊ ထို့အတူ သင်တို့၏အစာရှောင်ခြင်း၊ ထို့အတူ သင်တို့၏ဆုတောင်းခြင်း၊ ထို့အတူ ငါ့ထံသို့ သင်တို့၏ အသန့်ရှင်းဆုံး အလိုဆန္ဒတို့အတွက် ငါ့ထံသို့ ဆက်ကပ်လော့ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။
၁၇ အတွင်းခန်းအပေါ်ထပ်ကို ငါ့တမန်တော်တို့၏ကျောင်းအတွက် ငါ့ထံသို့ ဆက်ကပ်လော့ဟု သားတော်အာမန်၊ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ အာလဖ၊ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ဩမေဃ၊ အမှန်စင်စစ် ယေရှုခရစ်တော် သင်တို့၏ကိုယ်တော်ရှင်မိန့်တော်မူ၏။ အာမင်။