ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၇


အပိုဒ်ငယ် ၉၇

၁၈၃၃ ခု၊ ဩဂုတ်လ ၂ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် သတင်း​အချက်​အလက်​အတွက် ကိုယ်တော်ရှင်​ထံသို့ ပရောဖက်၏ မေးလျှောက်ခြင်း​အတွက် အဖြေ​အဖြစ်၊ ဇိအုန်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီရှိ သန့်ရှင်းသူတို့၏ အမှု​အမျိုးမျိုးနှင့် အထူး​သဖြင့် စပ်ဆိုင်၏။ မစ်ဆိုရီရှိ အသင်းတော်၏ အသင်းသားတို့သည် ဤ​အချိန်၌ ပြင်းထန်သော​ညှဉ်းဆဲခြင်း​အောက်၌ ရှိကြ​လေပြီး၊ ၁၈၃၃ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဂျက်ဆင်​ခရိုင်မှ ထွက်သွားရန် သဘော​တူညီချက်၌ လက်မှတ်ထိုးစေဖို့ ဖိအားပေး ခံကြရ​လေ၏။

၁–၂၊ ဇိအုန် (ဂျက်ဆင်​ခရိုင်၊ မစ်ဆိုရီ) ရှိသန့်ရှင်းသူ​များစွာတို့သည် သူတို့၏​သစ္စာရှိခြင်းကြောင့် ကောင်းချီး​ခံစားကြရ၏။ ၃–၅၊ ပါလီ​ပီ​ပရတ်သည် ဇိအုန်ရှိ​ကျောင်း၌ သူ၏​အလုပ်များ​အတွက် မိန့်မှာ​ခံရ၏။ ၆–၉၊ မိမိတို့၏​ပဋိညာဉ်များကို ကျင့်စောင့်သော​သူများကို ကိုယ်တော်ရှင် လက်ခံ​တော်မူ၏။ ၁၀–၁၇၊ ဇိအုန်၌ အိမ်တော်​တစ်ခုကို တည်ဆောက်​ရမည်၊ စိတ်နှလုံး​စင်ကြယ်သော​သူတို့သည် ထို​အိမ်တော်​ထဲတွင် ဘုရားသခင်ကို မြင်ကြရ​လိမ့်မည်။ ၁၈–၂၁၊ ဇိအုန်၌ စိတ်နှလုံး​စင်ကြယ်သော​သူများ ရှိ၏။ ၂၂–၂၈၊ ဇိအုန်သည် သစ္စာရှိလျှင် ကိုယ်တော်ရှင်၏ ဒဏ်ခတ်တော်မူခြင်းမှ လွတ်လိမ့်မည်။

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​အဆွေခင်ပွန်းတို့၊ ဇိအုန်ပြည်ရှိ သင်တို့​ညီအစ်ကို​တို့နှင့် စပ်လျဉ်းသည့် ငါ၏​အလိုတော်ကို သင်တို့အား ဖော်ပြ​နိုင်ခြင်းငှာ၊ ငါသည် သင်တို့ကို ငါ၏​အသံ၊ အထူး​သဖြင့်၊ ငါ့ဝိညာဉ်တော်၏​အသံဖြင့် မြွက်ဆို၏၊ သူတို့​အထဲမှ များစွာသော​သူတို့သည် အမှန်ပင်​နှိမ့်ချ​ကြပြီး၊ ဉာဏ်ပညာကို သင်ယူရန်နှင့် သမ္မာတရားကို ရှာရန် လုံ့လ​ဝီရိယ ထက်သန်စွာ​ကြိုးစား​ကြ၏။

သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ ထိုကဲ့သို့သော​သူတို့သည် ရရှိ​ကြမည်​ဖြစ်၍ မင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ ငါ၊ ကိုယ်တော်ရှင်သည် သိမ်မွေ့အောက်ကျို့သူခပ်သိမ်းတို့ကို၊ ထို့အတူ ငါ​အလိုရှိသူ​ခပ်သိမ်းတို့​အပေါ် ကရုဏာကို ပြတော်မူမည်၊ သူတို့ကို တရား​စီရင်ခြင်းသို့ ငါ​ဆောင်ယူသည့်​အခါ ငါ​အပြစ်​ကင်းနိုင်​စေကြောင်း​ပေတည်း။

ရှုလော့၊ ဇိအုန်ရှိ​ကျောင်းနှင့်​စပ်လျဉ်း၍ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ဇိအုန်၌ ကျောင်း​တစ်ကျောင်း​ရှိရမည်ကို၊ ထို့အတူ ငါ့ကျွန် ပါလီ​ပီ​ပရတ်နှင့်​စပ်လျဉ်း၍လည်း ငါ၊ ကိုယ်တော်ရှင်​အလွန်​နှစ်သက်​တော်မူ၏၊ အကြောင်း​မူကား၊ သူသည် ငါ၌​တည်၏။

သူသည် ငါ၌ ဆက်၍​တည်သမျှ၊ သူ့ကို အခြား​ပညတ်တော်များ ငါ​ပေးသည့်​အချိန်​အထိ ဇိအုန်ပြည်ရှိ​ကျောင်း၌ ဆက်၍​ဦးစီးရ​လိမ့်မည်။

ငါသည် ခပ်သိမ်းသော ကျမ်းစာများနှင့် နက်နဲခြင်း​တို့ကို ရှင်းပြခြင်း​အားဖြင့် ကျောင်းနှင့် ဇိအုန်ရှိ​အသင်းတော်၏ တည်ဆောက်ခြင်းသို့ ရောက်စေသည့် မြောက်မြားစွာသော ကောင်းချီး​မင်္ဂလာတို့ဖြင့် သူ့ကို ကောင်းချီး​ပေးတော်မူမည်။

ကျောင်းမှ ကျန်ကြွင်းသော​သူတို့အား၊ ငါ၊ ကိုယ်တော်ရှင်သည် ကရုဏာကို ဖော်ပြရန် လိုလို​လားလား​ရှိတော်မူ၏။ သို့သော်လည်း၊ ဆုံးမ​ခံရရန် လိုအပ်သော​သူများရှိ၏၊ သူတို့၏ အကျင့်များ​ကိုလည်း ဖော်ပြ​တော်မူ​လိမ့်မည်။

ပုဆိန်ကို အပင်၏​အမြစ်မှာ ချထားပြီ။ ကောင်းသော​အသီးကို မသီးသော​အပင်​မှန်သမျှသည် ခုတ်လှဲ၍ မီးထဲသို့ ပစ်ချ​ခံရ​လိမ့်မည်။ ငါ၊ ကိုယ်တော်ရှင်၊ မိန့်တော်မူ​လေပြီ။

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သူတို့၌ မိမိ​စိတ်နှလုံး ရိုးသားကြ၊ ထို့အတူ ကျိုးပဲ့ကြ၊ ထို့အတူ မိမိတို့​စိတ်​ကြေကွဲကြောင်း​သိသောသူများ၊ ထို့အတူ မိမိတို့​ပဋိညာဉ်များကို ယဇ်ပူဇော်ခြင်း—အထူး​သဖြင့်၊ ငါ၊ ကိုယ်တော်ရှင်​မိန့်တော်မူမည့် ယဇ်ပူဇော်ခြင်း​မှန်သမျှ—ဖြင့် ကျင့်စောင့်ရန် လိုလို​လားလား​ရှိသော​သူများသည် ငါ​လက်ခံသော​သူများ​ဖြစ်ကြ၏။

အကြောင်း​မူကား၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့အား ကောင်းသော​မြေမှာ စိုက်သည့်၊ အသီး အလွန်​သီးသည့် အပင်​ကဲ့သို့ ဖြစ်ထွန်း​စေမည်၊ ထို​အပင်သည် အဖိုး​ထိုက်သော​အသီး များစွာသီး၏။

၁၀ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့ကို ငါ​ပေးတော်မူ​လေသည့် ပုံစံ​အတိုင်း ဇိအုန်ပြည်၌ ငါ့အဖို့ အိမ်တော်​တစ်ခု တည်ဆောက်​ရမည်မှာ ငါ၏​အလိုတော်​ဖြစ်၏။

၁၁ ထိုမှ​တစ်ပါး၊ ငါ့လူမျိုးတို့၏ ဆယ်ဖို့​တစ်ဖို့ဖြင့် အလျင်​အမြန်​တည်ဆောက်​စေလော့။

၁၂ ရှုလော့၊ ဤအရာသည် ငါ​ကိုယ်တော်ရှင်၊ သူတို့​လက်မှ တောင်းဆိုသည့် ဆယ်ဖို့​တစ်ဖို့နှင့် ယဇ်ပူဇော်ခြင်း​ဖြစ်၏၊ ဇိအုန်၏ ကယ်တင်ခြင်း​အတွက် ငါ့အဖို့ တည်ဆောက်​ထားသော အိမ်တော်​တစ်ခု ရှိနိုင်​စေကြောင်း ပေတည်း—

၁၃ သန့်ရှင်းသူ​အပေါင်းတို့၏ ကျေးဇူးတော်​ချီးမွမ်းရာ​နေရာ အဖြစ်၊ ထို့အတူ အမှုတော်ဆောင်ခြင်း​အလုပ်သို့ မိမိတို့၏ အမှုတော်ဆောင်​တာဝန်​အသီးသီးနှင့် အမှု​အရာ​များ၌ ခေါ်သွင်း​ခံရသူ​အပေါင်းတို့​အဖို့ သွန်သင်ရာ​နေရာ​အဖြစ်​ရှိ၍၊

၁၄ သူတို့သည် မိမိတို့​အမှုတော်ဆောင်ခြင်းကို သဘော​တရား၌၊ အခြေခံ​ဩဝါဒ၌၊ ဩ​ဝါဒ၌၊ နိုင်ငံတော်​သော့များကို သင်တို့အား အပ်နှင်း​ထားလေရာ မြေကြီး​ပေါ်တွင် ဘုရားသခင်၏​နိုင်ငံတော်နှင့် စပ်ဆိုင်သည့်​အရာ အပေါင်းတို့၌ နားလည်ခြင်းတွင် စုံလင်​နိုင်ကြ​စေကြောင်း​ပေတည်း။

၁၅ ငါ၏​လူမျိုးတို့သည် ကိုယ်တော်ရှင်၏​နာမတော်​အားဖြင့်၊ ငါ့အဖို့ အိမ်တော်​တစ်ခုကို တည်ဆောက်ပြီး၊ မစင်ကြယ်သည့် မည်သည့်​အရာကိုမျှ ထိုအိမ်​ထဲသို့ ဝင်ရောက်​လာရန် အခွင့်​မပေး၍ မညစ်ညူး​စေသမျှ၊ ငါ၏​ဘုန်းတော်သည် ထိုအိမ်​ပေါ်မှာ ကိန်းဝပ်တော်မူ​လိမ့်မည်။

၁၆ ထိုမှ​တစ်ပါး၊ ငါ၏​မျက်မှောက်တော်​သည်လည်း ထိုနေရာ၌ ရှိလိမ့်မည်၊ အကြောင်း​မူကား၊ ငါသည် ထိုအိမ်တော်​ထဲသို့ ကြွလာ​တော်မူမည်၊ ထို​အိမ်ထဲသို့ လာကြမည့် စိတ်နှလုံး​စင်ကြယ်သောသူ အပေါင်း​တို့သည် ဘုရားသခင်ကို မြင်ကြရ​လိမ့်မည်။

၁၇ သို့ရာတွင်၊ ထို​အိမ်သည် ညစ်ညူးလျှင်၊ ငါသည် ထို​အိမ်ထဲသို့ မကြွ​လတ္တံ့၊ ငါ၏​ဘုန်းတော်​သည်လည်း ထိုနေရာ၌ မရှိလတ္တံ့။ အကြောင်း​မူကား၊ ငါသည် မသန့်ရှင်းသော ဗိမာန်တော်များ​ထဲသို့ မကြွ​လတ္တံ့။

၁၈ ထို့အတူ၊ ယခုတွင်၊ ရှုလော့၊ ဇိအုန်သည် ဤ​အရာတို့ကို​လုပ်ဆောင်လျှင် အောင်မြင်​လိမ့်မည်၊ ထို့အတူ ကျယ်ပြန့်၍၊ အလွန်​အသရေ​ထင်ရှားလျက်၊ အလွန်​ကြီးမြတ်လျက်၊ အလွန် ကြောက်မက်ဖွယ် ဖြစ်လိမ့်မည်။

၁၉ မြေကြီး​ပေါ်ရှိ​ပြည်သား​တို့သည် သူ့ကို ရိုသေကြ​လိမ့်မည်၊ ထို့အတူ ဆိုကြ​မည်ကား၊ ဇိအုန်သည် ငါတို့​ဘုရားသခင်၏ မြို့ဖြစ်၏၊ ထို့အတူ ဇိအုန်သည် ဧကန်​အမှန် မကျရှုံးနိုင်၊ မိမိနေရာ​မှလည်း ဖယ်ရှား​မခံရ၊ အကြောင်း​မူကား၊ ဘုရားသခင်သည် ထိုနေရာ၌ ရှိတော်မူ၏၊ ကိုယ်တော်ရှင်၏ လက်တော်သည်လည်း ထိုနေရာ၌ ရှိတော်မူ၏။

၂၀ သူမ၏​ကယ်တင်ခြင်းနှင့် သူမ၏​မြင့်သော​ရဲတိုက်​ဖြစ်နိုင်​စေကြောင်း မိမိ​တန်ခိုးတော်​အရှိန်ဖြင့် ကျိန်ဆို​တော်မူ​လေ၏။

၂၁ ထို့ကြောင့်၊ ကိုယ်တော်ရှင် အမှန်​မိန့်တော်မူ​သည်ကား၊ ဇိအုန်ကို ရွှင်လန်း​ဝမ်းမြောက်​စေလော့၊ အကြောင်း​မူကား၊ ဤ​အရာသည် ဇိအုန်​ဖြစ်၏—စိတ်နှလုံး​စင်ကြယ်သော​သူတို့​ရှိ၏။ ထို့ကြောင့်၊ ဇိအုန်ကို ရွှင်လန်း​ဝမ်းမြောက်​စေလော့၊ တစ်ဖက်တွင် ဆိုးညစ်သော​သူတို့သည် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။

၂၂ အကြောင်း​မူကား၊ ရှုလော့၊ ကြည့်ဦးလော့၊ လက်တုန့်ပြန်ခြင်းသည် ဘုရားမဲ့​နေသော​သူများ အပေါ်သို့ လေပွေ​သဖွယ် အလျင်​အမြန် ကျရောက်​လာလိမ့်မည်။ အဘယ်သူ လွတ်မြောက်​လိမ့်မည်နည်း။

၂၃ ကိုယ်တော်ရှင်၏​ဒဏ်ခတ်​တော်မူ​ခြင်းသည် ညရော​နေ့ရော​ကျရောက်​လိမ့်မည်၊ ထို​အမှု၏​သတင်း​စကား​သည်လည်း လူအပေါင်း​တို့ကို စိတ်ပူ​စေလိမ့်မည်။ ထိုမှ​တစ်ပါး၊ ကိုယ်တော်ရှင် ကြွလာ​တော်မူသည့်​အချိန်​အထိ မရပ်တန့်​လတ္တံ့။

၂၄ အကြောင်း​မူကား၊ သူတို့၏ စက်ဆုပ်​ရွံရှာဖွယ် အမှုများနှင့် သူတို့၏ ဆိုးညစ်သော အကျင့်​အပေါင်းတို့ကို ကိုယ်တော်ရှင်​ဒေါသ​ထွက်တော်မူ၏။

၂၅ သို့သော်လည်း၊ ဇိအုန်သည် သူ့ကို ငါ​မိန့်တော်မူ​လေသည့် ခပ်သိမ်းသော အရာ​မှန်သမျှ​တို့ကို လုပ်ဆောင်ရန် အားထုတ်လျှင်၊ လွတ်မြောက်​လိမ့်မည်။

၂၆ သို့ရာတွင်၊ သူ့ကို ငါ​မိန့်တော်မူ​လေသည့် အရာ​မှန်သမျှကို လုပ်ဆောင်ရန် အားထုတ်ခြင်း​မရှိလျှင်၊ ငါသည် သူ့ကို သူ၏​ခပ်သိမ်းသော​အကျင့်များ​အတိုင်း၊ ပြင်းထန်သော​ဆင်းရဲဒုက္ခနှင့်၊ ကာလနာဘေးနှင့်၊ ကပ်ရောဂါဘေးနှင့်၊ ဓားဘေးနှင့်၊ လက်တုန့်ပြန်ခြင်းဘေးနှင့်၊ လောင်တတ်သော​မီးနှင့် ဆုံးမ​တော်မူမည်။

၂၇ သို့သော်လည်း၊ သူ၏​ပူဇော်သက္ကာကို ငါ​လက်ခံတော်မူသည့်​အကြောင်း၊ ဤအရာကို သူ့နားသို့ တစ်ကြိမ်​ရွတ်ဖတ်ပြ​စေလော့။ သူသည်အပြစ်​မပြုတော့လျှင်၊ ဤ​အရာတို့​အထဲမှ အဘယ်​အရာမျှ သူ့အပေါ်​မကျရောက်​လတ္တံ့။

၂၈ ငါသည် သူ့ကို ကောင်းချီး​မင်္ဂလာများနှင့် ကောင်းချီး​ပေးတော်မူမည်၊ သူ့အပေါ်၊ ထို့အတူ သူ၏​မျိုးဆက်တို့​အပေါ် မြောက်မြားစွာသော​ကောင်းချီး​မင်္ဂလာတို့ကို ကာလ​အစဉ်​အဆက် အမြဲ များပြား​စေမည်ဟု သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​မိန့်တော်မူ၏။ အာမင်။