ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၅


အပိုဒ်ငယ် ၉၅

၁၈၃၃ ခု၊ ဇွန်လ ၁ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် ကိုးကွယ်ခြင်းနှင့် သွန်သင်ခြင်း အတွက် အိမ်တော်၊ ကိုယ်တော်ရှင်၏ အိမ်တော်ကို တည်ဆောက်ရန် မြင့်မြတ်သော လမ်းညွှန်ချက်၏ အဆက်​ဖြစ်၏ (အပိုဒ်ငယ် ၈၈း၁၁၉–၁၃၆ တွင် ကြည့်ပါ)။

၁–၆၊ သန့်ရှင်းသူတို့သည် ကိုယ်တော်ရှင်၏ အိမ်တော်ကို တည်ဆောက်ရန်​ပျက်ကွက်ခြင်း အတွက် ဆုံးမ​ခံကြရ၏။ ၇–၁၀၊ ကိုယ်တော်ရှင်သည် သူ၏​အိမ်တော်ကို သူ၏​လူမျိုးတို့အား အထက်မှ​တန်ခိုးဖြင့် အပ်နှင်းရန် အသုံးပြု​လိုတော်မူ၏။ ၁၁–၁၇၊ အိမ်တော်ကို ကိုးကွယ်ရာ နေရာ​အဖြစ်နှင့် တမန်တော်တို့၏ ကျောင်း​အတွက် ဆက်ကပ်​ရမည်။

ငါ​ချစ်သည့် သင်တို့ကို ကိုယ်တော်ရှင်​အမှန် မိန့်တော်မူ​သည်ကား၊ ငါ​ချစ်သည့်သူတို့ကို သူတို့​အပြစ်များ ခွင့်လွှတ်​ခံရ​စေခြင်းငှာလည်း ငါ​ဆုံးမ​တော်မူ၏၊ အကြောင်း​မူကား၊ ငါသည် ဆုံးမခြင်း​အားဖြင့် ခပ်သိမ်းသော​အရာတို့၌ သွေးဆောင်​ဖြားယောင်းခြင်းမှ သူတို့၏​လွတ်မြောက်ခြင်း​အတွက် နည်းလမ်းကို ပြင်ဆင်​ပေးတော်မူ၏—

သို့ဖြစ်၍၊ သင်တို့သည် ဆုံးမ​ခံကြရမည်၊ ငါ၏​မျက်နှာတော်​ရှေ့၌ ဆုံးမ​ခံရရန် ရပ်ကြရမည်။

အကြောင်း​မူကား၊ သင်တို့သည် ငါ၏​အိမ်တော် တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ခပ်သိမ်းသော​အရာတို့၌ သင်တို့ကို ငါပေးသည့် ကြီးမြတ်သော​ပညတ်တော်ကို မဆင်ခြင်ကြ လေသဖြင့် ငါ့ကို ဆန့်ကျင်၍ အလွန်​လေးလံသော​အပြစ်ကို ပြုကြ​လေပြီ။

ငါ၏​ထူးခြားသော​အမှုတော်ကို ဖြစ်ပေါ်​နိုင်စေ​ခြင်းငှာ၊ ငါ၏​ဝိညာဉ်တော်ကို ခပ်သိမ်းသော လူတို့ အပေါ် သွန်းလောင်း​နိုင်ခြင်းငှာ ငါ၏​တမန်တော်တို့အား ငါ၏​စပျစ်ဥယျာဉ်ကို နောက်ဆုံး​အကြိမ်​အဖြစ် သုတ်သင်ရန် ပြင်ဆင်သည့် ငါ​စီစဉ်ရာ ပြင်ဆင်ခြင်း​အတွက်​ဖြစ်၏—

သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ​ခေါ်သွင်း​တော်မူ​လေပြီး၊ သင်တို့၌ ခန့်ထား​ခံရသူ​များစွာ​ရှိသော်လည်း သူတို့​အထဲမှ အနည်းငယ်သာ ရွေးကောက်​ခံရ၏။

ရွေးကောက်​မခံရ​လေသော​သူတို့သည် မွန်းတည့်ချိန်တွင် မှောင်မိုက်၌ လျှောက်ကြ​သဖြင့်၊ အလွန်​လေးလံသော​အပြစ်ကို ပြုကြ​လေပြီ။

ဤ​အကြောင်းရင်းကြောင့်၊ ငါသည် သင်တို့အား ပညတ်တော်ကို​ပေးသည်မှာ သင်တို့၏ အစာ​ရှောင်ခြင်းနှင့် သင်တို့၏ ငိုကြွေး​မြည်တမ်းခြင်းတို့သည် ပထမဦးဆုံးနေ့၊ အစနှင့်​အဆုံးတို့၏ ဖန်ဆင်းရှင်ဟု အနက်ရသည့် ကိုယ်တော်ရှင်​ဆာဘုတ်၏​နားသို့ တက်လာ​နိုင်ကြ​စေခြင်းငှာ သင်တို့၏ ဓမ္မ​အစည်း​အဝေးကို သင်တို့​ခေါ်ကြရမည့် အကြောင်း​ပေတည်း။

ထိုမှ​တစ်ပါး၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါသည် သင်တို့အိမ်တော်​တစ်ခုကို တည်ဆောက်​ရမည့်​အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏၊ ထို​အိမ်ထဲ၌ ငါသည် အထက်မှ​တန်ခိုးဖြင့် ရွေးကောက်​လေသည့် သူတို့ကို အပ်နှင်းရန် စီစဉ်​တော်မူ၏။

အကြောင်း​မူကား၊ ဤ​အရာသည် ခမည်းတော်​ထံမှ သင်တို့​ထံသို့ ကတိတော်​ဖြစ်၏။ ထို့ကြောင့်၊ ယေရုရှလင်ရှိ ငါ၏​တမန်တော်များ​ကဲ့သို့ပင် နေထိုင်ကြရန် သင်တို့ကို ငါ​မိန့်မှာ၏။

၁၀ သို့သော်လည်း၊ ငါ၏​ကျွန်တို့သည် အလွန်​လေးလံသော အပြစ်ကို ပြုကြ၏။ ပရောဖက်တို့၏ ကျောင်း၌ ငြင်းခုံခြင်း​တိုးပွား​လာ၏။ ထို​အရာမှာ ငါ့အဖို့ အလွန်​လေးလံ၏၊ သင်တို့၏​ကိုယ်တော်ရှင် မိန့်တော်မူ​သည်ကား၊ ထို့ကြောင့် သူတို့ကို ဆုံးမ​ခံရကြ​စေခြင်းငှာ နှင်ထုတ်၏။

၁၁ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ အိမ်တော်တစ်ခုကို သင်တို့​တည်ဆောက်ကြ​ရ​မည်မှာ ငါ၏​အလိုတော်​ဖြစ်၏။ သင်တို့သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်း​ကြလျှင်၊ ထို​အိမ်တော်ကို တည်ဆောက်ရန် တန်ခိုးကို ရကြ​လိမ့်မည်။

၁၂ သင်တို့သည် ငါ၏ ပညတ်တော်များကို စောင့်ထိန်းခြင်း​မရှိကြလျှင်၊ ခမည်းတော်၏ ချစ်ခြင်းသည် သင်တို့နှင့်​အတူ ဆက်၍​မရှိလတ္တံ့၊ ထို့ကြောင့် သင်တို့သည် မှောင်မိုက်၌ လျှောက်ကြ​လိမ့်မည်။

၁၃ ယခုတွင် ဤ​အရာမှာ ဉာဏ်ပညာ၊ ထို့အတူ ကိုယ်တော်ရှင်၏ စိတ်​ဖြစ်၏—အိမ်တော်ကို တည်ဆောက်​စေလော့၊ လောက​နည်းလမ်း​အတိုင်း မဖြစ်စေနှင့်၊ အကြောင်း​မူကား၊ သင်တို့သည် လောက​နည်းလမ်း​အတိုင်း နေရမည်ဟု သင်တို့အား ငါပေးခြင်း​မရှိ။

၁၄ ထို့ကြောင့်၊ ဤ​အခွင့်သို့ သင်တို့ ခန့်အပ်ပြီး ခန့်ထားမည့်​သူများ တည်းဟူသော၊ သင်တို့​အထဲမှ သုံးဦးကို ငါ​ပြတော်မူမည့်​နည်းလမ်း​အတိုင်း တည်ဆောက်​စေလော့။

၁၅ ထို​အိမ်တော်​အရွယ်မှာ အတွင်း​ခန်း၌ အနံ ငါးဆယ့်​ငါး​ပေ​ဖြစ်ရမည်၊ အလျားကို ခြောက်ဆယ့်​ငါး​ပေ​ရှိစေလော့။

၁၆ အတွင်းခန်း​အောက်ထပ်ကို သင်တို့၏ ပွဲတော်​ပူဇော်သက္ကာ​အတွက်၊ ထို့အတူ သင်တို့၏​ဟောပြောခြင်း၊ ထို့အတူ သင်တို့၏​အစာရှောင်ခြင်း၊ ထို့အတူ သင်တို့၏​ဆုတောင်းခြင်း၊ ထို့အတူ ငါ့ထံသို့ သင်တို့၏ အသန့်ရှင်းဆုံး အလိုဆန္ဒတို့​အတွက် ငါ့ထံသို့ ဆက်ကပ်လော့ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။

၁၇ အတွင်းခန်း​အပေါ်ထပ်ကို ငါ့တမန်တော်တို့၏​ကျောင်း​အတွက် ငါ့ထံသို့ ဆက်ကပ်လော့ဟု သားတော်​အာမန်၊ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ အာလဖ၊ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ ဩမေဃ၊ အမှန်​စင်စစ် ယေရှု​ခရစ်တော် သင်တို့၏​ကိုယ်တော်ရှင်​မိန့်တော်မူ၏။ အာမင်။